Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

‘မေတ္တာမွန်’ အမှတ်တံဆိပ်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပါရှိရေး အသိပညာပေးဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သော စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာစေရန်ရည်ရွယ်၍ (၂၄-၅-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် သရက်မြို့၊ သဟာရလမ်း၊ မြောက်မင်းတည်းရပ်ကွက်ရှိ ‘မေတ္တာမွန်’ အမှတ်တံဆိပ်ပါ ပဲကြော်၊ ပဲကြီးလှော်လုပ်ငန်းရှင်ထံသို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြပါရှိရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

   ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် ဒု-ခရိုင်ဦးစီးမှူး၊ ဦးအုန်းမြင့်(ဦးစီးမှူး)က  ကုန်စည်ထုပ်ပိုးပုံစံနှင့် ကုန်စည်စီးဆင်းမှုအခြေအနေများကိုမေးမြန်း၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့်ကုန်စည်များကို ထုပ်ပိုးရောင်းချမည်ဆိုပါက အရည်အသွေးနှင့် အာမခံချက်ရှိကာ စားသုံးသူများအား စိတ်ချယုံကြည်မှုပေးနိုင်သောကုန်စည်တစ်ခုဖြစ်လာမည့်အပြင် ရိုးရှင်းမှန်ကန်၍ သတင်းအချက်အလက်ပေးနိုင်သော စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ဦးကျော်ရွှေ(ဒု-ကြီးကြပ်ရေးမှူး)က စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေ(၂/၂၀၁၉)နှင့်အညီ ကုန်စည်များတွင် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဒေါ်ရီရီထွေး(ဒု-ဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့်ကုန်စည်များထုတ်လုပ်ရောင်းချလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ သရက်မြို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်းနှင့် အခြားစီးပွားရေးလုပ်ငန်းရှင်များကိုလည်း သတင်းဖြန့်ဝေပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

DOCA(မကွေး)

 

သရက်ခရိုင်၊ ကံမမြို့နယ်၌ စက်သုံးဆီဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေး

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်း(ဒု-ဦးစီးမှူး)သည် (၂၀-၅-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကံမမြို့နယ်၊ ကျွန်းကလေးအုပ်စု၊ အုတ်ဖိုကျေးရွာ၊ ဦးကျော်မိုးလွင်(ဆယ်စုသစ်)စက်သုံးဆီဆိုင်သို့ စက်သုံးဆီများဖြန့်ဖြူးရောင်းချလျက်ရှိသောအရောင်းဆိုင်၌ သတ်မှတ်ထားသည့်ရည်ညွှန်းဈေးနှုန်းထက် ပိုမိုမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် အချိန်အတွယ်မှန်ကန်မှုရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက စက်သုံးဆီရောင်းချဖြန့်ဖြူးလျက်ရှိသော “ဆယ်စုသစ်” ဆီဆိုင်သို့သွားရောက်ပြီး လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ သုံးစွဲသူပြည်သူအများ စက်သုံးဆီဝယ်ယူမှုအဆင်ပြေစေရေး စက်သုံးဆီများဖြန့်ဖြူးရောင်းချရာ၌ စက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ (PPRD) မှ အခြေခံသတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုစေရေး၊ အချိန်အတွယ်မှန်ကန်စေရေး၊ နေ့စဉ်ရောင်းချဖြန့်ဖြူးနေ သည့်စက်သုံးဆီဈေးနှုန်းများအား အများပြည်သူမြင်သာအောင် သိရှိစေရန် (LED Board) ဖြင့် ပွင့်လင်းမြင်သာအောင် စီစဉ်ပြသထားရှိစေရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(မကွေး)

 

