Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်မြို့ရှိ “Myth” အမှတ်တံဆိပ် သောက်ရေသန့်စက်ရုံအား ကွင်းဆင်းစစ်ဆေးခြင်း

        (၂၀-၁၁-၂၀၂၄) ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ “Myth” အမှတ်တံဆိပ်  သောက်ရေသန့်စက်ရုံသို့သွားရောက်၍ “Myth”  အမှတ်တံဆိပ် ရေသန့်ဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားကို     မြန်မာဘာသာဖြင့်       ပြည့်စုံမှန်ကန်စွာဖော်ပြထားနိုင်ရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာ၌ “Myth”  အမှတ်တံဆိပ်ပါ ရေသန့်ဘူးများပေါ်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ( ၂ /၂၀၁၉) နှင့်အညီ ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားမှုရှိ/မရှိကိုစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည်ကိုစစ်ဆေးတွေ့ရှိကြောင်း၊ လုပ်ငန်းရှင်အား စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ဆိပ်ဖြူမြို့နယ်၌ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး စားသုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၂၀.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ရေးရည်ရွယ်၍ ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ဦးသန်းစိန်နှင့် ဓနပြည့်စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

              ဆိပ်ဖြူမြို့နယ်တာဝန်ခံမှ စားသုံးဆီကြိတ်ခွဲထုတ်လုပ်သော လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်ရောင်းချသော ကုန်စည်များအားအရည်အသွေးသန့်စင်ပြီး ဘေးအန္တရာယ်ကင်းရှင်းစွာရောင်းချနိုင်ရေး ပဲဆီ၊ နှမ်းဆီကြိတ်ခွဲထုတ်လုပ်ရောင်းချရာတွင် မှိုတက်သောသီးနှံများကိုဖယ်ရှားပြီး စနစ်တကျပြုလုပ်ရောင်းချမှသာ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်စေရန်အတွက် အရည်အသွေးပြည့်မီသော စားသုံးဆီများထုတ်လုပ်ရောင်းချနိုင်ရေး၊ ထုတ်လုပ်ရောင်းချသောဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ထည့်သွင်းဖော်ပြရမည့်အချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကြံခင်းမြို့နယ် မြို့မဈေးနှင့်ရွာသစ်ရပ်ကွက်အတွင်းရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊ကြံခင်းမြို့နယ်တာဝန်ခံသည်(၂၀.၁၁.၂၀၂၃) ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ ကြံခင်းမြို့နယ် မြို့မဈေးနှင့်  ရွာသစ်ရပ်ကွက်အတွင်းရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆေးမျိုးစုံအရောင်းဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ချောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

               မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် (၂၀.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် အမှတ်(၁၀)ရပ်ကွက်၊ ပတ္တမြားရပ်ရှိ အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

               အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက “စားသုံးရန်မသင့်သောအစားအစာများနှင့် စားသုံးသူအခွင့်အရေး” အကြောင်းများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်ပြောပြခြင်း၊ နေ့ထူးနေ့မြတ်အထိမ်းအမှတ်နေ့များအကြောင်းပြောပြခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြန်အောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ထူရွာကျောင်းမုန့်ဈေးတန်းများ စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် နိုဝင်ဘာလ(၁၉)ရက်နေ့ ၊နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် ကော့ကပ်ကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသော မုန့်ဆိုင်များအားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းခဲ့ရာတွင် ကျောင်းဈေးတန်းတွင်ရောင်းချသော မုန့်များတွင်ရက် လွန်ခြင်း၊ မှိုတက်ခြင်းများ ရောင်းချမှု ရှိ/မရှိ၊ တားမြစ်ဆိုးဆေးသုံးစွဲထားသော မုန့်များရောင်းချမှုမရှိစေရေးနှင့်  စားသုံးသူ မိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည် များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ၊ သတ်တမ်းလွန်ကုန်စည်များရောင်းချခြင်းရှိ/မရှိ ခြင်းတို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချကြရန်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေး နှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန် စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

အင်္ဂပူမြို့နယ် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၉.၁၁.၂၀၂၄)နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့ နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ဆရာ၊ ဆရာမနှင့် G-11 ကျောင်းသား၊ ကျောင်းသူ (၆၃) ဦး အား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ဟောပြောပွဲတွင် အငယ်တန်းစာရေး ဒေါ်ဝင်းမာစိုးက အစားအသောက်များတွင် ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့်နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)

