Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ အကျိုးစီးပွားအတွက် တစ်ထောင့်တစ်နေရာမှပါဝင် အကောင်အထည်ဖော်ဆောင်ရွက်

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွား တိုးတက်မြင့်မားရေးအတွက် ထိရောက်သည့် ကုန်သွယ်ရေးမူဝါဒများ ချမှတ်ဆောင်ရွက်ပေးခြင်းနှင့် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကအခန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဂေဟစနစ်  ဖွံ့ဖြိုးတိုးတက်စေရန် ခေတ်မီ ကောင်းမွန်သည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။မျက်မှောက်ကာလနှင့်လိုက်လျောညီထွေဖြစ်သည့်  ဒစ်ဂျစ်တယ် ကုန်သွယ်မှု ( Digital Trade) ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါ သည်။

  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ “ဖွံ့ဖြိုးကုန်သွယ် နိုင်ငံကြွယ်”  ဆောင်ပုဒ်နှင့်အညီ နိုင်ငံတကာ ကုန်သွယ်မှုလုပ်ငန်းများကို  ယနေ့အထိ ခေတ်အဆက်ဆက် တိုးတက်အောင်မြင် အောင် ဆောင်ရွက်လျက်ရှိပါသည်။

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်ရေးဝန်ကြီးဌာန ခေတ်အချိန်ကပင် နိုင်ငံတော်၏  ရည်မှန်းချက်များ၊ စီးပွားရေးမူဝါဒ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များအပြင် ဝန်ကြီးဌာနမှကျင့်သုံးလျက်ရှိသော ကုန်သွယ်ရေးမူဝါဒ(၅)ရပ်၊ ၎င်းဦးစီးဌာန၏ဥပဒေများ၊ စားသုံးသူရေးရာဦးစီးဌာန၏ မူဝါဒများ၊ မြန်မာနိုင်ငံ ကုန်စည်အမှတ်အသားများ အက်ဥပဒေ၊ အရေး ကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ၊ ပို့ကုန်၊ သွင်းကုန်ဥပဒေ၊ ယှဉ်ပြိုင်မှု ဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေများစသည်တို့ကို ကျင့်သုံးလျက်ရှိပါသည်။

    နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီ၊ လက်ကားရောင်းချခွင့်ပြုခြင်း၊ စီးပွားရေးနှင့် သက်ဆိုင်သောဌာန/ အဖွဲ့အစည်းများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ ဘဏ်ရုံးခွဲများနှင့် အခြားစီးပွားရေး လုပ်ငန်းအသီးသီးတို့တွင် စီးပွားရေးလုပ်ငန်းများ လွယ်ကူစွာ ဆောင်ရွက်နိုင်ရန်၊ တိုးတက်မှုများ ရရှိနိုင်စေရန်အတွက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာအထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ကျောက်ဖြူ၊ ထားဝယ်၊ သီလဝါ ဟူ၍ ဇုန်(၃)ဇုန် တာဝန်ထား ဆောင်ရွက်လျက်ရှိပြီး ထို့အပြင် တောင်သူလယ်သမားများ နည်းပညာအပြည့်အဝရရှိစေရေး၊ သွင်းအားစုနှင့် ထုတ်လုပ်မှုလုပ်ငန်း ဆိုင်ရာများလွယ်ကူလျင်မြန်စွာ ပံ့ပိုး ပေးနိုင်ရေးနှင့် လယ်ယာထုတ်ကုန်များ ရောင်းချရာတွင် သင့်တင့်မျှတသော ဈေးကွက်နှင့် ဈေးနှုန်းရရှိရေးတို့ကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၊ ဆန်စပါး ဝယ်ယူရေး ကြီးကြပ်မှုလုပ်ငန်း အဖွဲ့၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေးလုပ်ငန်း ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်များတွင် အချိုးကျမျှတစွာ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒဖြင့် ကာလတို/ ကာလရှည် လုပ်ငန်းစီမံကိန်းများ၊ အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ ဒေသန္တရ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို ရေးဆွဲ ဆောင်ရွက်လျက်ရှိပါသည်။

     ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုအတွက် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ( MSDP)  လုပ်ငန်းစဉ်များနှင့်အညီ စနစ်တကျ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ကုန်သွယ်မှု ကဏ္ဍစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်း အခြေခံစားကုန်၊ ပြည်ပတင်ပို့သည့် ပဲမျိုးစုံ၊ နှမ်းနှင့် အစေ့ထုတ်ပြောင်းဈေးနှုန်း/ ဈေးကွက်များ၊ ကုန်စည်ဒိုင်များသို့ ကွင်းဆင်း၍ စာရင်းကောက်ယူစိစစ် ပြုစု၍ နိုင်ငံတော်အကြီးအကဲများထံ တင်ပြခြင်း၊ စစ်ရုံးများ၊ မိမိဌာနနှင့် လုပ်ငန်းဆက်စပ်မှုရှိသည့် ဝန်ကြီးဌာနများသို့ ပေးပို့ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူလူထု၏ လူမှုစီးပွားရေး ဘဝမြှင့်တင်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး လက်ရှိအခြေအနေနှင့် ကိုက်ညီသည့်အခွင့်အလမ်းများ၊ နည်းလမ်းသစ်များကို ရှာဖွေဖော်ထုတ်နိုင်ရန်၊ လူမှုစီးပွားရေးကို အကျိုးပြုမည့် သတင်းအချက်အလက်နှင့် စီးပွားရေးအခြေအနေများကို Websiteများတွင် ဖော်ပြနိုင်ရန်၊ တစ်ရွာထုတ်ကုန် တစ်မျိုးထွက်ကုန်များကို လေ့လာပြုစု၍ ရှေ့အလားအလာ ကောင်းရှိနိုင်သော စီးပွားရေးဆိုင်ရာ အခြေအနေများ၊ အချက်အလက်များကို ပြည်သူများထံ သတင်းပေး ဆောင်ရွက်လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန၏ www.doca.gov.mm Website ကို ၂၀၁၈ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် စတင်လွှင့်တင်ခဲ့ပြီး ဌာန၏အကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၊ စားသုံးသူများ၊ လုပ်ငန်းရှင်များ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး၊ သတင်းနှင့်လှုပ်ရှားမှုများ၊ ကုန်ပစ္စည်း သတိပေးချက်များစသည့် ကဏ္ဍ(၇) ချက်အပြင် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားရန် (Complaint System) တို့ပါရှိသည်။

  အချုပ်အားဖြင့် ကျွန်မတို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အဆင်ပြေ ချောမွေ့စေရန်နှင့် ရေရှည်အောင်မြင်မှုများရရှိစေရန် ၊ စီးပွားရေး ဗဟုသုတရရှိစေရန် ရှေးရှုလျက် နိုင်ငံ့အကျိုးကို တစ်ထောင့်တစ်နေရာမှပါဝင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ရန်ကုန်)

 

စားအုန်းဆီရောင်းချမှု ကွင်းဆင်းကြပ်မတ်

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်ပမှတင်သွင်းသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် စဉ်ဆက်မပြတ် ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ၂၇.၁၀.၂၀၂၃ ရက်နေ့တွင် ဆိုင်ရှင်ဦးဇော်လင်း (အောင်မြန်မာဆန်နှင့်ဆီရောင်းဝယ်ရေး)၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမပေါ်ရှိ ဆီဆိုင်တွင် ဆီ ၁ ပိဿာလျှင် 4၉၅၀ ကျပ်နှုန်းဖြင့် စားသုံးသူပြည်သူများသို့ တန်းစီစနစ်ဖြင့် ရောင်းချပေးနေမှုအခြေအနေကို ကွင်းဆင်းစီစစ်ကြပ်မတ် ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ် မပါရှိသော Parbisure IV/HV Injection ဆေးများဈေးကွက်အတွင်း ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေး

    ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကော့မှူးမြို့နယ် တာဝန်ခံ ဦးတင်မင်းသည် ကော့မှူးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဂျာမဏီနိုင်ငံထုတ် Parbisure IV/HV Injection အကြောအားဆေးနှင့်ဆင်တူ တရားဝင်ဆေးဝါးမှတ်ပုံတင် ခွင့်ပြုချက်အမှတ် DRC No နှင့် Insent ပါရှိခြင်းမရှိသော Parbisure အမှတ်တံဆိပ်ပါ ဆေးဝါးများ စည်ပင်သာယာမြို့မဈေးဝန်းကျင်ရပ်ကွက်များရှိ ဆေးဆိုင်များကို နိုဝင်ဘာလ (၁) ရက်၊ နံနက် (၉:၀၀) နာရီအချိန်တွင် တာဝန်ရှိသူများမြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်၊ စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိ ကျန်းမာရေးဆရာမနှင့် စားသုံးသူရေးရာဦး စီးဌာနမှ မြို့နယ်တာဝန်ခံ ပူးပေါင်းအဖွဲ့က ဈေးကွက်အတွင်း ထုတ်ကုန် များလုံခြုံစိတ်ချရှိစေရေးနှင့် စားသုံးသူပြည်သူများ ဘေးန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ဂျာမဏီနိုင်ငံထုတ် Parbisure IV/HV Injection အကြောအားဆေးနှင့်ဆင်တူ တရားဝင်ဆေးဝါးမှတ်ပုံတင် ခွင့်ပြုချက်အမှတ် DRC No နှင့် Insent ပါရှိခြင်းမရှိသော Parbisure အမှတ်တံဆိပ်ပါ ဆေးဝါနှင့်ဆင်တူ၍ မြန်မာနိုင်ငံဆေးဝါးနှင့်အစားအသောက်ကွပ်ကဲရေးဦးစီးဌာနမှ မှတ်ပုံတင်အမှတ်မပါရှိသော တရားမဝင်ဆေးဝါးများ ကော့မှူးမြို့နယ်ရှိ ဆေးဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိနှင့် မိမိတို့၏ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော ဆေးဝါးများတွင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အသိအမှတ်ပြု ဆေးဝါးမှတ်ပုံတင်မှုရှိသောဆေးဝါးများနှင့် စားသုံးသူများ ထိခိုက်နစ်နာမှုမရှိသော ဆေးဝါးများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးနိုင်ရေးတို့နှင့် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး ရှောင်တခင် ဈေးကွက်စောင့်ကြည့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

 

ကော့မှူးမြို့နယ်၌ စားအုန်းဆီ လက်လီ/လက်ကားအရောင်းဆိုင်များသို့ စားအုန်းဆီရောင်းချနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

    ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းသည် ကော့မှူးမြို့နယ်အတွင်းရှိ မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များတွင် စားအုန်းဆီလက်လီ/လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆီကိုယ်စားလှယ်ဆိုင်၏ ဆီရောင်းချနေမှုအခြေအနေများအား အောက်တိုဘာလ (၃၁) ရက်၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

 ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှတာဝန်ရှိသူများက ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးရှိ စည်ပင်သာယာ မြို့မဈေးအတွင်း/အပြင်ရှိ စားအုန်းဆီလက်လီ/လက်ကားဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာဖြင့် စားအုန်းဆီများကို အခက်အခဲမရှိ ဝယ်ယူစားသုံးနိုင်ရေး အတွက် လက်လီ/လက်ကားရောင်းချသည့် ဆိုင်များအား သတ်မှတ်ခွဲတမ်းများ ခွဲဝေချထားပေးပြီးဖြစ်၍ ရရှိသည့်ခွဲတမ်းအလိုက် အမှန်တကယ် ရောင်းချဖြန့်ဖြူးခြင်း ရှိ/မရှိနှင့် စားအုန်းဆီဈေးနှုန်း တည်ငြိမ်စေရေး လုပ်ငန်းအဖွဲ့က ကုမ္ပဏီအလိုက် ရောင်းချပေးမည့် လက်လီ/လက်ကားဆိုင်စာရင်းများ စားအုန်းဆီ လက်ကားရည်ညွှန်းဈေးတို့ကိုလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှလည်း အပတ်စဉ်တနင်္လာနေ့တွင် ထုတ်ပြန်ကြေငြာပေးလျက်ရှိကြောင်း အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

Myanmar Rice Online (MyRO) Website တွင် ဆန်စပါးသိုလှောင်ရုံများ စတင်မှတ်ပုံတင်လျက်ရှိ

နေပြည်တော်၊ (၃-၁၁-၂၀၂၃)

             စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ဆန်စပါးသိုလှောင်မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့် နိုင်ငံအနှံ့ရှိ သိုလှောင်ရုံများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျမှတ်ပုံတင်နိုင်ရေးနှင့် ဆန်ဈေးကွက်နှင့် ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရန်အတွက် Online Service အစီအစဉ်တစ်ရပ်ဖြစ်သည့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online – My RO) အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

