Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ အခြားမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ၈-၉-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်ရှိ  မမဲတူ (ကုန်စုံဆိုင်)သို့ သွား ရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ရှိသောကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “BRAVO” အမှတ်တံဆိပ်ပါ ကြက်သွန်ဖြူငရုပ်ဆီ တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ကိုက်ညီပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံး သည့်ရက်စွဲတို့ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု မရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

လူသုံးကုန် ထုတ်လုပ်မှုသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများအား အသိပညာပေးဟောပြောဆွေးနွေး

         ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ညောင်ဦးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး ကျင်းပပြုလုပ်သည့် လူသုံးကုန် ထုတ်လုပ်မှုသင်တန်းဖွင့်ပွဲအား ၂၅-၈-၂၀၂၆ ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင်  ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားတွင် ညောင်ဦးခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)က သင်တန်းတက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အသိပညာ‌ပေးဆွေးနွေးရာတွင် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်များ၊ နစ်နာ ဆုံးရှုံးမှု၏အဓိပ္ပာယ်နှင့် ကုန်စည်အမျိုးအစားအလိုက်ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများကို ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြနိုင်ရေးအတွက် လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်း များပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ်အသားများကို စားသုံးသူကာကွယ် ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)တွင် ဖော်ပြထားသော ပြဌာန်းချက်များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်လို အပ်ပါကြောင်း၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့် ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာမှ ဝန်ထမ်း(၁၂)ဦးနှင့် သင်တန်းသား/သင်တန်းသူ(၂၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

                                                                                                                  

 အများပြည်သူသို့ စားအုန်းဆီရောင်းချနေမှုများအား ကွင်းဆင်းကြီးကြပ်စစ်ဆေး

   မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဆီအသင်းတာဝန်ခံတို့သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၃)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြင်းခြံမြိုနယ့်ရှိ အများပြည်သူသို့ သက်သာသောဈေးနှုန်း ဖြင့် စားအုန်းဆီများရောင်းချပေးနေသော လက်လီဆီကိုယ်စားလှယ် အရောင်းဆိုင်များသို့ ကွင်းဆင်း ကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ပါသည်။

          နိုင်ငံတော်မှ စားသုံးသူပြည်သူများသို့ သက်သာသော သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူ စားသုံးနိုင်ရန်ထုတ်ပေးသော စားအုန်းဆီများကို စားအုန်းဆီလက်လီအရောင်းဆိုင်များမှ ရောင်းချ ရာတွင် ဈေးနှုန်းများမှန်ကန်မှုရှိစေရေး၊ အလေးချိန်ပြည့်ဝစေရေး၊ အချိန်အတွယ်မှန်ကန်မှုရှိစေရေး၊ နိုင်ငံတော်မှ သတ်မှတ်ထုတ်ပြန်ထားသော သတ်မှတ်ချက်များအတိုင်းရောင်းချမှုရှိစေရေး၊ စားအုန်း ဆီများဖြန့်ဖြူးရောင်းချရာတွင် အများပြည်သူမြင်သာစေရန် ရောင်းချသည့်နေ့ရက်နှင့် ဈေးနှုန်းများကို ဗီနိုင်းတွင်ရေးသား၍  ချိတ်ဆွဲရောင်းချစေရေး၊ ခွဲတမ်းရရှိထားသော ပမာဏများအလိုက် ပြည့်ဝစွာ ရောင်းချစေနိုင်ရေး၊ ဖြန့်ဝေထုတ်ထားပေးသော ဆီများကိုသာရောင်းချမှုရှိစေရေးနှင့် အဆိုပါစားအုန်း ဆီများအား စားသုံးသူပြည်သူများထံသို့ အပြည့်အဝရောက်ရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ စားသုံးသူလက်ဝယ်သို့ အမှန်တကယ် တိုက်ရိုက်ရောက်ရှိစေရေး၊ ဌာနမှ သတ်မှတ်ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာရောင်းချစေရေးတို့ အတွက် ကွင်းဆင်းကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့် စားအုန်းဆီရောင်းချပေးနေမှုများအား ဆက်လက်၍လည်း အစဉ်တစိုက် ကြီးကြပ်စိစစ်ဆောင်ရွက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးTalk Show ဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံသည် (၂၀.၈.၂၀၂၆)ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍သိကောင်းစရာများ အသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ Talk Show အား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးရှိ လူထု အခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်နှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုံဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းများ၏တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် ကုန်စည် ၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင် သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြပေးရန်လိုအပ် ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သောကုန်စည် အမျိုးအစားပေါ်လိုက်၍ လိုအပ်သည့်အချက်အလက် များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာဖော်ပြရမည့် အချက်များအားအသိပညာပေး ဟောပြောဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/မရှိ တို့ကို (၁၀..၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် အမှတ် (၂/၇၉၄)၊ ဘူတာလမ်း၊ ကျည်တောင်ကန်ရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်ရှိ Dear Skin” အလှကုန်ပစ္စည်းများလုပ်ငန်းသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

