Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆီစက်ချေးငွေအဆိုပြုလွှာတင်ပြထားသည့် လုပ်ငန်းရှင်များအား‌တွေ့ဆုံ

   စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း (ဦးစီးအရာရှိ) သည် ဆီစက်ချေးငွေအဆိုပြုလွှာတင်ပြထားသောလုပ်ငန်းများသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးရာ အဖွဲ့ဝင်များအဖြစ် ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်မြန်မာ့စီးပွားရေးဘဏ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ ကိုယ်စားလှယ်များနှင့်အတူ (၃-၁၁-၂၀၂၃) ရက်နေ့နှင့် (၆-၁၁-၂၀၂၃) ရက်နေ့တို့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်ရှိ ဦး‌ရွှေသာထွန်း (သမဝါယမအသင်းစုချုပ်) ဆီကြိတ်စက်၊ ဦးမောင်အေးစိန်၊ မြို့သစ်ရပ်ကွက်၊ ဆီကြိတ်စက်၊ ဦးမောင်စိုးဝင်း (စိုးရတနာဆီစက်၊ မြို့သစ်ရပ်ကွက်) နှင့် စစ်တွေမြို့၊ မင်းဂံအကွက် (၇) ရပ်ကွက်ရှိ ဦးသော်ပိုင်ထွန်း (ဖူးပွင့်စုံဆီကြိတ်စက်) စသည့်ဆီစက်များတွင် ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါစစ်ဆေးရာတွင် ဆီစက်ချေးငွေအဆိုပြုလွှာတင်ပြထားခြင်းနှင့်ပတ်သက်၍ ဆီစက်များလည်ပတ်မှုရှိ/မရှိနှင့် ဆီစက်များအနေဖြင့် အဆင့်မီဆီစက်များတိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီဆီစက်အသစ်များထပ်မံတည်ဆောက်ခြင်း၊ လက်ရှိဆီစက်များအဆင့်မြင့်တင်နိုင်ရန်၊ အဆင့်မီစက်ယူနစ်များပြောင်းလဲတပ်ဆင်ခြင်းတို့ဆောင်ရွက်နိုင်ရန် ဆီစက်ချေးငွေများထုတ်ချေးပေးလျက်ရှိရာ ဒုတိယအကြိမ် ဆီစက်ချေးငွေထုတ်ချေးနိုင်ရေး၊ ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်ညီ/မညီ တစ်ပါတည်းစစ်ဆေးပြီး ပိုမိုမြန်ဆန်စွာထုတ်ချေးနိုင်ရေးအတွက် ဆီစက်ချေးငွေစီမံကိန်းအကဲဖြတ်အမှတ်ပေးလွှာနှင့်ကိုက်ညီမှု ရှိ/မရှိနှင့်ဆီစက်လုပ်ငန်းရှင်များ၏ လုပ်ငန်းအချက်အလက်အကျဉ်းချုပ်တွင် ဖော်ပြထားမှုများနှင့်ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစီစစ်မှုလုပ်ငန်းများဆောင်ရွက်ပြီး ချေးငွေအဆိုပြုလွှာတင်ပြထားရှိသည့်ငွေပမာဏနှင့် ၎င်းတို့၏ပိုင်ဆိုင်မှုများမှာ မြေပြင်တွင် ချေးငွေထုတ်ပေးနိုင်မည့်အခြေအနေရှိ/မရှိနှင့် မြန်မာ့စီးပွားရေးဘဏ်၏ လုပ်ထုံးလုပ်နည်းများနှင့်ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစီစစ်စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် (ဆဌမအကြိမ်) စားအုန်းဆီများ ရောင်းချလျက်ရှိ

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဒေါ်တင်မာရီတို့သည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ် အတွင်းရှိ စားသုံးသူပြည်သူများ စားအုန်းဆီများကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော ရည်ညွှန်းဈေးအပေါ်အခြေခံ၍ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

