Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သခွားသီးဈေးကွက်

သခွားသီးကို အအေးပိုင်းဒေသများတွင် အစိုက်များပြီး မန္တလေးမြို့သို့ ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ အဝင်များပြီး ရာသီမရွေးထွက်ရှိကြောင်း သတင်းရရှိပါတယ်။  မန္တလေးဈေးကွက်အနေဖြင့် ၄၁လမ်း၊ ကမ်းနားလမ်း၊ ကုန်စိမ်းဈေးရှိ ဈေးနှုန်းပေါက်ဈေးမှာ ၂၀၂၅ခုနှစ် မတ်လ ဒုတိယပတ်တွင် သခွားသီးစက်တွန့်မျိုး အလုံးကြီး လက်ကား တစ်လုံး လျင်(၁၀၀ဝိ/-)မှ(၁၂၀ဝိ/-)ထိ၊ လက်လီတစ်လုံးလျင် (၁၀၀ဝိ/-)မှ(၁၂၀ဝိ/-)ထိ ရောင်းချကြပြီး၊ သခွားသီး အခွံစိမ်းမျိုး အလုံးလှ လက်ကား တစ်လုံးလျင်(၂၀ဝိ/-)မှ (၂၅ဝိ/-)ထိ၊ လက်လီ တစ်လုံးလျင် (၃၀ဝိ/-)မှ (၃၅ဝိ/-)ထိ ရောင်းချကြပြီး အသီးဝင်ရောက်မှု အပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှုရှိ ကြောင်းသိရှိကြောင်း ဈေးရောင်းချသူ တစ်ဦးထံမှ သိရှိရပါတယ်။

သခွားသီးကို အလှအပရေးရာအတွက်သာမက ကျန်းမာရေးအတွက်လည်း စားသုံးကြ ကြောင်းသိရှိရပါတယ်။ သခွားသီးသည် ကစီဓါတ်၊ အသားဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ မဂ္ဂနီဆီယမ်ဓါတ်၊ ပိုတက်စီယမ်ဓါတ် ကြွယ်ဝစွာပါဝင်ခြင်း၊ သွေးတွင်းသကြားဓါတ်ကို ကျစေခြင်း၊ အမျှင်ဓါတ်နှင့်ရေဓါတ်ပါဝင်ခြင်းတို့ကြောင့် အစာကြေစေပြီး ဆီးနှင့်ဝမ်းကိုမှန်စေခြင်း တို့ကြောင့် ကျန်းမာရေးအတွက် စားသုံးရန်အတွက် အထူးသင့်လျှော်ကြောင်း လေ့လာသိရှိရပါတယ်။ အသားအရေကို အေးမြစေပြီး ဘတ်တီးရီးယားပိုးမွှားများကို သေစေနိုင်ခြင်း၊ ဝက်ခြံနဲ့ အဖုအပိမ့်များ၊ ချွေးပေါက်ကျယ်ခြင်းများကို သက်သာစေပြီး နေလောင်ဒဏ် ကာကွယ်ပေးခြင်း တို့ကြောင့် အလှအပထိန်းသိမ်းတဲ့ နေရာမှာ အသုံးများသည့် သခွားသီးကို ကလေးလူကြီးမရွေး စားသုံးကြကြောင်း လေ့လာသိရှိရပါတယ်။        

DOCA(မန္တလေး)

