Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ငါန်းဇွန်မြို့နယ်၏ အစေ့ထုတ်ပြောင်းဈေးနှုန်းဈေးကွက်

          ငါန်းဇွန်မြို့နယ်သည် စိုက်ပျိုးရေးအခြေခံသောမြို့တစ်ခုဖြစ်ပါသည်။ အစေ့ထုတ်ပြောင်း လျာထားဧက (၄၈၆၀)ဧကလျာထားပြီး (၃၆၇၂)ဧကစိုက်ပျိုးကြောင်း စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရသိရသည်။ ရေဆင်းကျေးရွာ၊ သားကျင်ကျေးရွာ၊ ကံသာ၊ ကံလှ၊ ထနောင်းကုန်း၊ မရိုးကုန်း၊  မြောက်ကျွန်း၊ ဘုရားထူး၊ ရေလည်သောင် စသည့်ကျေးရွာများသည် မြစ်ရေဝင်ရောက်သည့် ကျေးရွာများဖြစ်ပြီး မြစ်ရေကျချိန်၌ ပေါ်ထွန်းလာသော ကျွန်းများပေါ်တွင် ဆောင်းသီးနှံအဖြစ် အစေ့ထုတ်ပြောင်း အများဆုံးစိုက်ပျိုးကြောင်း သိရသည်။ ငါန်းဇွန်မြို့နယ်တွင် အစေ့ထုတ်ပြောင်းကို  မိုးနှင့်ဆောင်း နှစ်ရာသီစိုက်ပျိုးကြပြီး ဆောင်းတွင် စိုက်ပျိုးမှု ပို၍များကြောင်း သိရသည်။ စိုက်ပျိုးသောမျိုးများမှာ CP-222 ၊ CP-808 နှင့် NK-621 တို့ကို စိုက်ပျိုးကြကြောင်းနှင့် တောင်သူအကြိုက်အများဆုံးစိုက်ပျိုးသည့်မျိုးမှာ CP-222 စိုက်ပျိုးကြပြီး မျိုးဈေးအနေဖြင့် ၅-ကီလို တစ်အိတ်လျှင်(၁၀၀၀၀၀)ကျပ်ရှိကြောင်း သိရပါသည်။ ထွက်ရှိသော ပြောင်းဆံများကို မြို့သာစက်မှု ဇုန်နှင့်မန္တလေး၊ မြင်းခြံမြို့များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။ ယခင်နှစ်ဈေးနှုန်းအနေဖြင့် (၂၀၀၀၀)ကျပ်ဝန်းကျင်ရှိခဲ့ပြီး ယခု ဖေဖော်ဝါရီလ တတိယပတ်ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၂၆၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဖရဲသီးဈေးကွပ်

              မန္တလေးမြို့နန်းရှေ့ဈေးရှိ သစ်သီးမျိုးစုံရောင်းချလျက်ရှိသော ဆိုင်များတွင် ပန်းသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ငှက်ပျောသီး၊ သင်္ဘောသီးများနှင့်အတူ သခွာမွှေးသီး၊ ဖရဲသီးများ ရောင်းချ လျက်ရှိကြောင်းသိရှိရသည်။ ခေတ်မှီတိုးတက်သည်နှင့်အမျှ သစ်သီးများကြာရှည်ခံပြီး တစ်နှစ်ပတ်လုံးရောင်းချနိုင်ရန်အတွက် သစ်သီးအအေးခန်းများတွင် သိုလှောင်မှုများလည်း ရှိလာကြ ပြီဖြစ်ပါသည်။ဈေးကွက်အတွင်း၌ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ အနယ်နယ်အရပ်ရပ်မှ ဖရဲသီးများ ဝင်ရောက်လာပြီဖြစ်ပါသည်။ ဖရဲသီးထွက်ပေါ်ချိန်၌ ဖရဲသီးဈေးနှုန်း အသင့်အတင့်ဖြင့် ပေါပေါများ များ ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ဖရဲသီးများကို သစ်သီးမျိုးစုံရောင်းချသောဆိုင်များ အပြင် လမ်းဘေးဝဲယာ သစ်ပင်ကြီးများအောက်တွင်လည်း သုံးဘေးကား၊ လိုက်ထရပ်ကားများ ဖြင့် လှည့်လည်‌ရောင်ချသူများ လည်းရှိပါသည်။ ယခုဖေဖော်ဝါရီလ တတိယအပတ်တွင် ဖြစ်ပေါ် နေသော ဖရဲသီးဈေးနှုန်းများမှာ ဒေသဖရဲမျိုးအစိမ်းကြားသီး လုံးကြီးမျိုးတစ်လုံးလျှင် (၄၀၀၀-၅၀၀၀)ကျပ်၊ အခွန်စိမ်းပြီးအတွင်းသားဝါတစ်လုံးလျှင် (၂၅၀၀-၃၀၀၀)ကျပ်၊ အခွန်စိမ်းပြီး အတွင်းသားနီ တစ်လုံးလျှင် (၂၀၀၀-၃၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ဖရဲသီးအစိပ်ကလေးများ စိပ်၍လည်း တစ်စိပ်လျှင် (၅၀၀)ကျပ် ဖြစ်လည်း ရောင်းချ ကြသည်။ ဖရဲသီးတွင် ရေဓာတ်အများဆုံးပါဝင်သောကြောင့် နွေရာသီအတွက်အကောင်းဆုံး စားစရာသစ်သီးတစ်မျိုးလဲဖြစ်ပါသည်။ ရာသီပေါ်ချိန်ဖြစ်၍ ပေါပေါများများ ဝယ်ယူစားသောက် ကြကြောင်းလဲ သိရှိရပါသည်။

DOCA(မန္တလေး)

ဈေးကွက်သို့စဉ်ဆက်မပြတ်ဝင်ရောက်လျက်ရှိသည့် ပန်းဂေါ်ဖီ(ခေါ်)ပန်းမုန်လာ

            မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်းရှိ သမုန်းကိုင်းကျေးရွာတွင် ပန်းဂေါ်ဖီများ စိုက်ပျိုး လျက်ရှိရာ ပန်းဂေါ်ဖီသည် အေး၍စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်ပြီး စိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးထောင်စိုက်ပျိုးရကြောင်း၊ ပျိုးသက်(၁)လအကြာတွင် စိုက်ခင်းထဲသို့ ခွဲ၍စိုက်ပျိုးရ ကြောင်း၊ တစ်ဧကလျှင်အပင်ရေ (၁၀၀၀၀)ခန့်ဝန်းကျင် စိုက်ပျိုးနိုင်ကြောင်းနှင့် စတင်ပျိုးထောင်၊ စိုက်ပျိုးသည်မှ (၃)လခွဲခန့်အကြာတွင် အပွင့်များခူးဆွတ်ရကြောင်း၊ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ပျိုးထောင်စိုက်ပျိုးခဲ့ပြီး ဇန်နဝါရီလကုန်ပိုင်းမှစတင်ကာ အပွင့်များ ခူးဆွတ် ရောင်းချလျက် ရှိကြောင်းသိရှိရသည်။

             ဈေးနှုန်းများအနေဖြင့် သီးနှံပေါ်စတွင် စိုက်ခင်းအရောက်လာရောက် ဝယ်ယူပါက ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၁၃၀၀/၁၅၀၀)ကျပ်နှုန်းဝန်းကျင်ရောင်းချရပြီး ယခုအခါမြင်းခြံမြို့ရှိ ဈေးများသို့ သွားရောက်ရောင်းချပါက အပွင့်ကြီးတစ်ပွင့်လျှင် (၁၅၀၀)ကျပ်၊ အလတ်(၁၂၀၀)ကျပ်၊ အသေး (၉၀၀/၁၀၀၀)ကျပ်နှုန်းတို့ဖြင့် ဒေသတွင်းစားသုံးမှုအဖြစ်သာ ရောင်းချရကြောင်း၊ တစ်ဧကကုန်ကျ စရိတ်အနေဖြင့် မြေပြုပြင်ခြင်း၊ သွင်းအားစု၊ မျိုးစေ့၊ လုပ်အားခအပါအဝင် စက်သုံးဆီ ဈေးနှုန်းကြီးမြင့်မှုတို့ကြောင့် (၂၅၀၀၀၀၀)ကျပ် ခန့်ကုန်ကျပါကြောင်း၊ ပျမ်းမျှအထွက်နှုန်းအနေဖြင့် အပွင့်(၅၀၀၀)ခန့်ထွက်ရှိပြီး အနိမ့်ဆုံးဈေးဖြင့် ရောင်းချရပါက တစ်ဧကလျှင်ရရှိငွေ(၆၅၀၀၀၀၀) ကျပ်ခန့်ဖြစ်သဖြင့် တောင်သူအကျိုးအမြတ်ကျပ်သိန်း (၄၀)ခန့်ရှိကြောင်း မြင်းခြံမြို့နယ်၊ သမုန်းကိုင်း ကျေးရွာနေ ပန်းဂေါ်ဖီစိုက် တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ရဲ့ မိုးကြက်သွန်ဈေးကွက်

