Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ ဒလမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောနှင့် စားသုံးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခြင်း ”

ဒလမြို့နယ် ၊ ဖေဖော်ဝါရီ  (၂၅) ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ (၂၁)ရက် နေ့၊ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် ရွှေလှချောင်ကျေးရွာ အ.မ.က မူလွန်စာသင်ကျောင်း တွင်ကျင်းပခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီး အရာရှိမှ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် မိမိတို့အတွက် အကျိုးရှိ စေမည့် အတတ်ပညာများကို လူငယ်ဘဝမှစ၍ လေ့လာဆည်းပူးသင့်ပြီး ပညာရဲ့ရင့်ပွဲလယ်တင့် စေရန် စာပေကောင်းများဖတ်ကာ မိမိတို့နိုင်ငံ၏ အနာဂတ်လှပစေရန် နိုင်ငံကိုချစ်မြတ်နိုးစိတ်၊ တိုင်းရင်း သားညီကိုမောင်နှမအချင်းချင်း ချစ်ကြည်ရင်းနှီးစွာနေထိုင်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိဘဝတိုးတက်ရေးအတွက် ပညာရေးကိုအပတ်တကုတ်ကြိုးစားရန် လိုကြောင်းဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှလည်း စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် နစ်နာဆုံးရှုံးမှုများ မရှိစေရေးအတွက် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဝယ်သုံးစွဲခြင်းမပြုမီ သတိပြုဆောင်ရွက် ရမည့်အချက်များ၊ ကုန်ပစ္စည်းတစ်ခုချင်းစီ ၌ ဖော်ပြပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ အားသေချာဖတ်ရှု့ ဝယ်ယူသုံးစွဲပါရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများ ရှိလာပါက တိုင်ကြားနိုင်မည့် နည်းလမ်းများ စသည့်တို့ကို စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။    

DOCA(ရန်ကုန်)      

“ ခရမ်းမြို့နယ်၌ ဆောင်းသီးနှံပဲတီစိမ်းများလှိုင်လှိုင်ထွက်ပေါ်ခြင်း”

ခရမ်းမြို့နယ်၊ ဖေဖော်ဝါရီ  (၂၅) ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင် နှစ်စဉ်မိုးစပါးများ ရိတ်သိမ်းပြီး လယ်ဧကများတွင် ဆောင်းသီးနှံပဲတီစိမ်းကို စိုက်ပျိုးခဲ့ရာ ယခင်နှစ်တွင် (၁၀၅၀၁၇) ဧကစိုက်ပျိုးခဲ့ပြီး ယခုနှစ် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် (၁၀၄၄၉၄)ဧကအား ရာနှုန်းပြည့် အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဒေသ၏စိုက်ပျိုးမြေကောင်းမွန်မှု ကြောင့် စိုက်ပျိုးရေးအဆင်ပြေ၍ သီးနှံများအား တစ်နှစ်ပတ်လုံးစီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင် ကြရာ ခရမ်းဒေသထွက် ပဲတီစိမ်း၊ ပဲတီရွှေဝါသည် ဥရောပနိုင်ငံများထိတင်ပို့ ရောင်းချရသော ဈေးကွက် ဝင်သီးနှံဖြစ်၍ ပြည်ပဝင်ငွေရရှိခြင်း၊ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံ စေရေးအတွက် တောင်သူများ အဓိကထား၍ နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ယခုအခါတွင် ခရမ်း တစ်မြို့နယ်လုံးရှိ ကျေးရွာများတွင် ပဲတီစိမ်းသီးနှံများကို ခူးဆွတ်နေပြီး ပဲတီစိမ်းများ လှိုင်လှိုင်ထွက်ပေါ်လျှက်ရှိ၍ ၎င်းပဲတီစိမ်းများအား ပဲအဝယ်ဒိုင်များ၊ ကုန်သည်၊ ပွဲစားများမှ ဝယ်ယူလျက်ရှိရာ ပဲတီစိမ်းတစ်တင်း လျှင် ယခုနှစ်အဖွင့်ဈေးမှာ (၁၁၅၀၀၀)ကျပ်ဖြစ်ပြီး ယခင်နှစ်အဖွင့်ဈေးမှာ (၉၀၀၀၀)ကျပ် ဖြစ်ခဲ့ပြီး ယခုနှစ်တွင် ပဲအထွက်တင်းမှာ ယခင်နှစ်ထက် ပိုမိုထွက်ရှိသောကြောင့် တောင်သူများအကျိုးအမြတ်များ ရရှိကြောင်းသိရသည်။

