Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရမည်းသင်းမြို့နယ်ရှိ MSME လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေး

             မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ရမည်းသင်းမြို့နယ်တာဝန်ခံ ဦးစန်းအောင် (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန် ရမည်းသင်းမြို့နယ်ရှိ စက်မှုလုပ်ငန်းသုံးစားအုန်းဆီ ထုတ်ယူ အသုံးပြုလျက်ရှိသော လုပ်ငန်းရှင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးစန်းအောင်မှ စက်မှုလုပ်ငန်းသုံးစားအုန်း ဆီ ထုတ်ယူသုံးစွဲသူ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းအတွက် အမှန်တကယ်ဆီလိုအပ်ချက် ပမာဏကိုသာ တင်ပြလျှောက်ထားရန်၊ ခွဲဝေရရှိသောဆီများကိုလည်း မိမိတို့၏ လုပ်ငန်းအတွက်သာ သုံးစွဲရမည်ဖြစ်ကြောင်း၊ ပြင်ပသို့တစ်ဆင့်ပြန်ရောင်းချ၍ မရကြောင်း၊ ရောင်းချနေကြောင်း စစ်ဆေး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ကွင်းဆင်း စစ်ဆေးအသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အောင်သပြေဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစိစစ်

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၇.၅.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့ အောင်သပြေဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ အောင်သပြေဈေးအတွင်းရှိ ရောင်းချနေသော စားသုံးဆီဗူးများအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိမရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ ပြည့်စုံမှုရှိမရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မိတ္ထီလာမြို့နယ်ရှိ အထူးထိမ်းချုပ်ဆေးဝါးများလက်လီ‌ရောင်းချခွင့်လိုင်စင် လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအား ကွင်းဆင်းစစ်ဆေး

                စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှု ဖြင့် မိတ္ထီလာမြို့ ၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ် ၊ ဧပြီလ ၂၆ ရက်နေ့ (၁၀၀၀) အချိန်တွင် မိတ္ထီလာမြို့ပေါ်တွင်  ဆေးရုံများနှင့်တွဲလျက်ဖွင့်လှစ်ထားရှိသော ဆေးဆိုင်သို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး ရာတွင်အဖွဲ့ဝင်အဖြစ် လိုက်ပါဆောင်ရွက်ခဲ့ပါသည်။

              စစ်ဆေးခဲ့သောဆေးဆိုင် နှစ်ဆိုင်မှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ အထူး ထိန်းချုပ်ဆေးဝါးများ လက်လီရောင်းချခွင့်လိုင်စင်(သက်တမ်းတိုး)လျှောက်ထားလာသည့် ဆေးဆိုင် များဖြစ်ကြောင်းသိရသည်။ စစ်ဆေးရာ၌ ဆေးဆိုင်အတွင်း အထူးထိန်းချုပ်ဆေးဝါးများရောင်းချမှု မှတ်တမ်းများ၊ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်များ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)

 

ကြည်စိုးကြက်သွန်ကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ချောစုထွေး (ဦးစီးမှူး)သည် (၁၅.၄.၂၀၂၆) ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ စက်မှုဇုန်ရှိ ကြည်စိုးကြက်သွန်ကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

          ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ ကုန်စည်များထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ လုပ်ငန်းရှင်၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ် အသားများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဌာန်းချက် များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊မူပိုင်ခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

တရားမဝင်ကုန်စည်နှင့် ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၇.၅.၂၀၂၆) ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ဗိုလ်ချုပ်လမ်း၊ ညောင်ပင်ဈေးရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် တရားမဝင်ကုန်စည်များ ရောင်းချမှု ရှိ/မရှိ၊ အိမ်သုံးဆေးဝါး အရောင်းဆိုင်များတွင်လည်း သက်ဆိုင်ရာထောက်ခံချက်ဖော်ပြထားမှု ရှိ/မရှိ  ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းရာတွင် ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင်  တရားမဝင်ကုန်စည်များရောင်းချမှုမရှိခြင်း၊ ရောင်းချလျက်ရှိသော  အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ သိသိသာသာ ပြောင်းလဲသွားခြင်းမရှိဘဲ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိခြင်း၊ ဈေးကစားရန်သိုလှောင်သိမ်းဆည်းမှုများမရှိကြောင်း စိစစ်တွေ့ရှိရပြီး၊ အသင့်စားသောက်ကုန်စည်များတွင်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထားသောကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း၊ အိမ်သုံးဆေးဝါးအရောင်းဆိုင်များတွင် တရားမဝင်ဆေးဝါးများရောင်းချမှုမရှိခြင်း၊ သက်ဆိုင်ရာထောက်ခံချက်ပါရှိသော ဆေးဝါးများကိုသာ ရောင်းချလျက်ရှိပြီး ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိကြာင်း စစ်ဆေးတွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

“ပြင်ဦးလွင်မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်”

             ပြင်ဦးလွင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာဧပြီလ(၂၄)ရက်နေ့တွင်ပြင်ဦးလွင်မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည် ။ ဟောပြော ဆွေးနွေးပွဲတွင် ပြင်ဦးလွင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးသက်လွင်ထူး (ဦးစီးအရာရှိ)က တက်ရောက်လာသည့် ဝိုင် နှင့် ယိုစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ် ချက်များ ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်များဖြစ်သည့် စားသုံးသူများ၏အခွင့်အရေး နှင့် တာဝန်များ ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆို နိုင်သည့်အခွင့်အရေးများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ် များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း၊မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် စီးပွားရေးလုပ်ငန်းများ လိုက်နာရမည့်တာဝန်များ ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအ တွက်နှင့်အသားတင်ပမာဏ၊ထားသိုသိမ်းဆည်းမှုအညွှန်း၊သုံးစွဲပုံနည်းလမ်းနှင့်ပုဒ်မ(ဆ)ရှိ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိပေးချက် တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့)  တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေပြည့်စုံစွာဖော်ပြရမည်ဖြစ်ကြောင်း ၊ အွန်လိုင်း‌ရောင်းဝယ်မှုနှင့်ပတ်သက်ပြီး သိသင့် သိထိုက်သည့်အချက်များစသည်တို့အားအသိပညာပေးဟောပြောကြားခဲ့ပြီးဆွေးနွေးပွဲသို့လုပ်ငန်းရှင် (၂၅)ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)

