Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဒန့်သလွန်ရွက်၏ကျန်းမာရေး    

                 ဒန့်ဒလွန်ပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ပေါက်ရောက်ကြောင်း၊ ဒန့်ဒလွန်ပင် ၏အရွက်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် တိုင်းရင်းဆေးများတွင်အသုံးပြုကြကြောင်း၊  ဒန့်ဒလွန်ပင်၏ပင်စည်သည် အဖြူရောင်ဖြစ်ပြီး ကျွတ်ဆက်သည့်အကိုင်းအလက်များနှင့် ဘဲဥပုံ အစိမ်း ရောင်အရွက်များပါရှိပါသည်။ ဒန့်ဒလွန်ရွက်တွင် ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင်စီ၊ ပိုတက် ဆီယမ်စသည့် အာဟာရဓာတ်များစွာပါဝင်ကြောင်း၊ ဒန့်ဒလွန်တွင် မှိုပိုးကို သေစေနိုင်သည့် အာနိသင်ရှိ၍ ရောဂါပိုးများကိုတိုက်ဖျတ်ပေးနိုင်သည့် အစွမ်းရှိသည့်အပြင် ရောင်ရမ်းမှုကိုလျော့ ပါးစေနိုင်သည့် အစွမ်းလည်းရှိကြောင်း၊ ဒန့်ဒလွန်ရွက်တွင်ခန္ဓာကိုယ်ဖွဲ့စည်းမှုနှင့် ပရိုတင်း ဖြစ်ပေါ်မှု အတွက်အသုံးဝင်သည့်  အမိုင်နိုအက်ဆစ်များပါဝင်ပြီး ခန္ဓာကိုယ်၏ ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း၊ ဒန့်ဒလွန်ရွက်သည် အနာ ဖြစ်ခြင်း၊ အပူလောင်ခြင်း၊ ပြတ်ရှဒဏ်ရာများနှင့် အသေး စားဒဏ်ရာများကိုလည်းသက်သာစေ နိုင်ပြီး အနာကျက်လည်း မြန်စေကြောင်း၊ နို့တိုက်မိခင် များအတွက်လည်း ဒန့်ဒလွန်ရွက်ကိုစားသုံး ပေးခြင်းဖြင့် နို့ထွက်အား ကောင်းပြီး သံဓာတ်ကြွယ်ဝကြောင်း၊  အဆီများကိုလောင်ကျွမ်းစေနိုင်ပြီး ခန္ဓာကိုယ်ကို ကျစ်လျစ်ပြီး နှလုံးနှင့်ပါတ်သက်သော ရောဂါများကို လျော့ချပေးကြောင်း၊ ဒန့်ဒလွန်ရွက်သည် ဆီးချိုရောဂါကို ထိန်းချုပ်ပေး၍ သွေးတွင်း သကြား ဓာတ်ကိုလည်းလျော့ချပေးကြောင်း၊ ဗီတာမင်Cတို့ပါဝင်သောကြောင့် အသားအရည်ကို ကြည်လင်ပြီး သွေးသားသန့်စင်၍ ဦးရေပြားသွေးလည်ပတ်မှုကိုကောင်းမွန်ပြီး ဆံပင်များကိုနက် မှောင်သန်စွမ်းကြောင်း၊ဒန့်ဒလွန်ရွက်ကို စားသုံးပေးခြင်းဖြင့်ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်းနှင့်အခြားအာရုံကြောဆိုင်ရာဝေဒနာများကို သက်သာစေနိုင်ကြောင်း၊ ဒန့်ဒလွန်ရွက်သည် အစာကြေလွယ်ပြီး အစာချေဖျတ်မှုကိုကောင်းမွန်ကြောင်း၊သံဓာတ်ပြည့်ဝသောကြောင့် ကိုယ်ခံအား  ကောင်းစေပြီးအသည်းနှင့် အရိုးကျန်းမာသန်စွမ်းကြောင်း၊ ဆီးကျောက် တည်ခြင်းမှ ကာကွယ်၍၊ ကျောက်ကပ်ရောဂါမဖြစ်အောင်တားဆီးပေးကြောင်း၊ သွေးတိုးဝေဒနာရှင်များအနေဖြင့် ဒန့်သလွန် ရွက်နှင့်ဒန့်သလွန်သီးများကို ပုံမှန်စားသုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေနိုင်ကြောင်း စာပေများမှဖတ်ရှု့သိရှိရသည်။