သရက်ခရိုင်၊ ကံမမြို့နယ်၌ ပဲကြော်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ထည့်သွင်းဖော်ပြစေရေး အသိပညာပေးဆွေးနွေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်လာစေရန်ရည်ရွယ်၍ (၂၀-၅-၂၀၂၃)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် ကံမမြို့နယ်၊ ထန်းကောက်ကျေးရွာရှိ “တိုးတက်ဝေ” အဆင့်မြင့်ပဲကြော်လုပ်ငန်းရှင် ဦးလှနိုင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်စေရေးအတွက် သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ထို့သို့ အသိပညာပေးဆွေးနွေးရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်းရှိ မိမိထုတ်လုပ်သောထုတ်ကုန်များသည် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစေပြီး သတင်းအချက်အလက်များပြည့်စုံစွာထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများက ထုတ်လုပ်သူများအပေါ်ယုံကြည်လာပြီး စီးပွားရေးအကျိုးအမြတ်များ ပိုမိုဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စု(၈)အုပ်စုတွင် ပါဝင်ရမည့်အချက်များနှင့် ပါဝင်သောကုန်စည်များရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို မိမိတို့တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ တင်ပြစိစစ်လျောက်ထားနိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များပြုလုပ်ဆောင်ရွက်ထားရှိရန်၊ ကုန်အညွှန်းအမှတ်အသားမရှိသည့်ကုန်စည်များကို ဈေးကွက်အတွင်းတွေ့ရှိပါက အရေးယူဆောင်ရွက်မှုများရှိလာမည်ဖြစ်ပါကြောင်း အသေးစိတ်အသိပညာပေးဆွေးနွေးပြီး ကုန်အမှတ်တံဆိပ်နမူနာ(၄)ခုအား ရယူခဲ့ပြီး မိမိတို့ဌာနမှလိုအပ်သည်များကို ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း အသိပညာပေးရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(မကွေး)

         

စလင်းမြို့မဈေး၌ ကုန်အညွှန်းအမှတ်အသားများအကြောင်း အသိပညာပေးဆွေးနွေး

  မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄-၅-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စလင်းမြို့မဈေး၌ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဈေးသူဈေးသားများ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

 ထိုသို့အသိပညာပေးဆွေးနွေးရာတွင် စလင်းမြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)က  ရောင်းချသည့်ဈေးသည်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ၎င်းညွှန်ကြားချက်ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဆိုင်တင်ရောင်းချကြရန်နှင့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးရန်မသင့်တာမြစ်ထားသော စားသောက်ကုန်များအကြောင်း၊ တားမြစ်ထားသောစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများအား ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ကြရန်နှင့် စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စလင်းမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှ ဝန်ထမ်းများသည် (၂၅-၅-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၆း၀၀)နာရီအချိန်တွင် တာဝန်ရှိ ဌာနဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်ကြသော လရောင်စစ်၊ မြဧရာ၊ ကိုဘိုသန်း၊ အောင်ကောင်းဆက် စသည့် စက်သုံးဆီအရောင်းဆိုင်(၄)ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးများနှင့်အညီ ရောင်းချခြင်းရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

 ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ နေ့စဉ်ထုတ်ပြန်သော စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိ၊ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ဈေးနှုန်းများအား (LED)ဆိုင်းဘုတ်ဖြင့် ဖော်ပြ ထားခြင်းရှိ/မရှိနှင့် စက်သုံးဆီပြတ်လပ်မှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးများနှင့်အညီ ဖြန့်ဖြူးရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပြီး သက်ဆိုင်ရာတာဝန်ရှိဌာနများမှလည်း စက်သုံးဆီဖြန့်ဖြူးရောင်းချရာတွင် တရားဝင်ခွင့်ပြုလိုင်စင်ညွှန်ကြားချက်များနှင့်အညီ ရောင်းချကြရန် ဆွေးနွေးမှာကြားခဲ့ပါသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ စလင်းမြို့နယ်တာဝန်ခံက စက်သုံးဆီဖြန့်ဖြူးရောင်းချသူများအား ဈေးနှုန်းများကို နေ့စဉ်ဆိုင်းဘုတ်များဖြင့် ဖော်ပြထားစေပြီး ပြည်သူများသိရှိမြင်သာသောနေရာတွင် ထားရှိရန် ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များကလည်း သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ နေ့စဉ် စက်သုံးဆီအရောင်းစာရင်းများကိုလည်း စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများသို့ အချိန်နှင့်တပြေးညီပေးပို့လျက်ရှိကြောင်း၊ စက်သုံးဆီပြတ်လပ်မှုမရှိပဲ ဆီဖြန့်ဖြူးရောင်းချမှုရပ်နားနေမှုများမရှိကြောင်း ဆိုင်တာဝန်ခံ၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

 

MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆွေးနွေးပေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များဖွံ့ဖြိုးတိုးတက်စေရန်အတွက် (၂၄-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အလယ်ပိုင်းရပ်ကွက်၊ ဥယျာဉ်လမ်းနေ “မဟေသီ”ငှက်ပျောကြော်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဥမ္မာနှင့်တွေ့ဆုံ၍ ကွင်းဆင်းလေ့လာဆွေးနွေးခဲ့ပါသည်။

          “မဟေသီ”ငှက်ပျောကြော်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဥမ္မာသည် ယခုလုပ်ငန်းအား လုပ်ကိုင်ခဲ့သည်မှာ (၅)နှစ်နီးပါးရှိပြီဖြစ်ပါကြောင်း၊ ယခုလိုလုပ်ကိုင်ရာတွင် ကုန်ကြမ်းအဖြစ် ငှက်ပျောသီးအစိမ်းများအား ကျေးရွားများရှိ ငှက်ပျော်ခြံများအထိဆင်း၍ ဝယ်ယူရပါကြောင်း၊ နွေရာသီဖြစ်သဖြင့် ငှက်ပျောသီးများဝယ်ယူရာတွင် ခက်ခဲပါကြောင်း၊ မင်းဘူး၊ မကွေးမှ ငှက်ပျောကုန်သည်များကလည်း သုံးဘီးများဖြင့် လာရောက်ဝယ်ယူကြသဖြင့် ၎င်းတို့နှင့်ယှဉ်၍ ဝယ်ရပါကြောင်း၊ ယခင်နှစ်က ငှက်ပျောသီးတစ်ဖီးအလုံးလှလှလေးများတစ်ဖီးလျှင် ကျပ်(၇၀၀-၈၀၀)ပေးရသော်လည်း ယခုအခါတွင် ငှက်ပျောသီးတစ်ဖီးလျှင် ကျပ်(၁၂၀၀-၁၃၀၀)ထိပေး၍ ဝယ်ယူရပါကြောင်း၊ လုပ်သားများအနေဖြင့် ယခုရာသီတွင် ကျောင်းများပိတ်နေ၍ အရောင်းအဝယ်နည်းပါနေသဖြင့် မိမိတို့မိသားစု(၅)ဦးဖြင့်သာ လုပ်ကိုင်နေရပါကြောင်း၊ ကျောင်းများဖွင့်ချိန်တွင် ပြင်ပလုပ်သား(၇)ဦးဖြင့် တစ်ဦးလျှင် ကျပ်(၄၀၀၀)နှုန်းဖြင့် ခေါ်ယူရပါကြောင်း၊ ကုန်ချောအဖြစ် ရရှိလာသောငှက်ပျောကြော်များအား ကျပ်(၁၀၀)တန်နှင့် ကျပ်(၂၀၀)တန်များထုပ်ပိုး၍ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်ရောင်းချနေသော ရှောက်တော၊ လယ်ကိုင်း၊ ကျောင်းတော်ရာမှ ကုန်စုံဆိုင်များအရောက် မိမိတို့အနေဖြင့် ဆိုင်ကယ်ဖြင့် သွားရောက်ပို့ပေးရပါကြောင်း၊ ကျပ်(၂၀၀)တန်မှာ အနည်းငယ်သာရောင်းရပါကြောင်း၊ ကျပ်(၁၀၀)တန်သာပိုမိုရောင်းရပါကြောင်း၊ ကျပ်(၁၀၀)တန်တစ်ထုပ်လျှင် (၈၄)ကျပ်နှုန်း ဖြင့် အရောက်ပေးပို့ရပါကြောင်း၊ စလင်းမြို့နယ်မှ ဈေးဆိုင်များမှလည်း ကျောင်းဖွင့်ရာသီတွင် မိမိတို့ပေးနိုင်သောဈေးနှင့် ၎င်းတို့ပေးနိုင်သောဈေးနှုန်းအား ပြန်လည်ညှိနှိုင်းပေးမည့်ဖုန်းနံပါတ်များဖြင့် ဆက်သွယ်ကမ်းလှမ်းထားပါကြောင်း၊ မိမိတို့အနေဖြင့် ကုန်ကြမ်းပစ္စည်းများဝယ်ယူရာတွင် ဈေးနှုန်းများကြီးသဖြင့် အရင်းအနှီးများများစိုက်ထုတ်၍ မလုပ်နိုင်သေးပါကြောင်း၊ မကွေးမြို့မှ ကောင်းမွန်စင်တာများသို့လည်း အဆက်အသွယ်ကောင်းပါက ပေးပို့ချင်ပါကြောင်း၊ ဈေးနှုန်းဈေးကွက်များထိုးဖောက်မည်ဆိုပါက အရင်းအနှီးများများလိုအပ်ပါကြောင်း၊ အရင်းအနှီးများများစိုက်ထုတ်နိုင်ပါက မိမိလုပ်ငန်းသည် တွင်တွင်ကျယ်ကျယ်ဖြင့် အခြားမြို့ကြီးများသို့ တင်ပို့နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့တွင်ကျယ်လာပါက မိမိတို့အနေဖြင့် ထုတ်ပိုးမှုပုံစံအသစ်ဒီဇိုင်းကောင်းများဖြင့်ပြုလုပ်ပြီး ထုပ်ပိုးသွားမည်ဖြစ်ပါကြောင်း “မဟေသီ”ငှက်ပျောကြော်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဥမ္မာထံမှ သိရှိခဲ့ရပါသည်။