သခွားမွှေးသီးဈေးကွက်

သစ်သီးဈေးကွက်အတွင်းသို့ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်မြို့တို့မှ သခွားသီးများ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် သခွားမွှေးသီး စိုက်ဧက (၁၃၀၀) ရှိကြောင်းသိရပါတယ်။ သခွားမွှေးသီး စားသုံးသုံးခြင်းဖြင့် အရေပြားနှင့် အသားအရေကို ကျန်းမာစေခြင်း၊ အမြင်အာရုံကိုကောင်းမွန်စေခြင်း၊ ကိုယ်ခံအားကောင်းမွန်စေခြင်း၊ သွားနှင့် သွားဖုံးကျန်းမာစေခြင်း၊ သွေးအားနည်းခြင်းမဖြစ်အောင် ကာကွယ်ပေးခြင်း၊ သွေးတိုးရောဂါကို လျော့ချပေးခြင်း၊ ကြွက်သားအားနည်းမှုကိုလျော့ချပေးခြင်း၊ မျိုးအောင်မှုကို အားကောင်းစေခြင်း နှင့်ဆီးလမ်းကြောင်းပိုးဝင်မှုကို ကာကွယ်ပေးခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရပါတယ်။ မန္တလေးမြို့၊ ဈေးချိုဈေး၊ ၂၉လမ်းနှင့် ၃၁လမ်းကြား၊ ၈၄လမ်းနှင့်၈၅လမ်းကြားရှိ သစ်သီးပွဲရုံများသို့ သခွားမွှေးသီးများ ဝင်ရောက်လျက်ရှိပြီး လက်လီ၊ လက္ကားရောင်းချကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်တွင် ၂၀၂၅ခုနှစ် မတ်လ ဒုတိယပတ်အတွင်း သခွားမွှေးသီး ဈေးမှာတစ်လုံးလျှင် အခွံစိမ်း(အရှည်) လက်လီ ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်ထိ၊ လက္ကား ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်ထိ၊  အခွံစိမ်း(အဝိုင်း) လက်လီ ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ လက္ကား ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်ထိ၊ အခွံဝါ(အဝိုင်း) လက်လီ ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်ထိ၊ လက္ကား ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်ထိ ရောင်းချပြီး အသီးအရွယ်အစား အလုံးအလှပေါ်မူတည်ပြီး ဈေးနှုန်းအနည်းငယ် ကွာခြားမှုရှိကြောင်း သိရပါတယ်။ အနည်းငယ် ပူပြင်းလာသည့် နွေဦးရာသီဖြစ်၍ သခွားမွှေးသီး များအရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)

နွေပဲသီးစျေးကွက်

မန္တလေးကုန်စိမ်းစျေးကွက်သို့ ပဲစိမ်းအစိုစျေးကွက်တွင်ထောပတ်ပဲစိမ်း၊ပဲကြီးအစို၊ စားတော် ပဲစိမ်း၊ ပဲစာဥ၊ ပဲလိပ်ပြာ၊ ပဲစင်းငုံ၊ ရွှေပဲသီးတို့နှင့်အတူ  နွေပဲသီးများ မတ်လဒုတိယပတ်အတွင်း ဝင်ရောက်မှုများပြား လျက်ရှိပါတယ်။ မန္တလေးဒေသတွင်းမြို့နယ်များမှ ထွက်သည့် ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများ ဝင်ရောက်မှုများပြီး၊ ကျန်ဒေသ များမှလည်းဝင်ရောက်ကြောင်းသိရပါတယ်။ ၂၀၂၅ ခုနှစ် မတ်လဒုတိယပတ်အတွင်း ကုန်စိမ်းသီးနှံပဲ အစိုမျိုးစုံဝင်ရောက်လျက်ရှိပြီး၊  နွေပဲသီးပေါက်စျေးအနေဖြင့် လက္ကားစျေးတစ်ပိဿာလျှင်  ၂၅၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်၊ လက်လီစျေးတစ်ပိဿာလျှင် ၄၀၀၀ကျပ်နှင့် ၅၀၀၀ကျပ်တို့ဖြင့် အရောင်း သွက်လျက်ရှိကြောင်း သိရပါတယ်။ သီရိမာလာစျေးအတွင်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလဒုတိယပတ် အတွင်း  ပဲစိမ်းအစိုမျိုးစုံ အပါအဝင် ကုန်စိမ်း သီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစား အလိုက် Canter (၁၂ ဘီး နှင့် ၆ ဘီး) ယာဉ် (၂၈၀)စီး နှင့် (၄၂၀)စီးအကြား  ဝင်ရောက်လျက်ရှိကြောင်း  သိရ ပါတယ်။

DOCA(မန္တလေး)

