Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဇွန်လအတွင်း  ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဓါတ်‌မြေဩဇာများအား အရည်အသွေးနှင့်အလေးချိန်မှန်ကန်စေရေး၊ သတ်မှတ်ရောင်းဈေးနှုန်းထက် ပိုမိုရောင်းချခြင်းရှိ/ မရှိနှင့် သိုလှောင်ခြင်း၊ဈေးကစားခြင်းများရှိ/ မရှိအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အလိုက် စစ်ဆေးရေးအရာရှိများသည် ဟင်္သာတခရိုင်အတွင်း(၃)မြို့နယ်နှင့် မြန်အောင်ခရိုင်အတွင်း(၃)မြို့နယ်ရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

        ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့နယ်အလိုက်ရောင်းချလျက်ရှိသော  ဓါတ်‌မြေဩဇာ အရောင်းဆိုင်များတွင် G-46 (လုံးကြီး) တစ်အိတ်လျှင် ၁၄၅၀၀၀/- ကျပ်နှင့် 15:15:15: (ကွန်ပေါင်း) တစ်အိတ် လျှင် ၁၂၀၀၀၀/- ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ ဓါတ်မြေဩဇာများ၏ အရည်အသွေးနှင့် အလေးချိန်များ ပြည့်ဝမှုရှိကြောင်း တွေ့ရှိရပါသည်။ သိုလှောင်ထားမှုမရှိဘဲဈေးကွက်အတွင်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကုန်မျိုးစုံဆိုင်နှင့်ဆေးဆိုင်များတွင် ကန့်သတ်ကုန်ပစ္စည်းများနှင့် Date လွန် ကုန်ပစ္စည်းများ​ရောင်းချမှု ရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

