Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘားအံမြို့ရှိ အမှတ် (၆) ရပ်ကွက်တွင် အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ထားသောလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင် နှင့် ဝန်ထမ်းများသည် (၁၉-၈-၂၀၂၅) ရက် ၊ နံနက် (၁၁:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  အမှတ် (၆) ရပ်ကွက်အတွင်း မိုချီ့စ်ဂျယ်လီအိုအေစစ် နာမည်ဖြင့် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ထားသော လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အိမ်အမှတ် (၆/၄၀၆)၊ အကွက်အမှတ် (၆) ၊ အမှတ်(၆) ရပ်ကွက်၊ ဘားအံမြို့၊ လိပ်စာပါအတိုင်း မိုချီ့စ်ဂျယ်လီအိုအေစစ် နာမည်ဖြင့် မြေပြင်ပေါ်တွင် အမှန်တကယ် ရှိ/မရှိ နှင့် ရောင်းချသည့် ဖန်စီပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ အမှန်တကယ်ရှိ/မရှိ သွားရောက် စစ်ဆေးခဲ့ရာ မြေပြင်ပေါ်တွင်ဖော်ပြပါလိပ်စာနှင့် ကုန်ပစ္စည်းများအတိုင်း  မှန်ကန်မှုရှိကြောင်း စိစစ်တွေ့ရှိရ သည်။ ဆက်လက်၍ စားသုံးသူရေးရာ ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင်မှ ဆိုင်ပိုင်ရှင်အား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရမည့် အချက်(၁၇)ချက် အားမေးမြန်း ဆောင်ရွက်ခြင်းနှင့် ကုန်ပစ္စည်းများအား လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ရှိ အမှတ် (၅) ရပ်ကွက်တွင် အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ထားသောလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင် နှင့် ဝန်ထမ်းများသည် (၁၉-၈-၂၀၂၅) ရက် ၊ နံနက် (၁၀:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  အမှတ် (၆) ရပ်ကွက်အတွင်း မိုချီ့စ်ဂျယ်လီအိုအေစစ် နာမည်ဖြင့် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ထားသော လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပဒုမ္မာလမ်း ၊ အကွက်အမှတ်(၁)၊ အမှတ် (၅)ရပ်ကွက်၊ ဘားအံမြို့၊ လိပ်စာပါအတိုင်း ပီအန်ဂျီဖက်ရှင်ဟောက်စ် နာမည်ဖြင့် မြေပြင်ပေါ်တွင် အမှန်တကယ် ရှိ/မရှိ နှင့် ရောင်းချသည့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ အမှန်တကယ်ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ရာ မြေပြင်ပေါ်တွင်ဖော်ပြပါ လိပ်စာနှင့် ကုန်ပစ္စည်းများအတိုင်း  မှန်ကန်မှုရှိကြောင်း စိစစ်တွေ့ရှိရသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင်မှ ဆိုင်ပိုင်ရှင်အား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရမည့် အချက်(၁၇)ချက်အားမေးမြန်း ဆောင်ရွက်ခြင်းနှင့် ကုန်ပစ္စည်းများအား လိုက်လံစစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဦးမိုးညွန်ဦး(ပြည်နယ်ဦးစီးမှူး)            ဦးဆောင်သော ဝန်ထမ်း ( ၆ )ဦးသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ( ၂၅ )ရက်နေ့( ၁၀:၀၀ ) နာရီအချိန်တွင် ‌‌‌‌‌ထေးငှားလျားရပ်ကွက်ရှိ လွိုင်ကော်တက္ကသိုလ်၌ စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနဦးမိုးညွန့်ဦး(ပြည်နယ် ဦးစီးမှူး) ကစားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အ ရေး(၈)ချက်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ရာ ကျောင်းသား/ကျောင်းသူများ အနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး( ၈ )ချက်ကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူ တတ်စေရန် စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့် တာဝန်( ၄ )ချက်၊ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ နေ့စဉ်ဝယ်ယူ သုံးစွဲ သည့်ကုန်ပစ္စည်းများအပေါ်ပေးထားသော အာမခံချက်များ အပြည့်အဝရရှိစေရေးကို လည်းကောင်း၊    ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုများ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Websiteမှ ဖြစ်စေ၊ Doca Myanmar applicationများမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ MPT U9 Atom Mytel ဆင်းကတ်များ ဖြင့်လည်း ၁၅၃၅ နံပါတ်များသို့ ခေါ်ဆို၍ ကုန်စည်(သို့)ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ သိရှိလိုသည်များမေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းများပြုလုပ်နိုင် ခြင်းတို့အား ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း( ၁၅၀ )ဦးတို့အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

