Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“တောင်ပေါ်ဒေသမှ ငရုတ်ပွတောင့်များဈေးကွက်အတွင်းသို့ ဖြိုင်ဖြိုင်ဝင်ရောက်”

           ကျောက်ဆည်ခရိုင်အတွင်းရှိ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးများသို့ တောင်ပေါ်ဒေသမှ ငရုတ်ပွတောင့်များ ဈေးကွက်အတွင်းသို့ ဖြိုင်ဖြိုင်ဝင်ရောက်လျက်ရှိပြီး ငရုတ်ပွတောင့်များသည် ယခုအချိန်တွင် မြေပြန့်ဒေသများမှ စိုက်ပျိုးမှုနည်းပါးပြီး တောင်ပေါ်ဒေသများဖြစ်သည့် ရှမ်းပြည်၊ အောင်ပန်း၊ပင်းတယနှင့်ရွာငံရေဦး မြို့များမှ အများဆုံးဝင်ရောက်လျက်ရှိပြီး အောက်တိုဘာလ ဒုတိယအပတ်တွင် ငရုတ်ပွတောင့် ဈေးနှုန်းအနေဖြင့် လက်ကားတစ်ပိဿာလျှင် (၇၀၀၀/-) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၉၀၀၀/-) ကျပ်ရှိကြောင်း၊ ယခု အောက်တိုဘာလ တတိယအပတ်တွင် ဈေးနှုန်းအနေဖြင့် လက်ကား တစ်ပိဿာလျှင် (၈၀၀၀/-)ကျပ် ၊ လက်လီ တစ်ပိဿာလျှင် (၁၀၀၀၀/-) ကျပ် ရှိပြီး ဈေးနှုန်းအနေဖြင့် အနည်းငယ်မြင့်တက်နေကြောင်း ကုန်စိမ်းပွဲရုံများထံမှ သိရှိရပါသည်။ ငရုတ်ပွတွင် ကယ်လိုရီဓာတ် ၊ ပရိုတင်း နှင့် အမျှင်ဓာတ်များ စွာပါဝင်ကြောင်း ၊ ငရုတ်ပွကို အစိမ်းကြော်ပဲ ကြော်ကြော် ၊ အသားလေးနဲ့ပဲနှပ်နှပ် ၊ အနံ့မွှေးပြီး စားလို့ကောင်းသော ကြောင့်ကြိုက်နှစ်သက်သူများပါကြောင်း ၊ ငရုတ်ပွစားသုံးခြင်းဖြင့် မျက်လုံးအားကောင်းစေခြင်း ၊ သွေးအားနည်း ရောဂါကာကွယ်ပေးခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ အသားအရည်လှပစေခြင်းနှင့် အစာခြေစနစ်ကောင်းမွန်စေခြင်းစသည့်ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိကြောင်း၊ငရုတ်ပွတောင့် အပါအဝင် ဟင်းသီးဟင်းရွက်များကို များများစားသုံးပေးခြင်းကြောင့် အဝလွန်တာ၊ ဆီးချို၊ နှလုံးရောဂါ အပါအဝင် နာတာရှည်ရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

 

“နဂါးမောက်သီးစျေးနှုန်းစျေးကွက်”

          မန္တ‌လေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်သည် စပါး၊ပဲ၊ပြောင်း၊နှမ်း၊ငရုတ်၊ကြက်သွန် စသည့်စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ပြီး လယ်ယာထွက်သီးနှံများအပြင် ဥယျာဉ်ခြံ သီးနှံများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပါသည်။ ဥယျာဉ်ခြံသီးနှံများမှာ သရက်၊မာလကာ၊ သံပုရာနှင့်နဂါးမောက်သီးကိုအဓိကထားစိုက်ပျိုးကြပါသည်။ နဂါးမောက်သီးကို တောင်နောက် ကျေးရွာနှင့်သင်တောင်းကျေးရွာများတွင် စိုက်ပျိုးကြပါသည်။နဂါးမောက်သီးကို အဖြူသီးနှင့်အနီသီး  ဟူ၍(၂)မျိုးရှိပြီး အဖြူသီးမှာလူကြိုက်များကြောင်း၊ကျောက်ဆည်နယ်မှထွက်သော နဂါးမောက်သီး ကိုကျောက်ဆည်မြို့ရှိ မြို့မစျေး၊အေးမြကြည်လင်စျေးနှင့်သစ်သီးဆိုင်များသို့တင်ပို့ရောင်းချလျက်ရှိ ကြောင်း၊ အောက်တိုဘာလ ပထမပတ်တွင် နဂါးမောက်သီးစျေးနှုန်းမှာ တစ်လုံးလျှင်(၁၅၀၀-၂၀၀၀) ကျပ်စျေးနှုန်းများဖြင့်ရောင်းဝယ်ခဲ့ပြီး  အောက်တိုဘာလ တတိယပတ်တွင်နဂါးမောက်သီးစျေးနှုန်းမှာ တစ်လုံးလျှင်(၈၀၀-၁၀၀၀)ကျပ်စျေးနှုန်းများဖြင့် အလုံးအကြီး၊အသေးပေါ်မူတည်၍ စျေးနှုန်းကွာခြားကြောင်း ၊ စျေးကွက်အတွင်း နဂါးမောက်သီး အဝင်များလာသည့်အတွက် စျေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း ကျောက်ဆည် မြို့ရှိသစ်သီးရောင်းချသည့်ဆိုင်များမှသိရှိရပါသည်။