DOCA(မန္တလေး)

လေးညှင်းပွင့်၏လျို့ဝှက်ချက်

      မြန်မာနိုင်ငံတွင် လေးညှင်းပင်များကို တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ များတွင် စိုက်ပျိုးကြောင်းသိရှိရသည်။လေးညှင်းပွင့်သည် ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးအဖြစ် သာမက ဆေးဖက်ဝင်ပြီး အလွန်အသုံးဝင်သောကြောင့် မြန်မာတိုင်းရင်းဆေးပညာများတွင် အသိအမှတ်ပြုထားကြောင်း၊ လေထိုးလေအောင့်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်းစသည့် အစာခြေစနစ်များအတွက် သက်သာစေကြောင်း၊ အစာစားပြီးနောက် လေးညှင်းပွင့် အနည်းငယ်စားပေးခြင်းဖြင့် အစာကြေလွယ်စေကြောင်း၊ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များပျက်စီးမှုကို ကာကွယ်ပေးပြီး နာတာရှည် ရောဂါများကိုကာကွယ်ပေး၍ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှိုရောဂါများကို တိုက်ဖျက်ပေးကြောင်း၊ သွားကိုက်သည့်အခါ လေးညှင်းပွင့်ကို ကိုက်သည့်သွားနှင့် ကပ်ထားပါက နာကျင်မှုကိုသက်သာစေပြီး သွားနှင့်ခံတွင်းကျန်းမာရေးအတွက် သဘာဝဆေးတစ်မျိုး ဖြစ်ကြောင်း စာပေများမှလေ့လာ သိရှိရသည်။  မြန်မာနိုင်ငံတွင် လေးညှင်းပင်များကို တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ် မော်လမြိုင်မြို့များတွင် စိုက်ပျိုးကြောင်းသိရှိရသည်။

DOCA(မန္တလေး)

 

ကနဖော့ရွက်ဖြင့်ကိုယ်အလေးချိန်ထိန်းကြမယ်

            ကနဖော့ပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် အလေ့ကျပေါက်ရောက်သော အပင်တစ်မျိုး ဖြစ်ပြီး ကန်စွန်းရွက်လို ရေထဲမှာပေါက်‌ရောက်လေ့ရှိသော အပင်တစ်မျိုးဖြစ်ကြောင်း၊ အပင်၏ ပဉ္စငါးပါးလုံးဆေးဖက်ဝင်သော်လည်း ကနဖော့ရွက်ကို အသုံးပြုများပြားကြောင်း သိရှိရသည်။ အရွက် ကိုကြိတ်၍ ဦးခေါင်းတွင် အုံပေးခြင်းဖြင့်ဦးနှောက် ပူခြင်းကိုသက်သာ၍အေးစေပြီး အရေပြားနှင့်  အကြောရောဂါများအတွက်လည်း စားသုံးပါကသက်သာစေကြောင်း၊ အရွက်ကိုနွားနို့နှင့်ဖြစ်စေ၊ ဆိတ်နို့နှင့်ဖြစ်စေ သောက်သုံးပေးခြင်းဖြင့် ဆီးပူညောင်းကျနာကို ပျောက်ကင်းစေကြောင်း၊ ခန္ဓာကိုယ် ဖောရောင်ခြင်းများဖြစ်ခဲ့သော်  ကနဖော့ရွက်ပြုတ်ကိုတို့စား၍ သော်လည်းကောင်း၊ အရွက်ပြုတ်ရည် ဖြင့် ချွေးအောင်းပေးပါကလည်း ဖောရောင်ခြင်းများကို သက်သာပျောက် ကင်းကြောင်း၊ ၎င်းအပင်၏ ပဉ္စငါးပါးကိုပြုတ်၍ အရည်ကိုပျားရည်နှင့် ရောသောက်ပါက ကျောက်ရောဂါ ကို  သက်သာပျောက်ကင်း ကြောင်း၊ ကနဖော့ပင်တစ်ပင်လုံး၏ ပဉ္စငါးပါးကို မုန်ညင်းဆီထည့်၍ပြုတ်ပြီး ဆားအနည်းငယ် ထည့်သောက်ခြင်းဖြင့် အသည်းအားနည်းသော ရောဂါများ ပျောက်ကင်းကြောင်း၊ ဗီတာမင်စီ ပါဝင်သောကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး ဖျားနာခြင်း၊ အအေးမိခြင်း၊ စိတ်ဖိစီးမှုကြောင့် နေထိုင်မကောင်းဖြစ်ခြင်းများကို သက်သာပျောက်ကင်းကြောင်း၊ ကျောက်ကပ်အညစ်ကြေး များကို လည်း ထိထိ‌ရောက်ရောက်သန့်စင်ပေကြောင်း၊ ဆီးသွားရခတ်နေသူများ ကနဖော့ရွက်ကို သုတ်စား ခြင်းဖြင့် ဆီးရွှင်စေကြောင်း၊ အမျှင်ဓာတ်ပါဝင်ခြင်းကြောင့် အဆာခံနိုင်စေပြီး ကယ်လိုရီနှင့် အဆီဓာတ် ပါဝင်မှု နည်းသောကြောင့် ကိုယ်အလေးချိန်မတက်အောင် ထိန်းပေးပြီးဝိတ်ကျစေရန် အထောက်အကူပြုကြောင်း လေ့လာဖတ်ရှု့ရသည်။

