Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

 ချမ်းချမ်းခါဂျာမုန့်လုပ်ငန်းမှလုပ်ငန်းရှင်နှင့်တွေ့ဆုံ

               ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ဘုရားကြီးကုန်းအုပ်စု၊ အနောက်ဘုရားကြီး ကုန်းကျေးရွာ၌  ချမ်းချမ်းတံဆိပ်ဖြင့် ခါဂျာမုန့်လုပ်ငန်းကိုင်နေသော လုပ်ငန်းရှင် ဦးကျော်ရွှေသိန်းနှင့်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်သည် (၄.၅.၂၀၂၆) ရက် နေ့တွင် ချမ်းချမ်းခါဂျာမုန့် လုပ်ငန်းအပြင် အီစိမ့်မုန့်၊ မုန့်ကျိုးလိမ်မုန့်များလည်း  ထုတ်လုပ်မှု အခြေ အနေနှင့် ဈေးကွက်အခြေအနေတို့အား သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          ချမ်းချမ်းခါဂျာမုန့်လုပ်ငန်းအား အိမ်တွင်းမိသားစု တစ်နိုင်တစ်ပိုင် လုပ်ကိုင်ခဲ့တာ(၁၀)နှစ်ခန့် ရှိပြီးဖြစ်ကြောင်း ခါဂျာမုန့်များပြုလုပ်ရာတွင် အဓိကပါဝင်ပစ္စည်းကုန်ကြမ်းများကတော့ ဂျုံ၊ သကြား၊ ဆားအနည်းငယ် ရေတို့ဖြစ်ပြီး၊ ထုတ်လုပ်မှု့ကတော့ တစ်နေ့လျှင် ဂျုံ(၅)ပိဿာ ကုန်ကြောင်း ၎င်းဂျုံကို ရေအနည်းငယ်၊ဆားအနည်းငယ်တို့ဖြင့် နှဲပြီး ပုံစံခွက်စက်ကလေးဖြင့် ဂျုံအပြားရိုက်ပြီး လိုအပ်သည့်အရွယ်အစားများ ပြုလုပ်၍ ဒယ်ပိုင်းထဲသို့ ဆီအချိန်(၃၀)ပိဿာနှင့် ထောပတ်ဆီအနည်း ငယ်ထည့်ပြီး လုပ်ပြီးသားမုန့်ပုံစံများအား ထည့်ကြော်ပြီး ဆီစစ်ဇကာထဲသို့ စစ်ထား၍ မုန့်ချပ်များအား ဖြန့်ခင်းကာ မုန့်ချပ်များပေါ်တွင် ကျိုထားသောသကြားရည်ပျစ်ပျစ်ကို လောင်းထည့်ပြီး ဗန်းဖြင့်ဖြန့် အအေးခံပေးရပါသည်။ရရှိလာသောမုန့်ချပ်ကလေးများကို (၅)ခုစီ ပလပ်စတစ်အိတ်ထဲတွင် တံဆိပ်ပါ ထည့်ပြီး ထုတ်ပိုးရပါသည်။ခါချာမုန့်အပြင် အီစိမ့်မုန့်၊ မုန့်ကျိုးလိမ်မုန့်များလည်း အသစ်ထပ်မံ ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။

          တစ်နေ့ဂျုံ(၅) ပိဿာကြော်လျှင် အထုတ်ရေ (၁၄၀၀) ခန့်ရရှိကြောင်း တစ်ထုတ်လျှင် ၅၀၀ ရောင်းချရပါကြောင်း၊ဖောက်သည်ဈေး (၄၀၀) ကျပ်ပေးရကြောင်း၊ဈေးကွက်အနေဖြင့် ကြို့ပင် ကောက်မြို့ပေါ် နတ်တလင်း၊ ပေါင်းတည်၊ ဇီးကုန်းမြို့များသို့ ပေးပို့ရောင်းချရပါကြောင်း အလှူ အတန်းရှိလျှင်လည်း ခါဂျာမုန့်များကို  မှာယူကြောင်းလည်း သိရပါသည်။

          ချမ်းချမ်းတံဆိပ်ခါဂျာမုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်ထုတ်လုပ်သည့်အခါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှသာ ဈေးကွက်အတွင်း ရောင်းချရန်ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများ ပြုလုပ်လိုလျှင် စားသုံးသူရေးရာ မြို့နယ် တာဝန်ခံရုံး၌ လာရောက်လျှောက်ထားနိုင်ကြောင်း ထုတ်ကုန်လုံခြုံစိတ်ချရမှု့ ရှိစေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)

သထုံခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဒေးဗရိန်းကျေးရွာ၌ Lwin Maung Maung Co.Ltd မှ စားအုန်းဆီရောင်းချမှုအား စစ်ဆေး

          ၃၀.၄.၂၀၂၆ ရက်နေ့၊ နေ့လယ် (၃း၀၀) နာရီတွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး၊ သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာ၌ စားသုံးသူပြည်သူများ အား Lwin Maung Maung Co.Ltd၏ ဆီကိုယ်စားလှယ် ဦးကျော်နိုင်မှ စားအုန်းဆီ ရောင်းချနေမှုအား မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရပ်ကွက်အုပ်ချူပ်ရေးမှူးအဖွဲ့နှင့် ပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးခဲ့ရာ စားသုံးသူပြည်သူများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် ပြည့်/မပြည့်၊ ခွဲတမ်းရ စားအုန်းဆီများအား ပြည့်ဝစွာရောင်းချခြင်း ရှိ/မရှိ၊ ဗီနိုင်းချိတ်ဆွဲရောင်းချခြင်း ရှိ/မရှိတို့အား ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ရာ စားအုန်းဆီ ပိဿာ (၃၃၀) အား ရောင်းချပြီး တစ်ပိဿာလျှင် ဈေးနှုန်း (၇၆၈၉) ကျပ်ဖြင့် ရောင်းခဲ့ချကြောင်း သိရှိရပါသည်။

DOCA (မွန်)

စားသုံးသူဆိုင်ရာ အသိပညာဖွံ့ဖြိုးတိုးတက်ရေး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း ၂/ ၂၀၂၆

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံအစည်းအဝေးခန်း၌ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇၊ ၂၈ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်မှ ညနေ(၁၄:၀၀)အချိန်ထိ ()ရက်တိုင်တိုင် ပြည်နယ်ဦးစီးမှူး၊ ဦးမိုးညွန့်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူးကဆောင်၍ စားသုံးသူဆိုင်ရာ အသိပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ၂/ ၂၀၂၆ အားကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်းသင်တန်းသူ/သား ဝန်ထမ်း ( ၁၆ )ဦးတက်ရောက်ခဲ့ပါသည်။

    အဆိုပါသင်တန်းတွင် ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်း သည် သင်တန်းနှင့်မကင်း အမြဲတစေကြိုးစားလေ့လာသင်ယူခြင်း၊ ရုံးလုပ်ငန်း ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကိုလည်း တက်ရောက်ရမည်ဖြစ်သည်။ ယခု စားသုံးသူဆိုင်ရာ အသိပညာဖွံ့ဖြိုးတိုး တက်ရေးအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး ၂/ ၂၀၂၆ သင်တန်းသည် ၂၀၂၆ ခုနှစ် ခန့် အပ်ထားသည့် အငယ်တန်းစာရေးများနှင့်နေ့စားဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် လုပ်ငန်းများကိုဘာသာရပ်အလိုက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။  

     ဒေါ်သစ္စာဖူး(ဦးစီးအရာရှိ) က ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဘာသာရပ်ကိုသင်ကြား ပို့ချရာတွင် ဈေးကွက်စောင့်ကြည့်ခြင်းလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများအား ရှင်းလင်းပို့ချပါ သည်။ ဒေါ်နော်ကြူကြူ(ဦးစီးမှူး)က စီမံရေးရာဌာနခွဲ ရုံးစာရေးသားနည်းဘာသာရပ်ကို သင်ကြားရာတွင် ရုံးလုပ်ငန်းသဘောတရား အခန်း()တွင်ပါဝင်သော  ရည်ရွယ်ချက်၊ ရုံးလုပ်ငန်း အဓိပ္ပာယ်၊ ပင်မလုပ်ငန်း ၊ အထောက်အကူပြုရုံးလုပ်ငန်း၊ အဖွဲ့အစည်း၊ ဆက်စပ်မှုရှိခြင်း၊ ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်မှု၊ ပြီးပြည့်စုံသောရုံးလုပ်ငန်းစသည်တို့ကို အသေးစိတ်ရှင်းလင်းပို့ချခဲ့ပြီး ငွေစာရင်းဘာသာရပ်ကို ဆက်လက်သင်ကြားရာတွင် ဝန်ထမ်းများ၏ လုပ်သက်ခွင့်လစာ၊ တာဝန် ချိန်၊ နောက်ဆုံးထုတ်လစာတွက်ချက် ရေးဆွဲမှုအားပို့ချခဲ့ပါသည်။  ဦးမြင့်စိုး(ဒုတိယဦးစီးမှူး)က ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲဘာသာရပ်အား သင်ကြားရာတွင်သီးနှံ အထွက်နှုန်း ၊ တစ်ဧကကုန်ကျစရိတ်၊ တောင်သူများအကျိုးအမြတ်၊ ပဲ၊ ပြောင်း၊ နှမ်း၊ စပါးတို့ တင်း၊ တန် ဖွဲ့ခြင်းများကို သင်ကြားပို့ချခဲ့ပါသည်။

