Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မိတ္ထီလာမြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာ ခရိုင်ဦးစီးမှူးရုံးအနေဖြင့် မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ဦးစီးအရာရှိ ဒေါ်မြို့ရီ နှင့် ဝန်ထမ်းများသည်(၂၀.၈.၂၀၂၆) ရက်နေ့၊ နေ့လည် (၁၃:၃၀) နာရီအချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆန်ဆိုင် ဆိုင်များအား ဆန်လက်ကျန်အခြေအနေ၊ ဆန် သိုလှောင် ထားရှိမှုအခြေအနေ၊ ဆန်ဈေးနှုန်းဈေးကွက်၊ ဈေးနှုန်းကြီးမြှင့်စေရေးနှင့် Myroတွင် ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်နိုင်ရေး ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်ရောင်းချသူလုပ်ငန်းရှင်များကို ဦးစီးအရာရှိမှ  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး / ပြည်နယ်များအတွင်းရှိ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိ စေရေးနှင့် ပြည်တွင်းဆန်ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် မြို့နယ်အလိုက် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြာင်း၊  ဆန်ဆိုင်၊ ဆန်ပွဲရုံများ အနေဖြင့် ဆန်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် Myroတွင် မှတ်ပုံတင်ထားသော ဆန်ဆိုင်များမှ လစဉ်လဆန်း (၇)ရက် အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ ဖြည့်သွင်းကြရန်နှင့် မှတ်ပုံတင်ခြင်း မရှိသေးသော ဆန်ဆိုင်များ အနေဖြင့် ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့) စပါးတန်ချိန် (၂၅၀၀) နှင့် အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူများအနေနှင့် www.myro. com.mm တွင် မှတ်ပုံတင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)  

                                                                                      

မိတ္ထီလာခရိုင်၏ ဩဂုတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်းဆောင်ရွက်နိုင်မှု

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာ/ရမည်းသင်း)ခရိုင်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်း MSME လုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ်စီးပွားရေး လုပ်ငန်းရှင် များနှင့် ကွင်း ဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၆ခုနှစ်၊ ဩဂုတ်လအတွင်း မိတ္ထီလာမြို့နယ် တာဝန်ခံ ဒေါ်စိမ်းစိမ်းထွေး(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ်ရှိ ချန်ပီယံမုန့်လုပ်ငန်း၊ Omgမုန့်လုပ်ငန်း၊ ရွှေပင်ကြီး မုန့်လုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုများကို ဘေးအန္တရာယ် ကင်းရှင်းပြီးလုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန်စသည်တို့ကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီထည့်သွင်း ဖော်ပြနိုင်ရေး ရှင်းလင်း ပြောကြားဆွေးနွေးခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိထားရန် လိုအပ်ကြောင်းနှင့် မိမိတို့ ထုတ်လုပ်သည့် ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန်စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)  

ချမ်းအေးသာစံမြို့နယ်၊ ဈေးချိုတော်ရှိ လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း Online Sale  စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်း

          မန္တလေးမြို့၊ ဈေးချိုတော်အတွင်းရှိ ရောင်းချနေသော လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း Online Sale မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာနှင့် စပ်လျဉ်း၍ သိကောင်းစရာများ အသိပေးဆွေးနွေးပွဲကို ၂၅-၈-၂၀၂၆ ရက်နေ့နေ့လည်(၁၄:၀၀)နာရီအချိန်က ချမ်းအေးသာစံမြို့နယ်၊ ဈေးချိုတော်အတွင်းရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများဦးဆောင်၍ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာန ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲမှ ဦးစီးအရာရှိ ဦးမျိုးထွန်းက ဈေးချိုတော်အတွင်း ရောင်းချလျက်ရှိသော လုပ်ငန်းရှင် များအနေဖြင့် မိမိတို့၏ လုပ်ငန်းများအား အွန်လိုင်းစနစ်ဖြင့်ရောင်းချမည်ဆိုပါက Online Sale မှတ်ပုံတင်လက်မှတ် ရယူကြရန် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင် ရွက်ကြရန်အဖွင့်အမှာစကားပြောကြားခဲ့ပြီးအွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ထားကြောင်း အွန်လိုင်းစနစ်ဖြင့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှု ရောင်းချသူများ အားလုံးသည် မှတ်ပုံတင်လက်မှတ်လျှောက်ထားရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

         ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးမှ အွန်လိုင်းမှတ်ပုံတင် လက်မှတ်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားရာတွင် ကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များအကြောင်း၊ မှတ်ပုံတင်ရန် တာဝန်ရှိသူများကတော့ Social Media၊ Website သို့မဟုတ် Application များမှတစ်ဆင့် အမြတ်အစွန်းအတွက် ပုံမှန်ရောင်းချ နေသည့် တစ်ဦးတည်းပိုင် လုပ်ငန်းငယ်များမှစ၍ ကုမ္ပဏီများအထိ ပါဝင်ကြောင်း၊ ရုံးသို့ လူကိုယ်တိုင် လာရောက်ရန် မလိုဘဲ အသုံးပြု၍ လျှောက်ထားရမည့် Link မှာ https://ecomreg.gov.mm မှ တစ်ဆင့် အလွယ်တကူ လျှောက်ထားနိုင်ကြောင်း၊ ထိုသို့ လျှောက်ထားရာတွင် ကုမ္ပဏီ(သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်းလား၊ Individual တစ်ဦးချင်း တစ်နိုင်တစ်ပိုင်ရောင်းချသူသော်လည်းကောင်း အမျိုးအစား ရွေးချယ်လျှောက်ထားဖို့လိုအပ်ကြောင်း၊ ကုမ္ပဏီ(သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်း အတွက်ဆို မဖြစ်မနေပူးတွဲတင်ပြရမည့် အချက်(၁၀)အား အသေးစိတ်ရှင်းလင်းခြင်း၊ Individual တစ်ဦးချင်း တစ်နိုင်တစ်ပိုင်ရောင်းချသူများအတွက်ဆို မဖြစ်မနေပူးတွဲတင်ပြရမည့် အချက်(၆)အား အသေးစိတ် ရှင်းလင်းခြင်းခဲ့ပြီး သက်ဆိုင်ရာလုပ်ငန်းအမျိုးအစားအလိုက် လိုအပ်သည့် အချက်အလက် များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

         ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲမှ ဦးတင်ချစ်ကောင်း၊ ဦးစီးအရာရှိက စားသုံးသူ၏ အခွင့်အရေးများအကြောင်း၊ စားသုံးသူ၏ လိုက်နာရမည့်တာဝန်များ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့် တာဝန်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းစားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းဆိုင်ရာ အချက်အလက်များနှင့် ကုန်အညွှန်းအမှတ်အသားလျှောက်ထားခြင်းဆိုင်ရာ သိရှိလိုပါက (Call Center 1535 လိုင်းနံပါတ် 3)သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရရှိပါသည်။

DOCA(မန္တလေး)  

ကျောက်ပန်းတောင်းမြို့တွင် စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

          ကျောက်ပန်းတောင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်(၃၂)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များဖြင့် မြို့ပေါ်ရှိ စက်သုံးဆီ ဆိုင်များသို့ (၂၈.၈.၂၀၂၆)ရက်နေ့၊ နံနက် ၀၈:၃၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကြီးကြပ်ရေးကော်မတီမှ ၂၈.၈.၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးမှာ 92 Octance (၃၈၆၅)ကျပ်၊ 95 Octance(၃၉၇၀)ကျပ်၊ ရိုးရိုးဒီဇယ်(၄၃၈၅)ကျပ်၊ ပရီမီယမ်ဒီဇယ်(၅၂၉၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၁၃၅)ကျပ်၊ 95 Octance တစ်လီတာလျှင်(၁၂၀)ကျပ်၊ ရိုးရိုး ဒီဇယ် တစ်လီတာလျှင် (၁၄၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၂၁၅) ကျပ် ဈေးနှုန်းများတက်ခဲ့ကြောင်း သိရှိရသည်။မြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များကို စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ ဈေးနှုန်းမှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် စသည်တို့ကို ဆွေးနွေးပြော ကြားခဲ့ကြသည်။

DOCA(မန္တလေး)  

ကချင်ပြည်နယ်စားသုံးသူ‌ရေးရာကော်မတီ၏(၃/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးကျင်းပ

   ၂၀၂၆ခုနှစ် ၊ စက်တင်ဘာလ ၁၀ ရက်နေ့ ၁၀း၀၀နာရီအချိန်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်စာသုံးသူရေးရာကော်မတီ၏ (၃/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ (စီမံကိန်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး) ဦးဆောင်၍ ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များ ဖြစ်သည့် ကချင်ပြည်နယ်ဥပ‌ဒေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကချင်ပြည်နယ် စားသုံးသူ ရေးရာကော်မတီ အတွင်းရေးမှူး ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန (ပြည်နယ်ဦးစီးမှူး)တို့က အစည်းအဝေးသို့ တက်ရောက်ကြပါသည်။

          ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ (စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး) က အဖွင့်အမှာစကားပြောကြားရာတွင် ကချင်ပြည်နယ်အနေဖြင့် ကော်မရှင်၊ ကော်မတီအဖွဲ့များ ဖွဲ့စည်း ထားရှိပြီး အဆိုပါကော်မတီများအနေဖြင့် သက်ဝင်လှုပ်ရှားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်၍မရဘဲ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရသဖြင့် ထိထိ‌ရောက်ရောက် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ (၂/၂၀၂၆) ကြိမ်မြောက် ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ချက် (၉)ချက် ချမှတ်ခဲ့ပြီး စားသုံးသူရေးရာ ကော်မတီနှင့် စားသုံးသူရေးရာဦးစီးဌာနတို့က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဟူသည့် ဆောင်ပုဒ် နှင့်အညီ စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း သောက်ရေသန့်ဘူး ဝယ်ယူခြင်းနှင့် ပတ်သက်၍ တိုင်ကြားမှုကို တိုင်ကြားသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား စေ့စပ်ညှိနှိုင်းဖြေရှင်း ခြင်းနည်းလမ်းဖြင့် ဖြေရှင်း ဆောင်ရွက်ခဲ့သည့် အတွက် ဂုဏ်ယူပါကြောင်း၊ စားသုံးသူရေးရာ ကော်မတီဝင်များအနေဖြင့် စားသုံးသူရေးရာကဏ္ဍနှင့် ပတ်သက်၍ တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်နှင့် ကြိုးစားဆောင်ရွက်စေလို ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့အပြင် ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးက ၂၀၂၆ ခုနှစ် မေလမှ ဩဂုတ်လအထိ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများကိုအမှာစာဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

          ဆက်လက်၍ ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍ အလိုက် အသီးသီးဆွေးနွေးခဲ့ကြပြီး ကချင်ပြည်နယ်စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် စကားပြောကြားခဲ့ပြီး အစည်းအဝေးပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

ကျောက်ပန်းတောင်းမြို့ မြို့မစည်ပင်သာယာဈေးရှိ အစားအသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်း တောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူ (၂၅.၈.၂၀၂၆) ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ မြို့မစည်ပင်သာယာ ဈေးအတွင်းအပြင်ရှိ အစားအသောက်ရောင်းချသော ဈေးဆိုင်များအား လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဝမ်းပျက်ဝမ်းလျောရောဂါမဖြစ်ပွားစေရေးတို့အတွက် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

      ပူးပေါင်းအဖွဲ့သည် ဈေးအတွင်းအပြင်တွင်ရောင်းချလျက်ရှိသော အစားအစာများ၌ သက်ဆိုင်ရာဌာန ထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုး အစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည်စုံမှန်ကန် မှုရှိ/မရှိ၊ သန့်ရှင်းလတ်ဆတ်သော အစားအစားများနှင့်စနစ်တကျထားသိုသိမ်းဆည်းမှုရှိ/မရှိ၊ ယင်နားစာများ၊ မသန့်ရှင်းသော၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ ရောင်းချမှုမရှိစေရေး၊ သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက်များနှင့်အညီရောင်းချစေရေး၊ လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး၊ လတ်တလော ဒေသအချို့၌ ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားလျက်ရှိရာ မိမိတို့ဒေသ၌ မဖြစ်ပွားစေရေးတို့အတွက် သက်ဆိုင်ရာဌာနဖြင့် ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)  

   

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍  အသိပညာပေးဟောပြောခြင်း

    ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍  အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ခရိုင်တာဝန်ခံ) သည် ၈-၉-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်ရှိ စားသုံးသူပြည်သူ(၇)ဦးနှင့်တွေ့ဆုံ၍  အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဟောပြောရာတွင် ဦး‌ဝင်းသိန်းဦး (ခရိုင်တာဝန်ခံ)က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ သိထားသင့်သောအချက်များအကြောင်း၊ စားသုံးသူအခွင့်အရေး နှင့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အွန်လိုင်းမှ ဈေးဝယ်ယူ ခြင်း၏ အားသာချက်၊ အားနည်းချက်၊ အွန်လိုင်းမှလိမ်လည်မှုပုံစံအမျိုးမျိုး၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းများ နှင့်စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း ၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များအကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှုအခြေအနေ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အား လိုက်နာဆောင်ရွက် ရန်၊ ကုန်သွယ်ရေး ဦးစီးဌာန၏ eComReg System Report နှင့်ပတ်သက်သည့် အသုံးပြုရန် နည်းလမ်းများအကြောင်း၊ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူ ရောင်းချခြင်းပြုရန်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း တို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်တွင် အိမ်ထောင်စုအလိုက် ဆီစာအုပ်အသစ်များကွင်းဆင်းပြုလုပ်ပေးခြင်း

