Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စလင်းမြို့မဈေးရပ်ရှိ ဦးတင်အောင်မိုး ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စလင်းမြို့နယ်တာဝန်ခံရုံးမှ ဒေါ်သဲသက်ပိုင်ဦး(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းသည် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ စားသုံးသူများဘေးကင်း လုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၂၃..၂၀၂၆) ရက်နေ့၊ နံနက် (၁:၀၀)နာရီအချိန်တွင် စလင်းမြို့၊ ဈေးမရပ်ရှိ ဦးတင်အောင်မိုး ကုန်စုံဆိုင်၌ ရောင်းချလျက်ရှိသည့် အမှတ်တံဆိပ်ပါ စားသုံးဆီ ဘူးများတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)နှင့် ကိုက်ညီမှုရှိ/မရှိ၊  သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များ၊ ထောက်ခံချက်များ ဖော်ထားခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးဆီအရောင်းဆိုင်များ၌ ရောင်းချလျက်ရှိ သည့် အမှတ်တံဆိပ်ပါစားသုံးဆီဘူးများတွင် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် သက်ဆိုင်ရာဌာန များမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်ပြည့်စုံကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များ အား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များ၊ တားမြစ်ချက် များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်နိုင်ရေး “လှိုင်” ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊  စလင်းမြို့နယ်တာဝန်ခံရုံးမှ ဒေါ်သဲသက်ပန်ဦး (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းသည် (၂၂..၂၀၂၆) ရက်နေ့၊ နံနက် ( ၁၀:၃၀) အချိန်တွင် စလင်းမြို့၊ ပေါင်းပင်ဇင်းရပ်ကွက်ရှိလှိုင်ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန စလင်းမြို့နယ်တာဝန်ခံရုံးမှ ဒေါ်သဲသက်ပန်ဦး (ဒု-ဦးစီးမှူး)သည်လှိုင်အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းရှင်အား စားသုံးသူ ကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ အခန်း(၁၈)တွင် ဖော်ပြထားသော ပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည် အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ အရေအတွက်၊ထားသိုသိမ်း ဆည်းမှုအညွန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ(သို့မဟုတ်) အခြားဘာသာတစ်ခု ဖြင့်ဖြစ်စေ ဖော်ပြရန်၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထားရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ရေနံချောင်းမြို့၊ အမှတ်(၁၁၃)အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

          စားသုံးသူ‌ရေးရာဦးစီးဌာန၊ မကွေးတိုင်း‌ဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၉.၆.၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၃:၀၀)အချိန် တွင် ရေနံချောင်းမြို့၊ အမှတ်(၁၁၃) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်း စရာများကို အသိပညာပေးဟောပြောပွဲ ကျင်းပရာ ဆရာ/ဆရာမ (၅)ဦး၊ ကျောင်းသား/ကျောင်းသူ (၇၅)ဦးခန့်တက်ရောက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ရေနံချောင်းမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ ပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး (၈)ချက် တို့ကို ရှင်းလင်းခြင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် အသင့်စား အစားအစာများကို ဝယ်ယူ အသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် အစားအစာများကို ရွေးချယ်ဝယ်ယူစားသုံးကြရန် နမူနာပစ္စည်းများဖြင့် ရှင်းလင်းခြင်း၊ သက်တမ်းကုန် ဆုံးရက်စွဲများအား သေချာသိရှိနားလည်စေရန် ပုံစံနမူနာပြသ၍ အပြန်အလှန်မေးမြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကျိုင်းတုံမြို့၊ ရပ်ကွက်(၄)တွင်းရှိ ကုန်စုံဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

                  ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက် (၄)တွင်းရှိ ကုန်စုံဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်များဆောင်ရွက်ရာတွင် FDA ၏ ထောက်ခံ ချက်များနှင့် မြန်မာစာကုန်အညွှန်းအမှတ်အသားများပါရှိပြီး တရားဝင်တင်သွင်းထားသော စားသောက် ကုန်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ တရားမဝင်တင်သွင်းထားသော စားသောက်ကုန်များကို ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း”နှင့် အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက် စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။ DOCA(ရှမ်း)