     ဦးကျော်ဇင်ထွေး(ဒုတိယဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေ ဘာသာရပ်ကို သင် ကြားပို့ချရာတွင်  ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း()ပါအမည်၊ စတင် အာဏာတည် ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်များ၊ ဥပဒေအခန်း(၁၈)ပါ ပြဌာန်းချက်များကို ရှင်းလင်းသင်ကြား ပို့ချခဲ့ပါသည်။ ဆက်လက်ပြီး ဒေါ်အေးအေးမော်(ဌာနခွဲစာရေး)က သတင်းအချက်အလက်နည်း ပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ ဘာသာရပ်ကို သင်ကြားရာတွင် ဌာန၏ Website ဖြစ် တဲ့ www.doca.gov.mm ဝင်ရောက်ကြည့်ရှုနိုင်ရေး၊ ကွင်းဆင်းသတင်း၊ ဟောပြောပွဲသတင်း၊ သင်တန်း၊အလုပ်ရုံဆွေးနွေးပွဲသတင်းရေးသားရာတွင်ပါဝင်ရမည့်အချက်များ၊ ဆောင်းပါးရေးသား  ရာတွင် ရှောင်ကျဉ်ရမည်အချက်များ၊ ပါဝင်ရေးသားရမည့်အချက်များကို ရှင်းလင်းသင်ကြားပို့ချခဲ့ ပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ ညနေ ၁၆ : ၀၀ အချိန်တွင် ပြည်နယ်ဦးစီးမှူး ဦးမိုးညွန့်ဦးက သင်တန်းဆင်းပွဲတွင် အသစ်ခန့်အပ်ထားသည့် ဝန်ထမ်းသစ်များအနေဖြင့် ရုံလုပ်ငန်းများကို ကြိုးစားလေ့လာသင်ယူ မှတ်သားသွားကြရန် အမှာစကားပြောကြားပြီး  စားသုံးသူဆိုင်ရာ အသိ ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး ၂/ ၂၀၂၆ သင်တန်းအား အောင်မြင်စွာပြီးမြောက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)

အွန်လိုင်းမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားလာသည့် “ Yadanar Trend Collection ” အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများလုပ်ငန်းအား မြေပြင်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး()ဦးသည် ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက်နေ့တွင် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဖြစ်သည့်  Yadanar Trend Collection   အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းသို့ ကွင်းဆင်း၍ အွန်လိုင်းမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားခြင်းအတွက်  မြေပြင်စစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ မြေပြင်စစ်ဆေးခဲ့ရာတွင် အွန်လိုင်းမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားစဉ်က တင်ပြထားသည့် အချက်အလက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု့ရှိ/မရှိ DOCA Mobile Application ဖြင့် စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ Yadanar Trend Collection  အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းရှင်အား ၅၀/၂၀၂၃ နှင့် ၅၁/၂၀၂၃ အမိန့်ကြော်ငြာစာပါ အကြောင်းအရာများ၊ မှတ်ပုံတင်၊ သက်တမ်းတိုး၊ ပြင်ဆင်ကြေးတို့အတွက် သတ်မှတ်နှုန်းထားများအကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားသောက်ဆိုင်များသို့ ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၆ ခုနှစ်၊ ဧပြီလ( ၂၈ ) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒေါ်သစ္စာဖူး(ဦးစီးအရာရှိ)ဦးဆောင်၍ လွိုင်ကော်မြို့ပေါ်ရှိ Forever Mandalay (Restaurant)၊ ရတနာမယ်စားသောက်ဆိုင်၊ အောင်သပြေစားသောက်ဆိုင်နှင့် RD (Restaurant)ဆိုင် (၄)ဆိုင်သို့  အစားအသောက်များ ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်း သပ်ရပ် မှုရှိ/မရှိ၊ အစားအသောက်များ ကိုင်တွယ်ချက်ပြုတ်သူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/မရှိ၊ မိမိတို့ ဆိုင်မှ ပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူများထံသို့ အသိပေးဖော်ပြထားခြင်းရှိ/မရှိ ၊ ရောင်းချသော စားသောက်ဖွယ်ရာများ၏  အမျိုး အစားအရွယ်အစား ပမာဏအလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်အသိပေး ဖော်ပြထားခြင်းရှိ/မရှိကို သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသောက်ဆိုင်လုပ်ငန်းရှင်အနေဖြင့် မိမိ စားသောက်ဆိုင်ရှိ အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများအား သန့်ရှင်းသပ်ရပ်စွာ အသုံး ပြုရန်လိုအပ်ကြောင်း၊ မီးဖိုချောင်ပစ္စည်းများအား အသုံးပြုပြီးစနစ်တကျ ဖုံးအုပ်သိမ်းဆည်းထားရန် လိုကြောင်း၊ စားသောက်ဖွယ်ရာအမျိုးအစားများ၏ Size ပမာဏအလိုက် ဈေးနှုန်းများအား ပွင့်လင်း မြင်သာစွာဖော်ပြပေးရန်လိုကြောင်း၊ ၎င်းအပြင် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အာမခံချက်ပေး ထားသည့်ပို၍  အဖိုးအခထပ်မံကောင်ခံခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

