Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ပအုန်းရည်ဈေးနှုန်း/ဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် ပင်လယ်ရေ ပတ်လည်ဝန်းရံလျက်ရှိသော မြို့ တစ်မြို့ဖြစ်ပြီး ဓနိပင်များ အများအပြားပေါက်ရောက်သော မြို့ဖြစ်သည်။ အဆိုပါဓနိပင်များသည် ဓနိပျား၊ ဓနိရည်များထွက်ရှိလျက်ရှိပြီး မြိတ်ဒေသအတွက် အစားအသောက်များတွင် အဓိက အသုံးပြုသော ပအုန်းရည် (သို့)သဘာဝရှာလကာရည်များကို ထုတ်ယူကြပါသည်။ ပအုန်းရည် သည် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသပင်လယ်ကမ်းစပ်အနီးတွင် ပေါက်ရောက် သော ရေငန်ပင်ဖြစ်သည့် ဓနိပင်မှထုတ်ယူရရှိသော ဓနိရည်ကို အချဥ်ဖောက်ထားသော အရည် ဖြစ်သည်။

    ယခုစက်တင်ဘာလဒုတိယပတ်တွင်မြိတ်မြို့ပေါ်ရှိ ပအုန်းရည်တစ်ဘူးလျှင် (၁၅၀၀)ကျပ် ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ အုန်းသီးနုရည်ဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီးတွင် အုန်းပင်သည် အလွန်ပင်များပြားသော အပင်တစ်မျိုးဖြစ် သည်။ အုန်းပင်ကို မြန်မာနိုင်ငံအနှံ့အပြားနှင့် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် အများအပြား ပေါက်လေ့ရှိသည်။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်းရှိ အုန်းသီးနုရည်ကို ဈေးကြီးများနှင့် လမ်းဘေးဈေးသည်များတွင် ရောင်းချလျက်ရှိကြောင်း တွေ့ရှိကြပါသည်။ အုန်းစိမ်းရည်ရောင်းချရန်အတွက် အုန်းစိမ်းရည်ကို ဒေသတွင်းစားသူံးသူများသောကြောင့် ဈေးကွက်ချဲ့ထွင်သူများ လည်းအလွန်ပင်များပြားလာကြောင်းလည်း သိရှိရပါသည်။ အုန်းစိမ်းရည်များကို အုန်းချိုမွှေးနှင့် အုန်းဂျယ်လီများလည်း ပြုလုပ်ရောင်းချကြကြောင်းလည်း သိရှိရပါသည်။ အုန်းစိမ်းရည်သည် ပိုတက်စီယမ်ကြွယ်ဝစွာ ပါဝင်သောကြောင့် အားအင်များကိုလည်း ပြန်လည်ဖြည့်တင်းပေးပါသည်။

     ယခု၂၀၂၅ခုနှစ်စက်တင်ဘာလဒုတိယပတ်တွင် တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ အုန်းစိမ်း ရည် တစ်လုံးလျှင် (၃၅၀၀)ကျပ်နှင့် (၄၀၀၀)ကျပ်ထိရှိကြောင်း အုန်းစိမ်းရည်ရောင်းသူထံမှ သိရှိ ရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်း၊ မြိတ်ဒေသထွက်ရေခူ(သို့)ငါးဂျယ်လီ