DOCA(မန္တလေး)

မင်းဘူးမြို့၊ မြို့မဈေး၌ နံနံပင်ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်သွက်လျက်ရှိ

 

       မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ မြို့ပတ်ဝန်းကျင်ရှိ ကျောက်တန်းရွာ၊ ရေတွင်းကုန်း၊ ရေမြတ်စသည့်ကျေးရွာများမှထွက်ရှိသည့် နံနံပင်များသည် နိုဝင်ဘာလ(တတိယပတ်)မှ စတင်၍ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် နံနံပင်(၁၀)ကျပ်သားလျှင် ကျပ်(၆၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်း ရလျက်ရှိသည့် အပြင် အရောင်းအဝယ်မှာလည်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ထောပတ်သီး၏အာဟာရ

             ထောပတ်သီးပင်သည် နှစ်ရှည်ပင်အမျိုးအစား အပင်ကြီးမျိုးဖြစ်၍ စိုက်ပျိုးပြီး သုံးနှစ်ကြာမှ အသီးများစတင်သီးကြောင်း၊  မြန်မာနိုင်ငံတွင် ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် မြောက်ပိုင်း)   မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်၊ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်အဓိက စိုက်ပျိုးထွက်ရှိကြောင်းသိရှိရသည်။ ထောပတ်သီးများထွက်ပေါ်ချိန်မှာ အောက်တိုဘာလမှ ဇန်နဝါရီလအထိဖြစ်ပြီး၊မျိုးကွဲများအနေဖြင့် ဟာစ်(Hass)၊ဘေးကွန်(Bacon)၊ ဖွတ်(Fuerte)၊ လမ် (Lamb Hass) စသည့်တို့ဖြစ်ကြောင်း၊ ထောပတ်သီးအခွံသည် အစိမ်းရင့်ရောင်ရှိပြီး အဆီဓာတ် ပိုများ၍ ဖောလစ်အက် ဆစ်၊ပိုတက်ဆီယမ်၊အမျှင်ဓာတ်၊များနှင့် Omega-3 ဓာတ် များပါဝင်ပြီး၊ သွေးပေါင်ချိန်ထိန်းချုပ်ရန်၊ ဝမ်းချုပ်မှုမှကာကွယ်ရန်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်ကာ ကင်ဆာနှင့် အဆစ် အမြစ်ရောင်ရမ်းမှုကို ကာကွယ်ပေးကြောင်း၊ ဗီတာမင်အီးကြွယ်ဝသောကြောင့် အသားအရေ ကြည်လင်ပြီး နှလုံးကျန်းမာရေးကိုကောင်းမွန်ကြောင်း၊ အာရုံကြောလုပ်ဆောင်မှုနှင့် သွေးကြောများ ကျန်းမာခြင်းကို အထောက်အကူပြုကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝသောကြောင့် ဝမ်းချုပ်ခြင်း ကိုကာကွယ်ပေး၍ ထောပတ်သီးတွင် အာဟာရဓာတ်များစွာပါဝင်ကြောင်း လေ့လာဖတ်ရှု့ရသည်။ ထောပတ်သီးဝယ်ယူလျှင် အညှာအောက်အစိမ်းရောင်ရှိ၍ မှည့်ရန်အကောင်းဆုံးအသီးဖြစ်ပြီး ရွေးချယ် သင့်ကြောင်း၊ အသီးကိုလက်ဖဝါးပေါ်တင်၍ ကိုင်ဆကြည့်ပါကအလေးချိန်ပါလျှင် ထောပတ်သီး အရည်အသွေးကောင်းကြောင်း သိရှိရသည်။