ခရမ်းပဲတီစိမ်း၊ ပဲတီရွှေဝါများကို မြို့နယ်ရှိကုန်သည်များက ပဲအဝယ်ဒိုင်များဖွင့်လှစ်၍ တောင်သူများထံမှ ဝယ်ယူကြပြီး ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ရွှေပြည်သာ၊ လှိုင်သာယာစက်မှုဇုံ များရှိ ကုမ္ပဏီများသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

DOCA(ရန်ကုန်)                       

ပဲပုတ်သီးနှံ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်း‌ဈေးကွက်အခြေအနေ

            ပဲပုတ်သီးနှံ၏ မူရင်းဒေသမှာ တရုတ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၌ အဓိကထား စိုက်ပျိုးလျက်ရှိပြီး တစ်နိုင်ငံလုံးပဲပုတ်စိုက်ဧက၏ ၅၀%ခန့် စိုက်ပျိုးမှုရှိသည်ဟု သိရှိရပါသည်။

            ရှမ်းလူမျိုးများ၏ ရိုးရာအစားအစာများထဲတွင် ပဲပုတ်သည် ထိပ်ဆုံးမှပါဝင်လျက်ရှိပါသည်။ အောက်ပြည်အောက်ရွာမှ လူအများတို့သည် ထမင်းဝိုင်းတွင် ငါးပိမပါလျှင် မပြည့်စုံသကဲ့သို့ ရှမ်းလူမျိုးတို့၏ နေ့စဉ်ဟင်းလျာတွင်လည်း ပဲပုတ်မပါလျှင် မပြီးပြည့်စုံနိုင် ဖြစ်ရပါသည်။ ထို့ကြောင့်လည်း ရှမ်းလူမျိုးများကို ပဲပုတ်နှင့်တွဲဖက်၍ မြင်ကြသောကြောင့် “ရှမ်းပဲပုတ်”ဟုလည်း ခေါ်ဆိုကြသည်။ ပဲပုတ်ကို အချပ်လိုက် အခြောက်လှန်းထားသော ပဲပုတ်ချပ်အချို(သို့မဟုတ်) ပဲပုတ်ချပ်အစပ် အဖြစ်လည်းကောင်း၊ ခပ်ပျော့ပျော့ ပဲငါးပိအဖြစ်လည်းကောင်း ဝယ်ယူရရှိနိုင်ပါသည်။

          ယခုကာလသည် ပဲပုတ်သီးနှံ ထွက်ရှိကာလ မဟုတ်သောသော်လည်းဒေသအစားအစာ ဖြစ်သောကြောင့် ဝယ်ယူစားသုံးသူများ များပြားလျက်ရှိပါသည်။ ပဲပုတ်စေ့ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၅၀၀)ကျပ်မှ (၇၀၀၀)ကျပ်၊ တစ်တင်းလျှင် (၁၄၀၀၀၀)ကျပ်ပေါက်ဈေးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရှမ်း)

ဒေသထွက်စပါးများ ဈေးကောင်းရရှိ

               မြန်မာနိုင်ငံတွင် ဆန်စပါးကို အဓိကထားစိုက်ပျိုးသော သီးနှံဖြစ်၍ မိုးစပါးနှင့် နွေစပါး စိုက်ဧက(၁၇)သန်းခန့်ရှိပြီး ဆန်စပါးထွက်ရှိမှု၏ (၇၀)ရာခိုင်နှုန်းခန့်မှာ ပြည်တွင်းစားသုံးမှုဖြစ်ကြောင်း သိရှိရပါသည်။

              ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဧည့်မထအုပ်စုဝင်စပါးမျိုးများဖြစ်သော ဒေသအခေါ် ရွှေအပ်၊ ရွှေရင်အေးစပါးမျိုးများကို အများဆုံးစိုက်ပျိုးကြပြီး ယခုအချိန်တွင် တစ်တင်းလျှင် (၃၀၀၀၀/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါတယ်။

              ညောင်ရွှေမြို့၊ ဆီဆိုင်မြို့၊ ဟိုပုံးမြို့၊ တောင်ကြီးမြို့တို့၌ အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုး ထွက်ရှိသောစပါးများကို ကြိတ်ခွဲ၍ အခြားတိုင်းဒေသကြီးများဖြစ်သော ရန်ကုန်မြို့၊ မန္တလေးမြို့များသို့ လည်း တင်ပို့ရောင်းချကြကြောင်း သိရှိရပါတယ်။

