Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ ငှက်ပျောစိုက်ပျိုးဝင်ငွေတိုး”

              မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် စပါး၊ပဲမျိုးစုံ၊ဆီထွက်သီးနှံမျိုးစုံ၊ငရုတ်၊သရက်နှင့်ငှက်ပျောစသည့် သီးနှံများအား ရာသီအလိုက် စိုက်ပျိုးလျှက်ရှိရာ ၄င်းသီးနှံများအနက် ငှက်ပျောသီးနှံအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။ငှက်ပျောစိုက်ပျိုးမှုအနေဖြင့် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ ကျောက်ဆည်ခရိုင်တွင် (၃၁၁၃)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း ၊ ကျောက်ဆည်မြို့နယ်တွင်(၁၂၈၂)ဧက စိုက်ပျိုးထားရှိပြီး (၈၀၄)ဧက ရိတ်သိမ်းပြီးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ ငှက်ပျောကို ရာသီမရွေး စိုက်ပျိုးနိုင်ကြောင်း၊ငှက်ပျောစိုက်ပျိုးရာတွင် (၁)ဧကလျှင်အပင်(၈၀၀)စိုက်ပျိုးရကြောင်း၊ တစ်ပင်နှင့် တစ်ပင်(၈)ပေခြားကာ စိုက်ပျိုးရပြီး (၉-၁၀)လ အကြာတွင် ငှက်ပျောဖူးများ စတင်ထွက်ရှိ၍ ငှက်ပျောဖူးထွက်ပြီး(၃)လကြာလျှင် ရောင်းတန်းဝင် ငှက်ပျောခိုင်များရရှိလာပါသည်။ ကျောက်ဆည် ဒေသ၌ အများအားဖြင့် ဖီးကြမ်းငှက်ပျောမျိုးများကို အဓိကထားစိုက်ပျိုးကြပါသည်။ (၁)ဧက စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၂၀)သိန်းကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်းသိရှိရပါသည်။ငှက်ပျောခြံများမှ ငှက်ပျောအခိုင်(၄၀)ပါလှည်းတစ်စီးလျှင် (၄၅၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အ‌ရောင်းအဝယ်ဖြစ်နေကြောင်း ၊ ငှက်ပျောသီးဖီးကြမ်းတစ်ဖီးစျေးနှုန်းမှာ လက်ရင်း(၃၅၀၀-၄၀၀၀)ကျပ်၊လက်ဖျား(၂၅၀၀-၃၀၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ် လျှက်ရှိကြောင်း၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် သိန်း(၇၀) ဝန်းကျင်ခန့်မြတ်ကြောင်း၊ ကျောက်ဆည်မြို့နယ်ရှိ ငှက်ပျောပွဲစားများသည် ငှက်ပျောခြံအထိ လာရောက်ဝယ်ယူကြကြောင်း ၊ စျေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ပဲခူးမြို့များ သို့တင်ပို့ရောင်းချကြောင်း၊ ငှက်ပျောစိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပြီး တွက်ခြေကိုက်သည့် သီးနှံဖြစ်ကြောင်း ဖီးကြမ်းငှက်ပျောစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

 

“ ကျောက်ဆည်မြို့နယ်၏နေကြာရိတ်သိမ်းမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

               မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ၄င်းသီးနှံများအနက် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နေကြာသီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ် စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ကျောက်ဆည်ခရိုင်အတွင်း (၆၇၂၈)ဧက စိုက်ပျိုးခဲ့ကြောင်း ၊ ကျောက်ဆည်မြို့နယ် တွင်(၃၁၆၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး(၁၄၉၂)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ၊ သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ နေကြာ(မိုး) စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်(၄၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ ယခုအချိန်တွင် နေကြာများ ဖြိုင်ဖြိုင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း ၊ နေကြာစျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၅၈၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ တောင်သူများမှ ကျောက်ဆည်မြို့ပေါ်ရှိပွဲရုံများသို့ လာရောက်ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန်၊မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ အထွက်နှုန်းအနေဖြင့် (၂၀-၂၅)တင်းခန့်ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၇၆၀၀၀၀/-)ကျပ် မြတ်ခဲ့ကြောင်း ၊ နေကြာ စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