 

ကုန်စိမ်းစျေးကွက်ရှိပဲလိပ်ပြာ

           မတ်လဒုတိယပတ်အတွင်းမန္တလေးကုန်စိမ်းစျေးကွက်သို့ ထောပတ်ပဲစိမ်း၊ ပဲကြီး(ပဲစိမ်း)၊ စားတော်ပဲစိမ်း၊ ပဲစာဥ၊ ပဲစင်းငုံ၊ ရွှေပဲသီး၊ နွေပဲသီးတို့နှင့်အတူ ပဲလိပ်ပြာ(ခေါ်)ပဲစိတ်တိုပဲစိမ်းများ ဝင်ရောက်မှုများပြား လျက်ရှိပါတယ်။ မန္တလေးဒေသတွင်း မြို့နယ်များမှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများဝင်ရောက်မှုများပြီး၊ ကျန်ဒေသများ မှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ၄၁လမ်းစျေးမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်ထွက်ကုန်စိမ်းများ ပိုမိုဝင်ရောက် လျှက်ရှိပြီး၊ သီရိမာလာစျေးမှာ ရှမ်းပြည် နယ်ထွက်ကုန်စိမ်းများ ပိုမိုဝင်ရောက်ကြောင်း သိရပါတယ်။ သီရိမာလာစျေးအတွင်း ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ခါကြက်ဥ၊ အာလူး၊ ကြက်သွန်နီ/ ဖြူ၊ဂျင်း၊ နနွင်းတက်၊ မုန့်ညင်း၊ ဂေါ်ရခါးသီး၊ မုန်လာဥ၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ဘူးသီး၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ထောပတ်ပဲစိမ်း၊ ပဲကြီးအစို၊ ပဲစာဥ၊နွေပဲသီး၊ စားတော်ပဲစိမ်း၊ ဟင်းနုနွယ်ရွက်၊ ကိုက်လံရွက်၊ ဆလပ်ရွက်၊ ကန်စွန်းရွက်တို့အနက် ပဲလိပ်ပြာလည်း ဝင်ရောက်မှုများကြောင်း သိရပါတယ်။၂၀၂၅ ခုနှစ် မတ်လဒုတိယပတ်အတွင်း ပေါက်စျေးအနေဖြင့် ပဲလိပ်ပြာ(ပဲစိမ်းတောင့်)လက္ကားစျေး ၃၀၀၀ ကျပ်နှင့် ၃၅၀၀ ကျပ်၊လက်လီစျေး ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ ပဲလိပ်ပြာ(ပဲစိမ်း)တစ်ပြည်လျှင်  လက္ကားစျေး ၇၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်၊လက်လီစျေး ၈၅၀၀ ကျပ်နှင့် ၉၀၀၀ ကျပ်ဖြင့် အသီးသီး ရောင်းချ လျက်ရှိ ကြောင်းသိရပါတယ်။ ၂၀၂၅ ခုနှစ် မတ်လဒုတိယပတ်အတွင်း ကုန်စိမ်းစျေးကွက်အတွင်း ပဲစိမ်းမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ပဲလိပ်ပြာ (ပဲစိမ်း)မှာ အရောင်းသွက်လျက်ရှိကြောင်း ကုန်စိမ်းစျေးကွက်အတွင်းမှ သိရပါတယ်။ သီရိမာလာ စျေးအတွင်း ၂၀၂၅ ခုနှစ်မတ်လဒုတိယပတ်အတွင်း ပဲစိမ်းမျိုးစုံအပါအဝင် ကုန်စိမ်းသီးနှံဝင်ရောက် မှုမှာ ကုန်စည်အမျိုးအစား အလိုက် Canter (၁၂ ဘီးနှင့် ၆ဘီး) ယာဉ် (၂၈၀)စီး နှင့် (၄၂၀)စီးအကြား  ဝင်ရောက် လျက် ရှိကြောင်း  သိရပါ တယ်။

DOCA(မန္တလေး)

