Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြောင်းမြမြို့တွင်း အရောင်းအဝယ်ဖြစ်နေသော ကွမ်းသီးဈေးကွက်

          ဧရာဝတီတိုင်းဒေသကြီးတွင် ကွမ်းသီးစိုက်ဧက (၂၁၈၆၂) ဧကရှိပြီး မြောင်းမြမြို့တွင် စိုက်ဧက (၃၅၆၉) ဧကစိုက်ပျိုးလျက်ရှိရာ ပြည်တွင်း/ပြည်ပဈေးကွက်တွင် ကွမ်းသီးအနုထွက်ရှိချိန် မတ်လမှ ဩဂုတ်လအတွင်း ကွမ်းသီးအနု (အရည်သောက်)များကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ကွမ်းသီးအရင့်များကို ဒေသတွင်းစားသုံးရန် အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်မှသိရသည်။

         မြောင်းမြဈေးကွက်တွင် ယခင်နှစ် ပြည်ပသို့တင်ပို့သော ကွမ်းသီးအနုအရည်သောက်တစ်ပိဿာလျှင် ကျပ်၃၃၀၀ဈေးရှိပြီး ယခုနှစ်ကွမ်းသီးအနု အရည်သောက်တစ်ပိဿာလျှင် ကျပ်၁၀၆၀၀ဈေးရရှိသည့်အတွက် ယခင်နှစ်ကာလတူဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်၇၃၀၀ဈေးနှုန်းပိုမိုရရှိပြီး ကွမ်းသီးအရင့်ဈေးနှုန်းမှာ ယခင်နှစ်တွင် တစ်ပိဿာလျှင် ကျပ်၆၀၀၀ဈေးရရှိခဲ့၍ ယခုနှစ်တွင် တစ်ပိဿာလျှင် ကျပ်၁၀၀၀၀ဈေးရရှိသည့်အတွက် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ကွမ်းသီးအရင့်တစ်ပိဿာလျှင် ကျပ်၄၀၀၀ဈေးပို၍ရရှိပြီး ကွမ်းသီးစိုက်ပျိုးသောတောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(ဧရာဝတီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ သံပရာသီးနှင့် ရှောက်သီးဈေးနှုန်းစျေးကွက်

         ထားဝယ်မြို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းအတွင်း သီးပင်၊ စားပင်းများစိုက်ပျိုးထားလျက်ရှိရာ သံပရာသီးနှင့် ရှောက်သီးပင်များကိုလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်းသိရပါသည်။  သံပရာသီးနှင့် ရှောက်သီးများကို မြေဆီလွှာအမျိုးမျိုးတွင်စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးသောအခါ အတန်းလိုက် တစ်ပင်နှင့်တစ်ပင် အနည်းဆုံး(၁၅)ပေခန့်ခွာ၍စိုက်ပျိုးမှသာ အသီးများစွာသီးနိုင်သည်။ စစိုက်သည့်နှစ်မှ (၃)နှစ်မှ (၄)နှစ်အတွင်း စသီးသည်။ သံပရာသီးသည် တစ်နှစ်ပတ်လုံး အသီးမပြတ်ဟုဆိုသော်လည်း မိုးလများဖြင့်သည့် ဇွန်လမှ အောက်တိုဘာလအထိသည် အသီးများဆုံးအချိန်ဖြစ်၍ အလုံးလည်းကြီးသည်။

          သံပရာသီးနှင့် ရှောက်သီးများကိုခူးဆွတ်ပြီး ထားဝယ်မြို့ရှိ စည်ပင်သာယာစျေးကြီးနှင့် မေတ္တာကမ္ဘာအေးစျေးအတွင်း ရောင်းချကြပါသည်။ သံပရာသီးအသေး(၁)လုံးလျှင် ၁၀၀ကျပ်ရှိပြီး အကြီး(၁)လုံးလျှင် ၂၀၀ကျပ်နှင့် ရှောက်သီးအသေး(၁)လုံးလျှင် ၅၀၀ကျပ်ရှိပြီး အကြီး(၁)လုံးလျှင် ၈၀၀ကျပ်ခန့်ရရှိသဖြင့် ဒေသစိုက်တောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

          ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊  သီရိမင်္ဂလာဈေးတွင် အောက်တိုဘာလ (၂) ရက်နေ့မှ အောက်တိုဘာလ (၇) ရက် နေ့အထိဖြစ်ပေါ်ခဲ့သော ပြည်မှဩဇာသီးခြင်းတစ်ခြင်း အလုံးကြီး ကျပ် ၈၀၀၀၊ အလုံးလတ် ကျပ် ၆၀၀၀ ၊ မုံရွာ မှ ဖရဲသီး(ဘာဟု) အလုံးကြီး ကျပ် ၃၅၀၀၊ အလုံးလတ်ကျပ် ၂၅၀၀၊ အလုံးသေး ကျပ် ၁၅၀၀၊ ဝမ်းတွင်း၊ မြင်းခြံ မှ ဖရဲသီး(၂၁၁) အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ်ကျပ် ၂၀၀၀၊ အလုံးသေး ကျပ် ၁၅၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီးဂျပ်ဖာအလုံးကြီး ကျပ် ၁၈၀၀၀၊ အလုံးလတ် ကျပ် ၁၅၀၀၀ ၊ အလုံးသေး ကျပ် ၉၀၀၀ ၊ မော်လမြိုင်မှကျွဲကောသီး အလုံးကြီး ကျပ် ၇၀၀၀၊ အလုံးလတ် ကျပ် ၆၀၀၀၊ အလုံးသေး ကျပ် ၅၀၀၀ ၊ ယိုးဒယား လိမ္မော်သီး အလုံးကြီးကျပ် ၂၃၀၀၊ ကလောမှ ပန်းသီးအလုံးကြီးခြင်းတစ်ခြင်း ကျပ် ၄၉၀၀၀၊ အလုံးလတ် ကျပ် ၃၇၀၀၀၊ ပုပ္ပါး မှ မာလကာသီး အိတ်ကြီးတစ်အိတ် အလုံးကြီး ကျပ် ၄၀၀၀၀၊ မန္တလေး မှ မာလကာသီး အိတ်ကြီးတစ်အိတ် အလုံးကြီး ကျပ် ၉၀၀၀၀၊ မှော်ဘီ မှ ကလောဥ အိတ်တစ်အိတ် ကျပ် ၄၀၀၀၀၊ အောင်ပန်း မှ ထောပတ်သီး အလုံးကြီး ကျပ် ၁၅၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ပခုက္ကူမြို့၌ ကြက်ဥဈေးနှုန်းများ မြင့်တက်လျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် ကြက်ဥများကို .မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ ဝယ်ယူ၍ ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် ကြက်ဥ အကြီးအသေးအလိုက် အသေး တစ်လုံးလျှင် ကျပ်(၃၆၀)၊ အလတ်တစ်လုံးလျှင် ကျပ်(၃၈၀)နှင့် အကြီးတစ်လုံးလျှင် ကျပ်(၄၀၀)ဈေး ရှိပြီး တစ်ပိဿာလျှင် ကျပ်(၉၈၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် စက်တင်ဘာလ(စတုတ္ထပတ်)တွင် တစ်ပိဿာလျှင် ကျပ်(၉၀၀၀)ဈေးရှိကြောင်း၊ ယခင်တစ်ပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်လျှင် တစ်ပိဿာလျှင် ကျပ်(၈၀၀)ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ထိုသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ယခုကာလသည် မိုးရာသီဖြစ်၍ ကြက်ဥခြံများတွင် ကြက်များ အနာဝင်၍ သေပျောက်မှုများခြင်းကြောင့် ဥဥနှုန်းနည်းပြီး ဈေးကွက်သို့ ကြက်ဥဝင်ရောက်မှု နည်းခြင်းအပြင် လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်းတို့ကြောင့် သယ်ယူစရိတ် ကြီးမြင့်၍  ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း၊ ဈေးတက်၍ အရောင်းအဝယ်ဖြစ်သော်လည်း ကြက်ဥသည် လူသားအားလုံး၏ ခန္ဓာကိုယ်ကို ခွန်အားဖြစ်စေသောအစားအစာဖြစ်၍ လူကြီးလူငယ်မရွေး နေ့စဉ်ဝယ်ယူသုံးစွဲခြင်းကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း  ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ (မိုး)နှမ်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

    မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေပြု၍ စီးပွားဖြစ် လုပ်ကိုင်ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နှမ်းမျိုးစုံ ကိုလည်း စိုက်ပျိုးကြပြီး ယခင်နှစ်တွင် (မိုး)နှမ်းစိုက်ဧက(၂၅၀၀)ခန့်စိုက်ပျိုးခဲ့ကြောင်း၊ ယခုအချိန်တွင် စားသုံးသူများအနေဖြင့် ပြည်တွင်းမှထွက်ရှိသော မြေပဲ၊ နှမ်း၊ နေကြာ၊ စားသုံးဆီ များကို ဝယ်ယူစားသုံးမှု မြင့်မားလျက်ရှိခြင်းကြောင့် ဈေးကွက်ခိုင်မာမှုရှိ၍ ရောင်းလိုအားဝယ်လိုအား ကောင်းခြင်းကြောင့် ယခုနှစ်တွင် စိုက်ဧက(၃၀၀၀)ခန့်ထိ တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။

   ဆိပ်ဖြူမြို့နယ် ဆီထွက်သီးနှံနှမ်းစိုက်ခင်းများ အဓိကအများဆုံးစိုက်ပျိုးသော အောက်ဆိပ်နှင့် မြင်ကဝအုပ်စုများတွင် (မိုး)နှမ်းစိုက်ဧက(၇၀၀)ခန့်စိုက်ပျိုးပြီး ဂျပန်နှမ်းဖြူ(ပတ်လည်)သီး မျိုးနှင့် နှမ်းနက်(စမုန်)မျိုးကို စိုက်ပျိုးကြောင်း၊ ဂျပန်နှမ်းဖြူမျိုးကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့မှ တစ်ပြည်လျှင် ကျပ်(၁၀၀၀၀)နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးပြီး နှမ်းနက်(စမုန်)ကို မိမိစိုက်ခင်း ထွက်မျိုးကိုသာ စိုက်ပျိုးကြောင်း၊ (မိုး)နှမ်းကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ယာမြေများတွင် စိုက်ပျိုးခြင်းဖြစ်၍ (၇၅)ရက်သားခန့်တွင် သီးနှံရိတ်သိမ်းရ၍ နိုဝင်ဘာလတွင် ရိတ်သိမ်းကြောင်း၊ စိုက်ပျိုးချိန်မိုးရွာသွန်းမှုမရှိပါက မြစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ ကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် ကျပ်(၆)သိန်းခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲစနစ်ဖြင့် စနစ်တကျစိုက်ပျိုးခြင်းဖြစ်၍ သီးနှံအထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။