             မြင်းခြံမြို့နယ်အနေဖြင့် မိုးကြက်သွန်နီစိုက်ဧက (၅၆၃) ဧက ရှိပါသည်။ ဒီဇင်ဘာလ စတုတ္တပတ်မှစ၍  မိုးကြက်သွန်များဈေးကွက်အတွင်း ရောင်းလက် / ဝယ်လက် ပုံမှန်ရောင်းဝယ်နေ သည်မှာ ယနေ့ချိန်ထိတိုင်ဖြစ်ပါသည်။ မိုးကြက်သွန်နီသည် နွေကြက်သွန်ပင်လေးအပြီး ပေါ်သော သီးနှံတစ်ခုဖြစ်ပြီး နယ်ဈေးကွက်ကို အဓိကအားကိုးအားထားပြု ရောင်းဝယ်ရခြင်းဖြစ်ပါသည်။ နွေပင်လေးလိုအထားမခံ လှောင်လို့လဲမရ လေဝင်လေထွက်ကောင်းသည့်နေရာတွင် ခပ်ပြန့်ပြန့် လေးထားပြီး ဈေးကွက်တောင်းဆိုရာကို ဝယ်တင်စနစ်ဖြင့် ရောင်းဝယ်ရသောသီးနှံပင်ဖြစ် တယ်လို့သိရသည်။ ဈေးကွက်အနေဖြင့် အဝယ်လဲဖြိုင်သလို အဝင်လဲ လှိုင်သည်ကိုလည်း သိရသည်။ နေ့စဉ်ကုန်ချိန်အဝင် ကိုးသောင်းနှင့်တစ်သိန်း ပိဿာအကြားတွင် အဝင်ရှိပြီး ကုန်လက်ကျန်မရှိ အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။ ဈေးနှုန်းအနေဖြင့် အကြီးစ တစ်ပိဿာ ၂၁၀၀/- ကျပ် မှ ၂၃၀၀/- ကျပ်၊ အလတ်စ ၁၆၀၀/- ကျပ်မှ ၁၇၀၀/- ကျပ် ၊ အသေးစ ၅၀၀/-ကျပ်မှ၈၀၀/-ကျပ်ဈေးရှိကြောင်းသိရသည်။ ဖေဖော်ဝါရီ ဒုတိယပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် ဈေးအနည်း ငယ်ကျဆင်းသွားကြောင်းသိရသည်။ မြင်းခြံမြို့အတွင်းသို့ ရောက်ရှိလာသော မိုးကြက်သွန်နီများသည် အရောင်လှအမြိတ်လှမည်ဆိုလျှင် ဈေးကောင်းလည်းပိုရသည်ဟု ကြက်သွန်နီ စိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