     မိမိဆိုင်တွင် အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများက Apron၊ ခေါင်းစွပ်များဝတ် ဆင်၍ ချက်ပြုတ်စေရန်၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများအပြင် ဝန်ဆောင်မှုပေးသူ များအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ မိမိတို့ဆိုင်မှပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အဖိုးအခထပ်မံ ကောက်ခံမည်ဆိုပါက လုံလောက်သည့် သတင်းအချက် အလက်များကို စားသုံးသူသို့အသိပေးဖော်ပြပြထားရှိရန်၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား စားသုံးသူရေးရာဦးစီးဌာနသို့ ပြန်လည်တင်ပြသွားရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက် များအပေါ် လိုက်နာဆောင်ရွက်သွားရန် လမ်းညွှန်အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

DOCA(ကယား)

ကန့်ဘလူမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ နံနက် (၁၁:၄၅) နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည်၊ မြို့နယ်စည်ပင်နှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် အိမ်သုံးဆေးဝါးများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်ခြင်းရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး ဆေးနှင့်ဆေးပစ္စည်းများကို သိုလှောင်ခြင်းများပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ နံနက်(၁၁:၂၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် မြို့မဈေးတာဝန်ရှိသူများနှင့် ပူးပေါင်း၍  ကန့်ဘလူမြို့“မြို့မဈေး”ရှိ ဆန်လက်လီ၊ လက်ကား ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ဒေသထွက်စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ဖြန့်ဖြူးရောင်းချရန်၊ ထို့နောက်တာဝန်ရှိသူများသည် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက် ကျန်အခြေအနေတို့အား စစ်ဆေးခဲ့ကြကြောင်း၊ ဆန်ဈေးနှုန်းအနေဖြင့် ဧရာမင်း(၁)အိတ်လျှင် ကျပ် ၉၅၀၀၀၊ မနောသုခ (၁)အိတ်လျှင် ကျပ် ၇၀၀၀၀နှင့် ရွှေဝါထွန်(၁)အိတ်လျှင် ကျပ် ၆၅၀၀၀ဖြင့် ရောင်းချလျက်ရှိကြောင်း ဆန်လက်လီ၊ လက္ကားရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျေးရွာအုပ်ချုပ်ရေးမှူးများအား အရေးကြီး ကုန်စည် ဝန်ဆောင်မှု ဥပ‌ဒေအကြောင်း အသိပညာပေးခြင်း

             ၂၀၂၆ခုနှစ် ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၁နာရီ အချိန် တွင် မအူပင်ခရိုင် ညောင်တုန်းမြို့နယ် စားသုံးသူရေး ရာဦးစီးဌာနမှ ဒေါ်ချိုမီဇင် မြို့နယ်ဦးစီးမှူးမှ အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပ‌ဒေ အကြောင်း  အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