“ ကျောက်ဆည်မြို့နယ်၏ ငရုတ်စိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်”

               မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ငရုတ်သီးနှံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်ခရိုင်အတွင်း (၇၄၂၂)ဧက စိုက်ပျိုးခဲ့ပြီး ကျောက်ဆည်မြို့နယ်တွင် (၁၆၁၅)ဧကစိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းဧက (၆၈၄)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာ ဌာန၏ စာရင်းများအရသိရှိရသည် ။ ငရုတ်မျိုးများ အနေဖြင့် သာမို ၊ ဒီမွန် ၊ အက်စတာ၊ ၆၉၂၊ကျားခေါင်း ငရုတ်မျိုးများကိုစိုက်ပျိုးကြပြီး၎င်းမျိုးများအနက် ၆၉၂ငရုတ်မျိုးများကို ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလများတွင် စိုက်ပျိုးကြကြောင်း ၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၁၅၀၀၀၀၀/-)ကျပ် ခန့်ကုန်ကျကြောင်း ၊ အထွက်နှုန်း အနေဖြင့် (၃၅၀-၄၀၀)ပိဿာခန့်ထွက်ရှိကြောင်း ၊ ငရုတ်သီး ဈေးနှုန်းအနေဖြင့် ငရုတ်သီးခြောက် အညှာပါ တစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ငရုတ်သီးခြောက်အညှာခြွေ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ဈေးနှုန်း များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၁၆၅၀၀၀၀/-) ကျပ် ဝန်းကျင်မြတ်ကြောင်း၊ ငရုတ်ပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူကြပြီး ဈေးကွက်ရှိရာ မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ ငရုတ်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိသည့် အပြင်မိသားစုစားဝတ်နေရေးပါ ပြေလည်သည့်အတွက် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ငရုတ် စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

 

“ ပဲစဉ်းငုံ(မိုးဦး)များအောင်မြင်ဖြစ်ထွန်းမှုနှင့်စျေးနှုန်းအခြေအနေ”

