Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၈.၁၀.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

            ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ ငြုပ်သီးများဝင်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝင်ရောက်ပြီး ငြုပ်သီးဈေးနှုန်းများမှာ ၂၈.၁၀.၂၀၂၅ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ(ဟောင်း) အမြင့်ဆုံးဈေး ကျပ် ၇၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၆၅၀၀၊ ပန်းရဲ(AC) အမြင့်ဆုံးဈေး ကျပ် ၁၃၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၁၁၅၀၀၊ မြှားနီ(ဟောင်း) အမြင့်ဆုံးဈေး ကျပ် ၈၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀၊ မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ် ၁၃၅၀၀ မှ အနိမ့်ဆုံး ကျပ် ၁၃၀၀၀၊ ပျော်ဘွယ် မိုးထောင် ကျပ် ၁၁၀၀၀၊ ဆင်ဖြူကျွန်း(ပု) အမြင့်ဆုံးဈေး ကျပ် ၃၁၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၃၀၀၀၀၊ မြစ်ဝ (ပု) (AC) အမြင့်ဆုံးဈေး ကျပ် ၂၉၀၀၀  တို့အသီးသီးဖြစ်ကြောင်း ငြုပ်သီးဈေးနှုန်းများမှာ ယခုတစ်ပတ်တွင် ပန်းရဲ (AC) မှာ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး ၅၀၀ ကျပ်တက်ပြီး၊ မြှားနီ(AC)မှာ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ညောင်ဦးမြို့နယ်၏ ဆောင်းနှမ်းဈေးကွက်

       မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်သည် လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ကိုလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆောင်းနှမ်းကိုလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းနှမ်းစိုက်ပျိုးမှုအနေဖြင့် (၂၅၂၃)ဧက လျာထားခဲ့ပြီး (၁၃၇၄)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့်(၇)တင်းခန့်ထွက်ရှိကြောင်း သက်ဆိုင်ရာ ဌာန စာရင်းများအရသိရသည်။

       ၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးရာသီတွင် ဆောင်းနှမ်းစိုက်ပျိုးမှုအနေဖြင့် (၂၈၄၂)ဧက လျာထားမှု ရှိကြောင်း၊ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် ဖြစ်ပေါ်နေသောနှမ်းဈေးနှုန်းများအနေဖြင့် နှမ်းညိုတစ်တင်းလျှင်(၉၀၀၀၀)ကျပ်၊ ဂျပန်နှမ်းဖြူတစ်တင်းလျှင်(၁၀၀၀၀၀)ကျပ်၊ စမုံနှမ်းနက်တစ် တင်းလျှင်(၂၄၀၀၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ညောင်ဦးမြို့ရှိ ပွဲရုံများမှ သိရှိ ရသည်။

DOCA (မန္တလေး)

လားရှိုးမြို့တွင် ဒေသထွက်ကြက်သွန်ဖြူများ ဈေးနှုန်းကျဆင်းလျက်ရှိ

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့မဈေးတွင် အသီးအရွက်များ၊ ဒေသထွက် သီးနှံများအပြင် ကြက်သွန်ဖြူများကိုလည်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ကြက်သွန်ဖြူ များကို လားရှိုးမြို့ပတ်ဝန်းကျင်အနီးတစ်ဝိုက်ရှိ ဒေသများမှ လာရောက်ရောင်းချကြကြောင်း သိရသည်။

    ကြက်သွန်ဖြူ(‌ဒေသအခေါ် ရှမ်းကြက်သွန်) မှာ ယခင်လတွင် တစ်ပိဿာလျှင်(၇၅၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်အထိရောင်းချကြသော်လည်း၊ ယခုလ ဒုတိယအပတ်မှစ၍ တစ်ပိဿာလျှင် (၅၅၀၀) ကျပ်မှ (၇၀၀၀) ကျပ်အထိ အမျိုးအစားပေါ်မူတည်ပြီး ကွဲပြား၍ ဈေးလျော့နည်းလာကြောင်း သိရှိရသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေ များကြောင့် ကုန်စည်စီးဆင်းမှုများခက်ခဲလျက်ရှိနေပြီး၊ အရောင်းအဝယ်များလည်းပါးနေကြောင်း ကုန်ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)