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး (ဦးသန်းတိုး) သည် (၂၂.၆.၂၀၂၆) ရက်နေ့၊ နံနက်(၁၁:00) နာရီအချိန်တွင် လင်းခေးမြို့ပေါ်ရှိ NKL ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ထည့်သွင်းဖော် ပြရမည့်  ကုန်အညွှန်းအမှတ်အသားများဖြစ်သည့် ကုန်စည်၏တံဆိပ်အမှတ် အသား၊  အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်  အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်း ၊  ကုန်စည် ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊  ထုတ်လုပ်မှု အမှတ်စဉ် နှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာ အစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ ကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီး ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရရှိ စေရေးနှင့်သတ်မှတ်အရည်အသွေးနှင့်ပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များအကြောင်းကိုအသိ ပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

အသိပညာပေး Talk Show ဆောင်ရွက်

 စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံသည် (၁၇.၆.၂၀၂၆)ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Online မှတဆင့်ဝယ်ယူခြင်း/ရောင်းဝယ်ခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများ အသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ Talk Show အား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးရှိ လူထု အခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်နှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က ဆွေးနွေးရာတွင် Online ဖြင့် ရောင်းဝယ်ခြင်းနှင့်စပ်လျဉ်း၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ Online ကို အသုံးချပြီး အရောင်းအဝယ်ပြု လုပ်ခြင်းကို ဆိုလိုတာဖြစ်ပါကြောင်း၊ ဆက်လက်၍ Online  ရောင်းချခြင်း၏ အားနည်းချက်များ၊ အားသာချက်များကိုလည်းကောင်း၊ Online မှ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာမှုများမဖြစ်ပေါ်စေရန် လုပ်ဆောင်သင့်သည့်အချက်များကို လည်းကောင်း၊ အကယ်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ တိုင်ကြားနိုင်သည့်နေရာများ၊ ဖုန်းနံပါတ်များကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။ DOCA(မန္တ‌လေး)

စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ မြို့မစည်ပင်သာယာ‌ ဈေးအတွင်းအပြင်ရှိ စားသုံးဆီအရောင်းဆိုင်များတွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး ဦးဆောင်၍ဝန်ထမ်းများသည် မြို့နယ် စည်ပင်သာသာရေးအဖွဲ့နှင့်အတူ (၁၆.၆.၂၀၂၆)ရက်နေ့၊ နေ့လယ် ၁၄:၀၀ နာရီအချိန်၌ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          စားသုံးဆီအမျိုးမျိုးမှာ နေ့စဉ်ချက်ပြုတ် စားသောက်မှုတွင် မပါမဖြစ်ထည့်သွင်းအသုံးပြုရ သည့်အတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသောဆီများနှင့် ပြန်လည်သန့်စင် ထားသည့်ဆီများ ဈေးကွက်အတွင်းရောင်းချပါက စားသုံးသူများကို ဘေးန္တရာယ်ဖြစ်ပွားစေခြင်း၊ ဘေးန္တရာယ်ဖြစ်စေနိုင်သည့်ဆီများကို ရေရှည်စားသုံးမိပါက စားသုံးသူများအနေ ဖြင့်ကျန်းမာရေး ဆိုင်ရာ ဆိုးကျိုးများဖြစ်ပွားစေနိုင်ပြီး ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် ပင်ရင်းပါဝင် ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြစေခြင်းကို လိုက်နာဆောင်ရွက်စေရေး၊ သတ်မှတ်စံချိန်စံညွှန်းများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် စားသုံး ဆီများနှင့် သက်ဆိုင်ရာဌာနထောက်ခံချက်ပါသော စာသုံးဆီများကိုသာ ဖြန့်ဖြူးရောင်းချမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တ‌လေး)