DOCA (မန္တလေး)

 

ရှမ်းပြည်မှနုနုထွတ်ထွတ်ဂေါ်ရခါးညွန့်

    ဂေါ်ရခါးညွန့်(ခေါ်)ဆူကာညွန့်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တစ်ဝှိုက်တွင် စိုက်ပျိုးလျက်ရှိကြသည်။ ဂေါ်ရခါးညွန့်ကို စိုက်ပျိုးရန် အကောင်းဆုံးရာသီမှာ မိုးရာသီဖြစ်ပါသည်။ အနာ ဆာကင်းသောဂေါ်ရခါးသီးအရင့်များကို အညှောက်ပေါက်အောင်ပြုစုပြီး စိုက်ပျိုးကြပါသည်။စိုက်ပျိုးပြီး (၂)လခန့်ကြာလျှင် ရောင်းတန်းဝင်သော အညွန့်များကိုခူးဆွတ်ရောင်းချနိုင်ပါသည်။ တစ်ပတ်တစ်ကြိမ် အညွန့်များကိုခူးဆွတ်နိုင်ပြီး(၁၅)ညွန့်ခန့်ကိုတစ်စည်းစည်း၍ ဈေးကွက်သို့ဖြန့်ဖြူးရောင်းချ ကြပါသည်။ တစ်စည်းလျှင် (၁၀၀၀) ကျပ်မှ (၁၅၀၀) ကျပ်အထိ အရွက်အရည်အသွေးပေါ်မူတည်၍ စျေးကောင်း ရရှိကြပါသည်။ ရှမ်းပြည်နယ်၏ရာသီဥတုနှင့် စိုက်ပျိုးကိုက်ညီသဖြင့် ဂေါ်ရခါးညွန့်စိုက်ပျိုး တောင်သူ အဖို့ အရင်းနှီးအနည်းငယ်ဖြင့် ဝင်ငွေများများရရှိစေသော ကုန်စိမ်းတစ်မျိုးဖြစ်ပါသည်။ 

DOCA(ရှမ်း)

ပဲပင်ပေါက်၊ ပဲပြားအကျိုးကျေးဇူးနှင့်ဈေးနှုန်း၊ ဈေးကွက်

   နေ့စဉ်စားသုံးကြသောဟင်းလျာများတွင် ပဲပင်ပေါက်ကို ပဲပြားနှင့်ရော၍ကြော်စားခြင်း ကိုလည်း စားသုံးသူများနှစ်သက်တာကို တွေ့ရပါသည်။ ထိုသို့စားသုံးမှုများသော ပဲပင်ပေါက်၊ ပဲပြားတို့ကို အများအားဖြင့် တွဲဆက်ရောင်းချတာကိုတွေ့ရပြီး မိတ္ထီလာဈေးကွက်မှာတော့ အောက်တိုဘာလ ဒုတိယပတ် တွင်ပဲပင်ပေါက်(၂၅)ကျပ်သား လျှင်(၁၀၀၀)ကျပ်၊ ပဲပြား၂ခဲတွဲ တစ်တွဲလျှင်(၁၀၀၀) ကျပ်နှင့်ရောင်းချ လျက်ရှိပါသည်။ ပဲပင်ပေါက်ကို အများအားဖြင့် ပဲပြားနှင့်တွဲဘက်ကြော်စားနိုင် ကြသော်လည်း ရေနွေးဖျော၍သုပ်ခြင်း၊ အသုပ်စုံများတွင်ထည့်၍သုပ်စားခြင်း၊ ဟင်းချိုချက်၍ စားသုံးခြင်းစသည်ဖြင့် အမျိုးမျိုးစားသုံးကြပါတယ်။ ပဲပင်ပေါက်တွင် သံဓာတ်၊ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက် သံဓာတ်ဟာသွေးအားကောင်းစေခြင်း၊ အမျှင်ဓာတ်က အစာခြေစနစ်ကို ကောင်းမွန်စေခြင်းစတဲ့အကျိုးကျေးဇူးများစွာရှိသော ပဲပြားနှင့်ပဲပင်ပေါက်အတွဲမှာ အရောင်းသွက်လျက်ရှိကြောင်း ဈေးကွက်မှသိရသည်။