ညောင်ဦးမြို့နယ်တွင် နှံစားပြောင်းများအောင်မြင်ဖြစ်ထွန်း

           မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်သည် လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ နွားစာအတွက် နှံစားပြောင်းကိုလည်း စီးပွားဖြစ်စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။ နှံစားပြောင်းကို ညောင်ဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် ဩဂုတ်လကုန်အထိ(၇၁၅၃)ဧက၊ ငါးသရောက်မြို့နယ်တွင်(၃၂၃၃)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သက် ဆိုင်ရာဌာ၏ စာရင်းများအရသိရသည်။

          နှံစားပြောင်းသီးနှံကို ဇူလိုင်လတွင် စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာလတွင် စတင်ရိတ်သိမ်းကြ ကြောင်း၊ စိုက်ပျိုးသောမျိုးများမှာ ရွှေဝါ၊ အထွက်တိုး(နီ)၊ အထွက်တိုး(ဖြူ)မျိုးများစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧကပျမ်းမျှကုန်ကျမှုအနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ငွေကျပ်(၃၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက် နှုန်းအနေဖြင့် တစ်ဧကလျှင်ပျမ်းမျှ (၂၅၊ ၃၀)တင်းခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် နှံစားပြောင်း ပေါ်စအချိန်တွင် တစ်တင်းလျှင်ငွေကျပ်(၄၀၀၀၀)ကျပ်မှ(၄၅၀၀၀)ကျပ်နှုန်းများ ဖြစ်ပေါ်ခဲ့ရာ အကျိုး အမြတ်အားဖြင့် တစ်ဧကလျှင် (၈၀၀၀၀၀)ကျပ် ဝန်းကျင်အမြတ်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ထွက်ရှိသောနှံစားပြောင်းများကို တောင်သူများသည် ညောင်ဦးမြို့ရှိ ပွဲရုံများသို့ရောင်းချပြီး ထိုမှတစ် ဆင့် မန္တလေးနှင့်ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။ နှံစားပြောင်းစိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်အစားအစာများ ဖူလုံသည့်အပြင် ပြောင်းရိုးများကိုလည်း နွားစာအတွက် အခင်းပြတ်ရောင်း ချရသဖြင့် အပိုဝင်ငွေများရရှိသောကြောင့် နှံစားပြောင်းသီးနှံကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း မြေနှဲလေးကျေးရွာမှ တောင်သူများထံမှ သိရသည်။

DOCA (မန္တလေး)

 

မအူပင်ခရိုင်မှ စပါးဆန်၊ ဈေးနှုန်းနှင့် ဒေသထွက် ဆန်နှင့် ဆန်ကွဲများ စီးထွက်မှု အခြေအနေ

     ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် လယ်ယာထွက်ကုန် အခြေခံတန်ဖိုးမြင့်  စားသောက်ကုန်ချော ထုတ်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေးလုပ်ငန်းများဖြင့် ဖွံ့ဖြိုး တိုးတက်သော တိုင်းတစ်တိုင်းဖြစ်သည်။ ဧရာဝတီသည် မြန်မာနိုင်ငံ၏ အဓိက စပါးကျီဟု ဆန်အိုးကြီးပမာ တင်စား ခေါ်ဝေါ်ရလောက်အောင် လယ်ယာထွက်ကုန် စပါးမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးထွက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင် ခရိုင် ၅ခုရှိပြီး ပုသိမ်ခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်၊ ဟင်္သတခရိုင်၊ ဖျာပုံခရိုင်တို့ရှိပြီး ဒေသတွင်းစပါးကို အဓိကထားစိုက်ပျိုးကြသည်။ ဧရာဝတီခရိုင်အသီးသီးမှ ဆန်နှင့် ထွက်ရှိသော ဆန်ကွဲများကို ရန်ကုန်သို့ အဓိကထားတင်ပို့ပြီး ဆန်ကွဲကို ရန်ကုန် စက်မှုဇုန်ကြီးများသို့ တင်ပိုကြောင်း သိရသည်။