   ဆိပ်ဖြူမြို့နယ်အတွင်း ရောင်းချရာ၌ (၂၇.၁၀.၂၀၂၃)ရက်နေ့တွင် အလယ်ပိုင်းရပ်ကွက်ရှိ အိမ်ထောင်စု(၄၅၀)စုအတွက် စားအုန်းဆီပိဿာ(၄၅၀)ပိဿာ၊ (၂၈.၁၀.၂၀၂၃)ရက်နေ့တွင် ယောဝရပ်ကွက်ရှိ အိမ်ထောင်စု(၄၅၀)စုအတွက် စားအုန်းဆီပိဿာ(၄၅၀)ပိဿာ၊ (၃၁.၁၀.၂၀၂၃)ရက်နေ့တွင် ရွာသစ်ရပ်ကွက်ရှိ အိမ်ထောင်စု(၆၀၀)စုအတွက် စားအုန်းဆီပိဿာ(၆၀၀)ပိဿာ၊ (၁.၁၁.၂၀၂၃)ရက်နေ့တွင် ဌာနဆိုင်ရာဝန်ထမ်း(၈၀၀)ဦးအတွက် စားအုန်းဆီပိဿာ(၈၀၀)ပိဿာ၊ ချင်တောင်ကျေးရွာရှိ အိမ်ထောင်စု(၄၅၀)စုအတွက် စားအုန်းဆီပိဿာ(၄၅၀)ပိဿာ၊ စုစုပေါင်း အိမ်ထောင်စု(၂၇၅၀)စုအတွက်  စားအုန်းဆီပိဿာ(၂၇၅၀)ပိဿာအား အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ(၁)ပိဿာနှုန်းဖြင့် နေ့စဉ် နံနက်(၀၈:၀၀)နာရီနှင့် နေ့လယ်(၁၃:၀၀)နာရီအချိန်အထိ ဆီတစ်ပိဿာလျှင် ကျပ် (၅၂၀၀)ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများအား အလှည့်ကျတန်းစီစနစ်ဖြင့် ရောင်းချပေးမှုအခြေအနေကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

                     

ပခုက္ကူမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများအား စားအုန်းဆီများကို အရောင်းဆိုင်/ဈေးကားဖြင့် ရောင်းချ

   မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏အစီအစဉ်ဖြင့် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နှင့်(၃)ရက်နေ့တွင် ပခုက္ကူမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများတွင် စားအုန်းဆီများကို အရောင်းဆိုင်/ဈေးကားများဖြင့် ရောင်းချမှုအား သတ်မှတ်နှုန်းထားဖြင့် ရောင်းချမှုရှိ/မရှိ၊ အချင်အတွယ်မှန်ကန်မှုရှိ/မရှိ ကွင်းဆင်း ကြပ်မတ်ခဲ့ပါသည်။

    (၂.၁၁.၂၀၂၃)ရက်နေ့တွင် "ဂရိတ်"ဆီဆိုင်မှ မြို့သစ်၊ မြင်းချိုင်၊ အောင်သပြေကျေးရွာရှိ အိမ်ထောင်စု(၁၀၉၇)စုအား တစ်ပိဿာလျှင် ကျပ်(၅၁၀၀)ဖြင့်လည်းကောင်း၊ "ထွန်း" ဆီဆိုင်မှ အမှတ်(၃)ရပ်ကွက်ရှိ အိမ်ထောင်စု(၂၂၁၆)စုအား တစ်ပိဿာလျှင်ကျပ်(၄၇၀၀)ဖြင့် လည်းကောင်း၊ " SSS " ဆီဆိုင်မှ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၇) ရှိအိမ်ထောင်စု(၁၁၇၃)စုအား တစ်ပိဿာလျှင် ကျပ်(၄၆၀၀)ဖြင့်လည်းကောင်း၊ " ဆင်မင်း" ဆီဆိုင်မှ အမှတ်(၂)ရပ်ကွက်ရှိ အိမ်ထောင်စု(၆၂၆) စုအား တစ်ပိဿာလျှင် ကျပ်(၄၈၀၀)ဖြင့်လည်းကောင်း၊ " အောင်ချမ်းငြိမ်း" ဆီဆိုင်မှ အမှတ်(၅) ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်ရှိ အိမ်ထောင်စု(၁၇၉၀)စုအား တစ်ပိဿာလျှင် ကျပ်(၄၈၀၀)ဖြင့် လည်းကောင်း၊ "သော်ဇင်ထွန်း"ဆီဆိုင်မှ အမှတ်(၁၅)ရပ်ကွက်ရှိ အိမ်ထောင်စု(၁၄၃၀)စုအား တစ်ပိဿာလျှင် ကျပ်(၄၇၀၀)ဖြင့်လည်းကောင်း အိမ်ထောင်စု(၁)စုလျှင် (၁)ပိဿာနှုန်းဖြင့် ဆီ ပိဿာပေါင်း(၈၃၃၂)ပိဿာ ရောင်းချခဲ့ပါသည်။

