Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးအတွင်းရှိ စားသုံးဆီလက်လီ/လက်ကားဆိုင်များအား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့် ပူးပေါင်း၍ (၆.၇.၂၀၂၆) ရက်နေ့ နေ့လယ်(၁၂:၃၀) နာရီအချိန်တွင် အိမ်မဲမြို့နယ် မြို့မဈေးအတွင်းရှိ စားသုံးဆီလက်လီ/ လက်ကားဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် လက်လီ/ လက္ကား ရောင်းချနေသော စားအုန်းဆီဆိုင်မျာအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်း ရှိ/ မရှိ၊ ခွဲတမ်းရရှိသော စားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချကြရန်၊ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူး ရောင်းချကြရန်ရှင်းလင်းပြောကြားခဲ့ပြီး စားအုန်းဆီဆိုင်ပိုင်ရှင်များအား စားအုန်းဆီလက်လီ/လက္ကားရောင်းချမှု  အခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကိုမိမိတို့ဆိုင်များ အနေဖြင့် စားသုံးသူပြည်သူများအား သက်သာသော ဈေးနှုန်းများ ဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မအူပင်မြို့နယ် အ.လ.က-၄ ကျောင်းမုန့်ဈေးတွင် ‌ရောင်းချသောမုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသောမုန့်များ ဘေးအန္တရာယ်ကင်းရှင်းရေး ကို ၃.၇.၂၀၂၆ နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် ပူးပေါင်းကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

             ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ် အမှတ် ၃ ရပ်ကွက်ရှိ အ.ထ.က.၄ ‌ကျောင်းမုန့်ဈေး ၈ ဆိုင်မှ  ရောင်းချနေသောမုန့်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦး စစ်ဆေးရေးအရာရှိက စစ်ဆေးရာ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဖော်ပြချက်များ ပါဝင်မှု ရှိ/မရှိကို စစ်ဆေးခြင်း၊ FDA မှ ရောင်းချနေသော မုန့်များတွင် ခွင့်မပြုဆိုးဆေးပါဝင်မှု ရှိမရှိကိုစစ်ဆေးခြင်း၊ ကျန်းမာ‌ရေးဦးစီးဌာနက သက်တမ်းလွန်မုန့်များနှင့် ရောင်းချနေသောဆိုင်ရှင်များ ကျန်းမာရေးနှင့် အညီ နေထိုင်ရောင်းချရန်တို့ကို စစ်ဆေးအသိပညာပေးခဲ့ပြီး၊ စားသုံးရန်မသင့်သောမုန့်များကို မရောင်းချစေရန် ကျောင်းကျန်းမာရေးကော်မတီမုန့်ဈေးတန်း တာဝန်ရှိသူများကို စောင့်ကြည့်စစ်ဆေးရန်ကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေသန့်စက်ရုံ ကွင်းဆင်းစစ်ဆေးခြင်း

         သောက်ရေသန့်စက်ရုံများ စစ်ဆေးခြင်းသည် စားသုံးသူများ၏ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီရေးအတွက် မရှိမဖြစ်လိုအပ်သော လုပ်ငန်းဖြစ်၍ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးများသည် မိတ်ဖက်ဌာနများနှင့်အတူ ၃-၇-၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် မအူပင်မြို့ ရေဝတီသောက်ရေသန့်စက်ရုံမှ  ဈေးကွက်မရောက်မှီရေသန့်ထုတ်လုပ်မှုနှင့် ဈေးကွက်ဖြန့်ချီမည့် ရေသန့်များကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင် FDA ၊ အဖွဲ့ပါဝင်သော စစ်ဆေးရေးတာဝန်ဝန်ရှိသူများသည် ရေဝတီသောက်ရေသန့် စက်ရုံဝန်းကျင်နှင့် ထုတ်လုပ်မှုအခန်းများ ပိုးမွှားကင်းစင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ Reverse Osmosis (RO)UV (ခရမ်းလွန်ရောင်ခြည်) နှင့် Ozone စနစ်များ စနစ်တကျအလုပ်လုပ်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ထုတ်လုပ်မှုအပိုင်းတွင် ပါဝင်သူများ၏ ကျန်းမာရေးစစ်ဆေးချက်နှင့် ဝတ်ဆင်ပုံစံစစ်ဆေးခြင်း၊ ဘူးခွံနှင့် ဘူးကြီးများကို စနစ်တကျဆေးကြောစပရိုစစ်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ FDA ထောက်ခံချက် ဖြစ်သော တရားဝင်ထောက်ခံချက်ပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကုန်အမှတ် တံဆိပ် ဖော်ပြချက် နှင့် စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန၏ ကုန်စည်အမျိုးအစား၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်နှင့် လိပ်စာပါရှိမှုစစ်ဆေးခြင်း၊ ဈေးကွက်မှ နမူနာကောက်ယူ၍ ရေတွင်ပါဝင်သော ဓာတုဓာတ်များနှင့် ဗက်တီးရီးယား ပိုးမွှားပါဝင်မှုကို စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများက လိုအပ်သည်များ လမ်းညွှန်ဆွေးနွေးမှာကြားခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လူထုစကားဝိုင်းကျင်းပ