     ခူသည် ကမ်းရိုးတန်းတစ်လျောက်ရေငန်ပိုင်းနှင့် ပင်လယ်ကျယ်များတွင် ရေပေါ်၌ပေါ်လေ့ရှိပါသည်။ ခူတွင် စားခူ၊ ခူနီ၊ ခူဝက်ခေါက်၊ ခူမီး(ခေါ်)ခူတောင်များဟူ၍ အမျိုးမျိုးရှိကြောင်း သိရှိရပါသည်။ ခူတွင် ခူနီ၊ ခူဝက်ခေါက်တို့သည် လူတို့အတွက်အသုံးမဝင်ဘဲ ခူမီး(ခေါ်)ခူတောင် များကို လက်ဖြင့်ကိုင်တွယ်မိပါက မီးကဲ့သို့ ပူလောင်ခြင်း၊ ယားယံခြင်းတို့ဖြစ်ကြောင်း ခူလုပ်သားတစ်ဦးထံမှ သိရှိရပါသည်။ ခူထွက်ရှိချိန် ဧပြီလနှင့်ဇွန်လများတွင် အများဆုံး ထွက်ရှိကြောင်း သိရှိရပါသည်။ ခူများကို ဖမ်းရာတွင် သံချိတ်များဖြင့် ဖမ်းပြီး ရေဆုတ်ပတ်များတွင် အများဆုံးဖမ်းကြောင်း သိရှိရပါသည်။

          ယခုစက်တင်ဘာလဒုတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ရေခူဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်နှင့် (၁၅၀၀၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။ စားသောက်ဆိုင်များတွင် ခူသုပ် တစ်ပွဲလျှင် (၃၀၀၀)ကျပ်ရှိပြီး ခူများကို ကိုယ့်စိတ်ကြိုက် ကြက်သွန်ကြော်၊ ခရမ်းချဥ်သီး၊ မြေပဲ၊ နံနံပင်များထည့်ကာသုပ်စားရပါသည်။ ကမ်းရိုးတန်းဒေသထွက် ဟင်းအမယ်တစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

မြိတ်ခရိုင်ရှိ ဒေသထွက်ဒူးရင်းသီးများကို ထုတ်ပိုး၍ စျေးကွက် ကျယ်ကျယ်ပြန့်ပြန့်ရရှိရန်ကြိုးစားဆောင်ရွက်

    တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်တွင် ကွမ်းသီး၊ ရာဘာ၊ သီဟိုများစိုက်ပျိုးလျက်ရှိပြီး အခြားသီးနှံများဖြစ်သော ဒူးရင်းသီးကို အများဆုံး စိုက်ပျိုးထွက်ရှိလျက်ရှိပါသည်။ ဒေသထွက် ဒူးရင်းသီးများကို ပြည်တွင်း၊ ပြည်ပတင်ပို့နိုင်ရေး၊ စျေးကွက်ထိုးဖောက်နိုင်ရေးဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။ ယခင်က အလုံးလိုက်တင်ပို့ရောင်းချလျက်ရှိပြီး အထားမခံခြင်းတို့ကြောင့် ဒူးရင်းသီးအသား(အနှစ်)ကို ထုတ်ပိုး၍ ပြန်လည်တင်ပို့ရောင်းချရန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရပါသည်။ ထုတ်ပိုးပြီး ဒူးရင်းသီးအသား(အနှစ်)ကို ကြာရှည်ခံစေရန် အအေးခန်း(freezer)များတွင် အမြဲထည့်ထားရန် လိုအပ်ကြောင်းသိရှိရပါသည်။ ယခင်က အလုံးလိုက်ရောင်းချရာတွင် လမ်းဘေး စျေးများ၌သာ အဓိကရောင်းချပြီး ဒူးရင်းမွန်ထောင်းသီးကိုသာ ထုတ်ပိုး၍ ကုန်တိုက်များတွင် ထည့်သွင်းရောင်းချလျက်ရှိသည်။ ရောင်းချရာတွင် ဒူးရင်းသီးအသား၊ အစေ့ နှစ်ခုပါ တစ်ထုတ်လျှင် ကျပ်(၁၀၀၀၀)ခန့် စျေးရရှိကြောင်း သိရှိရပါသည်။ ယခုအခါ ဒူးရင်းသီး အသား(အနှစ်)ကိုသာ ထုတ်ပိုး၍ ရန်ကုန်နှင့် မန္တလေးသို့ တင်ပို့ရန်ဆောင်ရွက်လျက်ရှိပြီး ပြည်ပသို့ပါ ပြန်လည်တင်ပို့ ရောင်းချဖို့ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ဒူးရင်းသီးအသား(အနစ်)တစ်ကီလိုကို ကျပ်၆၀၀၀၀ခန့်စျေးဖြင့် ရောင်းချမည်ဖြစ်ကြောင်း ဒူးရင်းလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တန‌င်္သာရီ)