             အဆိုပါ My RO Website တွင် သိုလှောင်ရုံနှင့် ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ဆောင်ရွက်နိုင်ရေးကိုပါ ထည့်သွင်းစီစဉ်ထားရှိပြီး ဆန်စပါးနှင့်ပတ်သက်သော မှတ်ပုံတင်လုပ်ငန်းများ၊ စာရင်းအင်းများနှင့် သတင်းအချက်အလက်များကို ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

             ယနေ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှစ၍ Myanmar Rice Online – My RO Website တွင် ဆန်စပါးပြည်ပတင်ပို့သူများ၊ ဆန်စက်ကြီးများနှင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ သိုလှောင်ရုံများမှပါဝင်၍ မှတ်ပုံတင်‌နေကြပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် MYANMAR RICE ONLINE (MYRO) WEBSITE မိတ်ဆက်ပွဲနှင့် ဆန်စပါး သိုလှောင်ရုံများ မှတ်ပုံတင်မှုစနစ်ရှင်းလင်းပွဲသို့ တက်‌ရောက်အမှာစကား ပြောကြား

နေပြည်တော်၊ နိုဝင်ဘာ 

   ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ တွင် သင်္ဂဟဟိုတယ်၊ နေပြည်တော်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း ၍ ကျင်းပပြုလုပ်သော Myanmar Rice Online (MyRO) Website မိတ်ဆက်ပွဲအခမ်းအနား (Go-Live Ceremony)နှင့် MyRO တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပွဲသို့ တက်‌ရောက်အမှာစကားပြောကြားသည်။    

   ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယနေ့ကျင်းပပြုလုပ်သည့် MyRO Website မိတ်ဆက်ပွဲနှင့် MyRO ၌ ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်မှုစနစ် ရှင်းလင်းဆွေးနွေးပွဲသည် မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ တွင် ဖော်ထုတ်ခဲ့သော ဆန်စပါးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တောင်သူများအတွက် သီးနှံအာမခံစနစ် တည်ထောင်ရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ MyRO တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း၊ ပို့ကုန် လုပ်ငန်းရှင်မှတ်ပုံတင်ခြင်း၊ ဆန်စက်မှတ်ပုံတင်ခြင်း လုပ်ငန်းစသည့် လုပ်ငန်းများကို Digital Platform ပုံစံဖြင့်ဆောင်ရွက်မည်ဖြစ်ရာ ကုမ္ပဏီမှတ်ပုံတင် စနစ်ကဲ့သို့ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုအခမ်းအနားသည် ဆန်စပါးကဏ္ဍကို ဒီဂျစ်တယ်အသွင်ကူးပြောင်းရန် ခြေလှမ်းအစဖြစ်သည့်အတွက် ဆက်လက်ဆောင်ရွက်ရ မည့်ရှေ့လုပ်ငန်းစဉ်များအပေါ် ကောင်းသည် ထက် ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် မူဝါဒပိုင်းတည်ငြိမ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် လုပ်သာကိုင်သာရှိသည့် ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးဆောင်ရွက်‌ပေးသွားမည်ဖြစ်ပြီး နိုင်ငံ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက် သွားကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် တောင်သူလယ်သမားများ အကျိုးအမြတ်ရရှိရေး၊ ဝယ်ယူကြိတ်ခွဲသူများနှင့် ကုန်သည်လုပ်ငန်းရှင် များအတွက် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိရေး၊ စားသုံးသူပြည်သူများဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး၊ ပြည်တွင်းဖူလုံမှုရှိစေရေးနှင့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ ကို ကျင်းပပြုလုပ်ခဲ့ပြီး ဦးစားပေးလုပ်ငန်းစဉ် ၄၃ ရပ် ကို ဖော်ထုတ် နိုင်ခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များအနက် သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရုံဆွေး‌နွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ် ၁၂ ရပ်ကို ဖော်ထုတ်ခဲ့ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက် ရေးလုပ်ငန်းအဖွဲ့အား ဖွဲ့စည်းခဲ့ပြီး သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် ဆောင်ရွက် မည့်အစီအမံ များရေးဆွဲခြင်း၊ မူဝါဒများချမှတ်ခြင်း၊ စံလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်း များထုတ်ပြန်ခြင်း၊ သီးခြားရန်ပုံငွေတစ်ရပ် ထူထောင်ခြင်း၊ အစပျိုးစမ်းသပ်ကာလ (Pilot Project) အဖြစ် စတင်ဆောင်ရွက်ခြင်းနှင့် သိုလှောင်ရုံတည်ဆောက်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း/ ပြည်ပ လုပ်ငန်းရှင်များကို အားပေးကူညီခြင်း စသည့်လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ Pilot Project အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စီစဉ် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ MyRO တွင် တောင်သူများ၊ ကုန်သည်များ၊ ဆန်စက်လုပ် ငန်းရှင်များ၊ ပြည်ပတင်ပို့သူများ၊ ကျွမ်းကျင်ပညာရှင်များ၊ သုတေသနပညာရှင်များ၊ စားသုံးသူများ အပါအဝင် ဆန်စပါးလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေသူများအတွက် တစ်နေရာတည်းတွင် သတင်း အချက်အလက်များ၊ ဝန်ဆောင်မှုများ၊ မှတ်ပုံတင်သည့် လုပ်ငန်းများကို လွယ်ကူရိုးရှင်းစွာဖြင့် အချိန် တိုအတွင်း ဆောင်ရွက်နိုင်မည်ဖြစ်ရာ သက်ဆိုင်ရာအစိုးရဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင် များအပါအဝင် သက်ဆိုင်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

   အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ဥက္ကဋ္ဌ များနှင့် သက်ဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

အသိပေးကြေညာချက်

ပြည်တွင်း၌ ဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါး ဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှု အခြေအနေများကို စနစ်တကျ စာရင်းပြုစုမှတ်ပုံတင်ထားနိုင်ရေး၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက် မှစတင်၍ Online Registration စနစ်ဖြင့် Myanmar Rice Online (MyRo)- www. myro .com. mm တွင် မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

တောင်ငူခရိုင်အတွင်း ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာမှုများမရှိစေရေးအတွက် စစ်ဆေးရေးမှူးများက သက်ဆိုင်ရာမြို့နယ်များအလိုက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို အပတ်စဉ် ဆောင်ရွက်လျက်ရှိပါသည်။

     အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးများကို တောင်ငူခရိုင်အတွင်းရှိ ဆေးဆိုင်ကြီးများရှိရာ မြို့ကြီးများဖြစ်သော တောင်ငူမြို့၊ ရေတာရှည်မြို့နှင့် ဖြူးမြို့များရှိ ဆေးဆိုင်များ၌ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှို ရှောင်တခင်စစ်ဆေးခြင်းကို တပြိုင်တည်း ဆောင်ရွက်ခဲ့ပါသည်။

   တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများဖြစ်ကြသော ဦးမင်းဇော်(ဌာနခွဲတာဝန်ခံ)နှင့် ဦးမြင့်သူ(မြို့နယ်တာဝန်ခံ)တို့သည် တောင်ငူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၁) ဒေါ်လွင်မေသူ၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဦးကျော်လင်းထွန်း၊ တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးစန်းသွင်အောင်တို့ပါဝင်သော အဖွဲ့နှင့်အတူ တောင်ငူမြို့ပေါ်ရှိ ဆေးဆိုင်ကြီးများတွင် စစ်ဆေးခဲ့ပါသည်။