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဇူလိုင်လ (၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် အမှတ် (၁) ရပ်ကွက်၊ ကညင်ချောင်း၊ ဓမ္မဗိမ္မာန်ကျောင်းတိုက်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စလှယ်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး လူထုစကားဝိုင်းကျင်းပခဲ့ပါသည်။ ထိုစကားဝိုင်းတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စလှယ် ဦးကိုကိုဇင်က လွှတ်တော်နှင့်ပက်သက်သည့် ကိစ္စရပ်များ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမင်းဧရာထိုက်မှ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားခြင်း၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့မှလည်း မိမိဌာနလုပ်ငန်းဆောင်ရွက်ချက်များ ဆွေးနွေးခဲ့ကြပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်မင်းလတ်မှ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရက်(၁၀၀) စီမံချက်အတွင်း စားအုန်းဆီလက်လီဆိုင်များ ဖောင်းပွမှုမရှိစေရေး ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသော ပြည်သူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“စွမ်းထက်” အမှတ်တံဆိပ် သောက်ရေသန့်လုပ်ငန်းအား ထုတ်ကုန်များလုံးခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

            ၂၀၂ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးဦးမျိုးအောင် (ဦးစီအရာရှိ)ဦးဆောင်ကာ  စားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဌာနတို့နှင့် ပူးပေါင်း၍    တာချီလိတ်မြို့နယ်၊  ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ “စွမ်းထက်” အမှတ်တံဆိပ် သောက်ရေသန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဈေးကွက် မရောက်မှီစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် စွမ်းထက်” အမှတ်တံဆိပ်သောက်ရေသန့်သည် စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိ ရပါသည်။ ထိုနောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးခြင်းများဆောင်ရွက်ရန်၊ သောက်ရေသန့်ထုတ်လုပ်မှု လမ်းညွှန် ချက်များအား လိုက်နာဆောင်ရွက်ရန်နှင့်  စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များကိုလိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

မြို့မဈေးကြီးအတွင်းရှိ ကုန်စုံအရောင်းဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲတို့ ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးကြီးအတွင်းရှိ ကုန်စုံအရောင်းဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်များဆောင်ရွက်ရာတွင် FDA ၏ ထောက်ခံ ချက်များနှင့် မြန်မာစာကုန်အညွှန်းအမှတ်အသားများပါရှိပြီး တရားဝင်တင်သွင်းထားသော စားသောက်ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်၊ တရားမဝင်တင်သွင်းထားသော စားသောက် ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

သက်ဆိုင်ရာဌာနများသို့ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော အိမ်သုံးဆေးဝါးနှင့် သက်တမ်းလွန်ဆေးဝါးများအား ပူးပေါင်းအဖွဲဖြင့် ကွင်းဆင်းစစ်ဆေး

       ဟင်္သာတခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်  အင်္ဂပူမြို့ပေါ်ရပ်ကွက်ရှိ အိမ်သုံးဆေးရောင်းဝယ်ရေးဆိုင်များတွင် သက်ဆိုင်ရာဌာနများသို့ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော အိမ်သုံးဆေးဝါးနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/ မရှိကို  (၂.၇.၂၀၂၆) ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းခဲ့ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော ဆေးဝါးများ၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံ ယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ၊ Registration မရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ရောင်းချမှုမရှိကြောင်း တွေ့ရှိရပြီး၊ ဆေးမျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိခြင်း၊ ဆေးဝါးများပြတ်လပ်မှုမရှိခြင်း၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ ဝယ်ယူသုံစွဲသူများအနေဖြင့် လိုအပ်သောအိမ်သုံးဆေးဝါးများကို လိုအပ်သလို ဝယ်ယူရရှိလျက်ရှိကြောင်း တွေ့ရှိရပြီး  ဆေးမျိုးစုံ အရောင်းဆိုင်(၃)ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်းများပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

             ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂) ရက်၊ နံနက် (၁၀:00) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊  စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့ရုံးတို့မှ ဌာနကိုယ်စားလှယ်(၁)ဦးစီ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် လွိုင်လင်မြို့ပေါ်ရှိ ရွှေတောင်တန်း စားသောက်ဆိုင်၊ ရွှေသံဇဉ် စားသောက် ဆိုင်နှင့်ရှမ်းမေတ္တာ စားသောက်ဆိုင်တို့တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းတိုး(ဦးစီးအရာရှိ)သည် အစားအသောက်များ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ ကျန်းမာရေးနှင့် ညီညွှတ်စွာ ပြင်ဆင်ချက်ပြုခြင်း ရှိ/မရှိ၊ စားသုံးသူများအား လုံလောက်သော သတင်းအချက် အလက် များ ဖော်ပြထားခြင်း ရှိ/မရှိ၊ အစားအသောက်များကို ကိုင်တွယ်ချက်ပြုတ်သူများ၏ တစ်ကိုယ်ရည် သန့်ရှင်း မှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သုံးစွဲသည့်ရေများ သန့်ရှင်းမှု ရှိစေရန်၊ ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ကာကွယ်ထားရန်နှင့် ရေမြောင်းများအား အမှိုက်များဖြင့် ပိတ်ဆို့မှုမရှိအောင် ရေစီးရေလာကောင်းမွန်စွာပြုလုပ်ထားရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