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ပဲစဉ်းငုံ(မိုးဦး)ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၉၄၀)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၄၅၈)ဧက၊မြစ်သား မြို့နယ်တွင်(၃၀၂)ဧက ၊ စုစုပေါင်း(၁၇၀၀)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ပဲစဉ်းငုံကို သီးသန့်စိုက်ပျိုးမှုများရှိသလို သီးထပ်သီးညှပ်အဖြစ်လည်း စိုက်ပျိူးကြကြောင်း ၊ အများဆုံးစိုက်ပျိုးသောမျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး၊ ရွှေဝါရောင် လုံးသေးဒင်္ဂါးမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးခဲ့ပြီး ဖေဖော်ဝါရီလနှင့်မတ်လ များတွင် စတင်ထွက်ပေါ်မည်ဖြစ်ကြောင်း ၊ ယခုအချိန်တွင် မိုးရွာသွန်းမှု ကောင်းသောကြောင့် ပဲစဉ်းငုံအပင်များ အသီးအပွင့်ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်း ၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၁၀-၁၁)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊စျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၁၀၈၀၀၀/-)ကျပ် စျေးနှုန်းရှိခဲ့ပြီး အကျိုးအမြတ် အနေဖြင့်(၇၈၀၀၀၀/-)ကျပ်ခန့်မြတ်ခဲ့ကြောင်း ၊ ယခုအချိန်တွင် ပဲစဉ်းငုံများ ထွက်ပေါ်ခြင်းမရှိသေး သော်လည်း စျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၇၃၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်းပွဲရုံများမှသိရှိရပါသည်။ ပဲစဉ်းငုံကို ပဲဟင်း ၊ ပဲကြော် ၊ ပဲစဉ်းငုံ အသီးကို အစိမ်းပြုတ်၍ စားသုံးကြပါသည် ။ ပဲစဉ်းငုံ စားသုံးခြင်းဖြင့်ပန်းနာရင်ကြပ်ရောဂါများကိုလည်း ပျောက်ကင်း စေသည့်အပြင်သွေးအားနည်းရောဂါ၊သွေးတိုးကိုကျစေပြီးကိုယ်ခံအားစနစ်ကိုကောင်းမွန်စေကြောင်း ၊ ပဲစင်းငုံထဲတွင် ပိုတက်စီယမ်သတ္တုဓာတ် အဓိကအများဆုံးပါရှိပြီး ၎င်းဓာတ်က ခန္ဓာကိုယ်ထဲ ရောက်သွားသောအခါ ဓာတ်ပြုပြီးနောက် သွေးဖိအားကို လျှော့ချပေးပါသည် ။ ထို့ကြောင့် သွေးတိုးရောဂါရှိသူများအနေဖြင့် ပဲစင်းငုံကို နေ့စဉ် စားပေးသင့်သည် ။ ပရိုတင်းဓာတ် အပြည့်အဝပါရှိသည့် ပဲစင်းငုံကို စားပေးခြင်းဖြင့် ဆဲလ်များ၊ တစ်သျှူးများ၊ ကြွက်သားများ နှင့် အရိုးများကို ကောင်းစွာတည်ဆောက်စေကာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေကြောင်း ကျန်းမာရေး စာစောင်များမှ လေ့လာသိရှိရပါသည် ။ ပဲစဉ်းငုံ စားသုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိသဖြင့် စားသုံးသင့်ပါကြောင်းရေးသား တင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

“ မိုးမြေပဲများရိတ်သိမ်းလျက်ရှိ”

                မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့် စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် မြေပဲသီးနှံ ကိုလည်းစိုက်ပျိုးကြပါသည်။ ကျောက်ဆည်ခရိုင်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် (၁၉၅၄)ဧက စိုက်ပျိုးထားရှိကြောင်း ၊ ကျောက်ဆည်မြို့နယ်တွင် (၃၀၀)ဧက စိုက်ပျိုးထားရှိပြီး (၁၈၀)ဧက ရိတ်သိမ်းပြီးကြောင်း၊ အထွက်နှုန်းအနေဖြင့် (၄၈.၄၀)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ မိုးမြေပဲများကို မတ်လတွင် စတင် စိုက်ပျိုးကျကြောင်း ၊ စက်တင်ဘာလ လဆန်းမှ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်များ အရသိရှိရပါသည်။ မြေပဲစိုက်ပျိုးမှုအနေဖြင့် (၁)ဧကလျှင် ကုန်ကျစရိတ် အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၆၀၀၀၀၀) ကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ မြေပဲစိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ၊ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ အထွက်နှုန်းအနေဖြင့် တင်း(၄၀-၄၅)ခန့် ထွက်ရှိခဲ့ကြောင်း၊ မြေပဲဈေးနှုန်းအနေဖြင့် မြေပဲတောင့်(၁)တင်းလျှင်(၃၀၀၀၀/-)ကျပ် ၊ မြေပဲဆံ တစ်ပိဿာလျှင် (၇၇၀၀/-) ကျပ် ၊ မြေပဲဆီ(၁) ပိဿာလျှင်(၁၈၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများမှ ရွာအရောက်ဝယ်ယူမှုများရှိသလို တောင်သူများမှလည်း ပွဲရုံများသို့တိုက်ရိုက်တင်ပို့ ရောင်းချကြောင်း၊ ပွဲရုံများမှတဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း အကျိုးအမြတ်အနေဖြင့် (၆၉၀၀၀၀/-)ကျပ်ခန့် မြတ်ခဲ့ ကြောင်း မြေပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