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးရှိဝန်ထမ်းများမှ မန္တလေးမြို့၊ ခရိုင်/မြို့နယ်အသီးသီးတွင် နေထိုင်လျက်ရှိသည့် ပြည်သူများအတွက် အိမ်ထောင်စုအလိုက် (၁)လလျှင် စားအုန်းဆီ(၂.၅ပိသာ) နှုန်းကို သတ်မှတ် ရည်ညွှန်းစျေးနှုန်းများဖြင့် ဝယ်ယူခွင့်ရရှိနိုင်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနက သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများ၊ မြို့နယ်/ရပ်ကွက်တာဝန်ခံများ၊ မန္တလေးတိုင်းဒေသကြီး ဆီလုပ်ငန်းရှင်များ အသင်းမှ မြို့နယ်အလိုက်တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အတွင်း ဆီရောင်းချခွင့်ရရှိသည့် လက်လီ/လက်ကား ကိုယ်စားလှယ်လုပ်ငန်းရှင်တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ပြည်သူများအတွက် One stop service ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

       ၂၅.၈.၂၀၂၆ ရက်နေ့မှစတင်ကာ စားသုံးသူရေးရာဦးစီးဌာန၊ မဟာအောင်မြေမြို့နယ်တာဝန်ခံ ဒေါ်ယဉ်ယဉ်ရွှေနှင့်ဝန်ထမ်းများမှ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်တာဝန်ခံနှင့်ရာအိမ်မှူးများ၊ ဆီအသင်းတာဝန်ခံများနှင့်ဆီလုပ်ငန်းရှင်တို့က ၃၈လမ်း၊ လမ်း၉၀x၉၁ကြားရှိ စိမ်ပန်းအားကစားရုံ ခန်းမ၌ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်(အသစ်) ပြုလုပ်ပေးခြင်း၊ အဟောင်းဆီစာအုပ် လဲလှယ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အိမ်ထောင်စုများအနေဖြင့် ဆီဝယ်ယူခွင့် ရရှိစေရန်အတွက် လိုအပ်သည့်စာရွက်စာတမ်းအထောက်အထားများဖြစ်သည့် မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စု ဇယားမိတ္တူ၊ဆက်သွယ်ရန် ဖုန်းနံပါတ်၊ လိပ်စာတို့ လိုအပ်မည်ဖြစ်ကြောင်း၊ ပူးပေါင်း အဖွဲ့မှ ဆီဝယ်ယူခွင့် စာအုပ်များတွင် အိမ်ထောင်စုအလိုက် လိုအပ်သည့်အချက်အလက်များ ထည့် သွင်း၍ အိမ်ထောင်စုများမှ တင်ပြလာသည့် မှတ်ပုံတင်/အိမ်ထောင်စု မူရင်းများနှင့် တိုက်ဆိုင် စစ်ဆေးပြီးမှသာ ပြည်သူများအနေဖြင့် မိမိတို့ဝယ်ယူရမည့်ဆီဆိုင် အမည်၊ ဖုန်းနံပါတ်၊ ဝယ်ယူရမည့် ရက်စွဲနှင့် ဌာနမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ တစ်စုံတစ်ရာကျေနပ်မှုမရှိပါက တိုင်ကြားရမည့် ဖုန်းနံပါတ်တို့ပါဝင်သည့်ဆီဝယ်ယူခွင့် စာအုပ်များရရှိမည်ဖြစ်ပါသည်။ မဟာအောင်မြေ မြို့နယ်အတွင်း နေထိုင်သည့်ဆီဝယ်ယူခွင့်စာအုပ် မရရှိသေးသည့် ပြည်သူများအတွက် ဆီဝယ်ယူခွင့် စာအုပ်များ ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင်၍ အငယ်တန်းစာရေး ဒေါ်မြတ်နိုးလွင်တို့သည် ၈-၉-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင် (၁) ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက် ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပုဒ်မ၂၁အရ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များဖြစ်သော စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ထပ်မံပေးချေရမည့် တန်ဖိုးကို စားသုံးသူက ဝယ်ယူ အသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ် ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြား နည်းလမ်းများဖြင့်ဖြစ်စေ စားသုံးသူအပေါ် ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန် ပြော ဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း စသည့်အချက်များအကြောင်း အခန်း (၁၈) ပုဒ်မ (၄၁) ပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်အကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း နှင့် အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊  ဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့အား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်၊၊  

DOCA(ကချင်)                   

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင် သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတို့သည် ၈-၉-၂၀၂၆ ရက်နေ့တွင် နားခါရပ်ကွက်ရှိ ရောင်နီ (ဆေးဆိုင်) သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ “CEELIN” အမှတ်တံဆိပ်ပါ Vitamin-C အားဆေးရည် တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့် ကိုက်ညီ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်တို့ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့်ကုန်စည်များ၊ ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်းမပြုရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