 

လွိုင်ကော်မြို့၊ စားအုန်းဆီလက်လီရောင်းချနေသော အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးကြပ်မတ်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်  ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် စားအုန်းဆီအား ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်သော ပြည်သူလူထုများ စားသုံးဆီဖူလုံစေရန်နှင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရန်   ပြည်နယ်အစိုးရ အဖွဲ့၏ ကြီးကြပ်မှုဖြင့် ကယားပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်ဖြင့် ပြည်နယ်အစိုးရ အဖွဲ့နှင့် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်၏ ခွင့်ပြုချက်ဖြင့် ထုတ်ယူသယ်ဆောင်ပြီး ဖြန့်ဖြူးရောင်းချ လျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂ ခုနှစ်၊ ဩဂုတ်လ(၂၁) ရက်နေ့၊ နံနက်(:)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးဆောင်၍ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ ၊ စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ် ရေးကော်မတီမှ အတည်ပြုသတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်းရောင်းချခြင်း ရှိ/မရှိ၊ စားအုန်းဆီ များ အဆမတန်အမြတ်တင်ရောင်းချမှုရှိ/မရှိ၊ စားအုန်းဆီများအား နေရာမှန်၊ အချိန်မှန်၊ အရေ အတွက်မှန်၊ ဈေးနှုန်းမှန်၊ အခြင်အတွယ်မှန်၊ အရည်အသွေးမှန် စသည့် မှန်(၆)မှန်ဖြင့် ပြည်သူလူထု လက်ဝယ်အရောက် ရောင်းချသွားစေရေး၊ မလိုလားအပ်သောနေရာများသို့ မရောင်းချမိစေရေးတို့ကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ စားအုန်းဆီလက်လီအရောင်းဆိုင်များအနေဖြင့် စားအုန်း ဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိပါကြောင်း၊ သတ်မှတ်အရေအတွက်အတိုင်း လူ တစ်ဦး တစ်ပိဿာနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်း၊ စားအုန်းဆီများအား နေရာမှန်၊ အချိန်မှန်၊ အရေအတွက်မှန်၊ ဈေးနှုန်းမှန်၊ အခြင်အတွယ်မှန်၊ အရည်အသွေးမှန် စသည့် မှန်(၆)မှန်ဖြင့် ပြည်သူ လူထုလက်ဝယ်သို့ အမှန်တကယ် ရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း သိရှိရပါသည်။

DOCA(ကယား)

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

     ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့်လုပ်ငန်းများ အနေဖြင့် လိုအပ်သောသတင်းအချက်အလက် ပြည့်စုံမှန်ကန်စွာနှင့် ရှင်းလင်းစွာ ကြိုတင်အသိပေး ဆောင်ရွက်ခြင်းဖြင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာရရှိစေရန်ရည်ရွယ်၍ ၂၇-၈-၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ‌‌ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းကာ မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း(Mytel) မြစ်ကြီးနား ရုံးခွဲအား ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းရှင်အား အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက် ဝန်ဆောင်မှုနှင့် မိုဘိုင်းအော်ပရေတာ) Mytel အနေဖြင့် လက်ကမ်းစာဆောင်များတွင် ဝန်ဆောင်ခ နှုန်းထားများ၊ ဆက်သွယ်ရမည့်ဖုန်းအမှတ်များဖော်ပြထားပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏  လိုင်စင်ခွင့်ပြုချက်များဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင်  ကချင်ပြည်နယ်အတွင်း အင်တာနက်လိုင်းပြတ်တောက်မှုကြောင့် Voice နှင့် Message ဝန်ဆောင်မှုသာ ပေးအပ်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှုနှင့်မိုဘိုင်းအော်ပရေတာ)ပေးသည့် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွား‌ရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့်တာဝန်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု အခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များအား အသိပညာပေးဆွေးနွေး ခဲ့ပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၏ အမိန့်နှင့်ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင် သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတို့သည် ၂၇-၈-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊  ရွာသစ်ကုန်းရပ်ကွက်ရှိ ရွှေသစ္စာ (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “GOOD CHOICE” အမှတ်တံဆိပ်ပါ အဆင့်မြင့် စားအုန်းဆီတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာ ဖြင့် ကိုက်ညီပြည့်စုံစွာဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး  ကုန်စုံဆိုင်လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့်ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်း မပြုလုပ်ရန် နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်းမပြုကြရန်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

