Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မန်ကျည်းပင်ဈေးရှိ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်များကို မိမိတို့နေအိမ် ခြံဝင်းများတွင် လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ မန်ကျည်းပင်ဈေးနှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  အိမ်ရှင်မများမှ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်ကို ပြုတ်၍ မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုပ်စားကြသလို ငပိရည်နှင့်တွဲဖက်၍ အတို့အမြုပ်အဖြင့်လည်း စားသုံးကြပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ပဲစောင်း လျားသီး(၂၅)ကျပ်သားလျှင် (၇၀၀/-)ကျပ်၊ ၁ ပိသာလျှင် (၂၈၀၀)ကျပ်နှင့် ဟင်းနုနွယ်ရွက် ဈေးနှုန်းမှာ အစီးသေးတစ်စီးလျှင် (၃၀၀/၄၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူမျးထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)   

မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်ရှိ ပူစီနံနှင့် နံနံပင်ဈေးနှုန်း

         မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင် လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် နံနံပင်၊ ပူစီနံပင်၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ကန်ဇွန်းရွက်၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ခဝဲသီးများကို စိုက်ပျိုးလျက်ရှိပါသည်။  စိုက်ပျိုးထွက်ရှိသော သီးနှံများမှ ပူစီနံပင်များနှင့် နံနံပင်များကို  မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ နံနံပင်နှင့်ပူစီနံသည် မြန်မာဟင်းများတွင်သာမကမုန့်ဟင်းခါးအသုပ်စုံတို့တွင်လည်း တွဲဖက်စားသုံးကြပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် နန္ဒဝန်ဈေးသစ်တွင်  ရောင်းချနေသော နံနံပင်ဈေးနှုန်းမှာ တစ်စည်းလျှင်(၁၅၀)ကျပ်၊ (၄)စည်းလျှင်(၅၀၀)ကျပ်ဖြစ်ပြီး ပူစီနံ ဈေးနှုန်း မှာ တစ်စည်းလျှင် (၂၀၀)ကျပ်မှ (၃၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)   

မိုးအကုန် ဆောင်းဦးအစတွင်ပေါ်လေ့ရှိသော ကြာစိလေးများဈေးကောင်းရ

   တောင်ငူမြို့နယ်အနီးတစ်ဝိုက်ကျေးရွာများရှိ ချောင်းငယ်လေးများ၊ မြောင်းငယ် လေးများနှင့် လယ်ကွင်းအတွင်းရှိ ချောင်းငယ်လေးများတွင် ပေါက်လေ့ရှိသော ကြာဖြူပင်နှင့် ကြာပြာပင်များ၏ အမြစ် အောက်ခြေတွင်တည်ရှိသော ကြာစိလေးများသည် တစ်နှစ်မှာတစ်ခါသာ ကြာစိနှိုက်လို့ရပြီး မြေအောက်မှ ရရှိသည့်အတွက် အရသာမှာခါးသက်သက်ရှိပြီး စားသည့်အခါ အနည်းငယ်တက်ခြင်း ဖြစ်တတ်ပါသည်။