     မအူပင်ခရိုင်မှ ထွက်ရှိသော ဆန်များကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ တင်ပို့မှုအနေဖြင့် ၂၆၄၆၄၃ အိတ်၊  တန်အားဖြင့် ၁၃၂၃၂ တန်ကိုလည်းကောင်း၊ ဖေဖော်ဝါရီလက ဆန် ၃၇၆၈၄၉အိတ်၊ တန်အားဖြင့် ၁၈၈၄၂တန်ကိုလည်းကောင်း၊ မတ်လ ဆန် ၅၂၃၉၂၀ အိတ်၊ တန်အားဖြင့် ၂၆၁၉၆တန်ကိုလည်းကောင်း၊ ဧပြီလ ဆန် ၁၀၈၀၅၂ အိတ်၊ တန်အားဖြင့် ၅၄၀၂တန်ကိုလည်းကောင်း၊ မေလ ဆန် ၂၃၀၆၃၈အိတ်၊ တန်အားဖြင့် ၁၁၅၃၂တန်ကိုလည်းကောင်း၊ ဇွန် ဆန် ၁၆၃၆၅၁အိတ်၊ တန်အားဖြင့် ၈၁၈၂တန်ကိုလည်းကောင်း၊ ဇူလိုင်လ ဆန် ၂၄၀၉၉၇အိတ်၊ တန်အားဖြင့် ၁၂၀၅၀တန်ကိုလည်းကောင်း၊ ဩဂုတ်လ ဆန် ၁၅၉၈၉၅အိတ်၊ တန်အားဖြင့် ၇၉၉၅ တန်ကိုလည်းကောင်း၊ စက်တင်ဘာလက ဆန် ၁၇၆၇၈၅အိတ်၊ တန်အားဖြင့် ၈၈၃၉တန်ကိုလည်းကောင်း တင်ပို့ခဲ့ကြောင်း သိရသည်။

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဒေသထွက် ဆန်များကို တင်ပို့ရာတွင် သီလဝါဆိပ်ကမ်း၊သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိပ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုက်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက့်မြို့၊ ရွှေလင်ပန်းစက်မှုဇုန်လှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့ တို့သို့ တင့်လျက်ရှိကြောင်း သိရှိရပါသည်။

     အခြားမြို့နယ်ဆန်များကို ဇန်နဝါရီလက ၄၁၁၀၁၂ အိတ်၊ ဖေဖော်ဝါရီလက ၄၀၂၅၂၂အိတ်၊  မတ်လ ၃၆၄၄၁၇အိတ်၊ ဧပြီလ ၁၇၇၇၄၇အိတ်၊ မေလ ၂၇၈၀၁၀အိတ်၊ ဇွန်လ ၂၀၇၉၂၂ အိတ်၊ ဇူလိုင် ၃၀၆၂၉၁အိတ်၊ ဩဂုတ်လ ၁၀၉၄၉၀အိတ်၊ စက်တင်ဘာလ ၁၈၈၂၀၀အိတ်ကို တင်ပို့ကြောင်း သိရသည်။

     မအူပင်ခရိုင်မှ ထွက်ရှိသော ဆန်ကွဲ များကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ တင်ပို့မှုအနေဖြင့် ၁၂၅၃၅၉ အိတ်၊  တန်အားဖြင့် ၆၂၆၈ တန်ကိုလည်းကောင်း၊ ဖေဖော်ဝါရီလက ဆန် ၁၀၇၆၃၉ အိတ်၊ တန်အားဖြင့် ၅၃၈၁ တန်ကိုလည်းကောင်း၊ မတ်လ ဆန် ၈၃၁၃၀ အိတ်၊ တန်အားဖြင့် ၄၁၅၆ တန်ကိုလည်းကောင်း၊ ဧပြီလ ဆန် ၄၆၃၈၁ အိတ်၊ တန်အားဖြင့် ၂၃၁၉ တန်ကိုလည်းကောင်း၊ မေလ ဆန် ၇၈၇၅၄အိတ်၊ တန်အားဖြင့် ၃၉၃၈ တန်ကိုလည်းကောင်း၊ ဇွန် ဆန် ၈၄၆၅၈ အိတ်၊ တန်အားဖြင့် ၄၂၃၃ တန်ကိုလည်းကောင်း၊ ဇူလိုင်လ ဆန် ၆၁၅၄၀အိတ်၊ တန်အားဖြင့် ၃၀၇၇ တန်ကိုလည်းကောင်း၊ ဩဂုတ်လ ဆန် ၄၉၈၉၀ အိတ်၊ တန်အားဖြင့် ၂၄၉၅ တန်ကိုလည်းကောင်း၊ စက်တင်ဘာလက ဆန် ၆၃၂၇၃ အိတ်၊ တန်အားဖြင့် ၃၁၆၄ တန်ကိုလည်းကောင်း တင်ပို့ခဲ့ကြောင်း သိရသည်။