                   အဆိုပါ ဟောပြောမှုတွင်  ဒု-ဦီးစီးမှူး ဒေါ်ချိုမီဇင်က ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဥပဒေအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက်  အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေကို ၂၀၁၂ခုနှစ် ဩဂုတ်လ(၁၀) ရက်နေ့တွင် အခန်း(၅)ခန်း၊ ပုဒ်မ(၁၂)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ ယင်းဥပဒတွင် နိုင်ငံသားများ၏ အကျိုးစီးပွားကို အထောက်အကူပြုမည့်ကုန်စည်များနှင့် ဝန်ဆောင်မှုများကို အကာအကွယ်ပေးနိုင်ရန်၊ နိုင်ငံသားများ၏အကျိုးစီးပွားကို ထိခိုက်စေနိုင်သော ကုန်စည်များနှင့် ဝန်ဆောင်မှုများကို ကန့်သတ်တားဆီးနိုင်ရန်၊ ဘေးအန္တရာယ်၊ကူးစက်ရောဂါနှင့် အခြားမလိုလားအပ်သော ကိစ္စတစ်စုံတစ်ရာပေါ်ပေါက်နိုင်သည့် ကုန်စည်နှင့် တိရိစ္ဆာန်များအား ပြည်တွင်းသယ်ဆောင်မှု၊ ပြည်တွင်းသို့ တင်သွင်းမှုနှင့် ပြည်ပသို့တင်ပို့မှုတို့ကို တားဆီးနိုင်ရန် ရည်ရွယ်ကြောင်း၊ ကုန်စည်တစ်မျိုးမျိုး၊ တိရိစ္ဆာန်တစ်မျိုးမျိုးနှင့် ဝန်ဆောင်မှုတစ်မျိုးမျိုး စသည် တို့ကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာပြီး ယင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ တင်သွင်း၊ တင်ပို့၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊အသုံးပြုမှု၊ စားသုံးမှုတို့နှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် ပြည်ထောင်စုအစိုးရအဖွဲ့သည် တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလို ဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခုခုအား အပ်နှင်းနိုင်ကြောင်း ပုဒ်မ(၄)ဖြင့် ဖော်ပြထားပြီး၊ မည်သူမဆို ပုဒ်မ(၄)အရ ထုတ်ပြန်သော အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားလျှင် ထိုသူအား အနည်းဆုံးထောင်ဒဏ် ခြောက်လမှ အများဆုံးထောင်ဒဏ် သုံးနှစ်ထိ ချမှတ်ရမည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်းချမှတ်ခြင်း ခံရမည်ဖြစ်ကြောင်း   စသည်တို့ကို အသိပညာပေးရှင်းလင်းခဲ့ကြောင်း အစည်းအဝေးသို့ တက်ရောက်သူ ၅၂ ဦးရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

ချောင်းဆုံမြို့နယ်၌ ယိုစုံအမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၇.၄.၂၀၂၆ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင်‌ ရောင်းချနေသော ယိုစုံအမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါကုန်စုံဆိုင်များတွင် ရောင်းချနေ သော ယိုစုံအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ယိုမျိုးစုံများရောင်းချနေမှု ရှိ/မရှိ တို့အား စစ်ဆေး ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ယိုမျိုးစုံတို့ကိုသာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

၂၀၂၆ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧပြီလအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊  ကုန်စည်ပေါ်တွင် ကပ်နှိပ်မည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာ‌ပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း စားသုံးသူရေးရာဦးစီးဌာနများမှ တစ်ဆင့်တင်ပြ လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား တင်ပြလျှောက်ထားမှုနှင့် စပ်လျဉ်း၍ ဌာနမှ မည်သည့်စာရွက်စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခမျှ ကုန်ကျစရိတ်ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်း အသိပညာပေး‌ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီ ကုန်စည်များအားသွားရောက်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် ၂၀၂၆ခုနှစ်၊ ဧပြီလတွင် မုန့်လုပ်ငန်းရှင်၊ ဆီစက်လုပ်ငန်းရှင်၊ ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ သောက်ရေသန့်လုပ်ငန်း၊ ဆေးဆိုင်လုပ်ငန်းရှင်၊ လက်ဖက်နှင့်နှစ် ပြန်ကြော်လုပ်ငန်းရှင်၊ ပိုးထည်လုပ်ငန်း၊ ကိတ်နှင့်ပေါင်မုန့်လုပ်ငန်းရှင်၊ ယိုမျိုးစုံလုပ်ငန်း၊ ပဲခွေလုပ်ငန်း၊  ပဲကြော်လုပ်ငန်း၊ ကုန်စုံဆိုင်လုပ်ငန်းရှင်နှင့် စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းနှင့် စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တို့အားတွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း (၂၃)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