ဆီးချို၊ ဆီးချဉ်သီးများ ထွက်ပေါ်လျက်ရှိ

              မြင်းခြံမြို့နယ်သည် အညာဒေသတစ်ခုဖြစ်သည့်အလျောက် အပူပိုင်းဒေသများတွင် ပေါက်ရောက်မှုများသည့် ဆီးပင်များကို စီးပွားဖြစ်စိုက်ပျိုးကြသလို အလေ့ကျပေါက်သည့် ဆီးပင်များ လည်း ပေါများသောဒေသတစ်ခုဖြစ်ရာ ဖေဖော်ဝါရီလအတွင်းမှစ၍ ဆီးချို၊ ဆီးချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆီးပင်များကို ဝိုင်းခြံစည်းရိုးများတွင်ဖြစ်စေ စိုက်ပျိုးကြသလို တောင်ယာစိုက်ခင်းများ၏ စည်ရိုးများနှင့် သီးနှံစိုက်ပျိုးလို့မရသည့် မြေလွတ်မြေရိုင်းများတွင်လည်း စိုက်ပျိုးပေါက်ရောက် ကြပါသည်။ ဆီးသီးပေါ်ချိန်တွင် တောသူတောင်သားများသည် နွားကျောင်းရင်း၊ ဆိတ်ကျောင်းရင်းဖြစ်စေ၊ ယာခင်း၊ လယ်ခင်းများရှင်းလင်းရင်းဖြစ်စေ ဆီးသီးများကို ကောက်ယူစုဆောင်း၍ ရွာပွဲစားများထံ တွင်လည်းကောင်း၊ မြို့ပေါ်ရှိပွဲရုံများသို့လည်းကောင်း ဈေးဝယ်သွားရင်းဖြင့် ရောင်းချကြကြောင်း သိရသည်။ တောင်သူများအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိသည့်အတွက် မီးဖိုချောင် စရိတ်တော့ရတာပေါ့ဟု နယ်ခြားကျေးရွာမှ ရောင်းချသူတစ်ဦးထံမှ သိရသည်။ ဈေးနှုန်းအနေဖြင့် ဆီးချိုတစ်တင်းလျှင်ငွေကျပ်(၆၀၀၀-၇၀၀၀)ကျပ်ရှိကြောင်း၊ ဆီးချဉ်တစ်တင်းလျှင်ငွေကျပ်(၁၀၀၀၀ - ၁၂၀၀၀၀) ကျပ်၊ ဆိတ်စားဆီးသီးအသေး တစ်တင်းလျှင်ငွေကျပ်(၂၈၀၀၀- ၃၀၀၀၀)ကျော်ထိရှိပြီး ဆီးအမျိုး အစားပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရသည်။ ဆီးအချဉ်သီးကို မြို့ပေါ်ရှိ ဆီးခွဲစက် လုပ်ငန်းရှင်များမှ ဝယ်ယူလျက်ရှိပြီး ဆီးချဉ်သီးတစ်တင်းလျှင် ဆီးဝတ်ဆံ(၂၀)ကျပ်သား ရရှိပြီး ဆီးဝတ်ဆံတစ်ပိဿာလျှင်ငွေကျပ်(၅၀၀၀၀- ၅၅၀၀၀) ရရှိကြောင်း သိရသည်။ ဆီးချိုကို မြို့ပေါ်ရှိ ယိုလုပ်ငန်းသမားများနှင့်လှောင်လက်သမားများ ဝယ်ယူကြကြောင်းသိရပြီး ဝယ်ယူရရှိမှုအနေဖြင့် တောအဝင်ပေါ်မူတည်၍ တစ်ရက်လျှင်တင်း (၁၀၀၀-၂၀၀၀) ခန့် အရောင်းအဝယ် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကုလားပဲစိုက်ပျိုးရေးနှင့်ဈေးနှုန်းဈေးကွက်