DOCA(မန္တလေး)

“ ပြင်ဦးလွင်ဒေသထွက်ပန်းမာလ်စျေးနှုန်း”

       ပြင်ဦးလွင်မြို့နယ်ရဲ့ အခြေခံလူတန်းစား တောင်သူအများစုမှာတစ်နှစ်လျှင်နှစ်သီးစားသီးနှံ ဖြစ်သော ပန်းမာလ်ကို မိရိုးဖလာဘိုးဘွားလက်ထက်ကတည်းက တစ်မျိုးတည်းကို တစ်စိုက်မက်မက် စိုက်ပျိုးလုပ်ကိုင်လျှက်ရှိပါသည်။လုပ်အားခ အရှုံးပေါ်တဲ့နှစ်တွေရှိသလို အမြတ်များများရတဲ့ နှစ်တွေလည်းများများကြုံတွေ့ကြရပါသည်။ ပန်းမာလ်စိုက်ပျိုးရာတွင် နွေရာသီမှာထွက်ပေါ်သော ပန်းမာလ်များကို နွေပန်းအုပ်စုနှင့် မိုးရာသီမှာထွက်ပေါ်သော ပန်းကို မိုးပန်းအုပ်စုဟူ၍(၂)မျိုးခွဲခြား စိုက်ပျိုးထားတာတွေ့ရှိရပါသည်။ မိုးပန်းအုပ်စုများမှာ ဂန္ဓမာမျိုး(ကီလို)၊ ချယ်ရီ၊ ရွှေစိမ်း၊ ခိုင်ရွှေဝါ၊ ချက်စိမ်း၊စပယ်ဖြူ၊စပယ်ဝါ၊သဲနီ၊ငုရွှေဝါ၊ကျောက်စိမ်း၊ဖက်ရှင်၊ဒင်္ဂါး၊ခိုင်ဂျူး၊ကြွေဖြူတို့ကိုစိုက်ပျိုးကြပြီး သစ္စာပန်းအုပ်စုတွေဖြစ်တဲ့ စက္ကူဖြူ၊ ပတ္တမြားနီ၊ မိတ်ကပ်၊ အာကြား စသည်တို့စိုက်ပျိုးကြပါတယ်။ ယခုနှစ်ထွက်ပေါ်သည့် မိုးပန်းဂန္ဓမာအုပ်စု အထက်ဖော်ပြပါမျိုးများမှ ထိပ်စနှင့်အောက်စခွဲခြား၍ နယ်မြို့များသို့တင်ပို့ရောင်းချရာတွင် ထိပ်စ လက်ဆုပ်စည်း(အရိုင်းစည်း) တစ်စည်းလျှင်(၁၃၅၀၀/-) ကျပ်နှင့်အောက်စ လက်ဆုပ်စည်း(အရိုင်းစည်း) တစ်စည်းလျှင်(၇၈၀၀/-)ကျပ်စျေးရရှိကြပြီးသစ္စာပန်းအုပ်စုစျေးနှုန်းများမှာထိပ်စ(၅)ပင်စည်းတစ်စည်းလျှင်(၃၅၀၀-၄၀၀၀)ကျပ်ရှိပြီးအောက်စ(၅)ပင်စည်းတစ်စည်လျှင်(၂၀၀၀-၂၅၀၀)ကျ

ပ်  စျေးနှုန်းများဖြင့် နယ်မြို့များဖြစ်သော ရန်ကုန် ၊ မန္တလေး နှင့် နေပြည်တော် ပန်းမာလ်စျေးကွက်သို့ တင်ပို့ရောင်းဝယ်လျက်ရှိပါသည်။

DOCA (မန္တလေး)