    အခြားမြို့နယ်ဆန်များကို ဇန်နဝါရီလက ၁၅၆၀၀၆ အိတ်၊ ဖေဖော်ဝါရီလက ၁၄၅၄၅၀ အိတ်၊  မတ်လ ၁၃၄၃၀၀ အိတ်၊ ဧပြီလ ၅၁၄၃၉ အိတ်၊ မေလ ၇၃၄၉၉ အိတ်၊ ဇွန်လ ၈၁၈၁၈ အိတ်၊ ဇူလိုင်  ၇၂၂၄၀ အိတ်၊ ဩဂုတ်လ ၅၁၉၂၅ အိတ်၊ စက်တင်ဘာလ  ၇၃၂၅၀ အိတ်ကို တင်ပို့ကြောင်း သိရသည်။

     ဆန်ကွဲ များကို ရန်ကုန်သို့အဓိကထား တင်ပို့ပြီး ရန်ကုန် ဘုရင့်နောင်၊ ရွှေပြည်သာ၊ ဆူးလေ၊ လှိုင်သာယာ ပွဲရုံ၊ မရမ်းကုန်းပွဲရုံ၊ အလုံဆိပ်ကမ်း အလုံမြို့ ၊ ရန်ကုန်စက်မှုဇုန်များနှင့် ပဲခူးမြို့ တို့ကိုသာ နေ့စဉ်စီးထွက်ကြောင်း သိရသည်။

       စပါးဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ် အောက်တိုဘာလ စတုတ္ထပါတ် ပေါ်ဆန်း စပါး (၅၀)ပေါင် တင်း ၁၀၀ ကွင်းဈေး ၂၆၂၀၀၀၀ကျပ်၊ မြို့ဈေး ၂၆၅၀၀၀၀ကျပ်၊ ပေါ်ဆန်း ၄၆ပေါင် တင်း၁၀၀ ကွင်းဈေး ၂၄၀၀၀၀၀ကျပ်၊ မြို့ဈေး ၂၄၃၈၀၀၀ကျပ်၊ ပေါ်ဆန်း ဆန် (၁၀၈)ပေါင် တစ်အိတ် လတ်စ ၁၁၅၀၀၀ကျပ်၊ ထိပ်စ ၁၂၀၀၀ကျပ်၊ ဆင်းသုခ စပါး(၅၀)ပေါင် တင်း ၁၀၀ဈေး ၁၃၇၀၀၀၀ကျပ်၊ မြို့ဈေး ၁၄၀၀၀၀၀ကျပ်၊ ဆင်းသုခ စပါး(၄၆)ပေါင် တင်း ၁၀၀ ကွင်းဈေး ၁၂၆၀၄၀၀ကျပ်၊ မြို့ဈေး ၁၂၈၈၀၀၀ကျပ်၊  ဆင်းသုခဆန် (၁၀၈)ပေါင် တစ်အိတ်ဈေး လတ်စ ၄၉၀၀၀၊ ထိပ်စ ၅၅၀၀၀ကျပ်၊ GW-11 စပါး(၅၀) ပေါင် တင်း၁၀၀ ကွင်းဈေး၁၃၀၀၀၀၀ကျပ်၊ မြို့ဈေး ၁၃၅၀၀၀၀ကျပ်၊ GW-11 စပါး(၄၆)ပေါင် တင်း၁၀၀ ၁၁၆၈၄၀၀ ကျပ်၊ မြို့ဈေး ၁၁၉၆၀၀၀ကျပ်၊ GW-11 ဆန်အိတ် (၁၀၈)ပေါင် တစ်အိတ် လတ်စ ၄၈၀၀၀ကျပ်၊ ထိပ်စ ၄၉၀၀၀ကျပ်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

DOCA(ဧရာဝတီ)

တောင်သာမြို့၏အောင်မြင်စွာဖြစ်ထွန်းနေသောမိုးပဲတီစိမ်းစိုက်ခင်းများ

          တောင်သာမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊မြင်းခြံ ခရိုင်အတွင်းတွင် တည်ရှိသော မြို့နယ်တစ်ခုဖြစ်ကြောင်း၊ ကျေးရွာများတွင် အဓိကသီးနှံ ကြက်သွန်နီနှင့် ပြောင်းတို့စိုက်ပျိုးလျက်ရှိရာ မိုးပဲတီစိမ်းသီးနှံကိုလည်း တောင်သူများအနေဖြင့် အားထားစိုက်ပျိုးကြောင်း သိရှိရသည်။ မိုးဦးပဲတီစိမ်းသီးနှံကို (မေလ) နောက်ဆုံးပတ်တွင် စိုက်ပျိုး ထားရှိပြီး အောက်တိုဘာလကုန်တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန် အထိ (၄) လခန့်ကြာ မြင့်ကြောင်းသိရှိရသည်။