 ပွင့်ဖြူမြို့နယ်တာဝန်ခံအနေဖြင့်လည်း မိမိတို့ဌာမှထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြပေးနိုင်ရန် နမူနာပုံစံများပေးပို့ခဲ့ပြီး အသေးစားစက်မှုလုပ်ငန်း၏ မှတ်ပုံတင်များလျှောက်ထားနိုင်ရေးကိုလည်း ကူညီပံ့ပိုးပေးခဲ့ပါသည်။

DOCA(မကွေး)

ချောက်မြို့နယ်၊ စလေမြို့ရှိ စားသောက်ကုန်လုပ်ငန်းရှင်များအား ကွင်းဆင်းအသိပညာပေး

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စလေမြို့ရှိ စားသောက်ကုန်လုပ်ငန်းထုတ်လုပ်/ဖြန့်ဖြုးရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြမှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

     ထို့သို့ အသိပညာပေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)တို့က “Jamjel” ဇီးဖျော်ရည်လုပ်ငန်း၊ “အိုးစည်”ဇီးလုပ်ငန်း၊ “ရှေ့သို့”ဇီးယိုလုပ်ငန်း၊ “ပွင့်ကောင်း”စားသောက်ကုန်လုပ်ငန်းတို့မှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးနှင့် ဈေးကွက်အတွင်း ဝယ်ယူသုံးစွဲနေကြသောစားသုံးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဌာနမှထုတ်ပြန်ထားသောဥပဒေအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(မကွေး)

မွန်ပြည်နယ်ဦးစီးမှူးရုံး၌ Thursday Talk ကျင်းပပြုလုပ်

       ၂၀၂၃ခုနှစ် မေလ ၂၅ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင် ခရိုင်ရုံးမှဝန်ထမ်းများ စုစုပေါင်း (၂၇) ဦး တက်ရောက်ခဲ့သည်။

       ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက Thursday Talk ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းဆွေးနွေးခဲ့ရာ Thursday Talk တွင် ဝန်ထမ်းများ Capacity ပြည့်ဝစေရန်၊ ဝန်ထမ်းများအနေဖြင့် ဆွေးနွေးပွဲများ၊ သင်တန်းများမှ ရရှိလာသည့် ဗဟုသုတများကို အခြားဝန်ထမ်းများသို့ ပြန်လည်မျှဝေပေးရန် စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

         ထို့နောက် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးနှင့်သုတေသနဌာနခွဲမှ တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ငြိမ်းမြတ်ကျော်  က ဒေသဆိုင်ရာအချက်အလက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး စားသုံးသူ ရေးရာဌာနခွဲ၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်က စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းဆိုင်ရာများနှင့်ပတ်သက်၍လည်းကောင်း၊ ငွေစာရင်းဌာနခွဲ၊ အငယ်တန်းစာရေး ဒေါ်အေးမြင့်မြတ်ထက် က ငွေစာရင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

သရက်ခရိုင်၊ ကံမမြို့၌ စားသုံးသူများ‌ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ Talk Show ဆောင်ရွက်ခြင်း