 

“စည်းလုံးခြင်းထောပတ်စိုက်ပျိုးရေးဇုံ”

          မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့အခြေစိုက်(Unity Avocado Zone)ဆိုတဲ့ အဖွဲ့အစည်း တစ်ခုဖွဲ့စည်းပြီး ထောပတ်သီးနှံများစိုက်ပျိုးခဲ့ရာ အဖွဲ့ဝင်များရဲ့ စည်းလုံးမှု၊ ဇွဲ ၊ လုံ့လ ၊ စိတ်အားထက်သန်မှုများနဲ့ တည်ဆောက်ခဲ့ကြတာ ယခုအချိန်မှာတော့ အောင်မြင်မှု အသီးအပွင့် တွေကိုခံစားနေရပြီဖြစ်ပါသည်။ Unity ရဲ့ ထောပတ် စိုက်ဧကမှာ ဧက(၃၀၀)မှာ ဧက(၂၀၀) စိုက်ပျိုး ထားရှိပြီး အသီးခူးဆွတ်နိုင်သည့်ဧက(၁၅၀)ရှိကြောင်း ၊ စိုက်ပျိုးထားသည့် ထောပတ်မျိုးများမှာ ဒေသမျိုး၊ မြောက်ကျွန်းသူနှင့်အမရာမျိုးဖြစ်ပြီး နိုင်ငံခြားမျိုးဖြစ်တဲ့ Hass ၊ Bacan ၊ Pinkarhon မျိုးတွေကို အဓိကထားပြီး စိုက်ပျိုးထားရှိပါသည်။ထောပတ်(၁)ဧကတွင် အပင်ရေ(၈၀)ပင်စိုက်ပျိုးနိုင်ပြီး စတင်ခူးဆွတ်ချိန်တွင် တစ်ပင်လျှင် ထောပတ်သီး(၇၆)လုံးခူးဆွတ်နိုင် ကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရသိရှိရပါသည်။ ထောပတ်ပင်သည် နှစ်ရှည်သီးနှံပင် ဖြစ်သောကြောင့် နှစ်ကြာလျှင် အသီးရေရာနှင့်ချီသီးတာတွေ့ရှိရပါသည်။ယခုလက်ရှိ ထောပတ်သီး စျေးကွက်တွင် ဒေသသီး(၁)လုံး လျှင်(၃၀၀-၇၀၀)အထိစျေးရှိပြီး နိုင်ငံခြားမျိုးများမှာ ကီလိုစျေးများဖြင့် ရောင်းဝယ်ရာတွင်(၁)ကီလိုလျှင် (၈၀၀၀/)ကျပ်စျေးနှုန်းများဖြင့်ရောင်းဝယ်လျက်ရှိပါသည်။ တောပတ် မျိုးများမှာ အစေ့ပျိုးပင် နှင့် ကိုင်းကူးစပ်မျိုးဟူ၍ရှိပြီး အစေ့ပျိုးပင်မျိုးမှာ(၆)နှစ်မှ(၇)နှစ်တွင် အသီးရရှိပြီး ကိုင်းကူးစပ်မျိုးမှာ(၃)နှစ် ကြာလျှင် အသီးစတင်ရရှိပါသည်။ ကိုင်းကူးစပ်မျိုးပင်(၁)ပင်လျှင် ယခုစျေးနှုန်း (၁၅၀၀-၁၇၀၀)ကျပ်ဖြင့် Unity Avocado Zone တွင် လိုသလောက်ဝယ်ယူနိုင်ပြီး စိုက်ပျိုးမှုနည်းပညာနှင့် အပင်ထိန်းသိမ်းမှု များကိုမျှဝေပေးပြီး လိုက်လံစိုက်ပျိုးပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA (မန္တလေး)

 

 

 