         တောင်သာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးကြိုပဲတီစိမ်း စိုက်ဧက (၂၃၆၅၀) ဧကစိုက်ပျိုး ထားရှိကြောင်း မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ကာလတူနှိုင်းယှဉ်ပါက ယခုနှစ်စိုက်ဧကသည် ယခင်နှစ်စိုက်ဧကထက်  (၁၉၉၇) ဧကခန့်ပိုမိုစိုက်ပျိုးထား ကြောင်း သိရှိရသည်။ တောင်သူများအနေဖြင့် ရာသီမရွေးစိုက်ပျိုးနိုင်သော ရေဆင်း(၃)ကိုစိုက်ပျိုး ထားရှိပြီး ထွန်ကြောင်းခံ၍ တစ်ဧကမျိုး ၆ ပြည်ကိုကြဲပက်စနစ်ဖြင့် စိုက်ပျိုးထားရှိကြောင်း၊ အပင်ခြေတွင် တန်းကြား(၁၈)လက်မ၊ ပင်ကြား(၄)လက်မထား၍ စိုက်ပျိုးကြောင်း၊ အပင်ပေါက်ညီညာ၍ အပင်ပေါက်ကောင်းစေရန် ထယ်ရေးချရကြောင်း၊ အပင်ခြေတွင် အစိုဓာတ်ကောင်းပြီး စိုက်ပျိုးချိန်မှန်ကန်ပါက အထွက်နှုန်း ပိုမိုကောင်းမွန် ကြောင်းသိရှိရသည်။ ယခင်နှစ်ထွက်နှုန်းမှာ (၇-၈) တင်းခန့်ထွက်ရှိကြောင်း၊ ယခုနှစ် တွင် ရာသီဥတုကောင်းပြီး အစိုဓာတ်ရှိသောကြောင့် ယခင်နှစ်ထက်အထွက်နှုန်း ပိုမိုထွက်ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း ပဲတီစိမ်းစိုက်တောင်သူ တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ၂၀၂၅ခုနှစ် အောက်တိုဘာ တိယပတ်တွင် တောင်သာမြို့နယ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၁၀၀၀) ကျပ် ခန့်ပေါက်ဈေးရှိကြောင်း၊ ထွက်ရှိသောပဲတီစိမ်းများကို ဒေသတွင်းစားသုံးရန်နှင့် ပိုလျှံသောပဲများကို မြင်းခြံမြို့၊ မန္တလေးမြို့နှင့် ရန်ကုန် ဘုရင့်နောင် ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA (မန္တလေး)

 

မြင်းခြံခရိုင်၏ပဲစဉ်းငုံ(မိုးဦး)စိုက်ပျိုးထားရှိမှုနှင့် တစ်ဧကကုန်ကျစရိတ်

 အပူပိုင်းဒေသဖြစ်သာ မြင်းခြံခရိုင်သည် ဆည်ရေသောက် အသင့်တင့်ရှိ၍ ပဲမျိုးစုံ၊ ပြောင်း၊ မြေပဲ၊ ဆီထွက်သီးနှံနှင့် ကြက်သွန်နီများစိုက်ပျိုးလျက်ရှိရာ ပဲစဉ်ငုံ(မိုးဦး) သီးနှံကိုလည်း စိုက်ပျိုး ထားရှိကြောင်းသိရှိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာနှစ်တွင် မြင်းခြံခရိုင်ချုပ်အနေဖြင့် စိုက်ပျိုးထားရှိသော ပဲစဉ်းငုံ(မိုးဦး) စိုက်ဧကပေါင်း (၁၀၂၁၆၅) ဧက စိုက်ပျိုး ထားရှိကြောင်း ခရိုင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ မြို့နယ် များအနေဖြင့် စိုက်ပျိုး ထားရှိမှုမှာ မြင်းခြံမြို့နယ်တွင် (၆၀၀၃)ဧက၊                   တောင်သာမြို့နယ်တွင် (၁၈၃၆၁) ဧက၊ နွားထိုးကြီး မြို့နယ်တွင် (၇၇၈၀၁)ဧကစိုက်ပျိုးထားရှိကြောင်း၊ (၂၇၂၆)ဧက ပဲစဉ်းငုံသီးနှံကို ‌မေလနှင့် ဇွန်လ တို့တွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းထွက် ပေါ်ကြောင်း၊ တစ်ဧက ကုန်ကျ စရိတ်အနေဖြင့် (၃၇၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊  သက်ကြီးရွှေဒင်္ဂါးမျိုး များကို  စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန် ပဲစဉ်းငုံအနီတစ်တင်းလျှင် (၁၀၇၅၀၀) ကျပ်ပေါက် ဈေးများရှိကြောင်း၊ အထွက်နှုန်းအနေဖြင့်(၁၀)တင်းခန့် ထွက်ရှိကြောင်း၊ တစ်ဧကအကျိုး အမြတ်အနေဖြင့်(၇၀၅၀၀၀) ကျပ်ရှိခဲ့ကြောင်း၊ ယခုလက်ရှိ မြင်းခြံဈေးကွက်၌ ဖြစ်ပေါ်နေသော ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတိယပတ်တွင် ပဲစဉ်းငုံနီတစ်တင်းလျှင် (၈၁၀၀၀) ကျပ်၊ အဖြူတစ်တင်းလျှင် (၇၆၀၀၀) ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ပဲစဉ်းငုံများလှိုင်လှိုင်ထွက်ပေါ်ချိန်တွင် တောင်သူများကိုယ်တိုင် မြို့ပေါ်ရှိပွဲရုံများသို့ လာ‌ရောက်ရောင်း ချကြောင်း၊ ၎င်းပွဲရုံများမှတဆင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့သို့တင်ပို့ရောင်းချကြောင်း၊ မိုးကို မျှော်ပြီးစိုက်ပျိုးရသော သီးနှံဖြစ်သောကြောင့် ရာသီဥတုကောင်းမွန်ပါက အထွက်နှုန်းပိုမိုထွက် ရှိနိုင်မည်ဖြစ်ကြောင်း၊ ထွက်ပေါ်ချိန်တွင် ဈေးကောင်းပါကအကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပဲစဉ်ငုံစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA (မန္တလေး)