       (၂.၇.၂၀၂၆)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့ အမှတ်(၁) ရပ်ကွက်ရှိ စည်ပင်သာယာစျေးနှင့် တာကြီးတန်းလမ်းရှိ ကုန်စုံဆိုင်နှင့်ဆေးဆိုင်များတွင် ပုံမှန်ရောင်းချမှုအခြေအနေများ၊ ဆေးဝါးနှင့်အခြားဆက်စပ်ပစ္စည်းများ ပုံမှန်ထက်ဝယ်ယူသုံးစွဲခြင်းများနှင့် မုန့်၊ ဆေးဝါးများ၊ ကန့်သတ်ကုန်ပစ္စည်းတို့ကိုရောင်းချခြင်းနှင့် date လွန်ကုန်ပစ္စည်းများ​ရောင်းချခြင်း ရှိ/ မရှိတို့အား စစ်ဆေးခြင်းနှင့် ထူးခြားမှုတစ်စုံတစ်ရာရှိပါက သတင်းပေးပို့တင်ပြရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုဦးဆောင်၍ ကြံခင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်း၊ ဘက်ရဲမြို့နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊  အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ဘက်ရဲမြို့နယ်စည်ပင်တာဝန်ခံနှင့် ပလကဖ တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများကို‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များအားဝယ်ယူ စားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန် ရည်ရွယ်၍ ပူးပေါင်းအဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးခဲ့ရာ မုန့်၊ ဆေးဝါးများနှင့် အခြားဆက်စပ်ပစ္စည်းများတွင် ကန့်သတ်ထုတ်ကုန်များနှင့် Date လွန် ကုန်စည်များ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၂၃၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ,၂၃၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန ၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင်၍ အငယ်တန်းစာရေး ဒေါ်မြတ်နိုးလွင်တို့သည် ၉-၇-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင် (၁) ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပုဒ်မ၂၁အရ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များဖြစ်သော စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူကဝယ်ယူ အသုံးမပြုမီ  သိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဥ် ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဥ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြား နည်းလမ်းများဖြင့်ဖြစ်စေ စားသုံးသူအပေါ် ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန်ပြောဆို ခြင်း၊ ရေးသားခြင်းနှင့်ပြုမူခြင်းတို့ကိုရှောင်ကြဥ်ခြင်း စသည့်အချက်များအကြောင်း၊ဥပဒေအခန်း (၁၈) ပုဒ်မ (၄၁) ပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချ ရန်အကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အာမခံပေး ထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ ဥပဒေပါတားမြစ်ချက် များနှင့် ပြစ်မှု၊ ပြစ်ဒဏ်အကြောင်းတို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင်သည့် ခရိုင်စားသုံးသူ‌ရေးရာဦးစီးဌာနမှဝန်ထမ်းတို့သည် ၇-၇-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ နောင်စွန်းရပ်ကွက် ရှိ လက်လီရောင်းချလျက်ရှိသော ဒဂုံသျှင် (ရေစိမ်ခေါက်ဆွဲလုပ်ငန်း) သို့ သို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ဒဂုံသျှင်”အမှတ်တံဆိပ်ပါ ရေစိမ်ခေါက်ဆွဲ(အသင့်စား ခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုး)တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထား သော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အချက် (၇) ချက်အနက် အစားအသောက်များ ကုန်စည်အုပ်စုရှိ အသင့်စားခေါက်ဆွဲ ခြောက်ထုပ်အမျိုးမျိုးတွင်   ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ ဖော်ပြထားကြောင်းနှင့် ထုတ်လုပ်သည့်နေရာ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ ပြည်စုံစွာပါရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချလျက်ရှိသော ဆားများ၌ အိုင်အိုဒင်းပါဝင်မှုရှိ/မရှိသတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေးကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊   မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဦး‌ဇေယျာအောင်သည် ကချင်ပြည်နယ် ဆားလုပ်ငန်းဌာနခွဲမှဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များပူးပေါင်း၍ ပြည်နယ်အတွင်း ဆားသုံးစွဲမှု ဖူလုံရေးနှင့် အရည်အသွေးပြည့်မီသော အိုင်အိုဒင်းပါဝင်မှုပြည့်မီသော ဆားများရောင်းချစေရန်အတွက်    ၇-၇-၂၀၂၆ ရက်နေ့တွင် ဝိုင်းမော်မြို့၊ ရပ်ကွက်(၁)နှင့် ရပ်ကွက်(၃)ရှိ ဆားအရောင်းဆိုင် (၃)ဆိုင်သို့ သွားရောက်ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ဆားလက်လီအရောင်းဆိုင်များတွင် ရောင်းချ နေသော ဆားချောများ၌ အိုင်အိုဒင်းပါဝင်မှု ရှိ/မရှိကို Field Test Kit ဖြင့် ပဏာမစစ်‌ဆေးခဲ့ရာ အိုင်အိုဒင်းပါဝင်မှု သတ်မှတ်စံချိန်စံညွှန်း ပြည့်မီကြောင်း စစ်ဆေးတွေ့ရှိရပြီး  ဆားလက်လီရောင်းချ သည့် လုပ်ငန်းရှင်များအား  စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ရောင်းချသည့် ကုန်စည်အပေါ်တွင် တာဝန်ရှိမှုအခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်အလက်များအကြောင်း၊ တားမြစ် ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်းနှင့် တရားဝင် မှတ်ပုံတင် ဖြန့်ဖြူးတင်သွင်းလာသည့် ကုန်စည်များကိုသာ ရောင်းချရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင် စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးရှိ ဦးမြင့်နိုင်(ဦးစီးအရာရှိ)နှင့် အဖွဲ့သည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ (၇.၇.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁)၊ (၂)၊ (၁၆) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများ ကုန်စည် များနှင့်ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး တို့အတွက် ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