DOCA(မန္တလေး)                          

မင်းဘူးမြို့၊ မြို့မဈေး၌ ငဖန့်ဝိုင်းငါးပိကောင်ဈေးနှုန်းမြင့်တက်

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ငဖန့်ဝိုင်းငါးပိကောင်ကို နတ်တလင်းမြို့၊ ဖျာပုံမြို့နှင့် ရန်ကုန်မြို့တို့မှ အဓိကမှာယူရောင်းချကြောင်း သိရသည်။

    ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ငဖန့်ဝိုင်းငါးပိကောင်(၁)ပိဿာလျှင် ကျပ်(၃၆၀၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အောက်တိုဘာလ(စတုတ္ထပတ်)တွင် ကျပ်(၃၄၀၀၀) ဖြင့်ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုလတွင် ကျပ်(၂၀၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း၊ သယ်ယူစရိတ်မြင့်လာသည့်အတွက် ဈေးနှုန်းမှာမြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

မင်းဘူးမြို့၊ မြို့မဈေး၌ သခွာသီးများစတင်ဝင်ရောက်အရောင်းအဝယ်သွက်လျက်ရှိ

       မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ မြို့ပတ်ဝန်းကျင်ရှိ ကျောက်တန်း ကျေးရွာ၊ ရေမြက်၊ ရေတွင်းကုန်း၊ ရွာသာ၊ ကြာကန်၊ လေးအိမ်တန်းနှင့် လက်ပံတောကျေးရွာတို့မှ စိုက်ပျိုးထွက်ရှိသည့် သခွာသီးများ နိုဝင်ဘာလ(တတိယပတ်)မှ စတင်၍ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် သခွာသီး(၁)တောင့်လျှင် ကျပ်(၁၂၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရလျက် ရှိသည့်အပြင် အရောင်းအဝယ်မှာလည်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 “နိုဝင်ဘာလစတုတ္ထပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့ နိုဝင်ဘာလ(၂၄)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် အခြေခံစားကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်‌ ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့ ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်အမျိုးအစားလိုက် ရောင်းချလျက်ရှိသော ဆန်ဆိုင်များ၊ မီးဖိုချောင်သုံးအခြေခံစားကုန် ကုန်ခြောက်ပစ္စည်း အရောင်းဆိုင်များ၊ ဝက်သား၊ အမဲသား၊ ဆိတ်သားနှင့် ရေချိုရေငံ ငါး၊ ပုဇွန် အသား၊ ငါးအရောင်းဆိုင်များ ငါးပိ၊ ငါးခြောက်ဆိုင်များ၊ ကြက်ဥ၊ ဘဲဥ လက်လီလက်ကား အရောင်းဆိုင်များ အသီး၊ အရွက်၊ ပဲပင်ပေါက်၊ ပဲပြား ကုန်စိမ်း အရောင်းဆိုင်များရှိ အခြေခံစားကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေတို့အား စာရင်းကောက်ယူ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အခြေခံစားကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေမှာ သိသိသာသာ ပြောင်းလဲမှုမရှိသော်လည်း စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကွမ်းခြံကုန်းမြို့နယ် ဈေးကွက်အတွင်းရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအား စာရင်းကောက်ယူ၍ အပတ်စဉ်တင်ပြလျက်ရှိရာ နိုဝင်ဘာလ(၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