မိတ္ထီလာမြို့ ပြည်သာယာဈေးရှိဂေါ်ရခါးသီးဈေးကွက်

   မိတ္ထီလာမြို့ ၊ ပြည်သာယာဈေးရှိ ဂေါ်ရခါးသီးဈေးကွက်တွင် အောက်တိုဘာလ ဒုတိယပတ်၌ ဈေးနှုန်းကျဆင်းလာကြောင်းသိရသည်။ အောက်တိုဘာလ ပထမပတ်က   ဂေါ်ရခါးသီး(၃)လုံးလျှင် (၁၀၀၀)ကျပ် ဈေးရှိခဲ့ရာမှ ယခုတပတ်တွင် ဂေါ်ရခါးသီးတစ်လုံးလျှင် (၁၀၀)ကျပ်ဈေးသာရှိပါသည်။ မိတ္ထီလာမြို့၊ ပြည်သာယာဈေးရှိ ကုန်းဈေးရောင်းချသည့် ဈေးသည်များမှာ မြို့မဈေး၊ ဖြိုး‌ဝေဈေး တန်းရှိ ကုန်ဈေးပွဲရုံများမှဝယ်ယူရောင်းချကြပါသည်။ ဂေါ်ရခါးသီးများမှာ ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်းဒေသများမှ အဝင်များသဖြင့် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းကျဆင်းကြောင်း ဈေးကွက်မှသိရပါသည်။

DOCA(မန္တလေး)

“ ခရီးသွားများစိတ်ဝင်စားလာသည့်မက္ကဒေးမီးယား”

             မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်သည် အေးမြသောရာသီဥတုရှိပြီး တောင်ပေါ်မြို့လေး ဖြစ်သောကြောင့် ခရီးသွားများ၊အလည်အပတ်လာရောက်သူ ဧည့်သည်များဖြင့်အမြဲမပြတ် စည်ကား လျက်ရှိပါသည်။ခရီးသွားဧည့်သည်များလာသည်နှင့်အမျှဒေသထွက်ကုန်ရောင်းချသော ဆိုင်များတွင် ပြင်ဦးလွင်ဒေသထွက်ကုန်တစ်မျိုးဖြစ်သော မက္ကဒေးမီးယား (ခ)ချောကလက်သီးမှာလည်း အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ မက္ကဒေးမီးယားအပင်သည် နှစ်ရှည်သီးနှံဖြစ်ပြီး ပြင်ဦးလွင်ရှိ မျှော့တော၊ သက်ကယ်ချောင်တွင် အများဆုံးစိုက်ပျိုးပြီး စိုက်ပျိုးသူများ အကျိုးအမြတ်ဖြစ်လျက်ရှိပါသည်။ မက္ကဒေးမီးယား (ခ)ချောကလက်သီးကို စားသုံးပါက ကင်ဆာရောဂါကာကွယ်နိုင်ခြင်း၊အရွယ်တင် နုပျိုစေခြင်း၊နှလုံးအားကောင်းစေခြင်း၊ သွေးကြောအတွင်းအဆီဓါတ်ကိုလျော့ကျစေခြင်း ၊ အစာခြေ စနစ်ကောင်းမွန်စေခြင်းစသော အကျိုးကျေးဇူးများစွာရရှိပါသည် ။ ကျန်းမာရေးအတွက်အထောက် အကူဖြစ်စေသောကြောင့် နေ့စဉ်ပုံမှန်(၆)ဆံမှ(၁၀)ဆံအထိ စားသောက်နိုင်ပြီး ပြင်ဦးလွင်ရှိဒေသ ထွက်ကုန်အရောင်းဆိုင်များတွင် နို့ဆီဗူး(၁)ဗူးလျှင်(၂၀၀၀/-)ကျပ်ဖြင်ရောင်းဝယ်လျက်ရှိပြီး ခရီးသွား များစိတ်ဝင်စားလျက်ရှိကြောင်း ဒေသထွက်ကုန်ရောင်းချသူများထံမှသိရှိရပါသည်။

DOCA (မန္တလေး)

မိတ္ထီလာမြို့ ပြည်သာယာဈေးရှိခရမ်းသီးဈေးကွက်

   မိတ္ထီလာမြို့၊ ပြည်သာယာဈေးရှိခရမ်းသီးဈေးကွက်တွင် အောက်တိုဘာလ ဒုတိယပတ်၌ဈေးနှုန်းမြင့် တက်လာကြောင်းသိရသည်။ အောက်တိုဘာလ ပထမပတ်၌ ခရမ်းသီး(၁)ပိဿာလျှင် (၂၄၀၀)ကျပ်ဈေးရှိခဲ့ရာမှ ယခုတပတ်တွင် ခရမ်းသီး(၁)ပိဿာလျှင်(၂၅၀၀)ကျပ်မှ(၂၇၀၀)ကျပ် ဈေးရှိပါသည်။ မိတ္ထီလာမြို့ပြည်သာယာ ဈေးရှိကုန်ဈေးရောင်းချသည့် ဈေးသည်များမှာ မြို့မဈေး၊ ဖြိုးဝေဈေးတန်းရှိ ကုန်စိမ်းပွဲရုံများမှဝယ်ယူ ရောင်းချကြပါသည်။ ခရမ်းသီးအပါဝင် ကုန်စိမ်းများကို ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်း၊ ကလော ဒေသတို့မှ ဝင်ရောက်ကြောင်းနှင့်ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းမှာအနည်းငယ်မြင့်တက်လာကြောင်း ဈေးကွက်မှသိရပါသည်။