 

 

မြင်းခြံမြို့၏ငှက်ပျောစိုက်ပျိုးထားရှိမှုနှင့်ကုန်ကျစရိတ်ဈေးနှုန်းဈေးကွက်

          မြင်းခြံမြို့နယ်သည် ဥယျာဉ်ခြံ မြေလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ ငှက်ပျော စိုက်ပျိုးခြင်းလုပ်ငန်းကိုလည်းလုပ်ကိုင်ကြောင်းသိရှိရသည်။ဒေသတွင်းကျေးရွာများဖြစ်သော ပတ္တာရွာ၊  သင်္ဘောတင်ရွာ၊ ပိုက်တဲကုန်းနှင့် အနိမ့်ကျေးရွာများသည် ငှက်ပျောပင်များကို မိမိတို့၏ခြံဝန်း များ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်းနှင့် စီးပွားဖြစ်လည်းစိုက်ပျိုးကြကြောင်း သိရှိရသည်။ ငှက်ပျောပင်များကို မိုးဦးမကျမီ မေလဆန်းပိုင်းတွင် စိုက်ပျိုးထားရှိကြောင်း၊ စိုက်ဧကအနေဖြင့် (၁၁၅)ဧကခန့်စိုက်ပျိုးထားကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ ငှက်ပျောစိုက်ပျိုးရာတွင် လှံစို့သားတက်အပင်မြင့်မျိုးကို စိုက်ပျိုးထားကြောင်း၊ရခိုင်ငှက်ပျော မျိုးနှင့် ဖီးကြမ်းငှက်ပျောမျိုးကိုစိုက်ပျိုးထားကြောင်း၊ ငှက်ပျောပင်ကို(၇)ပေပတ်လည်အထိပင်ကြား တန်းကြား အကွာအဝေးထား စိုက်ပျိုးရကြောင်း၊ အထွက်နှုန်းကောင်းစေရန် တစ်ဧကငှက်ပျောပင် (၁၃၀၀) ခန့်စိုက်ပျိုးထားကြောင်း စိုက်ပျိုးပြီး (၅-၆)လအကြာတွင် ငှက်ပျောဖူးများမထွက်မီအချိန်၌ အပင်ခြေတွင် ဓာတ်မြေဩဇာကို ထည့်သွင်းကျွေးရမည်ဖြစ်ကြောင်း၊ ပန်းပွင့်ပြီးနောက် သားတက် တစ်ခုသာထားရှိပြီး မိခင်အပင်မှ မလိုအပ်သော သားတက်အားလုံးကို ဖယ်ရှားရန်လိုအပ်ကြောင်း၊ ငှက်ပျောကြီးထွားရန် ငှက်ပျောဖူး(အဖိုဖူး)အားဖြတ်ပေးရကြောင်း၊ မိုးရာသီတွင် ရေစိမ့်ဆင်းမှု ကောင်းရန်နှင့် အပင်ခြေရေမဝပ်စေရန် အပင်ခြေကိုမြေဖို့ပေးပါက အပင်ဖြစ်ထွန်းကြောင်း၊ စိုက်ပျိုး ချိန်မှ(၈)လအကြာတွင် ငှက်ပျောသီးများရင့်မှည့်၍ စတင်ခုတ်ယူပြီး ဈေးကွက်သို့တင်ပို့ ရောင်းချ ကြောင်း၊  တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၉)သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၉၀၀) အခိုင်ထွက်ရှိကြောင်း၊ မြင်းခြံမြို့ မြို့မစည်ပင်သာယာဈေးကြီးအတွင်း ရောင်းချနေသော ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယ ပတ်တွင် ငှက်ပျောသီးဖီးကြမ်း တစ်ဖီးလျှင် (၃၀၀၀-၄၀၀၀)ကျပ်ခန့်၊ ရခိုင်ငှက်ပျောဖီး တစ်ဖီးလျှင် (၂၀၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ ငှက်ပျောအဖီး အရည်အသွေးပေါ်မူ တည်၍ဈေးနှုန်း ကွာခြားကြောင်း၊ ထွက်ရှိသောငှက်ပျောသီးများကို ဒေသတွင်းစားသုံးရန်နှင့် သာရေးနာရေး ပွဲများတွင် လည်း အသုံးပြုသောကြောင့်ရောင်းချရကြောင်း၊ ဈေးကွက်တင်ပို့မှုအနေဖြင့် တောင်သာမြို့ သို့တင်ပို့ရောင်းချကြောင်း၊ တစ်ဧကအကျိုး အမြတ်အနေဖြင့် (၃၄)သိန်းကျပ်ဝန်းကျင်ခန့်   ရရှိကြောင်း ငှက်ပျောစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA (မန္တလေး)