   (၃.၁၁.၂၀၂၃)ရက်နေ့တွင်"ထွန်း"ဆီဆိုင်မှအမှတ်(၄)ရပ်ကွက်ရှိ အိမ်ထောင်စု(၅၃၅)စုအား တစ်ပိဿာလျှင် ကျပ်(၄၇၀၀)ဖြင့်လည်းကောင်း၊ " SSS " ဆီဆိုင်မှ အမှတ်(၈)၊ အမှတ်(၉)၊ အမှတ် (၁၀)ရပ်ကွက်ရှိ အိမ်ထောင်စု(၁၂၂၀)စုအား တစ်ပိဿာလျှင် ကျပ်(၄၆၀၀)ဖြင့် လည်းကောင်း၊ "ဆင်မင်း" ဆီဆိုင်မှ အမှတ်(၁၁)ရပ်ကွက်ရှိ အိမ်ထောင်စု(၁၈၂၉)စုအား တစ်ပိဿာလျှင် ကျပ် (၅၁၀၀)ဖြင့်လည်းကောင်း၊ "အောင်ချမ်းငြိမ်း" ဆီဆိုင်မှ အမှတ်(၁၂)ရပ်ကွက်ရှိ အိမ်ထောင်စု (၄၅၈)စုအား တစ်ပိဿာလျှင် ကျပ်(၄၈၀၀)ဖြင့်လည်းကောင်း၊ "သော်ဇင်ထွန်း" ဆီဆိုင်မှ အမှတ်     (၁၅)ရပ်ကွက်ရှိ အိမ်ထောင်စု(၁၂၈၁)စုအား တစ်ပိဿာလျှင် ကျပ်(၄၇၀၀)ဖြင့်လည်းကောင်း အိမ်ထောင်စု(၁)စုလျှင် (၁)ပိဿာနှုန်းဖြင့် ဆီပိဿာပေါင်း(၅၃၂၃)ပိဿာရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဘီးလင်းမြို့၊ တောင်ကလေးကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ

   မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများသည် (၆-၁၁-၂၀၂၃) ရက်နေ့တွင် ဘီးလင်းမြို့၊ တောင်ကလေးကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ လုံခြုံစိတ်ချရမှုရှိသောကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ တောင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများနှင့် ကျေးရွာသူ/ကျေးရွာသား (၃၀) ဦးတက်ရောက်ခဲ့ကြပြီး ကျေးရွာသူ/ကျေးရွာသားများက စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများကိုမေးမြန်းခဲ့ရာ ဘီးလင်းမြို့နယ်တာဝန်ခံအနေဖြင့်လည်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဌာနမှ စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

စားသုံးဆီဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၆.၁၁.၂၀၂၃ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံး၌ စားသုံးဆီ ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၁)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)က စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ် လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ ဝန်ဆောင်မှုဆိုသည်မှာ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏ လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊  စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်းစသည့်အချက်များ၊ဝန်ဆောင်မှုပေးခြင်း နှင့်စပ်လျဉ်းသည့် ဖော်ပြရမည့်အာမခံချက်များဖြစ်သော မိမိဝန်ဆောင်မှုနှင့်စပ်လျဉ်း၍  အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း၊ စားသုံးသူ၏လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း၊ စားသုံးသူနှင့်သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်စေခြင်း စသည့်အချက်များကို  ရှင်းလင်းဆွေးနွေးခဲ့ပြီး  စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

