Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်ထိုမြို့နယ်တွင် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

          မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ စားသုံးသူများ၏ အခွင့်အရေးကို ကာကွယ်စောင့် ရှောက်နိုင်ရေး၊ ဘေးကင်းလုံခြုံ၍ အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကို စားသုံးသူ များ ယုံကြည်စိတ်ချစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ကျိုက်ထိုမြို့နယ် စားသုံးသူရေးရာဦးစီး ဌာနက စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။

          ဌာနအနေဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စားသောက်ကုန်၊ လူသုံးကုန် နှင့် အခြားကုန်ပစ္စည်းများကို ပုံမှန်ကွင်းဆင်းစစ်ဆေးကာ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သည့်ရက်စွဲ၊ ထုတ်လုပ်သူနှင့် တင်သွင်း ဖြန့်ဖြူးသူအချက်အလက်များကို ဥပဒေနှင့်အညီ ဖော်ပြထားခြင်း ရှိ/မရှိတို့ကို စိစစ် ဆောင်ရွက်လျက်ရှိသည်။

          ထို့ပြင် စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့် သက်ဆိုင်ရာနည်းဥပဒေများကို လုပ်ငန်းရှင်များနှင့် စားသုံးသူများ သိရှိနားလည်စေရန် အသိပညာပေး ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပညာပေးလှုပ်ရှားမှုများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

          စားသုံးသူများအနေဖြင့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်၍ နစ်နာ ဆုံးရှုံးမှုများကြုံတွေ့ရပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြား လာမှုများကို ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းပေးလျက်ရှိကြောင်း သိရသည်။

          အလားတူ ဈေးကွက်အတွင်း တရားမျှတသော ကုန်သွယ်မှုဖြစ်စေရေး၊ စားသုံးသူများ ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရေးနှင့် လုံခြုံစိတ်ချရသော ကုန်ပစ္စည်းများသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA (မွန်)

သံဖြူဇရပ်မြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

          ၂.၇.၂၀၂၆ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် စားအုန်းဆီရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ အငယ်တန်းစာရေး ဦးမျိုးသီဟမှ အဆိုပါ ရပ်ကွက်များတွင် ရောင်းချနေသော စားအုန်းဆီလက်လီကိုယ်စားလှယ်အား မိမိတို့ရရှိသော ခွဲတမ်းများကို စားသုံးသူပြည်သူ လက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် ရောင်းချပေးစေလိုကြောင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိဘဲ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချပေးစေလိုကြောင်း ပြောကြားခဲ့ပြီး မသမာသော နည်းလမ်းများသုံး၍ ရောင်းချခြင်း/ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရောင်းချရမည့် ကျေးရွာ/ ရပ်ကွက်များကိုလည်း စဉ်ဆက်မပြတ် ရောင်းချပေးနိုင်ပါရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးနှင့် အမှတ် (၂) ဈေးများရှိ စားသောက်ကုန်အမျိုးမျိုး ရောင်းချသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

          ၃.၇.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် အစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးနှင့် အမှတ် (၂) ဈေးများရှိ စားသောက်ကုန်အမျိုးမျိုး ရောင်းချသော ဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်အမျိုးမျိုး တို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှု၊ ထုတ်လုပ်သည့် ရက်စွဲနှင့် ကုန်ဆုံးရက်စွဲများ မှန်ကန်စွာဖော်ပြထားမှု၊ သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချ ခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          DOCA (မွန်)

ပန်းတနော်မြို့နယ် ဆေးဆိုင်၊ ဆန်ဆိုင်၊ စက်သုံးဆီအ‌ရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံး ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် ၂၅.၆.၂၀၂၆ ရက်နေ့တွင် နံနက်(၀၉း၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ရေနံနှင့်ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြစ် မြို့နယ်အတွင်းရှိ ဆီဆိုင် (၈) ဆိုင်၊ ဆေးဆိုင်(၆)ဆိုင်၊ ဆန်ဆိုင်(၁၀)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        စစ်ဆေးဆောင်ရွက်ရာတွင် ဆန်ဆိုင်များအား မြန်မာနိုင်ငံဆန်စပါးအသင်း ရန်ကုန်မှ ထုတ်ပြန်သော ဆန်စပါးကုန်စည်ဒိုင် ဈေးနှုန်းပေါ်အခြေခံ၍ အမြတ် ၂ရာခိုင်နှုန်းဖြင့် ဆန်များကို ဈေးနှုန်းဖော်ပြရောင်းချရန်ကိုလည်းကောင်း၊ ဆန်များရောင်းချရာတွင် ဆန်အိတ်လက်ကျန်၊ ရောင်းချမှုအခြေအနေများကို စာရင်းပြုစုထားပြီး ဆန်ဆိုင် ရ၊ ထုတ်ကျန်စာရင်းများကို MyRo သတ်မှတ်ရက်အတွင်း ဖြည့်သွင်းဆောင်ရွက်ရန်ကိုလည်းကောင်း၊ စက်သုံးဆီဆိုင်များအားစစ်ဆေးရာ ဆီဈေးနှုန်းတည်ငြိမ်ရေးစစ်ဆေးခြင်း၊ ဆီများ ရောနှော‌ရောင်းချမှုမရှိစေရန်၊ စက်သုံးဆီပြတ်လပ်မှု ရှိ/မရှိ၊ စက်သုံးဆီကို သိုလှောင်၍ ဈေးနှုန်း အတက်ကိုစောင့်၍ ရောင်းချခြင်းမပြုရန်ကိုလည်းကောင်း စစ်ဆေးခြင်း၊ ဆေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာ ဆေးဝါးများနှင့် ဆေးအပိုပစ္စည်းများတွင် အရည်အသွေးမပြည့်မီ သည့်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် ခွင့်ပြုလိုင်စင်မရှိသည့် ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများမရှိစေရေး၊ သက်ဆိုင်ရာဌာနထောက်ခံချက် ပါဝင်သောဆေးဝါးများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီသော ဆေးဝါးများသာရောင်းချစေရေး၊ သတ်မှတ်ချက်နှင့် ကိုက်ညီသောဆေးဝါးများရောင်းချရာတွင် လက်ကားဈေးအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုသော အမြတ်တင်ရောင်းချမှုများမဖြစ်ပေါ်စေရေး၊ ဆေးဝါးလက်ကျန်အခြေအနေနှင့် ဆေးဝါးများပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးကာကွယ်ရေးအသိပညာ‌ပေး Talk Show ပြုလုပ်