အရောင်းသွက်သည့်ကြက်ဥစျေးနှုန်းစျေးကွက်

မတ်လဒုတိယပတ်အတွင်း  ကြက်ဥစျေးမှာ  မတ်လပထမပတ်ပေါက်စျေးနှင့် နှိုင်းယှဉ်ပါက  ကြက်ဥစျေးအနည်းငယ်ကျဆင်းသော်လည်း ဘဲဥနှင့် ငုံးဥဈေးမှာဈေးငြိမ်နေကြောင်း  သိရပါတယ်။ မန္တလေးစျေးကွက်အတွင်း  ပြင်ဦးလွင်မြို့နယ်၊   ပြင်စာကျေးရွာမွေးမြူရေးခြံထွက်ကြက်ဥများဝင် ရောက်မှုအများဆုံးဖြစ်ပြီး၊ ကျောက်ဆည်၊ မြစ်သား၊ မြို့သာမြို့နယ်ရှိ ခြံများမှလည်းဝင်ရောက်ကြောင်း သိရပါတယ်။ ဘဲဥမှာ အမရပူ၊ ပုသိမ်ကြီး၊မတ္တရာမြို့နယ်ရှိခြံများမှ ဝင်ရောက်မှုများပြီး၊ကျန် ဒေသ များမှလည်း  ဝင်ရောက်ကြောင်း သိရပါတယ်။     ငုံးဥမှာ မန္တလေး၊ စဉ့်ကိုင်၊ကျောက်ဆည်ဒေသရှိ မွေးမြူရေးခြံတို့မှဝင်ရောက်ကြောင်း သိရပါတယ်။ကြက်ဥစျေးကွက်အနေဖြင့်ကြက်စာစျေးအနည်း ငယ်ကျဆင်းခြင်းနှင့် ဥထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် အနည်းငယ်ကျသွား ကြောင်းသိရ ပါ တယ်။  ၂၀၂၅ ခုနှစ်မတ်လဒုတိယပတ်အတွင်း  ဖြစ်ပေါ်ခဲ့သောလက္ကားစျေးမှာကြက်ဥ(၃၀လုံး ပါ ၁၀ ကဒ်) တစ်ဆွဲလျှင် ၁၂၆၀၀ဝိ/- နှင့် ၁၃၅၀၀ဝိ/- စျေး၊လက်လီစျေးအနေဖြင့်  ကြက်ဥတစ်လုံးလျှင် ၄၂ဝိ/-နှင့် ၄၅ဝိ/- ၊   ဘဲဥတစ်လုံး လျှင်  ၅၇ဝိ/-နှင့် ၅၈ဝိ/- ၊ ငုံးဥ(၁၀) လုံး လျှင် ၂၃၀ဝိ/-နှင့် ၂၅၀ဝိ/- စျေး အသီးသီးဖြင့် ရောင်းချလျက်ရှိပြီး   အရွယ်အစားပေါ်မူတည်၍ စျေးကွားခြားမှုရှိသော်လည်း အရောင်းသွက်လျက်ရှိကြောင်းသိရပါတယ်။ ပြင်ဦးလွင်‌ဒေသရှိမွေးမြူရေးခြံများမှမန္တလေးစျေးကွက် အတွင်းသို့  ကြက်ဥဝင်ရောက်မှုမှာ  ၁၆ မိုင်၊ ထုံးဘိုဂိတ်ဖြတ်စာရင်းများအရ  ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီ လအတွင်း  ၆ ဘီး နှင့် ၁၂ ဘီးယာဉ် (၃၇၁)စီး ဝင်‌ရောက်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)

ပခုက္ကူမြို့ မန်ကျည်းသီးဈေးကွက်တွင် မန်ကျည်းမှည့်အသစ်များ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်အသစ်များ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်း မြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