               ကုလားပဲကိုအင်္ဂလိပ်ဘာသာစကားအရ Chickpeaလို့ခေါ်ဝေါ်ကြပြီး ရုက္ခဗေဒအမည်မှာ Cicer Arietium ဖြစ်ပါသည်။ ကုလားပဲကို အထက်မြန်မာပြည် စစ်ကိုင်းတိုင်းဒေသကြီး ၊မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဆောင်သီးနှံ အဖြစ်အများဆုံး စိုက်ပျိုးကြသည်။ကုလားပဲ ကိုပြည်တွင်း စားသုံးမှုများသကဲ့သို့ ပြည်ပတင်ပို့ရောင်းချရန်အတွက်ပါ စိုက်ပျိုးကြပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ကုလားပဲကို ကျောက်ဆည်ခရိုင်တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး စိုက်ဧက ၆၀၉၇၅ခန့်၊ဒုတိယအများဆုံးအနေဖြင့် မိတ္ထီလာခရိုင်တွင် စိုက်ဧက ၅၃၆၀၆ခန့်၊ ရမည်းသင်းခရိုင်တွင် စိုက်ဧက ၃၁၆၅၄ခန့်၊မြင်းခြံခရိုင်တွင် စိုက်ဧက ၃၁၄၇၇ခန့်၊တံတားဦးခရိုင် တွင်စိုက်ဧက ၁၁၃၃၃ ခန့်၊ညောင်ဦးခရိုင်တွင်စိုက်ဧက ၅၁၇၄ ခန့်စိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခုနှစ်စာရင်းအရသိရှိရပါသည်။ကုလားပဲစိုက်ပျိုးရာတွင် မြေပြုပြင်ခြင်း၊စိုက်ပျိုးပြုစုခြင်း၊ရိတ်သိမ်းချွေလှေ့ခြင်း၊သွင်းအားစု စသည့်ဖြင့် တစ်ဧကကုန်ကျ စရိတ်(၄၀၀၀၀၀-၄၅၀၀၀၀)ကျပ်ခန့်ကုန်ကျလျက်ရှိပါသည်။တစ်ဧကလျှင် ကုလားပဲအထွက်တင်း (၁၅)တင်းခန့်ထွက်ရှိပါသည်။ မြန်မာကုလားပဲကို အဓိက အားဖြင့် အိန္ဒိယနိုင်ငံသိုတင်ပို့ကြပြီး တရုတ်နိုင်ငံ၊စင်္ကာပူနိုင်ငံ၊ကိုရီးယားနိုင်ငံ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့ကိုလည်းတင်ပို့ကြပါသည်။ ယခု အချိန်အခါသည် ကုလားပဲစတင်ရိတ်သိမ်းသည့်အချိန်ကာလ ဖြစ်ပြီး မန္တလေးဈေးကွက်အတွင်းသို့ ကျောက်ဆည်၊သဲတော၊ဝမ်းတွင်း၊မြင်းမူ၊မတ္တရာနှင့် စစ်ကိုင်းတိုင်းမုံရွာတို့မှဝင်ရောက်လျက် ရှိပါသည်။ယခုအခါတွင်ကုလားပဲဖြူလုံးကြီး(V2)တစ်တင်းလျှင်(၈၀၀၀၀)ကျပ်ခန့်၊ကုလားပဲ(ဗမာ) တစ်တင်းလျှင်(၇၉၀၀၀) ကျပ်ဝန်းကျင်ခန့် ၊ကုလားပဲ(ထိုင်ဝမ်) တစ်တင်းလျှင် (၇၈၀၀၀)ကျပ် ဝန်းကျင်ခန့်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်များအရ သိရှိရပါသည်။

DOCA(မန္တလေး)

စက်သုံးဆီစျေးနှုန်းအနည်းငယ်မြင့်တက်

            စက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ  စက်သုံးဆီ လက်ကားရည်ညွှန်းစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဥ်ဆီရောင်းချမှု၊ ဆီဘောင်ကားရောက်ရှိမှုအခြေအနေများကို သက်ဆိုင်ရာဌာနများမှ ကြပ်မတ်စိစစ်ဆောင်ရွက်လျက်ရှိပါသည်။

            ထားဝယ်မြို့နယ်တွင် စက်သုံးဆီဆိုင်(၁၀)ဆိုင်ရှိပြီ ပုံမှန်ဖွင့်လှစ်‌ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း စက်သုံးဆီစျေးနှုန်းများမှာ 92 တစ်လီတာ (၃၂၉၅) ကျပ်၊ 95တစ်လီတာ(၃၃၅၀)ကျပ်၊ ဒီဇယ်ရိုးရိုးတစ်လီတာ(၂၈၆၅)ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ (၃၅၀၀)ကျပ် နှုန်းဖြင့် ရောင်းချခဲ့ပြီး ဖေဖော်ဝါရီလ စတုထ္တပတ်အတွင်း 92 တစ်လီတာ (၃၃၅၀)၊ 95 တစ်လီတာ(၃၄၀၅)ကျပ်၊ ဒီဇယ်ရိုးရိုးတစ်လီတာ (၂၉၀၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာ (၃၅၆၀) ကျပ်ဖြစ်ပြီး စျေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်းသိရှိရပြီး စက်သုံးဆီများ ဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချမှု ရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများမှ ကြီးကြပ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်ဒေသထွက် ဗုံလုံသီး(ပဲလင်းမြွေသီး)ဈေးနှုန်း