         ထိုသို့ ကွင်းဆင်းစာရင်းကောက်ယူခြင်း ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အခွန်ကောက်စာရေး ဦးသန့်ဇော်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်း အခြေခံစားသောက်ကုန်ရောင်းချသော ကုန်စုံဆိုင်များဖြစ်သည့် ဒေါ်ရီရီသန်းကုန်စုံဆိုင်၊ ဒေါ်မာမာစိုးကုန်စုံဆိုင်တို့မှ စားအုန်းဆီ တစ်ပိဿာလျှင် (၆၈၅၀)ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၂၁၀၀၀)ကျပ်၊ ကြက်သွန်နီ ဆိုဒ်စုံတစ်ပိဿာလျှင် (၁၅၀၀မှ ၂၀၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်းစ)တစ်ပိဿာလျှင် (၉၀၀၀မှ ၁၀၀၀၀)ကျပ်ထိ၊ ငရုပ်တောင့်ရှည် တစ်ပိဿာ လျှင် (၂၁၀၀၀မှ ၂၂၀၀၀)ကျပ်ထိ၊ မန်းကျည်းသီးမှည့် တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ်လျှင် (၈၀၀)ကျပ်၊ ပဲခြမ်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ သကြား တစ်ပိဿာလျှင် (၅၀၀၀မှ ၅၅၀၀)ကျပ်ထိ၊ အာလူး တစ်ပိဿာလျှင် (၇၀၀၀မှ ၇၅၀၀)ကျပ်ထိ အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

        ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်၏ ဈေးနှုန်းနှိုင်းယှဉ်ရာတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကွာခြားမှုမရှိဘဲ စားအုန်းဆီဈေးနှုန်းမှာ ယခင်တစ်ပတ်ထက် ဈေးနှုန်းအနည်းငယ် ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အာဟာရဓာတ်ကြွယ်ဝသောငှက်ပျောဖူး

           ငှက်ပျောဖူးသည် ငှက်ပျောပင်၏ အပွင့်ဖြစ်ပြီး ငှက်ပျောသီးအဖြစ် မအောင်မြင်မီ အဆင့်တွင် ရှိသော အပွင့်ဖူးအစိတ်အပိုင်းဖြစ်ကြောင်း၊ ခရမ်းရောင်ရှိပြီး မာကျောသည့်အခွံဖြင့်ဖုံး အုပ်ထားကာ အတွင်းတွင်ပျော့ပျောင်းပြီး အဝါရောင်သန်းသော အပွင့်လေးများ ခွေလျက်ရှိသော အဖူးဖြစ်သည်။ ငှက်ပျောဖူးသည် အာဟာရဓာတ်ကြွယ်ဝသော အစားအစာတစ်ခုဖြစ်ပြီး အမျှင်ဓာတ်ပါဝင်၍ အစာခြေ စနစ်အတွက် ကောင်းမွန်ကြောင်း၊ ပရိုတင်းနှင့် ပိုတက်ဆီယမ်ကြွယ်ဝသဖြင့် ကြွက်သားများနှင့် အာရုံကြောများအတွက်အကျိုးပြုကြောင်း၊ ကိုယ်ခံအားကိုမြှင့်တင်ပေးသော ဗီတာမင်အေ၊ စီနှင့်အီး တို့ပါဝင်၍ အရွယ်တင်နုပျိုစေကြောင်း၊ သံဓာတ်ပါဝင်ပြီး သွေးအားနည်းရောဂါကို ကာကွယ်ပေး ကြောင်းသိရှိရသည်။ ကျန်းမာရေးအကျိုးကျေးဇူးများအနေဖြင့်  သကြားဓာတ်နည်းပြီး အမျှင်ဓာတ် နည်းသဖြင့် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေး၍ ဆီးချိုရောဂါကို ကာကွယ်ပေးကြောင်း၊ ပိုတက်ဆီ ယမ်ဓာတ်သည် သွေးပေါင်ချိန်ကို ထိန်းညှိပေးသောကြောင့် သွေးတိုး ကျစေကြောင့်၊ အူမကြီးကို သန့်စင်စေပြီး ဝမ်းချုပ်ခြင်းကိုကာကွယ်ပေး၍ အစာခြေစနစ်ကို အထောက်အကူပြုကြောင်း၊ ကယ်လိုရီ နည်းပြီး ဗိုက်ပြည့်စေသောအစားအစာ ဖြစ်သောကြောင့် ခန္ဓာကိုယ်အတွက် ဝိတ်ချသူများအနေဖြင့်  ကိုယ်အလေးချိန်ကျဆင်းကြောင်း၊ မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်သဖြင့် စိတ်ကျရောဂါကို သက်သာစေကြောင်း ဖတ်ရှု့သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း