            ၂၀၂၅ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် ရာသီချိန်ဖြစ်၍ မန်ကျည်းသီးအသစ်များ ဝင်ရောက် လျက်ရှိသောကြောင့် မန်ကျည်းသီးမှည့်ဈေးများကျပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မန်ကျည်းသီး မှည့်အစေ့ပါ လက်ကားတစ်ပိဿာလျှင် ကျပ်(၃၆၀၀-၃၇၀၀) ၊ မန်ကျည်းသီးမှည့်အစေ့လွတ် တစ်ပိဿာ လျှင် လက်ကားဈေး ကျပ်(၈၀၀၀)၊ လက်လီဈေး ကျပ်(၁၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင် ဖေဖော်ဝါရီ(ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်လအတွင်း မန်ကျည်းမှည့်အစေ့လွတ် တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

          မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင် လှောင်လက်သမားများမှ ကုန်ဝင်မှုရှိသော်လည်း ဝယ်ယူထားရှိပြီး ပြန်လည်ရောင်းချကြကြောင်း၊ အကြော်ဆိုင်၊ အကင်ဆိုင်များမှ မန်ကျည်းသီး အချဉ်ရည်များ ပြုလုပ်ရန်အတွက် ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည် လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီ လုပ်ငန်းရှင်များမှလည်းအများ အပြားဝယ်ယူသည့်အပြင် ရန်ကုန်မြို့နှင့်မန္တလေး မြို့များ သို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မွန်ပြည်နယ်၏ ကွမ်းသီးဈေးနှုန်း မတ်လတွင် ဈေးနှုန်းအနည်းငယ်ကျဆင်း

          မွန်ပြည်နယ်၏ ကွမ်းသီးဈေးနှုန်းမှာ ယခုမတ်လတွင် ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်ရှိ မော်လမြိုင်နှင့်ရေးမြို့နယ်မှ အထွက်များသော ကွမ်းသီးဈေးနှုန်းမှာ မော်လမြိုင် အညိုသီး (အသန့်) (၁) ပိဿာလျှင် ၁၆၅၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး (အသန့်) (၁) ပိဿာလျှင် ၁၇၅၀၀ ကျပ်၊ ရေးသီး (အသန့်) (၁) ပိဿာလျှင် ၁၉၅၀၀ ကျပ်ဖြစ်သည်။

          အဆိုပါ ကွမ်းသီးဈေးနှုန်းများမှာ ယခင် (ဇန်နဝါရီလ)တွင် မော်လမြိုင် အညိုသီး (အသန့်) (၁) ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး (အသန့်) (၁) ပိဿာလျှင် ၁၉၀၀၀ ကျပ်၊ ရေးသီး (အသန့်) (၁) ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြစ်ခဲ့ပြီး ယခုမတ်လနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်ကျဆင်းနေကြောင်း ကွမ်းသီးရောင်းဝယ် သူများထံမှ သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်ကုန်စည်ဒိုင်၏ ကျွဲကောသီး ဈေးနှုန်းအခြေအနေ

          မွန်ပြည်နယ်သည်ကျွဲကောသီးထွက်ရှိရာ ပြည်နယ်တစ်ခုဖြစ်ပါသည်။ ကျွဲကောသီးအများ ဆုံးထွက်ရှိသော မြို့နယ်များမှာ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မုဒုံ၊ မော်လမြိုင်မြို့နယ်များဖြစ်ပြီး ယခု မတ်လ ဒုတိယအပတ်တွင် ဖြစ်ပေါ်နေသော ကျွဲကောသီးဈေးနှုန်းများမှာ ပန်းရောင်ကျွဲကောသီး(အကြီး) ၂ကီလိုအထက် ၅၀၀၀ကျပ်၊ ပန်းရောင်ကျွဲကောသီး(အလတ်) ၂ကီလို ၄၀၀၀ ကျပ်၊ ပန်းရောင်ကျွဲကောသီး(အငယ်) ၂ကီလိုအောက် ၃၀၀၀ ကျပ်၊ ကျွဲကောသီးအဖြူ(အကြီး) ၂ကီလို ၃၀၀၀ ကျပ်၊ ကျွဲကောသီးအဖြူ (အငယ်) ၁.၅ကီလို ၂၀၀၀ ကျပ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပြီး အဆိုပါ ကျွဲကောသီးများကို မော်လမြိုင်-ရန်ကုန် ကားလမ်းဘေး ဝဲ/ယာ ဆိုင်များနှင့် ရန်ကုန်၊ မကွေးနှင့် အခြားမြို့နယ်များသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပခုက္ကူမြို့ပေါ်တွင် အရောင်းအဝယ်ဖြစ်နေသော နေလဲစေ့ ဈေးနှုန်းဈေးကွက်