               ကြာစိကိုစားသုံးခြင်းဖြင့် အစာကြေခြင်းနှင့်လေအတွက် ကောင်းမွန်စေပြီး နေပူလှန်း၍ ပြုတ်ပြီး စားသုံးလေ့ရှိကြသည်။ ကြာစိကို နို့ဆီဗူး ၁ ဗူးလျှင် ၄၀၀ ကျပ်၊ ၁ ပြည်လျှင် ၃၀၀၀ ကျပ် ပေးရကြောင်းနှင့် ကြာခေါင်းမှာတော့ နို့ဆီဗူး ၁ ဗူးလျှင် ၅၀၀ ကျပ် ၊၁ ပြည်လျှင် ၄၀၀၀ ကျပ်ပေးရပြီး ကြာစိ ၂ ပြည်လောက်မှ ကြာခေါင်းမှာ နို့ဆီဗူး ၃ ဗူးလောက်သာရကြောင်းနှင့် ပေါ်ကာစတွင် ဈေးကောင်းသော်လည်း ကြာစိများ လှိုင်လှိုင်ပေါ်လာချိန်ဖြစ်ပါက ဈေးနှုန်းကျဆင်းလေ့ရှိကြောင်း၊ ကြာစိ ကိုယ်တိုင်လာရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရနာဈေးတွင်ရောင်းချနေသော ပိန်းဥနှင့် ပီလောပီနံဥ ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင် အိမ်ခြံဝင်းများနှင့် ယာကွက်များတွင်  ပိန်းဥနှင့် ပီလောပီနံဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။ ပိန်းဥနှင့်ပီလောပီနံဥကို ပြုတ်၍သော်လည်းကောင်း၊ ပေါင်း၍သော်လည်းကောင်း သရေစာအဖြစ် ပြုလုပ်စားသုံးကြပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်း ရတနာဈေးတို့တွင် ရောင်းချနေသော  ပိန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၅၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၇၀၀)ကျပ်နှင့် ပီလောပီနံဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာ လျှင်(၂၇၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၃၂၀၀)ကျပ်နှင့်ဖြင့် ရောင်းဝယ်လျက်ကြောင်း  သိရှိရပါသည်။

DOCA (စစ်ကိုင်း)   

မုံရွာမြို့တွင် ရောင်းချနေသော ပန်းသီးနှင့် နဂါးမောက်သီးဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးနှင့် နဂါးမောက်သီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။  ပန်းသီးနှင့် နဂါးမောက်သီးများကို သစ်သီးပွဲရုံများ မှ မှာယူရောင်းချလျက်ရှိကြောင် သိရှိရပါသည်။  နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်း နွယ်ဝင် အပင်တစ်မျိုးဖြစ်သည်။နဂါးမောက်သီးတွင်အဖြူ၊အနီ၊အဝါ သုံးမျိုးရှိပါသည်။ ပန်းသီးနှင့် နဂါးမောက်သီးသည် ကျန်းမာရေးအတွက် အထောက်အကူများစွာပေးပြီး၊ ပန်းသီး ဖျော်ရည်၊ နဂါးမောက်သီးဖျော်ရည်များ ပြုလုပ်စာသောက်ရသည့်အတွက် လူကြိုက်များ ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးအလုံးကြီး(၁)လုံးလျှင် (၃၉၀၀)ကျပ်၊ (၃)လုံးလျှင်(၁၁၅၀၀)ကျပ်နှင့် ပန်းသီးအလုံးသေး (၅)လုံးလျှင် (၇၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ နဂါးမောက်သီး အလုံးသေးတစ်လုံးလျှင် (၅၀၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၇၀၀)ကျပ်နှင့် အလုံးကြီးတစ်လုံးလျှင်(၉၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)   

မြိတ်ဒေသ၏ သကြားစျေးကွက်စျေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း ကြံများကို ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုး ကြသလို မြို့ပေါ်များတွင်လည်းတစ်နိုင်တစ်ပိုင်စိုက်ပျိုးကြလျက်ရှိပါသည်။ စိုက်ပျိုးကြသောကြံများ ကို ကြံရည်အဖြစ်ထုတ်လုပ်ရောင်းချရန် အဓိကထားပြီး သကြားအဖြစ် ကုန်ချောထုတ်လုပ်ရန် ကုန်ကြမ်းလုံလောက်မှုမရှိသဖြင့် ဒေသအတွက်လိုအပ်သော သကြားများကို ရန်ကုန်မြို့မှ တစ်ဆင့် ရေလမ်းကုန်လမ်းများဖြင့် သယ်ယူရောင်းချကြပါသည်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတွင် သကြား စျေးနှုန်းမှာ တစ်ပိဿာလျှင် ၆၀၀၀ ကျပ် ဖြစ်၍ ယခုနိုဝင်ဘာလ၊ ပထမပတ်တွင် ၅၅၀၀ ကျပ် စျေးကျဆင်းလာကြောင်း ကုန်စုံဆိုင်‌ရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