ရှားပါးလာပြီဖြစ်သော မြိတ်မြို့ရှိ ဥသျှစ်သီးနှင့် စျေးနှုန်း

     ဥသျှစ်ပင်ကို မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရှိနိုင်ပြီး အင်္ဂလိပ်လို Custard Apple (သို့မဟုတ်) Sugar Apple, Sweetsop လို့ ခေါ်ကြပါတယ်။ ပူနွေးပြီးမိုးများသောဒေသများတွင် စိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံတောင်ပိုင်း‌‌ ဒေသဖြစ်သော တနင်္သာရီတိုင်းတွင်လည်း တွေ့ရှိနိုင် သည်။ ယခင်က မြိတ်မြို့ မြို့ပေါ်များတွင် ဒေသတွင်းစားသုံးရန် ခြံများတွင် စိုက်ပျိုးထားလေ့ရှိပြီး ယခုနောက်ပိုင်းတွင် ဥသျှစ်ပင်များ စိုက်ပျိုးထားရှိမှုမရှိသလောက်နည်းပါးလာကြောင်း သိရှိရပါ သည်။ ကျန်းမာရေးအခြေအနေအရ ဘေးအန္တရာယ်ကင်းပြီး လူမျိုးမရွေးစားသုံးရန်သင့်သောအသီး တစ်မျိုးဖြစ်ပြီး ဖျော်ရည် သို့မဟုတ် အစိမ်းစားကြလေ့ရှိသည်။ အရသာမှာ အသားတင်နူးနူးနဲ့ ချိုချဉ်သက်သက်ရှိသည်။ အထဲမှာ အမျှင်များနှင့် များပြားတဲ့ အစေ့လေးတွေ ပါတတ်သည်။ အရွက်ကိုလည်း ငပိရည်တို့စရာအဖြစ်စားသုံးကြပြီး အခွံကိုလည်း သနပ်ခါးအဖြစ်သုံးလေ့ရှိကြပါသည်။ စျေးကွက်တွင် ဥသျှစ်သီးတစ်လုံးလျှင် ၁၅၀၀ကျပ်ခန့်ရရှိပြီး အရွယ်အစားပေါ်မူတည်ပြီး စျေးနှုန်းကွဲ ပြားလျက်ရှိသည်။

DOCA(တန‌င်္သာရီ)

 

 

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၆၁၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော်၊ စက်တင်ဘာလ ၂၁

          စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ၂၀၂၅ခုနှစ်၊စက်တင်ဘာလ၂၂ရက်နေ့မှ ၂၈ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆,၆၁၀ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်းသိရှိရပါ​သည်။      

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်းသိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်းသိရှိရပါသည်။

