Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ နံနက် (၁၁:၄၅) နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည်၊ မြို့နယ်စည်ပင်နှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် အိမ်သုံးဆေးဝါးများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်ခြင်းရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး ဆေးနှင့်ဆေးပစ္စည်းများကို သိုလှောင်ခြင်းများပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ နံနက်(၁၁:၂၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် မြို့မဈေးတာဝန်ရှိသူများနှင့် ပူးပေါင်း၍  ကန့်ဘလူမြို့“မြို့မဈေး”ရှိ ဆန်လက်လီ၊ လက်ကား ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ဒေသထွက်စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ဖြန့်ဖြူးရောင်းချရန်၊ ထို့နောက်တာဝန်ရှိသူများသည် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက် ကျန်အခြေအနေတို့အား စစ်ဆေးခဲ့ကြကြောင်း၊ ဆန်ဈေးနှုန်းအနေဖြင့် ဧရာမင်း(၁)အိတ်လျှင် ကျပ် ၉၅၀၀၀၊ မနောသုခ (၁)အိတ်လျှင် ကျပ် ၇၀၀၀၀နှင့် ရွှေဝါထွန်(၁)အိတ်လျှင် ကျပ် ၆၅၀၀၀ဖြင့် ရောင်းချလျက်ရှိကြောင်း ဆန်လက်လီ၊ လက္ကားရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျေးရွာအုပ်ချုပ်ရေးမှူးများအား အရေးကြီး ကုန်စည် ဝန်ဆောင်မှု ဥပ‌ဒေအကြောင်း အသိပညာပေးခြင်း

             ၂၀၂၆ခုနှစ် ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၁နာရီ အချိန် တွင် မအူပင်ခရိုင် ညောင်တုန်းမြို့နယ် စားသုံးသူရေး ရာဦးစီးဌာနမှ ဒေါ်ချိုမီဇင် မြို့နယ်ဦးစီးမှူးမှ အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပ‌ဒေ အကြောင်း  အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

                   အဆိုပါ ဟောပြောမှုတွင်  ဒု-ဦီးစီးမှူး ဒေါ်ချိုမီဇင်က ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဥပဒေအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက်  အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေကို ၂၀၁၂ခုနှစ် ဩဂုတ်လ(၁၀) ရက်နေ့တွင် အခန်း(၅)ခန်း၊ ပုဒ်မ(၁၂)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ ယင်းဥပဒတွင် နိုင်ငံသားများ၏ အကျိုးစီးပွားကို အထောက်အကူပြုမည့်ကုန်စည်များနှင့် ဝန်ဆောင်မှုများကို အကာအကွယ်ပေးနိုင်ရန်၊ နိုင်ငံသားများ၏အကျိုးစီးပွားကို ထိခိုက်စေနိုင်သော ကုန်စည်များနှင့် ဝန်ဆောင်မှုများကို ကန့်သတ်တားဆီးနိုင်ရန်၊ ဘေးအန္တရာယ်၊ကူးစက်ရောဂါနှင့် အခြားမလိုလားအပ်သော ကိစ္စတစ်စုံတစ်ရာပေါ်ပေါက်နိုင်သည့် ကုန်စည်နှင့် တိရိစ္ဆာန်များအား ပြည်တွင်းသယ်ဆောင်မှု၊ ပြည်တွင်းသို့ တင်သွင်းမှုနှင့် ပြည်ပသို့တင်ပို့မှုတို့ကို တားဆီးနိုင်ရန် ရည်ရွယ်ကြောင်း၊ ကုန်စည်တစ်မျိုးမျိုး၊ တိရိစ္ဆာန်တစ်မျိုးမျိုးနှင့် ဝန်ဆောင်မှုတစ်မျိုးမျိုး စသည် တို့ကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာပြီး ယင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ တင်သွင်း၊ တင်ပို့၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊အသုံးပြုမှု၊ စားသုံးမှုတို့နှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် ပြည်ထောင်စုအစိုးရအဖွဲ့သည် တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလို ဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခုခုအား အပ်နှင်းနိုင်ကြောင်း ပုဒ်မ(၄)ဖြင့် ဖော်ပြထားပြီး၊ မည်သူမဆို ပုဒ်မ(၄)အရ ထုတ်ပြန်သော အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားလျှင် ထိုသူအား အနည်းဆုံးထောင်ဒဏ် ခြောက်လမှ အများဆုံးထောင်ဒဏ် သုံးနှစ်ထိ ချမှတ်ရမည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်းချမှတ်ခြင်း ခံရမည်ဖြစ်ကြောင်း   စသည်တို့ကို အသိပညာပေးရှင်းလင်းခဲ့ကြောင်း အစည်းအဝေးသို့ တက်ရောက်သူ ၅၂ ဦးရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