 

မြင်းခြံမြို့နယ်၏မိုးငရုတ်စိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်းဈေးကွက်

          မြင်းခြံမြို့နယ်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ထန်းလုပ်ငန်းစသည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်လျက်ရှိရာ မိုးငရုတ် များကိုလည်းစိုက်ပျိုးထားကြောင်း၊  မိုးငရုတ်ကို မေလနှင့် ဇွန်လ တို့တွင် စတင်စိုက်ပျိုးပြီး၊ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန် ကာအထိ (၄) လခန့်ကြာမြင့်ကြောင်းသိရှိရသည်။

            ၂၀၂၅-၂၀၂၆ ခုနှစ်၊ မြင်းခြံမြို့နယ်တွင်  မိုးငရုတ်စိုက်ဧကပေါင်း (၇၆) ဧကစိုက်ပျိုးထားရှိ ကြောင်း မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ မိုးငရုတ်များကို နဘူးအိုင်ရွာ၊ တလုပ်ရွာ၊ တောပုရွာ၊ အနိမ့်ရွာနှင့် ပတ္တာကျေးရွာများတွင် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့် (၄၀၃) ပိဿာခန့်ထွက်ရှိကြောင်း၊ ဈေးကွက် တင်ပို့မှုအနေဖြင့် မြင်းခြံမြို့ရှိ ပွဲရုံများနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တိယပတ်တွင် ငရုတ်သီးစိမ်း  ၂၅ ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ တစ်ပိသာလျှင် (‌၃၅၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်စက်တင်ဘာလ တိယပတ်နှင့်နှိုင်းယှဉ်ပါက ယခုလတွင် ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၁၀၀) ကျပ်ခန့်ဈေးနှုန်း ကျဆင်းခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် မြင်းခြံဈေးကွက်သို့ ပုပ္ပါးမြို့၊ ကျောက်ဆည်မြို့နှင့် မြစ်သားမြို့တို့မှထွက်ရှိသော ငရုတ်သီး စိမ်းဝင်ရောက်လာသောကြောင့် ဈေးနှုန်းကျဆင်းခြင်း ဖြစ်ကြောင်း၊ ဈေးကွက် တင်ပို့မှုအနေဖြင့် မြင်းခြံမြို့ရှိပွဲရုံများနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA (မန္တလေး)

 

 

 