 

“ ပဲကြီးသီးနှံများအောင်မြင်ဖြစ်ထွန်းလျက်ရှိ”

              မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့် စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ပဲကြီးသီးနှံ ကိုလည်းစိုက်ပျိုးလာကြပါသည် ။ ယခုအချိန်တွင် အချို့ယာမြေများပေါ်တွင် စတင်စိုက်ပျိုးနေပြီ ဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် ထွန်မွှေ၊ စိုက်ကြောင်းဆွဲပြီး ကျင်းဖောက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်း၊ ချွေလှေ့၊ အလုပ်သမားခ အပါအဝင် စုစုပေါင်း(၃၀၀၀၀၀/-)ကျပ်ဝန်းကျင်ကုန်ကြကြောင်း၊ယခင်နှစ်အထွက်နှုန်းအနေဖြင့်ပဲကြီးအခြောက် (၁၀-၁၂)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ဈေးနှုန်းအနေဖြင့်ပဲကြီးအခြောက်တစ်တင်းလျှင်(၈၀၀၀၀/-)ကျပ် ပဲကြီးအစို(၁)ပြည်လျှင်(၂၅၀၀-၃၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ကြောင်း ၊ ရိတ်သိမ်းပြီး ပဲကြီးအခြောက်များကို ဒေသတွင်းရှိ ပွဲရုံများကိုသာ ရောင်းချကြပြီး ပဲကြီးလှော် ၊ ပဲကြီးကြော် လုပ်ငန်းရှင်များမှလည်း ကျေးရွာအရောက် လာရောက်ဝယ်ယူကြကြောင်း ၊ (၁)ဧက အကျိုးအမြတ် အနေဖြင့် (၅၀၀၀၀၀/-)ကျပ် ဝန်းကျင်မြတ်ခဲ့ကြောင်း ၊ ယခုအချိန်တွင်  မိုးရွာသွန်းမှု ကောင်းသောကြောင့် ပဲကြီးပင်များကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ပဲကြီးသီးနှံကို စိုက်ပျိုးသည်မှရိတ်သိမ်းပြီးသည်အထိ (၃)လမှ(၆)လကြာမြင့်ပါကြောင်း ၊ စိုက်ပျိုးပြီး(၃)လအကြာ တွင် အဖူးအပွင့်များစတင်ဖူးပွင့်ကြောင်း ၊ (၄-၅)လ အကြာတွင် ပဲကြီးအစိုများ စတင်ခူးဆွတ်နိုင် မည်ဖြစ်ကြောင်း၊ယခုအချိန်တွင် ပဲကြီးများ ထွက်ပေါ်ခြင်း မရှိသေးသော်လည်း ပဲကြီးစျေးနှုန်း အနေဖြင့် တစ်တင်းလျှင်(၁၁၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အ‌ရောင်းအဝယ်လျက်ရှိကြောင်း၊ပဲကြီးများထွက်ပေါ်ချိန်တွင်အထွက်နှုန်းနှင့်စျေးနှုန်းများကောင်းမွန်ပါကတောင်သူများအကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ကြောင်းပဲကြီးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

 

“အောင်မြင်ဖြစ်ထွန်းလျက်ရှိသောမိုးစပါး”