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးကာကွယ်ရေးအသိပညာ‌ပေးTalk Showကို (၂၅.၆.၂၀၂၆) နေ့ မွန်းလွဲ ၂နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

        ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စားသုံးကာကွယ်ရေးအသိပညာ‌ပေး Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သက်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေးအတွက် ပြဌာန်းထားသည့် ဥပဒေများ၊ ညွှန်ကြားချက်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ စားသုံးသူအခွင့်အရေး(၈)ချက်အကြောင်းကိုလည်းကောင်း၊ စားသုံးသူပြည်သူများ သတိပြုလိုက်နာရမည့်အချက်များ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းထားရှိမှု၊ စားသုံးသူတို့၏ တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်းဒေသကြီးပြည်နယ်များ၊ ခရိုင်ဦးစီးမှူးရုံးများရှိ စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ‌ဆောင်ရွက်ရေးစင်တာ (CICC) ရုံးများ၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်ရောက်တိုင်ကြား နိုင်ပါကြောင်းနှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင် မုန့်ဈေးတန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုဝန်ထမ်းတို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမားရေး၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့၊ နံနက် (၀:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အ.ထ.က အောက်ပိုင်းကျောင်းတွင် မုန့်ဈေးတန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်တာဝန်ခံဦးတင်ကိုသည် ကျောင်းတွင်းနှင့် ကျောင်းပြင်ပတွင် ရောင်းချနေသော ဈေးဆိုင်များတွင် ကုန်ပစ္စည်းများ ကုန်ညွှန်းအမှတ်အသား ပြည့်စုံခြင်းရှိမရှိ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ မြန်မာဘာသာစကားဖြင့် ဖော်ပြထားသော ကုန်ပစ္စည်းများကိုဝယ်ယူကြရန်နှင့် ကုန်ညွှန်းအမှတ်အသား ပြည့်စုံခြင်းမရှိသော ကုန်ပစ္စည်းများကို အသုံးမပြုကြရန်၊ ရွေးချယ်ဝယ်ယူသုံးစွဲသည့် အခါတွင်လည်း အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားများပြည့်စုံသော ကုန်ပစ္စည်းများကိုသာ အရွေးချယ်ဝယ်ယူသင့်ကြောင်းနှင့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းမရှိသော မုန့်များသာမက အခြားစားသောက်ကုန်များတွင်လည်း ကုန်ညွှန်းအမှတ်အသား ပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲသင့်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၃-၇-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရှမ်းစုတောင်ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင် (၁)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင် များလိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။

          ထိုသို့ ဆွေးနွေးရာတွင် ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁) ပုဒ်မ (၂)၊ပုဒ်မခွဲ(ဂ)အရ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ  ကုန်စည်ကို ထုတ်လုပ်ခြင်း၊  ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊  သယ်ယူပို့ဆောင်ခြင်း၊  ရောင်းချခြင်း၊  ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း   ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ ဥပဒေ အခန်း(၁၀)ပုဒ်မ၂၁အရ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ် ချက်များနှင့်စပ်လျဥ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှု မရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊  ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဥ်း ၍ ကတိပြုထားသော အာမခံချက်နှင့်  ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူ  ဆောင်ရွက်ပေးခြင်း စသည့်အချက်များအကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းအကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်းတို့အား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) ဦးဆောင်သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းတို့သည် ၃-၇-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးဆိုင် များတွင် ရောင်းချလျက်ရှိသော ဦးကျော်စွာဝင်း (ကျောင်းမုန့်ဈေးဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ “ဟော့ဟော့” အမှတ်တံဆိပ်ပါ ဂဏန်းမာလာအစပ်အရသာ အကြော်စုံတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ ကိုက်ညီပြည့်စုံစွာဖော်ပြပါရှိကြောင်းနှင့် ထုတ်လုပ်သည့် ရက်စွဲ၊သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ကျောင်းမုန့်ဈေးဆိုင် လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်း မပြုလုပ်ရန်နှင့် ဆင်တူရိုးမား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုလုပ်ကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ကျောင်းကုန်းမြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များဖြင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၆၆-ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့ နံနက် (10:30) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ်တာဝန်ခံရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

         အဆိုပါဆွေးနွေးမှုတွင် ကျောင်းကုန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ သက်သာစေရေးအတွက် သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊ ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် ဆန်ဈေးနှုန်းများကို မြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ Myro မှတ်ပုံတင်ရန်ကျန်ရှိသည့် ဆန်စက်များအား မှတ်ပုံတင်ရန်၊  Myro မှတ်ပုံတင်ရန် လိုအပ်ချက်များကို ပြောကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်အတွင်း ကုန်စုံဆိုင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

              ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကုန်စုံဆိုင်များအား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဦးတင်ကိုသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များအကြောင်း၊ စံချိန်စံညွှန်း အရည်အသွေးမှီ ကုန်ပစ္စည်းများ ထုတ်လုပ်နိူင်ရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူ စားသုံးရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ခရိုင်/ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