မြင်းခြံမြို့နယ်၏ကြက်ဟင်းခါးသီး စိုက်ပျိုးထားရှိမှုနှင့် အကျိုးအမြတ်ရရှိမှု

            မြင်းခြံမြို့နယ်အတွင်းရှိ လေးအိမ်တန်း၊ ခေါင်းကွဲနှင့် သင်္ဘောတင်ကျေးရွာများတွင် ဥယျာဉ် ခြံမြေများ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်အုပ်စုဝင်ဖြစ်သော ကြက်ဟင်း ခါးသီး များကိုလည်း တစ်နိုင် တပိုင် စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ ကြက်ဟင်းခါးသီးတွင် အပုမျိုး၊ အရှည်မျိုးနှင့် အလုံးမျိုး ဟူ၍(၃)မျိုးရှိကြောင်းသိရှိရသည်။ ကြက်ဟင်းခါးသီးသည် ပူနွေးစို စွတ်သော ရာသီဥ တုကိုနှစ်သက်ပြီး မေလနှင့်ဇွန်လများတွင်စိုက်ပျိုးလေ့ရှိကြောင်း၊ ဘောင်ဖော်၍ စင်ထိုးစိုက် ပျိုးကာ စိုက်ပျိုးပြီးအပင်သက် (၂-၃)လကြာလျှင် အသီးများဆွတ်ခူးနိုင်၍ မိုးရာသီစိုက်ကြက်ဟင်းခါးပင်သည် ရေသွင်းပေးရန် မလိုအပ်ကြောင်း၊ ကြက်ဟင်းခါးပင်များအသီးအထွက် ကောင်းစေရန် ပန်းစပွင့်ချိန်တွင် အညွန့်များကို ဖြတ်ပေးသင့်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်း ချိန်အထိ (၆)လခန့် ကြာမြင့်ကြောင်းသိရှိရသည်။ မြင်းခြံဒေသရှိ တောင်သူများသည် အလုံးမျိုးကိုစိုက်ပျိုးကြကြောင်း၊ အလုံးမျိုးမှာ ကြက်ဟင်းခါးသီး အရိုင်းမှသီးသောမျိုးဖြစ်၍ လေးသောအရသာရှိပြီး အထွက်နှုန်းကောင်းသောကြောင့် တောင်သူများ သည် ယင်းမျိုးကိုပိုမိုနှစ်သက် ကြောင်းသိရှိရသည်။ ကြက်ဟင်းခါးအလုံးမျိုးကို အစေ့မှတိုက်ရိုက် စိုက်ပျိုးသောနည်းဖြင့် စိုက်ပျိုးကြောင်း၊ စိုက်ကျင်းတွင် တစ်ပင်နှင့် တစ်ပင်(၂)ပေခွာပြီး မျိုးစေ့ တစ်ကျင်းလျှင်(၃-၄) စေ့ချပြီးစိုက်ပျိုးကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မြေပြင်ခြင်း၊ မျိုး၊စိုက်ပျိုးစရိတ်၊ သွင်းအားစု၊ လုပ်သားခ စုစုပေါင်း (၆၀၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ဒေသတွင်း ကုန်သည်များက ကျေးရွာရှိစိုက်ခင်းများသို့ လာရောက်ဝယ်ယူ ခြင်းများလည်းရှိသကဲ့သို့ တောင်သူများ ကိုယ်တိုင် မြို့ပေါ်ပွဲရုံနှင့်ဈေးများသို့လည်း တိုက်ရိုက်ရောင်းချခြင်းများလည်း ရှိကြောင်း သိရှိရသည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် (၀၀)ပိဿာ ခန့်ထွက်ရှိကြောင်း၊ စိုက်ခင်းရောင်းဈေး တစ်ပိဿာ လျှင်(၄၀၀၀)ကျပ်ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၆၀၀၀၀)ကျပ်ခန့်ရရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် မြင်းခြံမြို့ အေးမြသီတာဈေးတွင်ရောင်းချနေသော ကြက်ဟင်းခါးသီး လက်လီတစ်ပိဿာလျှင် (၅၀၀)ကျပ် ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ ထွက်ရှိသော ကြက်ဟင်းခါးသီးများကို ဒေသတွင်း စားသုံးရန်နှင့် ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်တွင် ဈေးကွက်တွင် ကြက်ဟင်းခါးသီးများ ရှားပါးချိန်ဖြစ်သောကြောင့် ဈေးကောင်းများရရှိကြောင်း၊ တောင်သူများအနေဖြင့် ဈေးကောင်းရရှိ၍ အကျိုးအမြတ် များရရှိကြောင်း ကြက်ဟင်းခါးစိုက်တောင်သူ တစ်ဦး၏ ပြောပြ ချက်အရ သိရှိရသည်။

DOCA (မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း