    ယခင်နှစ်က အထွက်နှုန်းအနေဖြင့်  တစ်ဧကလျှင် (၁၀-၁၁)တင်းခန့် ထွက်ရပြီး တစ်တင်းလျှင် ကျပ်(၉၀၀၀၀-၁၀၀၀၀၀)ဈေးရရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ဒေသတွင်း နှမ်းဈေးနှုန်း ကောင်းမွန် ခြင်းကြောင့် ကျပ်(၅၀၀၀၀၀)ခန့်ရရှိကြောင်း၊ လက်ရှိအချိန်တွင် ဈေးကွက်၌ နွေနှမ်းသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအောက်တိုဘာ(ပထမပတ်)တွင် ဂျပန် နှမ်းဖြူ တစ်တင်းလျှင် ကျပ်(၁၃၅၀၀၀-၁၃၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းထွက်ရှိသည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များမှ ဝယ်ယူခြင်းအပြင် ချောက်မြို့ အေဝမ်းပွဲရုံနှင့် ဆင်ဖြူကျွန်း၊ စလင်းမြို့ပေါ်ရှိ ပွဲရုံများသို့လည်း ရောင်းချလျက်ရှိကြောင်း၊ (မိုး)နှမ်းသီးနှံသည် ယာမြေများတွင် စိုက်ပျိုးရ၍ သက်တမ်းတိုမျိုးဖြစ်၍ ကုန်ကျစရိတ် သင့်တင့်မျှတစွာရှိပြီး မိသားစုစားသုံးဆီ ဖူလုံမှုရရှိမှုအပြင် ပြည်တွင်း စားသုံးဆီ ဖူလုံရေးအတွက် တောင်သူများအနေဖြင့် အများဆုံးစိုက်ပျိုး သင့်သည့် သီးနှံတစ်မျိုးဖြစ်၍ နှစ်စဉ်မပြတ် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း၊ ယခုအချိန်တွင် (မိုး)နှမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခုနှစ်တွင်လည်း အထွက်နှုန်းကောင်းပြီး သီးနှံပေါ်ချိန် ဈေးကောင်းရရှိပါက တောင်သူအဆင်ပြေမည်ဖြစ်ကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

လက်ပံတန်းမြို့မဈေးအတွင်းမှ ကြက်သွန်နီနှင့်အာလူးဈေးကွက်

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ စက်တင်ဘာလ ဒုတိယပတ်မှ အောက်တိုဘာလ ဒုတိယပတ်အထိ ကြက်သွန်နီ(အကြီး) လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၂၅၀၀-၂၈၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိနေခဲ့ပြီး စက်တင်ဘာလ ဒုတိယပတ်ထိ (၂၅၀၀-၂၈၀၀) ဈေးနှုန်းဖြင့် ဈေးငြိမ်နေပြီး ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

        အာလူးဈေးကွက်ရောင်းချမှုအနေဖြင့် စက်တင်ဘာလ ဒုတိယပတ်တွင် အာလူးတစ်ပိဿာလျှင် (၅၀၀၀-၆၀၀၀)ကျပ်ပေါက်ဈေးဖြင့် အရောင်းအဝယ်ရှိနေခဲ့ပြီး စက်တင်ဘာလ နောက်ဆုံးပတ်တွင် (၆၀၀၀-၇၀၀၀)ကျပ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် အာလူးဈေးနှုန်းများဆက်လက်မြင့်တက်လာခဲ့ရာ (၇၀၀၀-၈၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် အာလူးဈေးနှုန်း /ဈေးကွက်အခြေအနေမှာ ဈေးနှုန်းမြင့်တက်သွားကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဆိပ်ဖြူကြက်သွန်နီ ဈေးနှုန်းဈေးကွက်နှင့်ကုန်စည်စီးဆင်းမှု

    မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့ကြက်သွန်နီဈေးကွက်သို့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင် ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးမှုများသော ချတောက်၊ ရွာသစ်၊ ဆင်နီတောင်၊ ဒေါသာ၊ ရေပုတ်၊ ပေတော ကျေးရွာများနှင့် အခြားမြို့နယ်များဖြစ်သည့် ချောက်၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူမြို့နယ်ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှ ကုန်ချိန်ပိဿာ(၅)သောင်း၊ တစ်ပတ်အတွင်း ပိဿာ(၄)သိန်းခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    အောက်တိုဘာလ(ပထမပတ်)တွင် ကြက်သွန်နီအရည်အသွေးနှင့် အရွယ်အစားလိုက်၍ ကြက်သွန်နီတောဈေး(ဂျွန်) တစ်ပိဿာလျှင် ကျပ်(၁၈၀၀ - ၁၃၅၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံများမှ ပြန်လည်သန့်စင်ပြီး ဥအကြီးအရွယ်အစား၊ အရောင်အဆင်းလိုက်၍ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၂၇၀၀ - ၂၀၀၀) ဈေးဖြင့် ဒေသတွင်း နေရာ အနှံ့အပြား ရောင်းချလျက်ရှိ ကြောင်း၊ ပြည်ပဝယ်လိုအား ဈေးကွက်နည်း၍ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     ဈေးကွက်အနေဖြင့် ဒေသတွင်းကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့များသို့ တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ အောက်တိုဘာလ(ပထမပတ်)တွင် ကြက်သွန်နီ ကုန်ချိန်ပိဿာ (၄)သိန်း၊ တန်ချိန် အားဖြင့် (၆၅၃)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ  သိရှိရပါသည်။