              ဒေသဆန်အနေဖြင့် (၂၄)ပြည်တစ်အိတ်လျှင် (၁၃၀၀၀၀-၁၄၀၀၀၀)ကျပ်အထိရှိပြီး ၎င်းစပါးမျိုးများသည် တစ်ဧကလျှင် တင်း(၇၀-၈၀)အထိ ထွက်ရှိသောကြောင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အနေဖြင့် နှစ်စဉ်အကျိုးအမြတ်များရရှိသည့် သီးနှံဖြစ်ကြောင်းသိရှိရပါသည်။

              ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးဒေသဖြစ်သော ညောင်ရွှေမြို့နယ်တွင် မိုးကြိုစပါး (နွေစပါး)များကိုလည်း စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

“မူဆယ်မြို့နယ်အတွင်းကြံခုတ်လုပ်ငန်းများ စတင်ဆောင်ရွက်နေ”

             ယခုလအချိန်အခါသည် ကြံခုတ်ရာသီရောက်ရှိလာပြီဖြစ်၍ မူဆယ်မြို့နယ်အတွင်း ကြံစိုက်တောင်သူများ ကြံခုတ်လုပ်ငန်းစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။ ယခုနှစ် ကြံတစ်တန် လျှင် ယွမ်(၃၀၀) ပေါက်ဈေးရှိပြီး ယခင်နှစ်က ကြံတစ်တန်လျှင် ယွမ်(၂၇၀) ကျော်သာရှိကြောင်း သိရသည်။

            ကြံဈေးနှုန်းမှာ ယခင်နှစ်ပေါက်ဈေးထက် ဈေးပိုရရှိသော်လည်း စိုက်ပျိုးရေးအတွက် လိုအပ် သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးဈေးနှုန်းများ ဈေးနှုန်းမြင့်တက်လာမှုကြောင့် ယခုနှစ်ကြံစိုက်ပျိုးရေး လုပ်ငန်းတွင် အကျိုးအမြတ်နည်းကြောင်းသိရှိရသည်။ ကြံခုတ်ခများမှာ ကြံတစ်စည်း လျှင် (၁၇) ချောင်းမှ အချောင်း (၂၀) ထိရှိပြီး တစ်စည်းလျှင် ကျပ် (၅၀၀) ကျော်အထိရရှိကြောင်း မူဆယ်မြို့ ကြံခုတ်လုပ်ငန်း သွားရောက်လုပ်ကိုင်သူများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)

၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက် နှင့် စီးဆင်းမှုအခြေအနေ

          ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းဒေသတွင် ယခုတစ်ပတ်ပြောင်းသီးနှံမှာ     တစ်ပိဿာ လျှင်(၁၄၇၀-၁၄၉၀)ကျပ် အမြင့်ဈေးဖြင့်ငြိမ်နေပြီး ပြည်ပအဆွဲသွက်နေသောကြောင့် စီးဆင်းမှုမှာ အားကောင်းနေပါသည်။ကြက်သွန်ဖြူသီးနှံမှာ ဈေးကွက်အတွင်းအသစ်များ ဝင်ရောက်မှုရှိလာပြီး ရှမ်းကြက်သွန်ဖြူ(အသစ်)ထူး-၅နှင့်ထူးလွန်အရောမှာ တစ်ပိဿာလျှင် (၇၀၀၀-၈၀၀၀)ကျပ်ခန့် ဈေးရှိနေကြပြီးကြက်သွန်ဖြူအဟောင်း ထူး-၁၊ ထူး-၂ နှင့် ထူးလွန်မှာလက်ကျန်မရှိတော့ဘဲ တစ် ပိဿာလျှင် ထူး ၃-၁၁၀၀၀ကျပ်၊ ထူး ၄-၁၂၀၀၀ကျပ်၊ ထူး ၅-၁၃၀၀၀ကျပ် နှင့် ဥတစ်လုံးဆိုဒ်မှာ ၂၅၀၀၀ကျပ်ဖြင့် ပြည်တွင်းဈေးကွက်သုံးသာစီးဆင်းနေပါသည်။