ရာသီစာ ကန်စွန်းဥ

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့မဈေးအတွင်း နှင့် မြို့ပေါ်ဈေးများတွင် ရာသီပေါ် သီးနှံမျိုးစုံကို ရောင်းချလျက်ရှိရာ ယခုအခါ ရာသီပေါ်စဖြစ်သော ကန်စွန်းဥများကို ရောင်းချနေ ကြောင်း တွေ့ရှိရပါသည်။ ဒေသထွက် အတွင်းပိုင်းခရမ်းရောင်ရှိသော ငချိတ်ကန်စွန်းနှင့် အဝါရောင် ရှိသော ရွှေဝါကန်စွန်းမျိုးများကို အဓိကထား ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း လားရှိုးမြို့၊ မြို့မဈေးတွင်း ရောင်းချနေသော ကန်စွန်းဥဈေးနှုန်းမှာ လက်လီ(၁)ပိဿာလျှင် အလုံးသေးအလှ (၃၅၀ဝိ/-) ကျပ်မှ အလုံးကြီးအလှ (၅၀၀ဝိ/-)ကျပ်အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ယခုအချိန်သည် ကန်စွန်းဥများ ရာသီ ပေါ်စအချိန်ဖြစ်သဖြင့် ဈေးနှုန်းများမှာ ယခင်အပတ်နှင့် အပြောင်းအလဲမရှိ တည်ငြိမ်လျက်ရှိ ကြောင်းကိုလည်း သိရှိရပါသည်။ ကန်စွန်းဥတွင် ဗီတာမင် အေ၊ စီ၊ ကေ၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်များပါဝင်သောကြောင့် သွေးတွင်းအဆီဓာတ်နှင့် သကြားဓာတ်ကို ထိန်းညှိပေးနိုင်သည့်အပြင် ကိုယ်အလေးချိန်ထိန်းရန်အတွက်လည်း စားသုံးရန် အထူးသင့်တော် ကောင်းမွန်သော ရာသီစာသီးနှံတစ်မျိုးဖြစ်ကြောင်း ထပ်မံသိရှိရပါသည်။

DOCA(ရှမ်း)

 

                                                                                            

 

 

လားရှိုးမြို့ရှိ သခွားသီးဈေးနှုန်းများ

         ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဘူတာဈေး(ခေးနင်းဈေး)တွင် အသား၊ ငါး၊ အသီး အရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ သခွားသီးများကိုလည်း ပေါများစွာရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

       သခွားသီးကို အတို့မြှုပ်ဖြစ်လည်းကောင်း၊ အချဉ်ပြုလုပ်၍လည်းကောင်း၊ မျိုးစုံပြုလုပ် စားသုံးနိုင်သလို၊ အရေပြားယားယံခြင်းနှင့် အလှအပရေးရာတွင်လည်း အသုံးပြုကြောင်းသိရသည်။ သခွားသီးဈေးနှုန်းမှာ တစ်လုံးလျှင် အကြီးအသေးပေါ်မူတည်၍ (၃၀၀ ကျပ်မှ ၅၀၀ - ၁၀၀၀) ကျပ်အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

လားရှိုးမြို့ရှိ ရုံးပတေသီး‌ဈေးနှုန်းများ

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဘူတာဈေး(ခေးနင်းဈေး)တွင် အသား၊ ငါး၊ အသီး အရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ ရုံးပတေသီးကိုလည်းပေါများစွာ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

   ရုံးပတေသီးကို ကြော်၍လည်းကောင်း၊ သီးစုံအချဉ်ရည် ဟင်းထဲတွင်ရော၍‌သော်လည်းကောင်း၊ အတို့မြှုပ်ဖြစ်လည်းကောင်း မျိုးစုံပြုလုပ်စားသုံးကြသည်။ ရုံးပတေသီးဈေးနှုန်းမှာ တစ်စည်းလျှင် (၅၀၀ ကျပ်မှ ၈၀၀ - ၁၀၀၀) ကျပ်အထိ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

လားရှိုးမြို့မဈေးမှ မုန်ညှင်းဖြူနှင့် ပဲတောင့်ရှည်ဈေးနှုန်းများ

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့မဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ မုန်ညှင်းရွက်နှင့် ပဲတောင့်ရှည်များကိုလည်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

    မုန်ညှင်းဖြူဈေးနှုန်းများမှာ (၁) စည်းလျှင် (၁၀၀၀) ကျပ် မှ (၁၅၀၀) ကျပ်အထိရှိပြီး၊ ပဲတောင့်ရှည်ဈေးနှုန်းမှာ (၁) စည်းလျှင် (၅၀၀) ကျပ်မှ (၈၀၀ - ၁၀၀၀) ကျပ်အထိ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း