 

စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဘောမ်ဇုံး(ရုံးအုပ်)သည် ၁၄- -၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင် (၁) ဦး နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ 

            ထိုသို့ဆွေးနွေးရာတွင် ဦးဘောမ်ဇုံး (ရုံးအုပ်)က စားသုံးသူကာကွယ်ရေး ပဒေပါ အခန်း(၁) ပုဒ်မ၂အရ စီးပွားရေးလုပ်ငန်းရှင်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အကြောင်းအခန်း(၁၀) ပုဒ်မ၂၁ အရ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန် ရှိမှု၊ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံ ချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း ကျန်းမာ‌ရေး ဝန်ကြီးဌာနမှ အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အမိန့်ထုတ်ပြန်ထားသည့် အီလက် ထရောနစ် အငွေ့ရှူစက်ဖြစ်သည့် အီလက်ထရောနစ်စီးကရက်၊ ယင်းအီလက်ထရောနစ်စီးကရက် ကဲ့သို့ အလားတူပစ္စည်းများအကြောင်း၊ စားသုံးဆီနှင့်ပတ်သက်၍ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအကြောင်း၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင် ရွက်ရမည့် အချက်များအကြောင်း၊ အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများသုံးစွဲရာတွင် သတိပြုဆောင် ရွက်သင့်သည့် အချက်များအကြောင်း၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်

DOCA(ကချင်)

                                       

“ Online မှ ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်”

                    ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြုစ်သားမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဧပြီလ(၂၃)ရက်နေ့တွင် မြစ်သားမြို့၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု Community Center ခန်းမ၌ အွန်လိုင်းရောင်းဝယ်မှု ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ တွင် မြစ်သားမြို့၊ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သီတာအောင်က အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စားသုံးသူရေးရာဦးစီးဌာန၊မြစ်သားမြို့နယ်မြို့နယ် တာဝန်ခံ ဒေါ်မော်မော်အောင်က အွန်လိုင်းရောင်းဝယ်မှုအသိပညာပေးဆွေးနွေးရာတွင် စားသုံးသူပြည်သူများအနေဖြင့် မိမိဝယ်ယူ သုံးစွဲမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုသည့် တိကျမှန်ကန်သောသတင်းအချက်များဖော်ပြ ထားခြင်းရှိ/မရှိစစ်ဆေးရန်၊ Page  သို့မဟုတ် Website တွင်ဖော်ပြထားသည့် ဖုန်းနံပါတ်များနှင့် နေရပ်လိပ်စာများမှန်ကန်မှုရှိ/မရှိ ၊သတ်မှတ်ထားသောငွေပေးချေမှုစနစ်ရှိ/မရှိ နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်သောနည်းလမ်းများနှင့် Call Center သို့ တိုင်ကြားလာသည့် အမှုများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး   ဦးဇေယျာအောင် (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ ဦးရဲရင့်ဖြိုး (အကြီးတန်းစားရေး)တို့သည် ၁၄-၅-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်းရှိ ကိတ်နှင့်မုန့်မျိုးစုံ ထုတ်လုပ်ရောင်းချလျက်ရှိ သော တင်စိုးလေး (ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်း)သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်း ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက် စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တင်စိုးလေး အမှတ်တံဆိပ် နှမ်းကွတ်ကီးတွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကိတ် နှင့်မုန့်မျိုးစုံလုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး TALK SHOW ဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၇.၅.၂၀၂၆) ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များနှင့် စပ်လျဉ်း၍ Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါအစီအစဉ်တွင် အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် မရိုးဖြောင့်သော၊ တရားမဝင်သောအွန်လိုင်းဆိုင်များ၏ လိမ်လည်မှုမှ ရှောင်ရှားနိုင်ခြင်း၊ ကုန်စည်/ဝန် ဆောင်မှုနှင့်စပ်လျဉ်းသည့် အာမခံချက်ကိုရောင်းချသည့် လုပ်ငန်းရှင်ထံ ဆက်သွယ်တောင်းဆိုနိုင်ခြင်း၊ အွန်လိုင်းမှဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှု ကြုံတွေ့ပါက ရောင်းချသည့်လုပ်ငန်းကို ဖြေရှင်းပေးရန်ဆက်သွယ်နိုင်ခြင်း၊ သက်ဆိုင်ရာအစိုးရဌာနသို့ တိုင်ကြားရာတွင်လည်းရောင်းချသည့် လုပ်ငန်းနှင့်စပ်လျဉ်း၍ ခိုင်လုံစွာ တိုင်ကြားနိုင်ခြင်း၊  သက်ဆိုင်ရာဌာနအနေဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှုအား ဖြေရှင်းရာတွင် လွယ်ကူစေခြင်းတို့ကို ရှင်းလင်းခဲ့ပြီး၊ တိုင်ကြားမှုဖြေရှင်းသည့် နည်းလမ်းများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများကလိုအပ်သည့် စိစစ်ဆောင်ရွက်မှုများပြုလုပ်၍ စေ့စပ်ညှိနှိုင်းပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း စသည့်တို့ကို အကျယ်တဝင့်  ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