   ပူးပေါင်းအဖွဲ့သည် ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များ နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည် အမျိုးအစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည်စုံမှန်ကန် မှုရှိ/မရှိ၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစား အစာများ၊ အသုံးအဆောင်များနှင့်ကစားစရာများအား ရောင်းချမှုရှိ/မရှိနှင့် သက်ဆိုင်ရာဌာနမှ စားသုံးရန်နှင့်သုံးစွဲရန်မသင့် ထုတ်ပြန်ထားသော ကုန်စည်များရောင်းချမှုမရှိစေရေး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး အရောင်းဆိုင်တာဝန်ရှိသူများအား သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာ ဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာရောင်းချ စေရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား/ကျောင်းသူ များအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်း စေရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများကို ပူးပေါင်းအဖွဲ့များဖြင့် စဉ်ဆက်မပြတ်ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများဆောင်ရွက်သွားမည် ဖြစ်၍ ဈေးရောင်းချသူများသည် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာရောင်းချကြရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ) နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (--၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ခွဲရုံ(၅)၊ ရွာလယ်လမ်း ၊ ရေဆင်းကျေးရွာ၊  ဇေယျာသီရိမြို့ရှိ အေတီ - စားသောက်ကုန်လုပ်ငန်း သို့ သွားရောက်စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(ပြည်ထောင်စုနယ်မြေ)

ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းဖော်ပြလာခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ဈေးကွက်များပိုမိုရရှိစေရန်ရည်ရွယ်၍ လုပ်ငန်းရှင်တွေ့ဆုံခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရပါသည်။

       ပခုက္ကူခရိုင်အနေဖြင့် ဇွန်လအတွင်း စားသုံးသူရေးရာဌာနခွဲ တာဝန်ခံနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ မြေပဲဆုံဆီထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် နေကြာစေ့လုပ်ငန်းရှင်များအား တွေ့ဆုံမှု(၄)ကြိမ် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ဆိပ်ဖြူမြို့နယ်တာဝန်ခံအနေဖြင့် ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ကိတ်မုန့်လုပ်ငန်းရှင်နှင့် စိုက်ပျိုးရေးဆေး၊ မျိုးစေ့နှင့် ဓာတ်မြေဩဇာရောင်းဝယ်ရေး လုပ်ငန်းရှင်များထံသို့ တွေ့ဆုံမှု(၂) ကြိမ် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

     ဂန့်ဂေါခရိုင်၊ မြို့နယ်တာဝန်ခံအနေဖြင့် ကျောတိုက်ရပ်ကွက်ရှိ ကုလားပဲခွေကြော်လုပ်ငန်းရှင် (၁)ကြိမ်တွေ့ဆုံခဲ့ပြီး ပခုက္ကူခရိုင်(၆)ကြိမ်နှင့် ဂန့်ဂေါခရိုင်(၁)ကြိမ် စုစုပေါင်းလုပ်ငန်းရှင် တွေ့ဆုံမှု (၇)ကြိမ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

MyRo  တွင် မှတ်ပုံတင်ထားရှိသည့် လုပ်ငန်းရှင်များအား ဆန်စပါးသိုရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ ဖြည့်သွင်းနိုင်ရေး အသိပေးဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လိုင်း( Myanmar Rice Online – MyRo) တွင်  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့မှ့ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ (သို့) စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်းလုပ်ငန်းဆောင် ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးတွင်  ခရိုင်/ မြို့နယ်များမှ မှတ်ပုံတင်ထားရှိသည့် အလုံးရေ (၁၈၉) လုံး မှတ်ပုံတင်ထားရှိကြောင်း သိရသည်။

          စားသုံးသူရေးရာဦးစီးဌာန ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ  ဝန်ထမ်း များနှင့် မုံရွာခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည်(၈.၇.၂၀၂၆)ရက်နေ့တွင် တိုင်းဒေသကြီး ဆန်ကုန် သည်များအသင်းနှင့် ပူးပေါင်း၍ သော်လည်းကောင်း၊ လုပ်ငန်းရှင်များအား  ဖုန်းဖြင့် ချိတ်ဆက်၍ သော်လည်းကောင်း၊ လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် ဖြည့်သွင်းရန် ကျန်ရှိသည့်  လုပ်ငန်းရှင်များ ၊    (Myanmar Rice Online Myro)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့် မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ (၁၀)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို မပျက်မကွက် မှန်ကန်စွာထည့် သွင်းပေးနိုင်ရေး၊ ရေးသွင်းသည့်အချက်အလက်များနှင့် မြေပြင်လက်ကျန် အခြေအနေများ ကိုက်ညီမှု ရှိ/မရှိတို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