              ထားဝယ်တွင် ဗုံလုံသီ(ပဲလင်းမြွေသီး)များ စတင်ပေါ်ထွက်လာပြီ ဖြစ်ပါသည်။ ဗုံလုံသီးသည် သခွား၊ ဗူး၊ ဖရုံတို့လို အနွယ်ပင်ဖြစ်၍ မိုးရာသီတွင်ထွက်ပေါ်လေ့ရှိပြီး ယခုအခါ ရေလောင်း၍ စိုက်ပျိုးကြသည်။ ထားဝယ်မြို့အနီးဝိုက်ရှိ ခြံများတွင်စိုက်ပျိုးကြပြီး နီးစပ်ရာဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ထိုအသီးသည် အပေါ်ယံအလွှာကို ဓားနှင့်ခြစ်ပြီး အရွယ်တော် အတုံးလေးများ တုံး၍ အလယ်အူတိုင်ကိုထုတ်ပြီး ကြက်သား (သို့) ပုစွန်ခြောက်ကို ထောင်းပြီး အစာသွပ်ချက်စား လျှင် အလွန်ကောင်းသည့် ဟင်းလျာတစ်မျိုး ဖြစ်ပါသည်။ ဗုံလုံသီးတွင် ဗီတာမင်နှင့် သတ္တုဓါတ်များပါသဖြင့် စားသုံးပေးသင့်သော သီးနှံတစ်မျိုးဖြစ်ပါ သည်။ 

              ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးမှာ တစ်လုံးလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ဖြင့် စျေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်ဒေသထွက် တောင်ထန်းဈေးနှုန်း

             ထားဝယ်မြို့နယ်အတွင်း ကျေးရွာများမှဒေသထွက်တောင်ထန်းများကို နေ့စဉ် ထားဝယ်မြို့ ပေါ်သို့တင်ပို့ရောင်းချလျှက်ရှိရာ ယခုနှစ်ရာသီတွင် ယခင်နှစ်ထက်ဈေးနှုန်း ပိုမိုရရှိလာကြောင်း သိရှိ ရပါသည်။ တောင်ထန်းကို အိမ်ခေါင်မိုး မိုးရန်နှင့် လယ်တဲများ အမိုးပြုလုပ်ရန် အသုံးပြုလျက်ရှိပါသည်။

              ယခုနှစ် တောင်ထန်းရာသီ ထွက်ရှိချိန် ဖေဖော်ဝါရီ၊မတ်လများတွင် တောင်ထန်းဈေးနှုန်းမှာ တစ်ကဒ်လျှင် ၈၀၀၀ ကျပ်မှ ၉၀၀၀ထိ ဈေးရရှိကာ မိုးရာသီဈေးအမြင့်ဆုံးရရှိချိန် ဧပြီလတွင် တောင်ထန်းကဒ်တစ်ကဒ်လျှင် ၂၀၀၀၀ ကျပ် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျဆင်း

           ထားဝယ်မြို့၊ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများကို ရန်ကုန်၊ မန္တလေးပွဲရုံများမှ ယူ၍ရောင်းချကြပြီး တစ်ပိဿာလျှင် ကျပ် ၂၅၀၀ မှ ၃၀၀၀ ဈေးနှုန်းဖြင့် ထားဝယ်မြို့ကမ်းနားပျံကျဈေးနှင့် စည်ပင်သာယာဈေးကြီးတို့တွင် ရောင်းချကြကြောင်းသိရှိရပါသည်။

             ယခုအခါတွင် ဈေးကွက်အတွင်း ထားဝယ်ဒေသမှထွက်သော ခရမ်းချဉ်သီးများဝင်လာသဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း ခရမ်းချဉ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း