“ကော့မှူးမြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်း ကြက်ဥ၊ ဘဲဥများရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများဖြသည့် ကြက်ဥ၊ ဘဲဥများဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ နိုဝင်ဘာလ (၂၁)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကြက်ဥ၊ ဘဲဥ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်၊ ဈေးတာဝန်ခံ ဦးအေးသွင်နှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာမြို့မဈေး အတွင်း/ အပြင်တွင် ရောင်းချလျက်ရှိသော ဒေါ်လဲ့ ကြက်ဥ၊ ဘဲဥဆိုင်၊ ဒေါ်စုကြည် ကြက်ဥ၊ ဘဲဥဆိုင်၊ ဒေါ်သက်မွန် ကြက်ဥ၊ ဘဲဥဆိုင်၊ ဒေါ်တင်စိုးနိုင် ကြက်ဥ၊ ဘဲဥဆိုင်၊ ဒေါ်ခင်ချိုမြင့် ကြက်ဥ၊ ဘဲဥဆိုင်တို့သို့သွားရောက်၍ ကြက်ဥ၊ ဘဲဥများရရှိမှုအခြေအနေနှင့် ပြန်လည်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေတို့အားမေးမြန်းစုံစမ်းခဲ့ရာတွင် ကော့မှူးမြို့နယ်အနေဖြင့် ကြက်ဥ၊ ဘဲဥအရောင်းပွဲရုံ၊ ဒိုင်များမရှိပါသဖြင့် ကွမ်းခြံကုန်းမြို့နယ်၊ တွံတေးမြို့နယ်၊ တိုက်ကြီးမြို့နယ်ရှိ ပွဲရုံဒိုင်များမှ ဝယ်ယူဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားပေးခဲ့ပြီး ယနေ့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကြက်ဥ၊ ဘဲဥ အကြီး၊ အလတ်၊ အသေးဈေးနှုန်းများအား စာရင်းကောက်ယူကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     အောက်တိုဘာလ ၁၈ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ် တာဝန်ခံသည် လေးမျက်နှာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော ကုန်စည်များတွင်  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များ ကိုသာရောင်းချကြရန်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည် များကိုသာရောင်းချရန်၊ စားသုံးသူဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ အရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

“ ကျိုက်ထော်မြောက်ကျေးရွာအုပ်စုရှိ စားအုန်းဆီဆိုင်များတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အနောက်ဘက်ခြမ်း ကျိုက်ထော်မြောက်ကျေးရွာအုပ်စုရှိ စားအုန်းဆီကိုယ်စားလှယ်ဆိုင်နှင့် ဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့ နိုဝင်ဘာလ(၂၀)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒလမြို့နယ်တာဝန်ခံ ဦးသန်းနိုင်၊ တွံတေးမြို့နယ်တာဝန်ခံ ဦးအာကာမင်းနှင့် ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းတို့သည် ကျိုက်ထော်မြောက်ကျေးရွာအုပ်စုမှ စားအုန်းဆီကိုယ်စားလှယ် ဒေါ်ခင်ပြုံးဝေ၏ဆိုင်နှင့် ကျိုက်ထော်ဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်များတွင် စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော ဆီကိုယ်စားလှယ်များနှင့် ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား သွားရောက်တွေ့ဆုံ၍ ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားအုန်းဆီများကို အခက်အခဲမရှိ ဈေးနှုန်းမှန်ကန်စွာဝယ်ယူစားသုံးနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ လူဦးရေနှင့်တွက်ချက်၍ လူတစ်ဦး ဆီစားနှုန်း တစ်ရက်လျှင် (၂.၂၅)ကျပ်သားဖြင့်တွက်ချက်ပြီး အပတ်စဉ်ထုတ်ပေးလျက်ရှိရာ အခြေခံလက်ကားရည်ညွှန်းဈေးအား အပတ်စဉ် တနင်္လာနေ့တိုင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိရာ ကျိုက်ထော်ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများမပြုလုပ်ရန် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

“သုံးခွမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် အသုံးများသောဆေးဝါးများ လုံလောက်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ရှိ ရပ်ကွက်ဆေးဆိုင်များသို့ ညွှန်ကြားချက်နှင့်အညီ ဈေးကွက်အတွင်းရောင်းချနေသော ဆေးဝါးများလုံလောက်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းမှုရှိ/မရှိ နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများသည် အမှတ်(၉)ရပ်ကွက်ရှိ ဖူးပွင့်ဆေးဆိုင်၊ ကြယ်စင်လင်းဆေးဆိုင်၊ နန်းသိင်္ဂီဆေးဆိုင်နှင့် မိဘမေတ္တာဆေးဆိုင်များတွင် ရောင်းချနေသောဆေးဝါးများအနက် လူသုံးများသောဆေးဝါးများ ဖြစ်သည့် ဆီးချိုကျဆေး၊ သွေးကျဆေး၊ နှလုံးဆေး၊ အာရုံကြောဆေး၊ အားဆေး၊ အစာအိမ်ဆေး၊ သွေးတွင်းအဆီကျဆေး၊ အကိုက်ခဲပျောက်ဆေး၊ သွေးကျဲဆေး စသည့်ဆေးဝါးများ လုံလောက်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကိုကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆေးဝါးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