          အာလူးသီးနှံမှာ ဈေးကွက်အတွင်း လှိုင်လှိုင်ဝင်ရောက်နေသဖြင့် ဈေးကျဆင်းနေပြီး တစ်ပိဿာလျှင်မားကစ်S2/ S1-၅၀၀၀ကျပ်၊ မျက်နီ S2/S1-၄၀၀၀ကျပ်၊ OK-၃၀၀၀ကျပ်၊ A1-၂၅၀၀ကျပ် နှင့် ဆွဲသီးမှာ ၂၀၀၀ ကျပ်အသီးသီးဈေးရှိနေကြပြီး ရန်ကုန်၊ မန္တလေးဒေသများမှ အဆွဲကောင်း၍ စီးဆင်းမှုမှာကောင်းနေပါ သည်။

          ချင်းသီးနှံမှာမြေနီအခက်ကြီးတစ်ပိဿာလျှင် ၃၀၀၀ကျပ် နှင့် အလတ်မှာ ၂၅၀၀ကျပ်ဖြင့် ပြည်ပဝယ်လိုအားမရှိသောကြောင့်အကျဈေးဖြင့်ငြိမ်နေပြီးစီးဆင်းမှုမှာပုံမှန်ဖြစ်နေပါသည်။

          ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ (၁၀၀၀-၁၅၀၀)ကျပ်၊ ပန်းမုံလာ (၁၀၀၀-၁၅၀၀)ကျပ်၊ ရွှေပဲ (၄၀၀၀-၅၀၀၀)ကျပ်၊ မုန်ညှင်း (၈၀၀-၁၀၀၀)ကျပ်၊ ဖရုံသီး (၁၂၀၀-၁၅၀၀)ကျပ်၊ ခရမ်းသီး (၂၅၀၀-၃၀၀၀)ကျပ်၊ ခရမ်းချဉ်သီး (၆၀၀-၁၀၀၀)ကျပ်၊ ငရုတ်ပွ (၅၀၀၀-၅၅၀၀)ကျပ်၊ မုန်လာဥနီ (၂၅၀၀- ၃၀၀၀)ကျပ် နှင့် ဘိုစား (၄၅၀၀-၄၈၀၀)ကျပ်ဖြင့် ဈေးနှုန်းထူးခြားစွာပြောင်းလဲမှုမရှိဘဲ ဈေးအေး လျက်ရှိပြီး စီးဆင်းမှုမှာ ယခင်အပတ်တိုင်း ပုံမှန်ဖြစ်နေပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

“ ရှမ်းတောင်တွင် ခရမ်းချဉ်သီးများ ဈေးနှုန်းကျဆင်း ”

             ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်တွင် ဒေသထွက် ခရမ်းချဉ်သီးများ ဈေးနှုန်းကျဆင်းနေကြောင်း သိရှိရသည်။ အောင်ပန်းမြို့ ခရမ်းချဉ်သီးဈေးကွက်မှာ (၂၀၂၄) ခုနှစ် နှစ်ကုန်ပိုင်းတွင် ဈေးကောင်းသော်လည်း ယခုနှစ် (၂၀၂၅) ခုနှစ် အစပိုင်းတွင် ဈေးနှုန်းအနည်းငယ်ကျဆင်းနေကြောင်း သိရသည်။

                ညောင်ရွှေနှင့် အင်းလေးဒေသတဝိုက်တွင် ခရမ်းချဉ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ထွက်ရှိလာသော ခရမ်းချဉ်သီးများကို အောင်ပန်းမြို့ရှိ ကုန်ပွဲရုံသို့လာရောက်ရောင်းချကြကြောင်း သိရှိရသည်။ အချို့ကိုမူ နီးစပ်ရာဒေသများဖြစ်သော မန္တလေး၊ မိတ္ထီလာ၊ ဝမ်းတွင်း၊  ပြည်ညောင်၊  ကူမဲမြို့ စသည်တို့ကိုလည်း တင်ပို့ရောင်းချကြကြောင်း သိရှိရသည်။ ခရမ်းချဉ်သီးဈေးနှုန်းမှာ  ပျှမ်းမျှ ပွဲရုံဈေး(လက်ကားဈေး) (၁၈၀၀) ကျပ်မှ (၂၅၀၀) ကျပ်ရှိပြီး လက်လီဈေး (၂၅၀၀) ကျပ်မှ (၃၀၀၀-၃၅၀၀) ကျပ်အထိ အမျိုးအစား၊ နေရာဒေသပေါ်မူတည်ပြီး ကွဲပြားကြောင်းလည်း သိရှိရသည်။