အင်္ဂပူမြို့နယ် မြို့မစည်ပင်စျေးအတွင်းရှိ ကုန်စည်များအား ဓါတုဆေးဝါးသုံးစွဲမှု ရှိ/ မရှိနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း

         ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် (၂.၇.၂၀၂၆)နေ့ နံနက်(၀၇:၀၀) နာရီအချိန်တွင် ဟင်္သာတခရိုင်အစားအသောက်နှင့်​ ဆေးဝါးကွပ်ကဲ​​ရေးဦးစီးဌာနမှ ဦးဆောင်၍ အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်သာယာရေး၊ မြို့နယ်ရဲတပ်ဖွဲ့ စသည့်ဌာနဆိုင်ရာများပူးပေါင်း၍ အင်္ဂပူမြို့နယ် မြို့မစည်ပင်စျေးအတွင်းရှိ ပဲပြား၊ ပဲသွေးများတွင်ဖော်မလင်ပါဝင်မှု ရှိ/ မရှိ၊ ငရုပ်သီးမှုန့်များတွင် ဆိုးဆေးပါဝင်မှုရှိ/ မရှိနှင့် ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ရှိ/ မရှိနှင့် ကုန်အညွန်းအမှတ်အသားများပြည့်စုံခြင်းရှိ/ မရှိ၊ ရေသန့်စက်များ FDA ထောက်ခံချက်ရှိ/ မရှိနှင့် အဆင့်ဆင့်ထုတ်လုပ်မှုများ သန့်ရှင်းသပ်ရပ်မှု့ရှိ/ မရှိ၊ ​မြို့ပေါ်ရှိ ဆေးဆိုင်များနှင့်အလှကုန်ဆိုင်များ အားသက်တမ်းလွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ၊ အလှကုန်များတွင် သက်ဆိုင်ရာထောက်ခံချက်နှင့် ပြည်သူများသုံးစွဲရန် သင့်/ မသင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင် အင်္ဂပူမြို့နယ် မြို့မစည်ပင်စျေးအတွင်းရှိ ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ပဲသွေးများတွင်ဖော်မလင်ပါရှိသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အဖွဲ့ဖြင့်သိမ်းဆည်းကာ ရောင်းချသူအား ခံဝန်လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

အင်္ဂပူမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးသည့် ဆီကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

       (၂.၇.၂၀၂၆)နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စားသုံးသူ​​ရေး ရာဦးစီးဌာနရုံးတွင် မြို့နယ်တာဝန်ခံ ဒေါ်ယဉ်ယဉ်ထွန်းသည် အင်္ဂပူမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးသည့် လက်ကားကိုယ်စားလှယ်(၆)ဦးနှင့် တွေ့ဆုံ၍ စားအုန်းဆီများအား အလေးချိန် မှန်ကန်စွာထုတ်ပေးရန်၊ သတ်မှတ်ရည်ညွန်းစျေးအတိုင်း ဖြန့်ခွဲရောင်းချရန်၊ သတ်မှတ်အကြိမ်အရေအတွက်များ မှန်ကန်စွာထုတ်ပေးရန်၊ စာရင်းဇယားများသေချာပြုစုထားရှိရန်နှင့် အိမ်ထောင်စုအလိုက်ခွဲဝေမှုများအား ပြည့်မီစွာဖြန့်ဝေရန် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       အင်္ဂပူမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးလျက်ရှိရာ စားသုံးသူပြည်သူများအား သတ်မှတ်ဈေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ စားအုန်းဆီဝယ်ယူရရှိနိုင်ရေး၊ တရားမဝင်ရောင်းချမှုများ လျော့နည်းပပျောက်စေရေးရည်ရွယ်၍ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့် ပတ်သတ်၍ ကျေးရွာ/ ရပ်ကွက်အလိုက်  ဝယ်ယူရမည့်လက်လီအရောင်းဆိုင်၊ အိမ်ထောင်စုများအတွက် စားအုန်းဆီဝယ်ယူ ခွင့်စာအုပ်များပြုလုပ်၍ ခွဲတမ်းအလိုက်ရောင်းချရန် လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်စေလိုကြောင်း၊ ရပ်ကွက်ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် ဆီစာအုပ်များ ဖြန့်ဖြူးနိုင်ရေး၊ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်ဖြင့်ရောင်းချခြင်းအား ရာနှုန်းပြည့်ဆောင်ရွက်စေရေး မှာကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