DOCA(မန္တလေး)

ဆန်စပါးစျေးနှုန်းစျေးကွက်”

            မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် အညာဒေသ လယ်တွင်းကိုးခရိုင်တွင် တစ်ခု ပါဝင်ပြီး ဆည်ရေသောက်စနစ်ဖြင့် စပါးများအဓိက စိုက်ပျိုး လျက်ရှိ ပါသည်။ ကျောက်ဆည်ခရိုင် တွင် မိုးစပါးစိုက်ပျိုးမှုအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် (၁၃၇၁၈၁)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ယခင်က တောင်သူများသည် မိမိအိမ်မှ စပါးများ ကိုသာမျိုးအဖြစ်အသုံးပြုကြောင်း၊ ယခုအခါတွင် တောင်သူများသည် နှစ်စဉ် မျိုးကောင်းမျိုးသန့်များ ကိုသာဝယ်ယူ၍ အသုံးပြုကြောင်း၊ တောင်သူအများစုမှာ ဧရာဒေသာစပါးမျိုးကိုသာ အဓိက စိုက်ပျိုး လျက်ရှိပြီး ဧရာပဒေသာ မျိုး(၁)တင်းလျှင် (၃၀၀၀၀/-)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးလျက်ရှိကြောင်း ၊ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် အထွက်နှုန်း ပိုမိုကောင်းမွန်နိုင်မည်ဖြစ်ကြောင်း ၊ တောင်သူများသည် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်ကို ပြောင်းလဲအသုံးပြုသောကြောင့် အချိန်ကုန်သက်သာပြီး လုပ်ငန်းများ တွင်ကျယ်လျက်ရှိကြောင်း ၊ ယခင်က တောင်သူများသည် လယ်ထွန်ခြင်း၊စပါးရိတ်သိမ်းခြင်း၊စပါးသယ်ယူခြင်းများကို နွားများ ၊လူများကိုသာအသုံးပြုခဲ့သော်လည်း ယခုအခါတွင် လယ်ထွန်စက်၊ရိတ်သိမ်းခြွေလှေ့စက်၊ထော်လာဂျီ များကိုသာအသုံးပြုလျက်ရှိကြောင်း၊ မိုးစပါး(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့ ၊ စိုက်ပျိုးစရိတ် ၊ ထွန်ယက်ခြင်း နှင့် ရိတ်သိမ်းခြင်း အပါအဝင် စုစုပေါင်း ကုန်ကျငွေ(၁၀၅၀၀၀၀)ကျပ်ကုန်ကျပြီး ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင်(၈၀-၈၅)တင်းခန့်ထွက်ရှိကြောင်း၊စပါးစျေးနှုန်းအနေဖြင့်ယခင်နှစ်တွင်ဧရာပဒေသာစပါး တင်း(၁၀၀)လျှင် (၂၈၀၀၀၀၀/-)ကျပ်စျေးရှိပြီး ယခုနှစ်တွင် ထွက်ပေါ်ခြင်း မရှိသေးသော်လည်း စပါး စျေးနှုန်းအနေဖြင့် ဧရာပဒေသာ(အဟောင်း) တင်း(၁၀၀)လျှင် (၂၈၀၀၀၀၀/-)ကျပ် ၊ မနောသု (အဟောင်း) တင်း(၁၀၀)လျှင် (၂၁၀၀၀၀၀/-)ကျပ်ဖြစ်ပြီး ဆန်စျေးနှုန်းအနေဖြင့် ဧရာပဒေသာဆန် (၂၄)ပြည် တစ်အိတ်လျှင်(၁၂၅၀၀၀/-)ကျပ်၊မနောသုခဆန်(၂၄)ပြည် တစ်အိတ်လျှင်(၉၂၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်ဖြစ်နေကြောင်း စျေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး ၊ မိတ္ထီလာ နှင့် မြင်းခြံမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပွဲစား ၊ ကုန်သည် စက်ပိုင်များထံမှသိရှိရပါသည်။

DOCA (မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း