အားမာန်ကုန်စုံဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးဦးကျော်မိုးလွင် (ဌာနခွဲစာရေး)သည် ၇.၁၁.၂၀၂၃ ရက်နေ့ ၁၁:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်အတွင်းရှိ အားမာန် (ကုန်စုံဆိုင်)သို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ PLATiNUM အမှတ်တံဆိပ်၊(မြန်မာနို့လက်ဖက်ရည်)ထုပ်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ကို ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

မုဒုံမြို့နယ်ရှိ ဆေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မုဒုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၃-၁၁-၂၀၂၃) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မုဒုံမြို့နယ်ရှိ တိုင်းရင်းဆေးအမျိုးမျိုးရောင်းချလျက်ရှိသောဆေးဆိုင်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ မုဒုံမြို့နယ်ရှိ တိုင်းရင်းဆေးအမျိုးမျိုးရောင်းချလျက်ရှိသောဆေးဆိုင်များတွင် ရောင်းချလျက်ရှိသောတိုင်းရင်းဆေးများတွင် မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ မြန်မာစာကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်ရှိ လက်လီ/လက်ကားအရောင်းဆိုင်များတွင် အသင့်သောက်ကော်ဖီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၇-၁၁-၂၀၂၃) ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့၊ အမှတ်(၂)မြို့မဈေးရှိ လက်လီ/လက်ကားအရောင်းဆိုင်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ချောင်းဆုံမြို့နယ်ရှိ လက်လီ/လက်ကားအရောင်းဆိုင်များ၌ရောင်းချလျက်ရှိသော အသင့်သောက်ကော်ဖီအမျိုးမျိုးတွင် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက်ရှိ/မရှိ မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက်များပါရှိပြီး မြန်မာစာကုန်အညွှန်းအမှတ်အသားများလည်း ပြည့်စုံစွာဖော်ပြထားသည်ကိုတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်ရှိ ဆေးဆိုင်များတွင် တိုင်းရင်းဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၇-၁၁-၂၀၂၃) ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့ပေါ်ရှိ ဆေးဆိုင်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

 ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ချောင်းဆုံမြို့ပေါ်ရှိ ဆေးဆိုင်များ၌ရောင်းချလျက်ရှိသော တိုင်းရင်းဆေးအမျိုးမျိုးတွင် မြန်မာစာကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြပါရှိမှုရှိ/မရှိအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ မြန်မာစာကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကိုတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA(မွန်)

“မုန့်တီဖတ်/မုန့်ဟင်းခါးဖတ်”လုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းဆွေးနွေးအသိပညာပေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာရှိ မုန့်တီဖတ်လုပ်ငန်းရှင်နှင့်သွားရောက်တွေ့ဆုံပြီး မုန့်တီဖတ်/ မုန့်ဟင်းခါးဖတ်လုပ်ငန်း၏ ထုတ်လုပ်ပုံ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့ကို မေးမြန်းဆွေးနွေးအသိပညာပေးခဲ့ပါသည်။

  မေးမြန်းမှုအရ မုန့်တီဖတ် /မုန့်ဟင်းခါးဖတ်လုပ်ငန်းကို မြေ/ အဆောက်အဦနှင့် စက်များတန်ဖိုး သိန်း(၃၅၀)ကျော်ကုန်ကျပြီး ၂၀၂၀ခုနှစ်၊ မတိုင်မီအချိန်တွင် လက်ဖြင့်ပြုလုပ်ရောင်းချခဲ့ရပြီး (၂၀၂၀ခုနှစ် )မှစ၍ စက်ဖြင့်ပြောင်းလဲထုတ်လုပ်ခဲ့ကြောင်း၊ မုန့်တီဖတ်/မုန့်ဟင်းခါးဖတ်ထုတ်လုပ်နည်းမှာ  မုန့်တီဖတ်/မုန့်ဟင်းခါးဖတ်ပြုလုပ်ရာတွင် ဧရာမင်းဆန်ကိုသာအသုံးပြုကြောင်း၊ ပထမဦးစွာ ဆန်ကိုရေးစင်စင်ဆေး၍ တစ်နာရီကျော်ကျော်ခန့်ရေစိမ်ကာ တစ်ညသိပ်ထားရကြောင်း၊ တစ်ညသိပ်ပြီးသည့်နောက် ရရှိလာသောမုန့်ဆန်ကို စက်ဖြင့်ကြိတ်ရကြောင်း၊ စက်ဖြင့်ကြိတ်ခွဲ၍ ထွက်ရှိလာသောဆန်မှုန့်ကို ပိတ်စအဖြူသန့်သန့်ဖြင့်ရေညှစ်ပြီး စစ်သွားရန်အတွက် ကျောက်များဖိ၍ ရေစစ်ခံထားရကြောင်း၊ ရေစစ်၍ ရရှိလာသောဆန်မှုန့်မျာကို မီးအပူပေး၍ပေါင်းကာ ရလာသောမုန့်များကို လိုချင်သောအနေအထားဖြစ်အောင် စကာလည်းကာစက်ဖြင့်ညှစ်ရာမှ နောက်ဆုံးအနေဖြင့် မုန့်တီဖတ်/ မုန့်ဟင်းခါးဖတ်များထုတ်လုပ်ကြောင်းသိရှိရပါသည်။