မုဒုံမြို့ ရွှေဟင်္သာဈေးတွင် တစ်ဖက်နိုင်ငံမှတင်သွင်းလာသော အေးခဲအသားများ ရောင်းချနေမှု ရှိ/မရှိ ပူးပေါင်းကွင်းဆင်းစစ်ဆေး

    ၂၆.၈.၂၀၂၆ ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် ​မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးတို့နှင့် ပူးပေါင်း ၍ မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်ရှိ ရွှေဟင်္သာဈေးတွင် တစ်ဖက်နိုင်ငံမှ တင်သွင်းလာသော အေးခဲအသားများ ရောင်းချနေမှု ရှိ/မရှိ ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးအတွင်းရှိ အသားအရောင်းဆိုင်များအား လိုက်လံစစ်ဆေးခဲ့ပြီး တစ်ဖက်နိုင်ငံမှ တင်သွင်းလာသော အေးခဲအသားများ ရောင်းချနေမှု မရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်တာဝန်ခံသည် ပြည်တွင်းထုတ်စားသောက်ကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခြင်း

             ၂၆.၈.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးမင်းနောင်သည် မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်အတွင်းရှိ ပြည်တွင်းထုတ် စားသောက်ကုန်ပစ္စည်းများပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ် တာဝန်ခံက ပြည်တွင်းထုတ်စားသောက်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များကို မြန်မာဘာသာ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုတွဲလျက် ဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။                                                           

                                                                                                  DOCA (မွန်)

ဘီးလင်းမြို့နယ်တာဝန်ခံသည် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ တရားမဝင်အေးခဲအသားများ ကွင်းဆင်းစစ်ဆေး

          ၂၆.၈.၂၀၂၆ ရက်နေ့ နံနက် (၀၇:၀၀) နာရီအချိန်တွင် ဘီးလင်းမြို့နယ်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဖွဲ့စည်းတာဝန်ပေးအပ်မှုအရ တရားမဝင်တင်သွင်းလာသော အေးခဲအသားများ မြို့နယ် အတွင်းမရှိစေရေးနှင့် ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်ရှိ၊ မင်္ဂလာဈေး ကန်သာယာရပ်ကွက်ရှိ နီလာဈေးအတွင်းရှိ အသား/ငါးရောင်းချနေသော ဆိုင်များသို့ တရားမဝင်အေးခဲ့အသားများ ရောင်းချခြင်း ရှိ/မရှိ ကိုစစ်ဆေးခဲ့ရာ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး တရားမဝင်အေးခဲအသားများအား တင်သွင်းရောင်းချခြင်း မပြုရန်နှင့် ရောင်းချခြင်းအား တွေ့ရှိပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းတို့ကို အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီ (၃/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

    ၂၆.၈.၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ (၃/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌစီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမ နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

     မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး နိုင်လယိတမက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထိုသို့ ပြောကြားရာတွင် စားသုံးသူ အခွင့်အရေးနှင့် ဥပဒေဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာ စေရေး၊ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် Call Centre (1535) သို့ ဆက်သွယ်မေးမြန်း၊ စုံစမ်း၊ တိုင်ကြားနိုင်သည့် ကိစ္စရပ်များအား အသိပညာပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရှင်းလင်းခြင်း၊ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းများ မှတ်ပုံတင်ရေး၊ လိုက်နာရမည့် တာဝန်များနှင့် စောင့်ကြည့်စစ်ဆေးရေး လုပ်ငန်းစဉ်များကို အလေးထား ဆောင်ရွက်သွားရန် ထည့်သွင်းမှာကြားခဲ့သည်။

          ဆက်လက်၍ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူ ရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်အောင်ကျော်က စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင် က အမှာစာများအား ဖတ်ကြားတင်ပြခဲ့ သည်။ ယင်းနောက် တက်ရောက်လာကြသော မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။

          ထို့နောက် မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမ က စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီးနောက် အခမ်းအနား ပြီးမြောက်ကြောင်း တင်ပြကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