                                                                                                                                                                                                             DOCA(ပြည်ထောင်စုနယ်မြေ)

ဓနုဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား ပူးပေါင်းကွင်းဆင်းစစ်ဆေး

       ဓနုဖြူမြို့နယ်အတွင်း စက်သုံးဆီရောင်းချမှုများ စနစ်တကျရှိစေရေးနှင့် စားသုံးသူများအနေဖြင့် သတ်မှတ်ပမာဏနှင့် ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား (၁၇-၈-၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      အဆိုပါ စစ်ဆေးမှုကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီရောင်းချရာ၌ စားသုံးသူများအား သတ်မှတ်ပမာဏအတိုင်း မှန်ကန်စွာ ရောင်းချပေးနိုင်ရေးအတွက် ဆီပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိ၊ ချိန်တွယ်တိုင်းတာသည့် ကိရိယာများ မှန်ကန်စွာ အသုံးပြုမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့သည်။ ထို့အပြင် စက်သုံးဆီဈေးနှုန်းများကို သတ်မှတ်ထားသည့် ဈေးနှုန်းများနှင့်အညီ ရောင်းချမှုရှိ/မရှိ၊ မသင့်လျော်ဘဲ ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိနှင့် အရောင်းဆိုင်များအနေဖြင့် သက်ဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့် ညီညွတ်မှုရှိ/မရှိ တို့ကို စိစစ်ခဲ့ကြောင်း သိရသည်။

       ဓနုဖြူမြို့နယ်အတွင်း စက်သုံးဆီဈေးကွက် တည်ငြိမ်စေရေးနှင့် စက်သုံးဆီပြတ်လပ်မှု မှိစေရေး၊  စားသုံးသူအခွင့်အရေးများ ကာကွယ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကြပ်မတ်ဆောင်ရွက်ခြင်းများကို ဆက်လက်ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခြင်း

 

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ  ၈ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်၌ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ‌ဒေါ်မြင့်မြင့်အေး(စစ်ဆေးရေးအရာရှိ)  ဦးဆောင်၍ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာ (ဈေးများဌာန) တို့နှင့်ပူးပေါင်း၍  ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သပြေကုန်းဈေးတွင် စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။   

    ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်နှင့် ဝန်ဆောင်မှုများတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်  မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေး ကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာ ဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာ ရောင်းချရန်နှင့်  စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ထုတ်ပြန်ကြေညာထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန် ဆွေးနွေးပြောကြား၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

မအူပင်မြို့နယ်တွင် ဒေသတွင်းပဲမုန့်ထုတ်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

        မအူပင်ခရိုင်၊ မအူပင်မြို့နယ် မင်းလမ်းမပေါ်ရှိ ကျားပဲမုန့်လုပ်ငန်း သို့ (၁၇-၈-၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ ပဲမုန့်ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို လေ့လာစစ်ဆေးခဲ့ပြီး ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိ၊ စားသုံးသူများအတွက် လိုအပ်သည့် အချက်အလက်များကို သတ်မှတ်ချက်များနှင့်အညီ ဖော်ပြထားမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့သည်။

         ထို့အပြင် ထုတ်လုပ်သည့် ပဲမုန့်များ၏ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်ကြမ်းများကို သန့်ရှင်းစွာ အသုံးပြုမှု၊ ထုတ်လုပ်မှုနှင့် ထုပ်ပိုးမှုအဆင့်များတွင် သန့်ရှင်းမှုရှိ စေရေးတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။ ဒေသတွင်းထုတ်လုပ်သည့် အစားအ သောက်ထုတ်ကုန်များ အရည်အသွေးပြည့်မီပြီး စားသုံးသူများ အတွက် ဘေးအန္တရာယ်ကင်းရှင်းစွာ ရရှိနိုင်ရေး၊ ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ စေရေးနှင့် စားသုံး သူများ၏ အခွင့်အရေးများ မထိခိုက်စေရေးတို့အတွက် သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ထုတ်လုပ် ရောင်းချ ရန် လမ်းညွှန်အသိပညာပေးခဲ့သည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုသည် ဒေသတွင်း အသေး စားနှင့် အလတ်စား ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အရည်အသွေးကောင်းမွန်၍ ဘေးအန္တရာယ်ကင်းရှင်းသော ပြည်တွင်း ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် အထောက် အကူပြုကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုဆောင်ရွက်ခြင်း

          ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၈  ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ စားသုံးသူ‌ရေးရာ ဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူး နှင့် မြို့နယ်တာဝန်ခံများသည်  ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏ သီရိဈေး၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေး၊ ပျဉ်းမနားမြို့နယ်၊ မြို့မဈေး၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်မင်္ဂလာဈေး၊ တပ်ကုန်းမြို့နယ်၊ မြို့မဈေးနှင့်  ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ဈေး အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ အသီးသီးသို့ အုပ်စုခွဲ၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          စစ်ဆေးခဲ့သောဆေးဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ အထူး ထိန်းချုပ်ထားသောဆေးဝါးများ လက်လီရောင်းချခွင့်လိုင်စင်ရှိပြီးသော ဆေးဆိုင်များဖြစ်ကြောင်း သိရပါသည်။ စစ်ဆေးရာ၌ ဆေးများပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ဈေးနှုန်းမြင့်တက်ခြင်းရှိ/ မရှိ၊ ဆေးဆိုင်အတွင်း အထူးထိန်းချုပ်ဆေးဝါးများ ရောင်းချမှုမှတ်တမ်းများ၊ ဆေးဝါးများထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ/ မရှိ ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (နေပြည်တော်)

ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

 

          စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး(လက်ထောက်ညွှန်ကြား ရေးမှူး) ဦးဆောင်သောဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ( ၈ )ရက်၊ နံနက်( ၁၁:၀၀ ) အချိန်တွင် ဇမ္ဗူသီရိမြို့နယ်ရှိ 5BB Broadband သို့သွားရောက်၍ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) နှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ စစ်ဆေးရာတွင် ဆက်သွယ်ရေး     လုပ်ငန်း (5BB Broadband) အနေဖြင့် အင်တာနက်ဝန်ဆောင်မှုအပါအဝင် ဆက်သွယ်ရေးကဏ္ဍစုံအား အသုံးပြုသည့် စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် အမှန်တကယ်အသုံးပြုသူများအား မျှတ၍ ပွင့်လင်းမြင်သာမှုရှိသော အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်များအားသတ်မှတ်ပေးရန်၊ဝန်ဆောင်ခနှုန်းထားများနှင့် ဝန်ဆောင်မှုအရည်အသွေးတို့ပါဝင်သော ဝန်ဆောင်မှုအသုံးပြုခြင်းနှင့်စပ်လျဉ်း သည့် သတ်မှတ်ချက်များကိုထုတ်ပြန်ထားရန်၊ အမှန်တကယ်အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးအချက် အလက်များနှင့်သတင်း အချက်အလက်လုံခြုံရေးတို့ကို ကာကွယ်ပေးမည့်အစီအစဉ်များအား စာဖြင့် ရေးသားဖော်ပြထားရန်၊ ဆက်သွယ်ရေးဝန်ဆောင်မှုများအား ဝယ်ယူအသုံးပြုကြသည့် စားသုံးသူ များ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ဆက်သွယ်ရေးဝန်ဆောင်မှု (Package/ Plan) များနှင့် ဝန်ဆောင်ခနှုန်းထားများအား အများပြည်သူလွယ်ကူစွာ သိရှိနိုင်စေရေးဖော်ပြထားရန်၊ ဝန်ဆောင်ခ နှုန်းထားများ ပြောင်းလဲမှုများရှိပါကသုံးစွဲသူများကို ကြိုတင်အသိပေးရန်၊ ဝန်ဆောင်ခနှုန်းထား များအား မှားယွင်းစွာငွေကြေးဖြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအား သက်ဆိုင်ရာ အော်ပရေတာများက ငွေပြန်အမ်းသည့် Refund Policy များ ချမှတ်ဆောင်ရွက်ရန်၊ ဝန်ဆောင်မှုကို ကြော်ငြာရာတွင် ဝန်ဆောင်မှု စည်းမျဉ်းစည်းကမ်း (Terms and Conditions)များအား အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားရှိရန်၊ စားသုံးသူများက ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် ပိုမိုသေချာစေရေးအတွက် Double Confirmation ပြုလုပ်၍ ဝယ်ယူနိုင်စေရန်၊ ဝန်ဆောင်မှုများ အပေါ် စားသုံးသူများမှ စိတ်ကျေနပ်မှုမရှိပါက အော်ပရေတာများ၏ Call Center သို့ အလွယ် တကူခေါ်ဆို၍ Complain ပြုလုပ်နိုင်ရန် စီစဉ်ထားရှိစေရေး အသိပညာပေးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (နေပြည်တော်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