 

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်သည် အပူပိုင်းဒေသဖြစ်၍  အပူပိုင်းဒေသပေါက်ရောက် သောအပင်များမှာ မန်ကျည်း၊ ကုက္ကိုလ်၊ တမာ၊ ထနောင်း၊ ရှားပင်နှင့် အခြားဆေးဘက်ဝင်အပင်များဖြစ်သော ဆင်တုန်းမနွယ်၊ ကြက်ဟင်းခါး၊ ကင်ပုံလက်ချာအပင်များလည်းအလေ့ကျပေါက်ရောက်လျက်ရှိပါသည်။ ထိုအပင်များအနက်မှ ဆေးဘက်ဝင်အပင် တစ်မျိုးဖြစ်သည့် နေလဲပင်သည်လည်း အလေ့ကျပေါက်သော ဆေးဘက်ဝင်အပင်တစ်ပင်လည်းဖြစ်ပါသည်။

          နေလဲပင်သည် အညာဒေသတွင် လယ်စိုက်ခင်းများ၏ကန်သင်းရိုးများနှင့် စိုက်ပျိုးမှုမရှိသော လယ်ကွက်များတွင်အလေ့ကျပေါက်ရောက်လျက်ရှိပြီး  ဒီဇင်ဘာလလယ်မှစ၍ အပွင့်များစတင်ပွင့် ကြပြီး ဇန်နဝါရီလတွင် အသီးများရင့်မှည့်ပြီး စတင်ဆွတ်ခူးကြောင်း သိရှိရပါသည်။ နေလဲစေ့များ ကို ဇန်နဝါရီလမှစ၍ ဈေးကွက်အတွင်းသို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်နေကြောင်းကုန်စည်ဒိုင် မှ သိရှိရပါသည်။  အရောင်းအဝယ်ဖြစ်ခဲ့သော နေလဲစေ့ဈေးနှုန်းမှာ ဇန်နဝါရီလတွင် တစ်ပိဿာ လျှင့်ကျပ် (၁၀၀၀၀) ၊ ဖေဖေါ်ဝါရီလတွင် တစ်ပိဿာလျှင် ကျပ်(၉၇၀၀)ဖြစ်၍ မတ်လ ပထမပတ်တွင် နေလဲစေ့ တစ်ပိဿာလျှင်ကျပ်(၉၄၅၀)ဖြစ်ပြီး တစ်ပိဿာလျှင်ကျပ် (၃၀၀)ခန့် ဈေးကျနေပြီး နေ့စဉ် အရောင်းအဝယ်ဖြစ်မှု ပိဿာချိန်မှာ (၂၀၀၀)မှ(၃၀၀၀)ထိဖြစ်ကြောင်း၊ နေလဲစေ့ကို တိုင်းရင်းဆေးများတွင် လည်းအသုံးပြုကြကြောင်း၊ ခရုသင်းရောဂါအတွက်လည်းအသုံးပြုရကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော နှမ်းဈေးနှုန်း

 ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံ ကိုလည်းစိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော နှမ်းသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ယခုအခါ နှမ်းဈေးနှုန်းများမှာ ၂၀၂၅ ခုနှစ်၊ မတ်လ ပထမပတ်အတွင်း နှမ်းနက်(စမုံ)တစ် တင်းလျှင်(၂၁၅၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် ခဲ့ပြီး မတ်လ ဒုတိယပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင် (၁၉၂၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်) တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခုပတ်အတွင်း နှမ်းဈေး နှုန်းများ ဆက်လက်ကျဆင်းသွားကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း