ချောင်းဆုံမြို့နယ်၌ ယိုစုံအမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၇.၄.၂၀၂၆ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင်‌ ရောင်းချနေသော ယိုစုံအမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါကုန်စုံဆိုင်များတွင် ရောင်းချနေ သော ယိုစုံအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ယိုမျိုးစုံများရောင်းချနေမှု ရှိ/မရှိ တို့အား စစ်ဆေး ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ယိုမျိုးစုံတို့ကိုသာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

၂၀၂၆ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧပြီလအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊  ကုန်စည်ပေါ်တွင် ကပ်နှိပ်မည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာ‌ပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း စားသုံးသူရေးရာဦးစီးဌာနများမှ တစ်ဆင့်တင်ပြ လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား တင်ပြလျှောက်ထားမှုနှင့် စပ်လျဉ်း၍ ဌာနမှ မည်သည့်စာရွက်စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခမျှ ကုန်ကျစရိတ်ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်း အသိပညာပေး‌ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီ ကုန်စည်များအားသွားရောက်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် ၂၀၂၆ခုနှစ်၊ ဧပြီလတွင် မုန့်လုပ်ငန်းရှင်၊ ဆီစက်လုပ်ငန်းရှင်၊ ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ သောက်ရေသန့်လုပ်ငန်း၊ ဆေးဆိုင်လုပ်ငန်းရှင်၊ လက်ဖက်နှင့်နှစ် ပြန်ကြော်လုပ်ငန်းရှင်၊ ပိုးထည်လုပ်ငန်း၊ ကိတ်နှင့်ပေါင်မုန့်လုပ်ငန်းရှင်၊ ယိုမျိုးစုံလုပ်ငန်း၊ ပဲခွေလုပ်ငန်း၊  ပဲကြော်လုပ်ငန်း၊ ကုန်စုံဆိုင်လုပ်ငန်းရှင်နှင့် စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းနှင့် စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တို့အားတွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း (၂၃)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၆ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧပြီလအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့နှင့် စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

        ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

             စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၆ခုနှစ်၊ ဧပြီလတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များ၊ စက်ရုံများ၊  ဆေးဝါးမျိုးစုံနှင့် စက်သုံးဆီများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ရာ (၁၉) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၁၀) မျိုးဖြစ်သည့် အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုး၊ အာဟာဖြည့်စွက်စာအမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ဟင်းလျာများတွင် အရောင်၊ အနံ၊ အရသာအတွက်အသုံးပြုသောပစ္စည်းအမျိုးမျိုး၊ ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုး၊ အရန်သင့်အစားအစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့် ကိုက်ညီသည့် ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပြန်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် (သို့မဟုတ်) အသုံးပြုရန် မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)   

၂၀၂၆ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧပြီလအတွင်း ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအား စိစစ်ပြန်ကြား

        စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေဖော်ပြရန် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ်ညွှန်ကြားချက်ကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါညွှန်ကြားချက်များအား လုပ်ငန်းရှင်များကသိရှိလိုက်နာလာကြပြီး ၎င်းတို့ ထုတ်လုပ်သည့် ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုအပေါ် ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပေးရန် စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြလာကြကြောင်း သိရှိရသည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ CAMEL၊ ဒေါ်ဂွန်း၊ အောင်ကမ္ဘာ အမှတ်တံဆိပ်လုပ်ငန်းမှ ၎င်းတို့၏ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုအား စိစစ်ပြန်ကြားပေးရန် တင်ပြမှုအား စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနက ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိကြောင်း၊ လိုအပ်သည့်အချက်များနှင့် အခြားသက်ဆိုင်ရာ ဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာဆောင်ရွက်သွားရန် ပြန်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူပြည်သူများအား စားသုံးသူအခွင့်အရေးနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောမှု ဆောင်ရွက်

     မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတစ်ဦးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်းကာ (၂၃.၄.၂၀၂၆) ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ကျိုက်ထိုမြို့၊ ရွှေဥဩ ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား စားသုံးသူအခွင့်အရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှု ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ အသိပညာပေးဟောပြောမှုတွင် ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံက စားသုံးသူပြည်သူများအား စားသုံးသူအခွင့်အရေး (၈) ချက်ဖြစ် သည့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ လိုအပ်သောသတင်းအချက်အလက်များအား သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ နစ်နာဆုံးရှုံးမှုများအား ကုစားခွင့်နှင့် နစ်နာဆုံးရှုံး မှုများအား တိုင်ကြားခွင့်ရှိခြင်း၊ လိုအပ်သော သတင်းအချက်အလက်များအား သိရှိလေ့လာ နိုင်ခွင့်ရှိခြင်းနှင့် ကောင်းမွန်သာယာသည့် လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တို့တွင် နေထိုင်ခွင့် ရရှိခြင်းစသည်တို့ကို အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရပါသည်။

          ထို့ပြင် ဆက်လက်၍ မြို့နယ်တာဝန်ခံက စားသုံးသူပြည်သူများအနေဖြင့် တစ်စုံတစ်ရာ နစ်နာဆုံးရှုံးမှုကြုံတွေ့လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဖြေရှင်းဆောင်ရွက်ရေးစင်တာ (CICC) ၏ Hot Line ဖုန်းနံပါတ်ဖြစ်သည့် ၁၅၃၅ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် မြန်မာတစ်နိုင်ငံလုံးတွင် CICC စင်တာပေါင်း ၅၄ ခုဖွင့်လှစ်ထားရှိပြီဖြစ်ပြီး ထို CICC စင်တာများတွင်လည်း တိုင်ကြားနိုင်ကြောင်း ဖြည့်စွက် ပြောကြားခဲ့ပါသည်။

          ထိုသို့ မြို့နယ်တာဝန်ခံ၏ ဟောပြောမှုများအဆုံးတွင် စားသုံးသူပြည်သူများက ယင်းတို့သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်တာဝန်ခံက စားသုံးသူပြည်သူများ မေးမြန်းသမျှအား ပြည့်စုံစွာပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

 

မုံရွာမြို့ပေါ်ရှိဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား မုံရွာခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို (၅.၅.၂၀၂၆) ရက်နေ့၊ နံနက်(၀၉း၀၀) နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စစစဦးစီးဌာနအဖွဲ့တို့ ပူးပေါင်းပါဝင်သည့် ဆေးပစ္စည်းအရောင်းဆိုင်ကြီးများတွင် ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်ကြီးများတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိနှင့် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိ/ မရှိ အခြေအနေများကို ကွင်းဆင်စစ်ဆေးပြီး ဆေးပစ္စည်းများကို ဖြစ်သင့်သည့်ဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေး ဆေးဆိုင်ပိုင်ရှင်များအား ဆွေးနွေးမှာကြားခဲ့ပြီး အခြားသောတိုင်းရင်းဆေးဆိုင်နှင့် ကျန်းမာရေးဆေးဆိုင်များအား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူနှင့် ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ မေလ(၅)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိ အများပြည်သူသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးနေသော လက်လီဆီကိုယ်စားလှယ်အရောင်းဆိုင်များသို့ ကွင်းဆင်းကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          နိုင်ငံတော်မှ စားသုံးသူပြည်သူများသို့ သက်သာသော သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူစားသုံးနိုင်ရန် ထုတ်‌ပေးသောစားအုန်းဆီများကို လက်လီအရောင်းဆိုင်များမှ ရောင်းချရတွင် ဈေးနှုန်းမှန်ကန်မှုရှိစေရေး၊ အချိန်အတွယ်မှန်ကန်မှုရှိစေရေး နိုင်ငံတော်မှထုတ်ပြန်ထားသော သတ်မှတ်ချက်များအတိုင်း ရောင်းချမှုရှိစေရေး၊ စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းကိုဗွီနိုင်းတွင်ရေး၍ ချိတ်ဆွဲရောင်းချစေရေး၊ ခွဲတမ်းရရှိသောဆီပမာဏအလိုက် ပြည့်ဝစွာရောင်းချစေနိုင်ရေး၊ စားအုန်းဆီများအား စားသုံးသူပြည်သူများထံသို့ အပြည့်အဝရောက်ရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သို လှောင်ထားမှုမရှိစေရေး၊ ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာရောင်းချစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့် စားအုန်းဆီ ရောင်းချနေမှုများအား ဆက်လက်၍လည်း အစဉ်တစိုက်စီစစ်ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