             ရှမ်းပြည်နယ်အတွင်းဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေနှင့် တိုက်ပွဲအခြေအနေများကြောင့် အချို့နယ်စပ်ဂိတ်များမှာ ပိတ်ပင်ထားလျက်ရှိရာ ပြည်ပသို့တင်ပို့ရောင်းချနိုင်ခြင်းမရှိကြောင်းလည်း သိရှိရသည်။  ယခုချိန်မှာ ခရမ်းချဉ်သီးများ လှိုင်လှိုင်ပေါထွက်သောရာသီဖြစ်၍ အရောင်းသွက်လျက်ရှိသောကြောင့် ဈေးနှုန်းမှာကျဆင်းနေခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရှမ်း)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ခရမ်းချဉ်သီး(ထိုင်ဝမ်)ဈေးနှုန်းများ ဆက်လက်ကျဆင်း လျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီဈေး၌ ခရမ်းချဉ်သီး(ထိုင်ဝမ်)မျိုးကို ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မယ်ဇလီတော၊ ဥယျာဉ်၊ ပန်းတော်ပြင်စသည့်ကျေးရွာများအပြင် တောင်တွင်းကြီးမြို့၊ မကွေးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့မှ မှာယူ ရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် အလုံးအကြီး အသေးအလိုက် ကျပ်(၉၀၀-၁၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ဒုတိယပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၁၀၀၀-၁၃၀၀)ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိရာ ယခုတစ်ပတ်တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၀၀-၃၀၀)ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ဒေသ တွင်းခရမ်းချဉ်သီးစိုက်ခင်းများမှာ လှိုင်လှိုင်ထွက်ရှိနေသည့်အတွက် ဈေးနှုန်းများမှာတဖြေးဖြေး ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ကြက်သွန်နီဈေးနှုန်းများကျဆင်းလျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်သွန်နီကို မင်းလှမြို့ နယ်အတွင်းရှိ ကျေးရွာများအပြင် မကွေးမြို့၊ မင်းဘူးမြို့၊ တောင်တွင်းကြီးမြို့နှင့် သရက်မြို့တို့မှ မှာယူရောင်းချကြကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ဥအကြီး၊ အသေး အလိုက် ကျပ်(၃၅၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဇန်နဝါရီလ(တတိယပတ်)တွင် ကျပ်(၄၀၀၀) ဖြင့်ရောင်းချလျက်ရှိရာ လနှစ်လနှင့်နှိုင်းယှဉ်ပါက ကျပ်(၅၀၀)ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း၊ ယခုအချိန်တွင် ဒေသတွင်းကျေးရွာများရှိ ကြက်သွန်နီစိုက်ခင်းများမှာ ကြက်သွန်နီသစ်များ ထွက်ပေါ်လျက်ရှိသောကြောင့် ဈေးနှုန်းမှာ ကျဆင်းလာရခြင်းဖြစ်ကြောင်း ဇေယျာသီရိဈေးအတွင်းရှိ ကြက်သွန်နီရောင်းချသူဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ မယ်ဇလီတောကျေးရွာ၌ ဆောင်းကြက်သွန်နီအထွက်နှုူန်းလျော့ကျ သော်လည်း ဈေးကောင်းရလျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ မယ်ဇလီတော ကျေးရွာ၌ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလတွင် ပျိုးပင်စိုက် ကြက်သွန်နီ ဧက(၅၀)စိုက်ပျိုးခဲ့ရာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလဆန်းတွင် စတင်တူးဖော်လျက်ရှိကြောင်း သိရသည်။

          စိုက်ပျိုးရာတွင် ရေသွင်းဘောင်တင်စနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ မျိုးအနေဖြင့် ပျိုးပင်ကို ရေနံချောင်းမြို့မှ ဝယ်ယူကြောင်း၊ (၁)ဧကလျှင် မျိုးဖိုး၊ လုပ်အားခ၊ ရေသွင်းခ၊ မြေပြုပြင်ခနှင့် အခြား သွင်းအားစုစရိတ်အပါအဝင် ကျပ်(၃၈)သိန်းခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် ပိဿာချိန်(၃၀၀၀)ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် ကျပ်(၂၇၀၀)ဖြင့် ရောင်းချ ရ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၄၃)သိန်းခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့၊ ဘုရင် နောင်ပွဲရုံသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ရာသီဥတုမညီမျှမှုကြောင့် ကြက်သွန်နီ ပင်များ အသေအပျောက်များပြီး ယခင်နှစ်ကထက်ကြက်သွန်အထွက်နှုန်းလျော့ကျသော်လည်း ဈေးကောင်းရသောကြောင့် စိုက်တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိကြောင်း မယ်ဇလီ တောကျေးရွာနေ ကြက်သွန်နီစိုက် တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း