Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြိတ်မြို့၊ တလိုင်းစုရပ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၆  ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်  ဝန်ထမ်းများသည် ခရိုင်ကုန်စျေးနှုန်း တည်ငြိမ်‌‌‌ရေးအဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်ကြသော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြိတ်မြို့၊ တလိုင်းစုရပ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ဒေသတွင်း ဆေးစျေးနှုန်းများ တည်ငြိမ်စေ‌ရေးအတွက် ဆေးဆိုင်များတွင်ရောင်းချနေသော ဆေးစျေးနှုန်းများမှာ သင့်တင့်မျှတသော စျေးနှုန်းများဖြင့် ရောင်းချနေမှုများ ရှိ/ မရှိ၊ စျေးကွက်အတွင်းဆေးဝါးများ ပြတ်လက်မှုများ ရှိ/ မရှိနှင့် သက်ဆိုင်ရာထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့် ဆေးပစ္စည်းများရောင်းချနေမှု ရှိ/ မရှိ ဝိသမလောဘဖြင့် သိုလှောင်ထားရှိမှုများ  ရှိ/ မရှိနှင့် ဆရာဝန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသားပါရှိမှုများ ရှိ/ မရှိ စစ်ဆေးခြင်း၊ ဆေးဝါးရောင်းချခွင့်လိုင်စင်များ ရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

၂၀၂၆-ခုနှစ်၊ ဇွန်လအတွင်း မကွေး/ ချောက်ခရိုင်၏ စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် ဌာန၏မျှော်မှန်းချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ်လျာထားချက်ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          မကွေး/ ချောက်ခရိုင်အတွင်း မြို့နယ်(၆)ခုရှိရာ ၂၀၂၆-ခုနှစ်၊ ဇွန်လအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေး‌နွေးခြင်း (၇)ကြိမ်နှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း (၈)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး စားသုံးသူကာကွယ်‌ရေးဥပဒေပါ စားသုံးသူများ ရရှိနိုင်မည့်အခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ ပြစ်ဒဏ်များနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၆- ခုနှစ်၊ ဇွန်လအတွင်း မကွေး/ ချောက်ခရိုင်၏ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံ စိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/ မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့်တားမြစ်ထားသော ကုန်စည်များရောင်းချမှုရှိ/ မရှိတို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီးလစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

         မကွေး/ ချောက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၆-ခုနှစ်၊ ဇွန်လအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို (၉)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး မြို့နယ်အလိုက်ဆောင်ရွက်မှုမှာ  မကွေးမြို့နယ် (၂)ကြိမ်၊ နတ်မောက်မြို့နယ် (၁) ကြိမ်၊ တောင်တွင်းကြီးမြို့နယ် (၂)ကြိမ်၊ မြို့သစ်မြို့နယ် (၁)ကြိမ်၊ ချောက်မြို့နယ် (၁)ကြိမ်၊ ရေနံချောင်းမြို့နယ် (၂)ကြိမ်၊ စုစုပေါင်း (၉)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ အ.မ.က (ယွန်း)မူလတန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော မုန့်မျိုးစုံအရောင်းဆိုင်များအား (၅.၇.၂၀၂၆) ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိသည် မြို့နယ်ကျန်းမာရေးအဖွဲ့၊ ကျောင်းမုန့်ဈေးတန်း ကော်မတီဝင်များနှင့် အတူ ကျောင်းမုန့်စျေးတန်းတွင် ကလေးသူငယ်များစားသုံးရန် မသင့်သောမုန့်များ မရောင်းချရန်နှင့် အမျိုးမျိုးပြုပြင်ထုတ်လုပ်ထားသောအချိုရည်များ ရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့စစ်ဆေးရာတွင်  ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော တားမြစ်မုန့်များ၊ အစားအသောက်များ၊ သက်တမ်းလွန်အစားအစာများ ရောင်းချမှုမရှိစေရေး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်စသည်တို့ကို မုန့်ဈေးတန်းရောင်းချသူများအား အသိပညာပေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အ.ထ.က ထန်းပင်ကုန်းကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြော

       ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၆.၇.၂၀၂၆)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အင်္ဂပူမြို့၊ ထန်းပင်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူ(၂၅၀)ဦးနှင့် ဆရာ/ ဆရာမ(၃၇)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်ယဉ်ယဉ်ထွန်းက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူစကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များ အဓိကဖက်ရှု့ရမည်ဖြစ်ကြောင်း၊ စားသုံးသူတို့အနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းဈေးတန်းနှင့် ပြင်ပဈေးဆိုင်များတွင် စားသုံးရန်မသင့်သောအစားအစာများနှင့် ရရှိလာမည့်ဆိုးကျိုးများအကြောင်း စသည့်တို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