မုံရွာမြို့တွင် ရောင်းချနေသော ပန်းဂေါ်ဖီ၊ မုန်လာထုပ်နှင့် မုန်လာဥဖြူဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းရတနာဈေးနှင့်သံလမ်းဈေးရှိ  ဟင်းသီးဟင်းရွက် ဈေးတန်းများ၌ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်နှင့် မုန်လာဥဖြူများလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီ၊ မုန်လာထုပ်နှင့် မုန်လာဥဖြူများကို အိမ်ရှင်မများက အိမ်သုံးအတွက် ဝယ်ယူကြသလို စားသောက်ဆိုင်များမှလည်း အဓိကဝယ်ယူကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေး တို့တွင် ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၂၀၀၀ /၂၈၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၂၀၀၀/ ၃၀၀၀)ကျပ်၊ မုန်လာဥဖြူမှာ အသေးစည်း (၁၀)ပင်ပါ တစ်စည်းလျှင် (၁၃၀၀) ကျပ်နှင့် အကြီးစည်း (၅)ပင်ပါ တစ်စည်းလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA (စစ်ကိုင်း)   

ရှားပါး၍ စျေးကောင်းရရှိသည့် ရေထွက်ကုန် သံပခြုပ်

     သံပခြုပ်ကို မြန်မာနိုင်ငံ ချောင်းသာ၊ ငွေဆောင်နှင့် မြိတ်ကျွန်းစုများတွင် တွေ့ရှိနိုင်ပြီး ပင်လယ်ကမ်းခြေများတွင်လည်း တွေ့ရှိနိုင်သည်။ ဒေသအခေါ် သံပခြုပ်ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ ‘Sea Urchin’ ဖြစ်သည်။ ပုံသဏ္ဍာန်မှာ ကြက်မောက်သီး ပုံစံနှင့်ဆင်တူပြီး အရွယ်အစားပါတူညီလျက်ရှိသည်။ သံပခြုပ်မှာ ဗီတာမင် A,C ပါဝင်တာကြောင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအတွက် အားဖြည့် ပေးနိုင်ပြီးရောဂါတွေကိုခုခံနိုင်စွမ်းကောင်းမွန်စေနိုင်ပါသည်။ သံပုရာသီးနှင့် သုပ်စားကြသလို ကြက်ဥများနှင့်  ယမကာရည်များဖြင့်လည်း တွဲဖက်စားသုံးကြသည်။ ယခုနောက်ပိုင်းတွင် သံပခြုပ်ရှားပါး လာပြီး ကျွန်းများတွင်သာရရှိနိုင်ကြောင်း သိရှိရပါသည်။ လက်ရှိတွင် သံပခြုပ်စျေးနှုန်းမှာ တစ်ကီလို လျှင် ၃၀၀၀၀ခန့် အထိစျေးရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ပဲဈေးကွက်၌ စွန်တာနီ(ပဲနီ)ဈေးနှုန်း အနည်းငယ်ကျဆင်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စွန်တာနီ(ပဲနီ)သီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိပြီး မိုးသီးနှံ စွန်တာနီ(ပဲနီ)(၂၂၀၀)ဧကကျော် စိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

           ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ပထမပတ်အတွင်း စွန်တာနီ(ပဲနီ)တစ်တင်းလျှင် (၈၉၅၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၈၉၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင် အောက်တိုဘာလ၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလပထမပတ်အတွင်း စွန်တာနီ(ပဲနီ) တစ်တင်းလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

နန္ဒဝန်ဈေးသစ်တွင် ရောင်းချနေသော မျှစ်စိမ်းနှင့် မျှစ်ပြုတ်ဈေးနှုန်း

           မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် အသား၊ ငါးများ၊ အသီးအရွက်များအပြင် ဖိုလ်ဝင်းတောင် ဒေသထွက် မျှစ်စိမ်းနှင့် မျှစ်ပြုတ်များလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် မျှစ်စိမ်း (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ မျှစ်ပြုတ် (၅၀)ကျပ်သား လျှင်(၃၂၀၀)ကျပ်၊  တစ်ပိဿာလျှင် (၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA (စစ်ကိုင်း)   

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း