  စာသင်ကျောင်းမုန့်စျေးတန်းများအား ဌာနစုံဖြင့် ပူးပေါင်းစစ်ဆေးခြင်း

              မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ  ၁၇.၆.၂၀၂၆ ရက်နေ့နံနက် ပိုင်း တွင် အလကခွဲ(၁)၊အလကခွဲ(၂)၊ အမက(၃)၊ အမက(၅)နှင့် အမက(၆)ရှိ  ကျောင်းမုန့်စျေးတန်းများ သို့ သွားရောက်၍  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီး ဌာန၊ကျန်းမာရေး ဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မဟာအောင်မြေမြို့နယ် ပညာရေးမှူးရုံး တို့နှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်ယဉ်ယဉ်ရွှေ၊ ဦးစီးအရာရှိတို့ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဦးစားပေး ကုန်စည်အဖြစ် အသင့်စားမုန့်အမျိုးမျိုးအား စျေးကွက်စောင့် ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့များအနေဖြင့် ကျောင်းမုန့်စျေးတန်းတွင် ရောင်းချသူ များ အား  ကုန်ပစ္စည်းအမျိုးအစားအလိုက်  ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာထည့်သွင်းဖော်ပြသည့် စားသောက်ကုန် များအားရောင်းချရန်၊ ကျန်းမာရေးနှင့်ညီညွှတ် သည့်စားသောက်ကုန်များကိုသာရောင်းချရန်နှင့် အစားအသောက်များအား ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်သည့်အချက်များအညီ ရောင်းချရန်နှင့်မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ပြဌာန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)

                 မန္တလေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့ပူးပေါင်း၍ ဇွန်လအတွင်း Thursday Talk ဟောပြောဆွေးနွေးပွဲကျင်းပ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ပူးပေါင်း၍ ၁၈.၆.၂၀၂၆ ရက် နေ့လည်(၁၄:၀၀)နာရီအချိန် တွင် Thursday Talk ဟောပြောဆွေးနွေးပွဲအား  Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ အဆိုပါဟော ပြောဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေမှ အဖွင့်အမှာစကားပြောကြား ရာတွင် နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် လစဉ် မန္တလေးတိုင်းဒေသကြီးနှင့်စစ်ကိုင်း တိုင်း ဒေသကြီးတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးနှင့်ဆက်စပ်ဥပဒေများနှင့် ပြည်တွင်းကုန်သွယ်မှု ဆိုင်ရာကိစ္စများ တစ်လှည့်စီဆွေးနွေးရန် ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ ဌာနတူ ဝန်ထမ်း များမှ  စားသုံးသူကာကွယ်ရေး ဥပဒေများနှင့်ဆက်စပ်ဥပဒေများဆွေးနွေးခြင်းဖြင့် ဥပဒေပါ အချက် များ သိရှိစေရန်နှင့်တိုင်ကြားမှုများဖြေရှင်းရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါကြောင်း၊ မိမိတို့ဒေသအသီး သီးရှိ ပြည်တွင်းကုန်သွယ်မှုကိစ္စများ အပြန်အလှန်ဆွေးနွေး ခြင်းဖြင့် လိုအပ်ချက် များ၊ အားသာချက်များသိရှိဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းကျင်းပခြင်းဖြစ် ပါကြောင်း၊ ညွှန်ကြားရေးမှူးချုပ်မှလည်း တိုင်းဒေသကြီးနှစ်ခုပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ် ပြုပါ ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး၊ ဒေါ်ဇင်မာဦးမှ “စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၊ ဦးစီးအရာရှိ ဦးဇော်မင်းလတ် မှ “ကျောက်ဆည်စိန်တစ်လုံးသရက်သီးအကြောင်း တစေ့တစောင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း Power Poing များဖြင့် အသီးသီးဟောပြော ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပြောကြားချက်များနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးဒုတိယတိုင်းဒေသကြီးဦးစီးမှူး  ဦးရဲလင်းထက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးထက်ဝင်းအောင်တို့မှ အသီးသီးဆွေးနွေးခဲ့ကြပါသည်။  မန္တလေးတိုင်းဒေသကြီးဦးစီးမှူးဦးဇေယျာဆွေမှ နိဂုံးချုပ်စကား ပြောကြားရာတွင်  Power Point များအား အထောက်အကူတစ်ခုအနေဖြင့်သာ အသုံးပြုရန်နှင့် ဟောပြောသူများမှ Power Point  နောက်သို့ရောက်မသွားစေဘဲ နားထောင်သူများစိတ်ဝင်စားသည့် အချက်အလက်များကို ယုံကြည်မှုဖြင့် ပြောဆိုဆွေးနွေးနိုင်ရန် လိုအပ်ပါကြောင်း၊စိန်တစ်လုံးသရက် သီး နှင့်ပတ်သက်၍ ပြည်ပတင်ပို့မှုတွင်  ကြုံတွေ့နိုင်သည့်အခက်အခဲများအပြင် ပြည်တွင်းထွက်ရှိမှု နှင့် တရုတ်နိုင်ငံ၊ယူနန်ဒေသတွင် ထွက်ရှိမှုများနှိုင်းယှဉ်ကာ ဗဟုသုတရစေရန်ပြော ကြားခြင်း၊ ပြည်တွင်းမှတင်ပို့သည့်ဆန်ကွဲအား တရုတ်နိုင်ငံတွင် ဆန်နှင့်ပြုလုပ်သည့်အစားအစာများ အပြင် ဆန်ကွဲမှ ဆန်ပြုလုပ်ရောင်းချနေမှု ဗဟုသုတများ၊ ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်သည့် သစ်သီးများ အား စျေးကွက်ရှာဖွေရုံသာမက တင်သွင်းသည့်နိုင်ငံအလိုက်  အရွယ်အစား သတ်မှတ်ချက်များ၊ ထားသိုသယ်ယူသည့်စနစ်များနှင့် ကြိုက်နှစ်သက်သည့်အရသာများမတူညီသည့်အတွက်  ကြိုတင် သိရှိမှသာ  တင်ပို့နိုင်မှာဖြစ်ကြောင်းစသည်ဖြင့် ပြောကြားခဲ့ပြီး၊ နောင်ဟောပြောပွဲများတွင် ယခု ထက်ပိုမိုကောင်း မွန်သည်များဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ Thursday Talk ဟောပြောဆွေးနွေးပွဲတွင်  မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အရာထမ်းနှင့် အမှုထမ်းများ မှ  in Person ဖြင့် တက်ရောက်ခဲ့ပြီး၊ ကျောက်ဆည်ခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ မိတ္ထီလာ ခရိုင်၊ရမည်းသင်းခရိုင်၊မြင်းခြံခရိုင်နှင့်ညောင်ဦး ခရိုင်တို့နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှှ အရာထမ်းနှင့်အမှုထမ်းများ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA(မန္တ‌လေး)