   ထို့အတူ ရေတာရှည်မြို့နယ် တာဝန်ခံ ဦးဇော်ဇော်ထွေး (စစ်ဆေးရေးမှူး)သည် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ရေတာရှည်မြို့ရှိ ဆေးဆိုင်များတွင်လည်းကောင်း၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုး(စစ်ဆေးရေးမှူး)သည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ဖြူးမြို့ပေါ်ရှိ ဆေးဆိုင်များတွင်လည်းကောင်း စစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ကျွန်းလှမြို့ပေါ်ရှိ ဌာနပေါင်းစုံ စားဖိုဆောင်ရာသီသီးနှံစိုက်ခင်းများအား ကွင်းဆင်းစစ်ဆေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကျွန်းလှမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးဝင်းဇော်ထွန်း၊  ကျွန်းလှမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ ကျွန်းလှမြို့နယ်၊ လယ်စီအင်းမှ ဦးစီးအရာရှိ ဦးအောင်မင်းနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်တို့ပူးပေါင်းကာ (၃၁-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးဝင်းများနှင့် ဝန်ထမ်းအိမ်ရာဝင်းများအတွင်း စားဖိုဆောင်သီးနှံတစ်နိုင်တစ်ပိုင်စိုက်ပျိုးထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   အဆိုပါ ကွင်းဆင်းစစ်ဆေးရာ၌ ကျွန်းလှမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးဝင်းများနှင့် ဝန်ထမ်းအိမ်ရာဝင်းများအတွင်းရှိ မြေကွက်လပ်များတွင် မိမိတို့ဌာနရှိ ဝန်ထမ်းများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စားဖိုဆောင်သီးနှံများစိုက်ပျိုးခြင်းများဆောင်ရွက်ရန်နှင့် စားဖိုဆောင်ရာသီသီးနှံများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားရှိရန် အထက်အဆင့်ဆင့်က ညွှန်ကြားထားပြီးဖြစ်ရာ စားဖိုဆောင်ရာသီသီးနှံများစိုက်ပျိုးထားရှိမှုရှိ/မရှိ၊ စိုက်ပျိုးထားရှိသည့်စားပင်သီးပင်များ အောင်မြင်ဖြစ်ထွန်းမှုရှိ/မရှိနှင့် စိုက်ပျိုးရန် မြေနေရာရှိပြီး စိုက်ပျိုးထားခြင်းမရှိသည့်ဌာနများတွင် စားဖိုဆောင်ရာသီသီးနှံများစိုက်ပျိုးရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ဌာနအလိုက် စားဖိုဆောင်ရာသီသီးနှံများစိုက်ပျိုးထားရှိမှုအခြေနေကို အပတ်စဉ်စစ်ဆေး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့တင်ပြရန်အတွက် ကွင်းဆင်းစစ်ဆေးရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)   

 

 

 

မြန်မာနိုင်ငံနှင့် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် ကုန်းလမ်း၊ ရေလမ်းသယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းသစ်အတူတကွ တည်ဆောက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