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ၄င်းသီးနှံများအနက် စပါးသီးနှံကိုကျောက်ဆည်ခရိုင်အတွင်းတွင် ဇွန်လမှစတင်၍ စိုက်ပျိုးလျှက်ရှိရာ ယခုအချိန်တွင် မိုးစပါးစိုက်ပျိုးမှု အနေဖြင့် ခရိုင်အတွင်း(၁၃၇၁၈၁)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၅၂၃၃၄)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ ယခုနှစ်တွင် မိုးရေ၊မြစ်ရေ၊ ချောင်းရေလုံလောက်စွာရရှိသောကြောင့် မိုးစပါးများ ကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ပါသည် ။ ကျောက်ဆည်ခရိုင်အတွင်း မိုးစပါးကို အရည်အသွေးကောင်း စျေးကောင်းရရှိသော ဧရာပဒေသာ စပါးနှင့်မနောသုခစပါးမျိုးများကို အဓိကထားစိုက်ပျိုးကြပါသည်။ မိုးစပါးစိုက်ပျိုးမှုတွင် ပျိုးထောင်စိုက်ပျိုးမှုနှင့်ပတ်ကြဲစိုက်ပျိုးမှုများကိုစိုက်ပျိုးကြကြောင်း၊ (၁)ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၀၃၀၀၀၀)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၈၀-၈၅)တင်းခန့် ထွက်ရှိကြောင်း၊ စပါးစျေးနှုန်း အနေဖြင့် ဧရာပဒေသာ တစ်တင်းလျှင်(၂၈၀၀၀/-)ကျပ် ၊ မနောသုခ တစ်တင်းလျှင်(၂၁၀၀၀/-) ကျပ် စျေးနှုန်းဖြင့် ရောင်းဝယ်ခဲ့သောကြောင့် အကျိုးအမြတ်အနေဖြင့်စိုက်ပျိုးစရိတ်နှုတ်ပြီးပါက(၁၂၀၀၀၀၀/-)ကျပ်ခန့်မြတ်ခဲ့ကြောင်း၊ စပါးစျေးနှုန်းအနေဖြင့် ဧရာပဒေသာ(အဟောင်း) တင်း(၁၀၀)လျှင်(၂၈၀၀၀၀၀/-)ကျပ် ၊ မနောသု(အဟောင်း)တင်း(၁၀၀)လျှင်(၂၁၀၀၀၀၀/-)ကျပ်ဖြစ်ပြီး ဆန်စျေးနှုန်းအနေဖြင့် ဧရာပဒေသာ ဆန်(အဟောင်း) တစ်အိတ်လျှင်(၁၃၅၀၀၀/-)ကျပ်၊မနောသုခတစ်အိတ်လျှင်(၉၂၀၀၀/-)ကျပ်၊ နွေစပါး(အသစ်) မနောသုခ တင်း(၁၀၀)လျှင်(၁၃၀၀၀၀၀/-)ကျပ် ၊ မနောသုခဆန် တစ်အိတ်လျှင်(၆၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ပွဲစားများထံမှသိရှိရပါသည် ။ ယခုအချိန်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် မိုးစပါးများ ဖုံးတုံးလုံးတုံးအနေအထားဖြင့် မကြာမှီစပါးနှံများ စတင်ထွက်ပေါ်တော့မည့် အနေအထားဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။

DOCA(မန္တလေး)

 

                                                                                                 

“ကျောက်ဆည်ကြက်သွန်နီစျေးခပ်အေးအေး”