“Hsu” Online Shop လုပ်ငန်းအား အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ထားမှုနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ Online Sale ရောင်းဝယ်မှုများအား အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ထားသဖြင့် ကုန် သွယ်ရေးဦးစီးဌာနသို့ မှတ်ပုံတင်လျောက်ထားလာသည့် Online လုပ်ငန်းများကို စားသုံးသူရေးရာ ဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ ဝတိံသာလမ်း၊ အမှတ်(၁၄၄)ရှိ "Hsu Online Shop " ဖန်စီပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ အရောင်းဆိုင်သို့ အွန်လိုင်းမှတ်ပုံတင်စဉ်ကရောင်းချရန် တင်ပြထားသော ကုန်စည်(သို့) ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်အခြေအနေနှင့် ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို (၇.၇.၂၀၂၆) ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

     ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် "Hsu Online Shop " ဖန်စီပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ အရောင်းဆိုင်သည် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသောကုန်စည်(သို့) ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချလျက်ရှိကြောင်း၊ စာရင်းကိုက်ညီမှုရှိခြင်း စသည်တို့ကို တွေ့ရှိရကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ထူးကြီးမြို့ ဂင်္ဂါရွှေရည် သောက်ရေသန့်စက်ရုံအား ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဂင်္ဂါရွှေရည် သောက်ရေသန့်စက်ရုံအား (၅.၇.၂၀၂၆)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ သက်ဆိုင်ရာ ထောက်ခံချက်များရှိ/ မရှိနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ရှိ/ မရှိတို့ကို ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့်  စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပုဂ္ဂလိကရေသန့်စက်ရုံများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက်များရှိ/မရှိစစ်ဆေးခြင်း၊ စက်ရုံပတ်ဝန်းကျင်အခြေအနေ၊ ကုန်ကြမ်း၊ ကုန်ချောထားရှိမှုအခြေအနေများ၊ ရေသန့်များထုတ်လုပ်ရာတွင် အရည်အသွေးပြည့်ဝအောင် ထုတ်လုပ်မှု အခြေအနေများအား စစ်ဆေးခဲ့ပြီး၊ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရန်  သောက်ရေသန့်ဘူးများပေါ်တွင် ကုန်စည်၏ အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့် ကုန်စည်များပေါ်တွင် ကုန်စည်အမျိုး အစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကိုလည်း စစ်ဆေးခဲ့ကြောင်း၊ စက်ရုံအတွင်း/အပြင်၌ သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရန်၊ သတ်မှတ်အရည် အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်မှာကြားခဲ့ပြီး၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဆန်ဆိုင်များအား ဈေးနှုန်းတည်ငြိမ်မှု ရှိ/မရှိကွင်းဆင်းစစ်ဆေး

       ၂၀၀၂၆ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ဆန်လက်လီ/လက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရောင်းချလျက်ရှိမရှိ၊ ဆန်လက်ကျန် အခြေအနေနှင့် ရောင်းဝယ်ဖြန့်ဖြူးမှုအခြေအနေများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

     စစ်ဆေးရာတွင် ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးက ဒေသတွင်း ရောင်းချနေသော ဆန်အမျိုးအစားအလိုက် ရောင်းချလျက်ရှိသောဈေးနှုန်းများ၊ ဈေးနှုန်းစာရင်းများကို ထင်ရှားစွာဖော်ပြထားခြင်းရှိ/မရှိ၊ ဈေးနှုန်းမတန်တဆမြှင့်တင်ရောင်းချခြင်း၊ ကုန်ပစ္စည်းသိုလှောင်၍ ဈေးကစားခြင်းများ မပြုလုပ်ကြရန် ဆိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

         ထို့ပြင် စီးပွားရေးလုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းများနှင့် အညီ ရောင်းချရန်၊ စားသုံးသူများ အလွယ်တကူသိရှိနိုင်စေရန် ဈေးနှုန်းများကို ထင်ရှားစွာဖော်ပြထားရန်နှင့် ဈေးကွက်တည်ငြိမ်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြောင်း သိရသည်။

        ယင်းသို့ ကွင်းဆင်းစစ်ဆေးခြင်းသည် ဈေးကွက်အတွင်း ဆန်ဈေးနှုန်းတည်ငြိမ်စေရန်၊ စားသုံးသူများ မျှတသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရန်နှင့် ဈေးကစားခြင်း၊ မတရားဈေးနှုန်းမြှင့် တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အသင့်စားမုန့်အမျိုးမျိုး ကွင်းဆင်းစစ်ဆေး

      ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် ညောင်တုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များနှင့် အသင့်စားမုန့်ရောင်းချသည့် ဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုး၏ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

      စစ်ဆေးရာတွင် ဒေါ်ချိုမီဇင် ဒုဦးစီးမှူးမှ အသင့်စားမုန့်အမျိုးမျိုး ရောင်းချသောဆိုင်များမှ ကုန်စည်များကို ကုန်စည်၏အမည်၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့် နေ့စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ အသားတင်ပမာဏ၊ ပါဝင်ပစ္စည်းများ၊ ထားသိုသိမ်းဆည်းနည်း၊ သတိပေးချက်များနှင့် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/ မရှိတို့ကို စိစစ်ဆောင်ရွက်ခြင်း၊ ထို့ပြင် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

         ယင်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်မီသော ကုန်စည်များကို ယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံးနိုင်စေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များက ဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