  မုန့်တီဖတ်/ မုန့်ဟင်းခါးဖတ်ထုတ်လုပ်နိုင်မှုပမာဏမှာ ဆန်တစ်ပြည်လျှင် မုန့်ဖတ်(၂)ပိဿာမှ (၂)ပိဿာနှင့် (၅၀)ကျပ်သားခန့်အထိထွက်ရှိနိုင်ပြီး တစ်ရက်လျှင် ဆန်(၁)တင်းခန့်ထုတ်လုပ်ရာ မုန့်ဖတ် (၄၀/၅၀)ပိဿာခန့်ထွက်ရှိလုပ်ကိုင်နိုင်ကြောင်း၊ အပြင်မှ အော်ဒါများရှိလျှင် အနည်းငယ်ပိုမိုထုတ်လုပ်ကြောင်းနှင့်  ဒေသတွင်းမုန့်တီလုပ်ငန်းအနေဖြင့် မိသားစုဝင်များဖြင့်သာပြုလုပ်ကြသော တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ဧရာမင်းဆန်တစ်တင်းလျှင် (၈၈၀၀၀)ကျပ်ကုန်ကျကြောင်းသိရှိရပါသည်။

     ဈေးနှုန်း/ဈေးကွက်အနေဖြင့် တစ်ရက်လျှင် ဧရာမင်းဆန်(၁၆)ပြည်ပြုလုပ်ရပြီး ငွေကျပ် (၈၈၀၀၀) ကုန်ကျကာ ထွက်ရှိလာသည့် မုန့်တီဖတ်/မုန့်ဟင်းခါးဖတ် (၅၀)ပိဿာခန့်ထွက်ရှိပြီး မုန့်တီဖတ်/မုန့်ဟင်းခါးဖတ်တစ်ပိဿာလျှင် (၂၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး တစ်ရက်လျှင် အမြတ်ဝင်ငွေ (၂၅၀၀၀/၃၀၀၀၀)ကျပ်ခန့် နေ့စဉ် ဝင်ငွေရှိနေကြောင်းသိရှိရပါသည်။

 ထိုသို့တွေ့ဆုံဆွေးနွေးပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူအကာအကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၅)၊ ပုဒ်မ(၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မုန့်တီဖတ်လုပ်ငန်းထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ မုန့်တီဖတ်များမှာ အသင့်စားသုံးရသော အစားအသောက်ဖြစ်သည့်အတွက်  သန့်ရှင်းမှုရှိစေရေး၊ မုန့်တီဖတ်များထုတ်လုပ်မှုအဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်စေရေးနှင့် မုန့်တီဖတ်ထုတ်လုပ်ရာတွင် တာရှည်ခံဆေး (Formalin) လုံဝသုံးစွဲမှုမပြုရန် သတိပေးတားမြစ်ပြီး မုန့်ဖတ်အခြောက်များပြုလုပ်ရောင်းချမည်ဆိုလျှင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရန်အတွက် မိမိတို့စာသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