Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကဝမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးများပြုလုပ်ဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ ပဲခူးမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  (၂၂-၁၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ကဝမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချင်အတွယ်မှန်ကန်စွာရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသည့်စာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်မြို့နယ်၌ အသင့်သောက်ကော်ဖီ၊ လက်ဖက်ရည်ထုပ်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

             မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်ထုပ် အမျိုးမျိုးတို့နှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာနနှင့်သက်ဆိုင်ရာတာဝန်ရှိသူတို့က မြို့ပေါ်ရပ်ကွက် (၄) ခု၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

             အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော  အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း (၁၈) တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ကော်ဖီနှင့်လက်ဖက်ရည်ထုပ်ရောင်းချမှုရှိ/မရှိတို့အားစစ်ဆေးရာ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော  ကုန်စည်များကိုသာရောင်းချကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပေါင်မြို့နယ်ရှိ “မြဲ”အမှတ်တံဆိပ် သောက်ရေသန့်စက်ရုံအား ကွင်းဆင်းစစ်ဆေးခြင်း

            ၂၁.၁၁.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာရှိ “မြဲ” အမှတ်တံဆိပ်ပါ  သောက်ရေသန့်စက်ရုံသို့သွားရောက်၍ “မြဲ”အမှတ်တံဆိပ်ရှိ ရေသန့်ဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

                ထိုသို့   ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်  “မြဲ” အမှတ်တံဆိပ်ပါ ရေသန့်ဘူးများပေါ်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ( ၂ /၂၀၁၉) နှင့်အညီ ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားကြောင်းတွေ့ရှိရပါသည်။ ထို့နောက် လုပ်ငန်းရှင်အား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်နှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းသောထုတ်ကုန်များကိုသာ ရောင်းချရန်အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်၊ အ.မ.က (ကွမ်လမိုင်း) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

          ၂၂.၁၁.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အ.မ.က (ကွမ်လမိုင်း) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

            အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာ ဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်းကြောင့် စားသုံးသူထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း၊ Website Complaint System မှလည်းကောင်း၊ DOCA Myanmar Mobile Application ဖြင့်လည်းကောင်း၊ Call Center (1535) ကို ခေါ်ဆို၍လည်းကောင်း တိုင်ကြားနိုင်ခြင်းအကြောင်းကို ဟောပြောဆွေးနွေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၇) ဦးတက်ရောက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲပြုလုပ်

               မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် ကျိုက်မရောမြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကို ၂၆.၁၁.၂၀၂၄ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ကျိုက်မရောမြို့နယ် ရှင်စောပုရပ်ကွက်(၂)၊ မူလတန်းလွန် အ.မ က(၁)ကျောင်း၌ပြုလုပ်ခဲ့ကြောင်းသိရသည်။

                ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ကျိုက်မ‌ရောမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းအား အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်သည့်အမိန့်၊ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်၊ အခွင့်အာဏာအပ်နှင်းသည့်အမိန့်များနှင့် သတိပြုရမည့်အချက်များ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်(၄)ရပ်အား ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့်လုပ်ငန်းရှင်များက သိရှိလိုသည့်အကြောင်းအရာမျာကိုမေးမြန်းခဲ့သည်။

                ယင်သို့မေးမြန်းချက်များအား စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးစိုးညီညီ မှပြန်လည်ဖြေကြားပြီး အသိပညာပေးဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသောလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

            မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် (၂၂.၁၁.၂၀၂၄) ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ကျိုက်ထိုမြို့နယ်ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် အလှကုန်ရောင်းချသူများ၊ အထည်အလိပ်ရောင်းချသူများ၊ လက်ဝတ်ရတနာပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့ သွားရောက်တွေ့ဆုံရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါဝင်သော ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သောအချက်များ၊ အွန်လိုင်းရောင်းချခြင်းအတွက် အွန်လိုင်းမှတ်ပုံတင်ပြုလုပ်ကြရန်နှင့် အွန်လိုင်းမှတ်ပုံတင်မပြုလုပ်ရသေးသူများကိုလည်း အွန်လိုင်းရောင်းချမှုအတွက် မှတ်ပုံတင်ပြုလုပ်နိုင်ရေးစည်းရုံးဆောင်ရွက်ပေးကြစေလိုကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းများမှတ်ပုံတင်ခြင်းအတွက် အင်တာနက်ရရှိသည့်မည်သည့်နေရာတွင်မဆို အွန်လိုင်းမှလျှောက်ထားနိုင်သော (ecom Reg System) ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့တွင် စတင်အသုံးပြုခဲ့ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ရာတွင် လိုအပ်သောပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများ လိုက်နာရမည့်စည်းကမ်းချက်များအကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ပြုလုပ်ရာတွင် လိုအပ်သောစာရွက်စာတမ်းများစသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ သိရှိ လိုသည်များကိုမေးမြန်းခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုံရွာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ  ၂၂ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများဦးဆောင်၍ တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲတို့နှင့်ပူးပေါင်း၍ မုံရွာမြို့ပေါ် ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်မှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချ/ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းမပြုလုပ်ရန်တို့ကိုပြောကြားခဲ့ပြီး၊ ဈေးနှုန်းမြှင့်တင်ရောင်းချ/ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းထားရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး၊ ဆေးပြတ်လပ်မှုမဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်ရန်၊ ဈေးကွက်အတွင်း တရားမဝင်တင် သွင်းလာသော  ဆေးဝါးများကိုရောင်းချခြင်းမပြုကြရန်၊ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများကိုရောင်းချခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊ ဥပဒေများအား  လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကွန်ပျူတာမွမ်းမံနည်းပညာပေးသင်တန်း ဖွင့်လှစ်ကျင်းပ

             စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနကို Digitalized Ministry အဖြစ် အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ရာ ဌာနဝန်ထမ်းများအနေဖြင့် လုပ်ငန်းပိုင်း ဆိုင်ရာကျွမ်းကျင်မှုရှိရမည့်အပြင် IT နည်းပညာ ကျွမ်းကျင်မှုရှိရန်လိုအပ်ပါသဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ဝန်ထမ်းများအနေဖြင့် IT နှင့် ပတ်သက်၍ တိုးတက်လာ စေရန်နှင့် HR လူ့စွမ်းအားအရင်း အမြစ်များဖွံ့ဖြိုး တိုးတက်စေရေးအတွက် စဉ်ဆက် မပြတ်သင်ယူမှု၊ လေ့ကျင့်မှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကွန်ပျူတာမွမ်းမံနည်းပညာပေး သင်တန်းကို  ၂၀.၁၁.၂၀၂၄ ရက်နေ့မှ ၂၁.၁၁.၂၀၂၄ ရက်နေ့ထိ (၂) ရက်ကြာ ဖွင့်လှစ်ခဲ့ရာ သင်တန်းဖွင့်ပွဲတွင် အရာထမ်း၊ အမှုထမ်း (၂၃)ဦးနှင့် သင်တန်းသား/သူ(၁၅)ဦး စုစုပေါင်း(၃၈)ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

