Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆန်စက်လုပ်ငန်းရှင်များဖြင့် စပါးဆန်အကြောင်း တွေ့ဆုံဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ ပန်းတနော်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များမှ ခရိုင်ဦးစီးမှူး ဦးအောင်လွင်နှင့် ၂၀၂၆ခုနှစ် ဇူလိုင်လ ၆ရက်နေ့က လာရောက်တွေ့ဆုံ၍  ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး၊ ဆန်စပါးကြိတ်ခွဲမှုနှင့်စပ်လျဉ်း၍ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်

        ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးမှ ဈေးကွက်အတွင်း ကုန်စည်များ စပါးဆန်များ ပြတ်လပ်မှုမရှိစေရေး၊ သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကိုဌာနမှ လမ်းညွှန်ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများနှင့် အညီ ရောင်းချရန်၊ ဈေးနှုန်းမြှင့် တင်‌ရောင်းချခြင်း၊ အရည်အသွေး မမှန်မကန် ရောင်းချခြင်းများ မပြုလုပ်ရန် ဆွေးနွေးပါသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်ဈေးကွက်ရှိရာ မြို့နယ်အတွင်း/ မြို့နယ်ပြင်ပများသို့ ချိတ်ဆက်တင်ပို့ရောင်းချခြင်း၊ တိုင်းပြင်ပများသို့ ဆန်များတင်ပို့ရောင်းချရာတွင် ကုန်တင်လွှာစနစ်ဖြင့် တင်ပို့ရောင်းချခြင်းများအား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားရန်နှင့် စပါးဝယ်ယူရရှိမှုအခြေအနေ၊ ကြိတ်ခွဲမှုပုံစံ၊ အခြောက်ခံမှု၊ လုပ်သားအင်အား၊ ဖြန့်ဖြူးမှုအခြေအနေ၊ ရင်းနှီးမြုပ်နှံမှု၊ အကျိုးအမြတ်တို့ကို ဆွေးနွေးခဲ့ပြီး၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်လုပ်ငန်းစဉ်များ ဆောင်ရွက်ထားမှု ရှိ/ မရှိ၊ လုပ်ငန်းရှင်ဘက်မှလည်း လုပ်သားရှားပါးမှုနှင့် စပါးဈေးနှုန်း အနိမ့်အမြင့်အပေါ် ကြိတ်ခွဲထုတ်လုပ်လျက်ရှိကြောင်း သိရှိလိုသည်များကို မေးမြန်း၍ ခရိုင်ဦးစီးမှူးမှ ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကမ္ဘာ့ကျေးလက် ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ်စုပေါင်းသစ်ပင်စိုက်ပျိုးရေးအခမ်းအနား တက်ရောက်ခြင်း

        (၆.၇.၂၀၂၆) ရက်နေ့နံနက် (၀၈:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် စက္ကော့ကျေးရွာအုပ်စု အုန်းပင်စုကျေးရွာ၌ ကမ္ဘာ့ကျေးလက် ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်စုပေါင်း သစ်ပင်စိုက်ပျိုး ရေးအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

         ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်အဖြစ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ရာ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် အတူ ပျိုးပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

      တက်ရောက်လာသူ ဌာနဆိုင်ရာများမှ မယ်ဇလီ၊ ရှားပိတောက်၊ ရေသင်းဝင်၊ သစ်လှပျိုးပင် စုစုပေါင်း ၄၅၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ပန်းတနော်မြို့နယ်တွင်းလည်း သစ်ပင်စိုက်ပျိုးပွဲကို အဆိုပါနည်းတူ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်တွင် ဆုံဆည်းမြိုင်လုပ်ငန်းစုကုမ္ပဏီလီမိတက်မှ2026/2027ခုနှစ်မိုးစပါးရာသီတွင်  Rice. Export Zoneဆောင်ရွက်မည့်တောင်သူများအားစိုက်ပျိုးစရိတ်ပေးအပ်ပွဲ ကျင်းပ

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် Rice Export Zone အစီအစဉ်ဖြင့် ဆောင်ရွက်သည့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား စိုက်ပျိုးစရိတ်နှင့် သွင်းအားစု ပေးအပ်ပွဲအခမ်းအနားကို ၂၀၂၆ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ က မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင်  ဆုံဆည်းမြိုင်လုပ်ငန်းစု ကုမ္ပဏီလီမိတက်မှ တောင်သူများအားစိုက်ပျိုးစရိတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