DOCA(မကွေး)

လက်ပံတန်းမြို့ ချင်းနှင့်ကြက်သွန်ဖြူဈေးနှုန်းဈေးကွက်အခြေအနေ

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ စည်ပင်သာယာဈေးတွင်းရှိသော ချင်းဈေးနှုန်းများမှာ စက်တင်ဘာလ ဒုတိယပတ်တွင် ချင်း(၁၀)ကျပ်သားလျှင် ၁၀၀၀ကျပ်ရှိခဲ့ပြီး ဇူလိုင်လ နောက်ဆုံးပတ်တွင် (၁၀၀၀) ကျပ်ရှိနေပါသည်။ အောက်တိုဘာလ တတိယပတ်တွင်လည်း  ချင်းဈေးနှုန်းမှာ   (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

          ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ကျပ်သားလျှင် ၂၀၀၀ကျပ်၊ ယခု အောက်တိုဘာလ ဒုတိယပတ်တွင်လည်း ဈေးနှုန်းအပြောင်းအလဲမရှိဘဲ ဈေးနှုန်းတည် ငြိမ်နေပါသည်။

          ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် (၁၀) ကျပ်သားလျှင် (၁၃၀၀-၁၅၀၀)ကျပ်ပေါက်ဈေးရှိနေပြီး ယခုအောက်တိုဘာလ ဒုတိယပတ်တွင် ကြက်သွန်ဖြူ (ရှမ်းစ) ၁၀ကျပ်သားလျှင် ၁၅၀၀ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ကြက်သွန်ဖြူဥတစ်လုံးဈေးကွက်လည်းရှိနေပြီး တစ်ဆယ်ကျပ်သားလျှင် ၂၀၀၀ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပခုက္ကူဈေးကွက်၌ ခေါက်ဆွဲခြောက်ထုပ်များ အရောင်းအဝယ်သွက်နေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်၌ အခြေခံစားသောက်ကုန်များ ရောင်းချလျက်ရှိသော အရောင်းဆိုင်များတွင် နေ့စဉ်ခေါက်ဆွဲခြောက်ထုပ်များလည်း အရောင်းအဝယ်သွက်လျက်ရှိသည်။ ခေါက်ဆွဲကို ဂျုံသီးနှံ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းဖြစ်၍ ပခုက္ကူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးကြသော်လည်း ဂျုံသီးနှံစိုက်ပျိုးခြင်းမရှိ၍ စိုက်ပျိုးမှုများသော စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ ခေါက်ဆွဲ ခြောက်ထုတ်လုပ်သည့် စက်ရုံများမှ ပခုက္ကူဈေးကွက်သို့ ဝင်ရောက် ကြောင်း၊ စားသုံးသူများအတွက် ခန္ဓာကိုယ်အားဖြစ်စေပြီး ကျန်းမာရေးနှင့်ညီညွှတ်၍ ဈေးနှုန်းသင့်တင့် မျှတစွာဖြင့် အလွယ်တကူ ဝယ်ယူမှုရရှိခြင်းကြောင့် စားသုံးသူများအနေဖြင့် ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲအရည်ပျော် ပြုလုပ်၍ မြန်မာ့ရိုးရာ အစားအစာအဖြစ် ရှေးယခင် နှစ်များစွာကတည်းက စားသုံးမှုများ ကြောင်း သိရှိရသည်။

    ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် ခေါက်ဆွဲခြောက်ထုပ်များ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ခေါက်ဆွဲတွင် အဝါရောင်နှင့် အဖြူရောင် နှစ်မျိုးရှိကြောင်း၊ ရောင်းချရာ တွင် ခေါက်ဆွဲသား အကောင်းနှင့် စက်ကျအကျိုးအကြေနှစ်မျိုး ခွဲခြားပြီးရောင်းချကြောင်း၊ ရွှေဒင်္ဂါးအဝါရောင် ခေါက်ဆွဲခြောက် တစ်စီးလျှင် ကျပ်(၉၀၀)၊ (၂၅)ထုပ်ပါ အစီးတစ်စီးလျှင် ကျပ် (၂၁၀၀၀)၊ ခေါက်ဆွဲကျိုးစက်ကျ တစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း၊ စွမ်းထက် ခေါက်ဆွဲဖြူ တစ်ပိဿာလျှင် ကျပ်(၇၄၀၀)၊ ခေါက်ဆွဲကျိုးစက်ကျ တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ ခေါက်ဆွဲအလုံးစည်း တစ်စည်းလျှင် ကျပ်(၇၀၀) အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်စက်တင်ဘာလ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်ကြမ်းဂျုံသီးနှံ ဈေးနှုန်းကျဆင်းခြင်းမရှိ၍ ခေါက်ဆွဲခြောက် ဈေးနှုန်းများလည်း ကျဆင်းခြင်း မရှိကြောင်း၊ ယခုအချိန် စာသင်ကျောင်းများ ဖွင့်လှစ်ချိန်ဖြစ်၍ ကျောင်းဈေးတန်းများတွင် ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်များ ရောင်းချမှုများခြင်းကြောင့် အရောင်းအဝယ် သွက်နေပြီး မြိုင်၊ ရေစကြို၊ ယောနယ်ဒေသများမှလည်း ကုန်ကားများမှတဆင့် မှာယူပြီး ဝယ်ယူမှုများလျက်ရှိကြောင်း၊ တစ်ပတ်အတွင်း‌ ခေါက်ဆွဲ ခြောက်ပိဿာ (၁၃၀-၁၅၀) ရောင်းချရကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့တွင် ဖြစ်ပေါ်နေသော မန်ကျည်းသီးမှည့်ဈေးကွက်

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်အသစ်များ ရှားပါးချိန်ဖြစ်ပြီး မန်ကျည်းသီးမှည့် အဟောင်းများ ဈေးကွက်တွင် ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

   ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် မန်ကျည်းမှည့် အသား တစ်ပိဿာလျှင် လက်ကားဈေး ကျပ်(၇၀၀၀)၊ လက်လီဈေး ကျပ်(၈၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင် စက်တင်ဘာလ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးအတက် အကျမရှိ  အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ဒေသတွင်း မန်ကျည်းသီးစိမ်းများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ မန်ကျည်းသီးမှည့်ကို အိမ်ရှင်မများအနေဖြင့် စားသုံးမှုနည်းကြောင်း၊ မန်ကျည်းသီး သုံးစွဲမှုနည်း၍ လက်လီဝယ်ယူမှု အရောင်းအဝယ်အေးကြောင်း၊ မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက် ကုန်လုပ်ငန်းရှင် လှောင်လက်သမားများမှ ကုန်ဝင်နည်းသောကြောင့် ဝယ်ယူထားရှိပြီး ပြန်လည် ရောင်းချကြကြောင်း၊ အကြော်ဆိုင်၊ အကင်ဆိုင်များမှ မန်ကျည်းသီး အချဉ်ရည်များ ပြုလုပ်ရန်အတွက် ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည် လုပ်ငန်း များနှင့် မန်ကျည်းတော်ဖီ လုပ်ငန်းရှင်များမှလည်း အများအပြားဝယ်ယူသည့်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း