            သင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးခမ်လျန်စွမ်းက အဖွင့်အမှာ စကားပြောကြားရာတွင် မိမိတို့ရုံးအနေဖြင့် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ၊ နည်းပညာဆိုင်ရာ သင်တန်းများ၊ စားသုံးသူရေးရာ ပညာပေးသင်တန်းများကို စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနအကြီးအကဲများ၏ လမ်းညွှန်ချက် များအရ ဝန်ထမ်း တိုင်းသည် ဒီဂျစ်တယ်နည်းပညာများကို တတ်မြောက်ထားရန်လိုကြောင်း၊  ကွန်ပျူတာ ဘာသာရပ်များဖြစ်သော (Microsoft  Word, excel နှင့် E-mail ) Adobe photoshop တို့ကို  ကျွမ်းကျင်စွာ တတ်မြောက် ထားရန်လိုကြောင်း၊ နောင်တွင် ကွန်ပျူတာကျွမ်းကျင်သည့် နည်းပြများခေါ်ယူ၍ Network  ချိတ်ဆက်နည်းများ၊ Windowns တင်များ သင်တန်းများ အဆက်မပြတ်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ သင်တန်းသား/သူများသည် လက်တွေ့ လုပ်ငန်း ခွင်တွင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပြီး မိမိတို့၏ မြို့နယ်များသို့ ပြန်လည်ရောက်ရှိ၍ အခြားဝန်ထမ်းများအား တဆင့်ပြန်လည်သင်ကြား ပေးနိုင်သည့်အဆင့်ထိ ကြိုးစား လေ့လာသင်ယူ မှတ်သားကြရန်၊ မသိနားမလည်သည်များကို မေးမြန်းကြရန်နှင့် စဉ်ဆက်မပြတ် လေ့ကျင့်ကြရန် လိုကြောင်း ပြောကြားခဲ့ကြောင်း သိရပါသည်။

              ဆက်လက်၍ သင်တန်းနည်းပြများက ကွန်ပျူတာနည်းပညာ ဘာသာရပ်အလိုက် သင်တန်းသား/သူများအား  စာတွေ့လက်တွေ့ သင်ကြားရှင်းလင်းပို့ချခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း ဆွေးနွေးဟောပြော

              စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူးဦးဆောင်၍ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ/မ(၈)ဦး၊ ကျောင်းသား/သူ(၈၀)ဦး စုစုပေါင်း (၈၈)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

               အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဌာနခွဲမှ  ဒု-ဦးစီးမှူး ဦးဇော်မြင့်ထွန်းက စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံသမိုင်းနှင့် ဌာန၏မျှော်မှန်း ချက်၊ ရည်မှန်းချက်တာဝန်များ၊ လုပ်ငန်းတာဝန်များအကြောင်းဟောပြောပြီး ခေတ္တခရိုင် ဦးစီးမှူဒေါ်ခင်မြတ်မူက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၊ ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ် (၉) ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ ၈၄ ခု ပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း(၉) ပုဒ်မ(၁၉)နှင့် ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့် အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့်အချက်(၈)ချက်ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၈)၌ ပြဌာန်းထားပြီး၊ ပုဒ်မ(၆၈)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊  Website Gmail တို့ဖြင့်ဖြစ်စေ၊ Consumer Call Center 1535 တို့ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး တိုင်ကြားရန် လိပ်စားများပါသည့် ပန်းဖလက်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

သင်္ဃန်းကျွန်းခရိုင်၊ အထွေထွေစီမံအုပ်ချုပ်ရေးမှူးရုံး၌ ဌာနဆိုင်ရာများ၊ စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးလှစိုးသည် ၂၁.၁၁.၂၀၂၄ ရက်နေ့တွင် သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး၌ သက်ဆိုင်ရာဌာနများ၊ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့နှင့် စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ လစဉ်လုပ်ငန်းညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးလှစိုးမှ တက်ရောက်ခဲ့ကြောင်းသိရှိရ ပါသည်။

             ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချရာတွင် မိမိမြို့နယ်အတွက်ရရှိသောဆီခွဲတမ်းများကို အချိုးကျခွဲဝေခြင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့်သာရောင်းချကြရန်၊ ရပ်ကွက်/ဈေး နေရာအနှံ့ရောက်ရှိအောင် ဖြန့်ဖြူးပေးရန်၊ ဈေးနှုန်းမြှင့်တင်ရန်ရည်ရွယ်၍ သိုလှောင်ခြင်းမပြုလုပ်ရန်တို့ကို ဆွေးနွေးခဲ့ပြီး စားအုန်းဆီဈေးနှုန်းများကို အဆမတန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ပြုလုပ်သည်ကိုတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာများ၏ ဌာနအလိုက် လစဉ်လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