     ၂၆.၁၁.၂၀၂၃ ရက်နေ့ နံနက် ၉:၀၀နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံနှင့် ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်သွယ် ကုန်လမ်းရေလမ်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသစ် အတူတကွတည်ဆောက်နိုင်ရေးအတွက်  တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးမှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင်မြို့ ပြည်သူအစိုးရဘက်မှ တာဝန်ရှိသူများအား  တက်ရောက်ခဲ့ကြပါသည်။တွေ့ဆုံဆွေးနွေးပွဲတွင် ချုံချင့်မြို့ပြည်သူ့အစိုးရ၊ နိုင်ငံခြားဆက်ဆံရေးရုံး၊ စီမံကိန်းနှင့်ဖွံ့ဖြိုးရေးဌာန၊ ဌာနမှူး Mr. Zhao Yin ကခရီးစဉ်လာရောက်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ရာ  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ယခုလာရောက်တွေ့ဆုံရသည့် အဓိကအကြောင်းအရင်း (၂) ချက်ရှိပါကြောင်း ပထမအချက်အနေဖြင့်    မြန်မာနိုင်ငံနှင့် ရပ်ဝန်း တစ်ခုလမ်းကြောင်းတစ်သွယ်၊ ကုန်းလမ်းရေလမ်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ် နှင့်ပတ်သက်၍ မိတ်ဆက်ပြောကြားရန်နှင့် ၂၀၂၃ ခုနှစ်၊  နိုဝင်ဘာလတွင် ချုံချင့်မြို့တွင် ကျင်းပပြုလုပ်မည့် အစည်းအဝေးပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်အား တက်ရောက်နိုင်ရေး ဖိတ်ကြားရန်အတွက် လာရောက်ခဲ့ခြင်းဖြစ်ပါကြောင်းဖြင့် ဆွေးနွေးခဲ့ပြီး ချုံချင့်မြို့တွင် ၂၀၂၂ ခုနှစ်၌ မြန်မာနိုင်ငံဆိုင်ရာကောင်စစ်ဝန်ရုံး ဖွင့်လှစ်ထားရှိပြီးဖြစ်ပါကြောင်း၊ ချုံချင့်မြို့သည် တရုတ်ဗဟိုအစိုးရမှ တိုက်ရိုက်စီမံခန့်ခွဲအုပ်ချုပ်သည့် မြို့ကြီး (၄) မြို့ ဖြစ်သည့် ပေကျင်း၊ ရှန့်ဟိုင်း၊ ထုံကျင်း၊ ချုံချင့် တို့တွင် ပါဝင်ပါကြောင်း၊ မြို့ကြီးဖြစ်သော်လည်း ပြည်နယ်အဆင့်ရှိသည့်မြို့ဖြစ်ပါကြောင်း၊          မြို့ဧရိယာမှာ စတုရန်းကီလိုမီတာ (၈၀၀၀၀) ကျော် ကျယ်ဝန်း၍ လူဦးရေ (၃၂) သန်းခန့်ရှိကြောင်း၊  ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်တွင်ရှိသည့်အတွက် တရုတ်ဗဟိုအစိုးရ၏ အလေးထား ကြီးကြပ်ခြင်းခံရပါကြောင်း၊ ချုံချင့်မြို့၏ အားသာချက်များအနေဖြင့် မြို့၏ပထဝီမြေအနေအထားသည်  တရုတ်ပြည်အနောက်တောင်ဘက်တွင်ရှိပြီး ယန်ဇီမြစ်နှင့် ပိုးလမ်းမရပ်ဝန်းတွင်တည်ရှိခြင်း၊ ထုတ်ကုန်နှင့် စက်မှုဖွံ့ဖြိုးမှုအားသာချက်ရှိခြင်း။ စက်မှုလုပ်ငန်းများအား (၁၉၃၀) ဝန်းကျင်တွင်စတင်လုပ်ဆောင်ခဲ့ရာ နှစ်ပေါင်း (၁၀၀)ကျော်ရှိခြင်း၊ကမ္ဘာကုလသမဂ္ဂမှ သတ်မှတ်ထားသည့် စက်ရုံစံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် စက်ရုံ(၃၉)ရုံရှိခြင်း လီဖန်၊ ဂျာလင်း၊ လော့ဂျားကဲ့သို့သော အရှေ့တောင်အာရှဈေးကွက်ရှိသည့် ဆိုင်ကယ်များ ထုတ်လုပ်နိုင်ခြင်း၊ ကမ္ဘာလက်တော့ဈေးကွက်၏ ၃ ပုံ ၁ ပုံသည် ချုံချင့်မြို့မှ ထုတ်လုပ်နိုင်ခြင်း၊ထုတ်လုပ်မှုလုပ်ငန်း (၃) ခုအတွက် အမေရိကန်ဒေါ်လာသန်း (၂၀၀၀) ရည်မှန်းထားခြင်း၊ ခေတ်မီနည်းပညာအသုံးပြုနိုင်သော EV၊  Smart ကားများ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားပြီး  နောက်လာမည့်ကာလများတွင် ခေတ်မီ အီလက်ထရောနစ် ပစ္စည်းများထုတ် လုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ ချုံချင်မြို့သည် တောင်ပေါ်ဒေသတစ်ခုဖြစ်သည့်အပြင် မြို့၏ ၆၇ ရာခိုင်နှုန်း သည် တောတောင်များဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းမှုအားကောင်းသည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုရှိခြင်း၊         ဗဟို၊ တိုင်း၊ မြို့နယ်၊ ခရိုင်၊ မြို့ အုပ်ချုပ်မှုအဆင့် (၅) ဆင့်ရှိသည့်အနက် ချုံချင့်မြို့သည် အုပ်ချုပ်မှုအဆင့်၌ ဗဟို၊ မြို့၊ ခရိုင်၊ ကျေးရွာ အဆင့်(၄) ဆင့်သာရှိ၍ အဆင့်ဆင့်တင်ပြရမှုနည်းရာ အစိုးရဝန်ထမ်းကုန်ကျစရိတ်နည်းပြီး လုပ်ငန်းလုပ်ဆောင်ရန်လွယ်ကူခြင်း၊           ယခုတည်ဆောက်မည့် ကုန်းလမ်းရေလမ်း ပို့ဆောင်ရေးလမ်းကြောင်းသစ်အား ချုံချင့်မြို့မှစတင်ခြင်းဖြစ်ပြီး  အဆိုပါလမ်းကြောင်းသည် One Belt One Road နှင့် မဲခေါင်ဒေသဖွံဖြိုးရေး (၆) နိုင်ငံစီမံကိန်း၊ တရုတ်-အာဆီယံ စီမံကိန်း လမ်းကြောင်း တို့တွင်လည်း ချိတ်ဆက်ပါဝင်လျက်ရှိကြောင်း၊  ယခုလမ်းကြောင်းသစ်သည် တရုတ်ပြည်၏ ပြည်နယ် (၁၃) ခု၊ မြို့ (၂)မြို့တို့အား ချိတ်ဆက်ထားပြီး ရေလမ်း၊ မီးရထားလမ်း၊ ကုန်းလမ်းစသည့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းမျိုးစုံပါဝင်ပါကြောင်း၊ မြန်မာနိုင်ငံ၏ မန္တလေးမြို့သည် အဆိုပါလမ်းသစ်၏ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွင် အဓိက ကျသည့်နေရာတွင်ပါဝင်လျက်ရှိကြောင်း၊     မန္တလေးမီးရထားလမ်းကြောင်းမှတစ်ဆင့် ရန်ကုန်၊ ရွှေလီ၊ မူဆယ်၊ ချင်းရွှေဟော်အထိ ကုန်စည်များ တင်ပို့/ တင်သွင်း ဆောင်ရွက်လိုပါကြောင်း။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး၏ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဆိုင်ရာမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း၊၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပမည့် စီချွမ်၊ ချုံချင့်ဒေသနှင့် မဲခေါင်ဒေသ (၅) နိုင်ငံတို့ပါဝင်သည့် အစည်းအဝေးပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်အား အထူးအလေးထား ဖိတ်ကြားလိုပါကြောင်း၊ ပေကျင်းမြို့ရှိ မြန်မာနိုင်ငံကောင်စစ်ဝန်ရုံးမှတာဝန်ရှိသူများကိုလည်း ဖိတ်ကြားထားပါကြောင်း၊ မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးမှလည်း အစည်းအဝေးတက်ရောက်နိုင်ရေး ဖိတ်ကြားစီစဉ်ထားပြီးဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်နိုင်ရေး လုံခြုံရေးနှင့် ဧည့်ခံကြိုဆိုရေးအဖွဲ့များ ဖွဲ့စည်းစီစဉ်ထားရှိပြီး ကုန်ကျစရိတ်များကိုလည်း ချုံချင်မြို့မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်လာရောက်ပါက ချုံချင့်မြို့၏ လုပ်ငန်းဆောင်ရွက်မှုများ၊  စီးပွားရေးဆိုင်ရာနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များအား အသေးစိတ်ပူးပေါင်းဆွေးနွေးလိုပါကြောင်း၊ မန္တလေးမြို့သည် လမ်းကြောင်းသစ်တွင် အဓိက ကျသည့်နေရာမှ ပါဝင်သည့်အတွက် တက်ရောက်ပေးနိုင်ရေး အထူးအလေးထားဖိတ်ကြား လိုပါကြောင်းစသည်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

   ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့် တိုင်းဒေသကြီးအဆင့်တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြရာ ဆွေးနွေးမှုများမှ ချုံချင့်မြို့ တာဝန်ရှိသူများမှ နယ်စပ်ဖြတ်ကျော် ကုန်စည် ပို့ဆောင်ရေးကိစ္စရပ်များ၊ စီမံကိန်းများအကြောင်း ဆွေးနွေးရှင်းလင်းပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးသည် ကုန်းလမ်းရေလမ်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသစ်တွင် အဓိကကျသည့်အတွက် အထူးစိတ်ဝင်စားကြိုဆိုပါကြောင်း၊ လက်ရှိအချိန်တွင် တရုတ် (CREC- China Railway Engineering Cooperation ) နှင့် မူဆယ်- မန္တလေးရထားလမ်း ဆောက်လုပ်လျက်ရှိကြောင်း၊ မီးရထားလမ်းအနေဖြင့် မန္တလေး-ကျောက်ဖြူ လမ်းကြောင်း၊ မန္တလေး-ပုဂံလမ်းကြောင်းများ ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးမှတ်တမ်းများရိုက်ကာ နေ့လယ် ၁၂း၀၀ အချိန်တွင် ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