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ ကံမမြို့ရှိ ဈေးကွက်များအတွင်း ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်စည်များအားဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက်(၂၃-၅-၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် သရက်ခရိုင်ရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ် တာဝန်ခံ၊ ဒုဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ များဖြင့်ပူးပေါင်း၍ ကံမမြို့ရပ်ကွက်(၃/၄)ရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များတွင်စားသုံးရန်၊ သုံးစွဲရန်မသင့်သော အစားအသောက်များ၊ ဈေးကွက်အတွင်းရောင်းချနေမှုရှိ/မရှိနှင့် တရားမဝင်တင်သွင်းလာသည့် ကုန်စည်များ၊ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းရောင်းချမှုမရှိ စေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက ကုန်မျိုးစုံရောင်းချနေသော ဆိုင်ရှင်များအား စားသုံးရန်၊ သုံးစွဲရန်မသင့်သောအစားအသောက်များ၊   ဈေးကွက်အတွင်း တင်သွင်း ရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈) ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့်  ကုန်စည်များသာရောင်းချရန်၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာဖော်ပြသည့် ကုန်စည်များရောင်းချရန်နှင့် တရားမဝင်တင်သွင်းလာသည့် ကုန်စည်များ၊ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းမပြုရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပါသည်။

          ဆက်လက်၍ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် ကံမမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသိပညာပေး Talk Show အစီအစဉ်ဖြင့် ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူများ စားသုံးသူပြည်သူများ Online Shopရောင်းဝယ်မှု ပြုလုပ်ရာတွင် လိမ်ညာမှုများ မဖြစ်စေရေး အတွက် သတိပြုရမည့်အချက်များနှင့် လိမ်ညာလှည့်စားမှုများ ခံစားရပါကလည်း မိမိတို့ စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် အသိပညာပေးခြင်းလုပ်ငန်းများအပြင် နစ်နာဆုံးရှုံးမှုများအား ကူညီကုစားပေးလျက်ရှိပါသောကြောင့် မိမိတို့ဌာန၏ Facebook စာမျက်နှာ၊ Website ဖြစ်သော www.doca.gov.mm နှင့် 1535 Call Center သို့ခေါ်ဆို၍ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

                                     

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ တရုတ်လှကျေးရွာသို့ စားသုံးဆီများ ဖြန့်ဖြူးရောင်းချမှုအပေါ် စိစစ်ကြပ်မတ်ဆောင်ရွက်ကွင်းဆင်းခဲ့ခြင်း

     (၂၆-၅-၂၀၂၃) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန် ကရင်ပြည်နယ်၊ဘားအံမြို့ရှိ တရုတ်လှကျေးရွာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များအသင်း၊ ကရင်ပြည်နယ်စားသုံးဆီကုန်သည်ကြီးများနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ ပူးပေါင်း၍ ဈေးကွက်အတွင်း လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ဆောင်ရွက်ရာတွင် စားသုံးဆီတင်သွင်းသည့် ကရင်ပြည်နယ်၊ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်းမှ စားသုံးဆီတစ်ပိဿာကို (၄၇၀၀)ကျပ်၊ ဆီဘူးခွံခ(၅၀၀)ကျပ်နှင့် သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ်အားလုံးစုပေါင်း၍ ထိုကုန်ကျစရိတ်တွင် အမြတ် ၂ ရာခိုင်နှုန်း တွက်ချက်၍ ဆီတစ်ပိဿာတစ်ဘူးကို (၅၂၀၀)ကျပ်ဖြင့် လူတစ်ဦးလျှင် ၁ ပိဿာနှုန်း ရောင်းချပေးကြောင်းသိရသည်။

    အဆိုပါ စားအုန်းဆီများ ရောင်းချရာတွင် ဈေးနှုန်းမှန်ကန်စေရေး၊ အလေးချိန်မှန်ကန်စွာဖြင့်  ပြည်သူများဆီသို့ ဖြန့်ဖြူးရောင်းချရန်၊ ဈေးကွက်အတွင်း သက်သာမှန်ကန်သော ဈေးနှုန်းများဖြင့် ရောင်းချရန်၊ ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချခြင်းမရှိစေရေးနှင့် စားသုံးသူပြည်သူများ လက်ဝယ်သို့ အမှန်တကယ် တိုက်ရိုက်ရောက်ရှိစေရေး၊ ကွင်းဆင်း ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