        ကျောက်ဆည်ခရိုင်အနေဖြင့် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှုကိုတစ်နှစ်ပတ်လုံး ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချပေးလျက်ရှိရာ ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်တင်ပို့မှုမှာလည်းအဓိကနေရာမှပါဝင်လျက်ရှိပြီး စျေးနှုန်းများအနေဖြင့် ခပ်အေးအေး‌ရောင်းဝယ်နေ ပြီး ကြက်သွန်နီ (၁)ပိဿာလျှင် အကြီး(၁၇၀၀-၁၈၀၀)ကျပ်၊အလတ်(၁၄၀၀-၁၅၀၀)ကျပ်၊အသေး (၁၀၀၀-၁၁၀၀)ကျပ်ဖြင့် စျေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိပါသည် ။ စျေးနှုန်းများအနေဖြင့် ထွက်ပေါ် ချိန်ထက်ပင် စျေးနှုန်းများထပ်ကျနေကြောင်းသိရှိရပြီး တောင်သူများအနေဖြင့် ကြက်သွန်နီစျေးကို တက်စျေးမျှော်နေကြကြောင်း၊ ကုန်သည်ပွဲစားများအနေဖြင့် ယခုနှစ် သိုလှောင်မှုအနည်းငယ်ရှိပါ ကြောင်း၊တောင်သူများလက်ဝယ်တွင်သာ အများဆုံးကျန်ရှိနေကြောင်း သိရှိရပါသည်။ ယခင်နှစ် စျေးနှုန်းများဖြင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် တောင်သူများအနေဖြင့် တွက်ခြေကိုက်မှုနည်းပါကြောင်း၊ လေးဆယ်ကုန်းရွာမှ ကြက်သွန်နီစိုက်တောင်သူကြီးတစ်ဦးမှ ပြောပြချက်အရသိရှိရပါသည်။ရန်ကုန် ဘုရင့်နောင်သို့ပင် နေ့စဉ်တင်ပို့နိုင်မှုမရှိကြောင်း တွေ့ရှိရပြီး ကျောက်ဆည်(မြစ်သားစ) နေ့စဉ် စျေးနှုန်းထုတ်ပြန်မှုအရသိရှိရပါသည်။

DOCA(မန္တလေး)

“ချည်မျှင်ရှည်ဝါများအောင်မြင်ဖြစ်ထွန်းလျက်ရှိ”

    မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အတွင်း ကျောက်ဆည်၊မြစ်သားမြို့နယ်များတွင် ၂၀၂၅-၂၀၂၆ခုနှစ်၊မိုးချည်မျှင်ရှည်ဝါများ ပန်းတိုင်အတွက်နှုန်းရရှိရေး ရည်မှန်းချက်ထားဆောင်ရွက် လျက်ရှိရာကျောက်ဆည်မြို့နယ်တွင်(၁၁၅၉၇)ဧက၊မြစ်သားမြို့နယ်တွင်(၁၀၆၇၂)ဧက စိုက်ပျိုးထား ရှိပြီးယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိသောကြောင့် ကျောက်ဆည်မြို့နယ်၊မှိုင်းပန်ကျေးရွာမှ ဝါစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည် ။ ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးချည်မျှင်ရှည်ဝါသီးနှံများကို ကျောက်ဆည်မြို့အရှေ့ဘက် ဖျောက်ဆိပ်ပင်ကျေးရွာ အပါအဝင် ရဲဘော်ကြီး၊မှိုင်းပန်၊ကလေး၊ရှမ်းတောင်ဦး၊ရဲယမန်းရွာ၊ တောင်တော်၊ ပေါင်လောင်၊ ကင်းကျေးရွာများ တွင်လည်းအများဆုံးစိုက်ပျိုးနိုင်ပြီး မျိုးအနေဖြင့် ရွှေတောင်(၈)၊ရွှေတောင်(၁၀)နှင့် B-31  မျိုးများ စိုက်ပျိုးထားကြောင်း သိရှိရပါသည် ။ မြစ်သားမြို့နယ်အနေဖြင့်  မိုးချည်မျှင်ရှည်ဝါ မျိုးအနေဖြင့် ရာကာ 666 မျိုးကိုစိုက်ပျိုးရန် ဆန္ဒရှိသော်လည်း ဝယ်ယူစိုက်ပျိုးရန် အခက်အခဲရှိပါသဖြင့် တောင်သူ များအချင်းချင်းမျိုးခံ၍ မျိုးထုပ်စိုက်ပျိုးမှုများလည်းရှိပါကြောင်း၊ ရွှေတောင်(၈)၊ရွှေတောင်(၁၀)မျိုး များကိုစိုက်ပျိုးကြကြောင်း၊ခန္တီးကြီးကျေးရွာမှ ဝါစိုက်တောင်သူတစ်ဦး၏ ပြေပြချက်အရ အထွက်နှုန်း (၁)ဧက ပိဿာ(၈၀၀-၁၀၀၀)အထိထွက်ရှိကြောင်း၊သွင်းအားစုနှင့်အပြုအစုကောင်းရန်၊ပိုးသတ်ဆေး နှင့်ရေသွင်းရေထုတ် စနစ်တကျဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ယခုနှစ်အနေဖြင့် ဝါစျေးနှုန်း (၄၀၀၀-၄၂၀၀)ကျပ် ရရှိသဖြင့် တွက်ခြေကိုက်မှုရှိပါကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