ဟုမ္မလင်းမြို့ပေါ်ရှိ ပန်းရိုးမစားသောက်ဆိုင်အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်း

       (၂၄..၂၀၂၆) ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင် ဦးစီးမှူးရုံးနယ်မြေအတွင်းရှိ ဟုမ္မလင်းမြို့နယ်တွင် မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်းမှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဟုမ္မလင်းမြို့ပေါ်ရှိ စားသောက်ဆိုင်များသို့ သွားရောက်၍ ဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချသည့် လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသော စားသောက်ဆိုင်များတွင် အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိစေရန်၊ အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများ၊ မိမိတို့ဆိုင်ဝန်ထမ်းများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုများရှိစေရန်၊ စားသောက်ဆိုင်အနေဖြင့် ဆိုင်တွင်ထားရှိသည့် Menu များတွင် ဖော်ပြထားသည့် ဈေးနှုန်းနှင့် ရောင်းချသည့် ဈေးနှုန်းများ ကိုက်ညီစွာ ဖော်ပြထားရှိရမည်ဖြစ်ပြီး ကုန်ကြမ်းပစ္စည်းများ စနစ်တကျ သိမ်းဆည်းထားသိုခြင်း၊ ချက်ပြုတ်ရာတွင် အသုံးပြုသည့် ဒယ်အိုး၊ ဒန်အိုးများကိုလည်း သန့်ရှင်းသပ်ရပ်စွာ ဆေးကြောသိမ်းဆည်းထားခြင်း၊ ပန်းကန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ဆေးကြော၍ သန့်ရှင်းသပ်ရပ်စွာ ထားရှိရမည်ဖြစ်ပြီး အစားအသောက် ဝန်ဆောင်မှုကဏ္ဍအနေဖြင့် လုပ်ငန်းရှင်များ သိသင့်၊ လိုက်နာသင့်သည့် အချက်များအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