         ပန်းတနော်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အဆင့် R.E.Z လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပန်းတနော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက မြို့နယ်အတွင်း Rice Export Zone လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Rice Exporter Zone ကုမ္မဏီများမှ တာဝန်ရှိသူများက မြို့နယ်အတွင်း တောင်သူများနှင့် ဆက်စပ်လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းစဉ်များကို အသီးသီးရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ခရိုင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ စိုက်ပျိုးစရိတ်နှင့် သွင်းအားစု ဓါတ်မြေဩဇာများကို တောင်သူများထံ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျောင်းအသိပညာပေး ဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် နတ်ပေးကျေးရွာ အ.ထ.က (နတ်ပေး) ကျောင်းတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပူပေါင်း၍ ကျောင်းသားကျောင်းသူ (၅၂၀)ဦးအား ၂၀၂၆ခုနှစ် ဇူလိုင်လ ၇ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် လူငယ်ရေးရာအသိပညာ ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    အသိပညာပေးဟောပြောရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင်က စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ရာ စားသုံသူကာကွယ်ရေး ဥပဒေများအကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိခဲ့ရင် အချက်အလက်များဖြင့် တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို ရှင်းလင်းခြင်း၊ စားသုံးသူများ၏ အခွင့်အရေးဆိုင်ရာများ၊ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ၊ အစားအသောက်များ ဝယ်ယူခြင်းမပြုမီ သတိပြုစစ်ဆေးရမည့်အချက်များ၊ ကုန်ပစ္စည်းထုတ်လုပ်သူများအနေဖြင့် ကုန်ပစ္စည်းထုတ်လုပ်ရာတွင် ပါဝင်ရမည့် ရည်ညွှန်းအမှတ်တံဆိပ်များနှင့် အချက်အလက်များ၊ စားသုံးသူများ၏ အငြင်းပွားမှုနှင့် အရေးယူပိုင်ခွင့်အခွင့်အရေးများ အစရှိသည်တို့ အကျယ်တဝင် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ Website တွင် ဝင်ရောက်ကြည်ရှုနိုင်မှုများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရပါသည်။ ဆက်လက်၍ ကျန်ဦးစီးဌာနများမှ လူငယ်အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျောင်းမုန့်ဈေးဆိုင်များ ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချမှုရှိမရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ရောင်းချနေသော ကျောင်းမုန့်ဈေးဆိုင်များတွင် ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချမှုရှိမရှိ ရှောင်တခင်ဝင်ရာက် စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ဇူလိုင်လ ၆ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

  ကျောင်းမုန့်ဈေးဆိုင်များမှ ဝယ်ယူစားသောက်နေသော ကျောင်းသား/ကျောင်းသူများအား အစားအသောက်များမှတဆင့် ဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် ရက်လွန်မုန့်များ ရောင်းချမှုရှိ/မရှိ၊ မုန့်ထုတ်များတွင် ပါဝင်ပစ္စည်းများကို မြန်မာစာဖြင့် ဖော်ပြထားခြင်းရှိမရှိ၊ အခြားအစားအသောက်များကို ယင်နားစာများမဖြစ်အောင် လုံခြုံစွာဖုန်းအုပ်ထားရန်နှင့် ဈေးရောင်းချသူများက နှာခေါင်းစည်းများ၊ လက်အိတ်များဖြင့် သန့်ရှင်းသပ်ရပ်စွာ ရောင်းချခြင်းရှိ မရှိတို့ကို တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ပြီး အသိပညာပေး ဆွေးနွေးမှာကြားခဲ့ကြောင်း သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာဥပဒေများ၊ စားသုံးသူရေးရာဦးစီးဌာန၏ စီမံခန့်ခွဲရေး နည်းလမ်းများအရ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို မုန့်ဈေးတန်းဆိုင်ရှင်များကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီကိုယ်စားလှယ် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် မအူပင်ခရိုင် ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံများ၊ ခရိုင်အတွင်းရှိ လက်ကား စားအုန်းဆီကိုယ်စားလှယ်များနှင့် အတူ စားအုန်းဆီဖြန့်ဖြူးရောင်းချမှု အားသတ်မှတ်ရည်ညွှန်းဈေးနှင့် အညီ အပြည့်အဝရောင်းချနိုင်ရေးကို ၂၀၂၆ခုနှစ် ဇူလိုင်လ (၉)ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် တွေ့ဆုံဆွေး နွေးပြောကြားခဲ့ကြောင်း သိရသည်။

       တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်လွင်မှ မြို့နယ်ဆီကိုယ်စားလှယ်များကို စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကိုယ်စားလှယ်များအနေဖြင့် စားအုန်းဆီဝယ်ယူ စားသုံးသည့်ပြည်သူများအား သတ်မှတ်စျေးနှုန်း၊ အလေးချိန်များ မှန်ကန်မှုရှိစေရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် တချို့သော ကိုယ်စားလှယ်များသည် သတ်မှတ်စည်းကမ်းချက်များအား လိုက်နာမှုပျက်ကွက်ခဲ့သဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ရကြောင်း ပြောကြားသည်။ ယင်းနောက် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးပေးနေမှုများနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး စားအုန်းဆီတင် သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများမှ စားအုန်းဆီတင်သွင်း ဖြန့်ဖြူးပေးနေမှုများကို ဆွေးနွေးခဲ့ပြီး စားအုန်းဆီများကို ပြည်သူ့လက်ဝယ်အရောက် မှန်ကန်စွာဖြန့်ဖြူးရောင်းချသွားရန် မရိုးဖြောင့်သောသဘောဖြင့် ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့ပြီး လုပ်ငန်းရှင်များမှ သိရှိလိုသည်များ မေးမြန်းမှုကို ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် ဆန်စက်များသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် gasifier ဆန်စက်များအား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းအသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များ၊ ၁၅တန်နှင့် အထက် ဆန်စက်များအား ၆-၇-၂၀၂၆ ရက်နေ့ နေ့လယ် (၁၁း၀၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊  စာသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးခိုင်လွမ်းမိုးနှင့် အဖွဲ့တိုမှ မြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး ရာ Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ လည်ပတ်မောင်းနှင်ရန်၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေး စစ်ဆေးခြင်း ဆန်စက်များမှ စပါးဝယ်ယူရရှိမှု စပါးဟောင်း/ စပါးသစ် သိုလှောင်ထားရှိမှု အခြေအနေများကို စစ်ဆေးခြင်း၊ ဆန်စက်မှ ဆန်အိတ်များ ကြိတ်ခွဲထုတ်လုပ် တင်ပို့မှုများကို စစ်ဆေးဆောင်ရွက်ခြင်းများကိုလေ့လာပြီး စက်တာဝန်ခံအား  လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ HOTEL CLASSICO ” ဟိုတယ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည်  ဇူလိုင်လ( ၈ )ရက်နေ့ နံနက်(၁၁း၀၀)နာရီ အချိန်တွင်  မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ   “ HOTEL CLASSICO ” ဟိုတယ်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ဟိုတယ်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မိုက စားသုံးသူ ကာကွယ်ရေးဥပဒေပါအခန်း(၁၀)အရ ဝန်ဆောင်မှုများ နှင့်စပ်လျဥ်း၍ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များ၊ ကုန်စည် (သို့မဟုတ်) စီးပွားရေး လုပ်ငန်းရှင်က အာမခံချက်ပေးရမည့် အချက်များအကြောင်း၊ ပြည်သူတိုင်းဟာ စားသုံးသူများ ဖြစ်ကြောင်း၊ စားသုံးသူတိုင်းမှာ စားသုံးသူ အခွင့်အရေးများရှိကြောင်း၊ စားသုံးသူတိုင်းမှာ ဥပဒေအရ အလိုအလျောက်ရတဲ့ စားသုံးသူအခွင့်အရေး (၈)ရပ်ရှိကြောင်း၊ စားသုံးသူကာကွယ် ရေးဥပဒေသည် စားသုံးသူနစ်နာဆုံးရှုံးမှုများကို ကုစားပေးသည့် အပြင် ဥပဒေပါတားမြစ်ချက်များကို ချိုးဖောက်ပါက ပြစ်မှုကြောင်းအရ အရေးယူဆောင်ရွက်သွားနိုင်ကြောင်း ၊ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပြီး အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(စစ်ကိုင်း)

မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ စက်ရုံများအား ကွင်းဆင်းလေ့လာခြင်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပပို့ကုန်ကဏ္ဍသည် အဓိကကျသော အခန်းကဏ္ဍမှပါဝင်လျက်ရှိပြီး ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရး၊ နိုင်ငံတကာစျေးကွက်သို့ အရည်အသွေးမီထုတ်ကုန်များ ပိုမိုတင်တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ပြည်ပပို့ကုန် ကဏ္ဍတွင်ကြုံတွေ့နေရသော အခက်အခဲများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ရန်အတွက် စီမံချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

            သို့ဖြစ်ပါ၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ ၈ ရက်နေ့တွင် မြိတ်မြို့၊ အင်းလေးမြိုင် စက်မှုဇုန်ရှိ ထူးထူးတိုးကုမ္ပဏီ၏ ငါးအမှုန့်ကြိတ်လုပ်ငန်း၊ ရေခဲစက်လုပ်ငန်း၊ အအေးခန်းလုပ်ငန်းများ နှင့် ခိုင်ဇင်ယော် ကုမ္ပဏီ၏ ငါးအမှုန့်ကြိတ်လုပ်ငန်း၊ ရေခဲစက်လုပ်ငန်းများ၊ အအေးခန်းဖြင့် ဂဏန်းပျော့ထုတ်လုပ်မှုလုပ်ငန်းများသို့ ကွင်းဆင်းပြီး လုပ်ငန်းများ၏ တစ်ရက်ကုန်ကြမ်းသုံးစွဲမှု၊ ကုန်ချောထုတ်လုပ်မှုနှင့် လုပ်ငန်းရှင်များ၏ ကြုံတွေ့နေရသော အခက်အခဲများအား စုံစမ်းလေ့လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဘားအံမြို့ရှိ အ.မ.က (ရွှေကင်း) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁၀-၇-၂၀၂၆ ရက်၊ သောကြာနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.မ.က (ရွှေကင်း)၊ အခြေခံပညာမူလတန်းကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ ကြောင်း သိရှိရသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်နိုင် က  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက် နှင့်ကုန်စည်များကို စနစ်တကျ ရွှေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်းအမှတ်အသား အကြောင်းကို ကျောင်းသား၊ ကျောင်းသူများကို ရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမ (၁၀) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၆၀)ဦး စုစုပေါင်း ဦးရေ(၇၀) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