“ စဉ့်ကိုင်မြို့နယ်တွင် မိုးပြောင်းဖူးများဖြိုင်ဖြိုင်ရိတ်သိမ်း”

           ကျောက်ဆည်ခရိုင် ၊ စဉ်ကိုင်မြို့နယ်တွင် မိုးပြောင်းဖူးစိုက်ဧကများ အောင်မြင်ဖြစ်ထွန်း လျက်ရှိပြီး ဇူလိုင်လကုန်မှစတင်၍ မိုးပြောင်းဖူးစိုက်ဧက မြို့နယ်အတွင်း (၁၈၇၂)ဧက စိုက်ပျိုးထား ပြီး (၁၀၁၉)ဧက ရိတ်သိမ်းပြီးစီးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ အများဆုံးစိုက်ပျိုးသော မျိုးများမှာ သကြားပြောင်းမျိုးဖြစ်ပြီး (၁)ဧက မျိုးအနေဖြင့် ပြောင်းဖူးစေ့ (၈)ပြည် စိုက်ပျိုးရကြောင်း ၊ မျိုးစျေးနှုန်းအနေဖြင့် မျိုးစေ့(၁)ပြည်လျှင်(၅၀၀၀/-)ကျပ်ဖြင့် ဝယ်ယူ စိုက်ပျိုးကြကြောင်း၊ မေလတွင် စိုက်ပျိုးခဲ့သော မိုးပြောင်းဖူးများ စက်တင်ဘာလဆန်းပိုင်မှ စတင်၍ ထွက်ရှိနေပြီဖြစ်ကြောင်း ၊ (၁)ဧက စိုက်ပျိုမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်စုစုပေါင်း(၄၅၀၀၀၀/-)ကျပ်အထိကုန်ကျကြောင်း၊(၁)ဧကအထွက်နှုန်းအနေဖြင့် ပြောင်းဖူး စုစုပေါင်း(၄၅၀၀-၅၀၀၀)ဖူးခန့်ထွက်ရှိကြောင်း၊ ပြောင်းဖူးစျေးနှုန်းအနေဖြင့် တစ်ဖူးလျှင် လက်ကား (၃၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ပြောင်းဖူးပြုတ် တစ်ဖူးလျှင်(၇၀၀-၈၀၀)ကျပ်စျေးများ ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း ၊ ပြောင်းဖူးကို လူကြိုက်များသောကြောင့် အရောင်းသွက်ကြောင်း ၊ အိမ်ရှင်မများမှ ပြောင်းဖူးကို သရေစာအဖြစ်စားသုံးကြသလို ပြောင်းဖူးကြော် ၊ ပြောင်းဖူးသုပ် ၊ ပြောင်းဖူးထောင်းအနေဖြင့် အမျိုးမျိုးစားသုံးကြကြောင်း၊ ပြောင်းဖူးကို ပွဲစားများမှအခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှတဆင့် ရန်ကုန် ၊ မန္တလေး ကားလမ်းဘေးတွင်လည်း ရောင်းချပေးလျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး(၉၀၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်း၊မိသားစု စားဝတ်နေရေးဖူလုံသည့်အပြင် အကျိုးအမြတ်ဖြစ်ထွန်းသော ပြောင်းဖူးသီးနှံ ကိုလည်းတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း