Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ မြစ်သားမြို့နယ်တွင် ဆောင်းနှမ်းများစတင်စိုက်ပျိုး”

            မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆီထွက်သီးနှံမျိုးစုံ အောင်မြင်ဖြစ် ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ဆောင်းနှမ်းသီးနှံကိုလည်း ဟင်းလျှာကန် ၊ တမာပင် ၊ သပြေသာရွာများတွင် စတင်စိုက်ပျိုးလျက်ရှိပါသည် ။ ဆောင်းနှမ်းကို အောက်တိုဘာ နှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလများတွင် စတင်ထွက်ရှိမှာ ဖြစ်ကြောင်း၊ ဆောင်းနှမ်း(၁)ဧက စိုက်ပျိုးလျှင် မျိုးအနေဖြင့်(၂-၃)ပြည် စိုက်ပျိုးရကြောင်း၊ (၁) ပြည်လျှင်(၈၀၀၀/-)ကျပ်ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း ၊ ဆောင်းနှမ်း စိုက်ပျိုးမှု(၁) ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း(၃၅၀၀၀၀/-)ကျပ် ခန့်ကုန်ကျကြောင်း ၊ စိုက်ပျိုးသောမျိုးများမှာ နှမ်းညို ၊ နှမ်းဖြူ ၊ နှမ်းနက်မျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း ၊ ဆောင်းနှမ်းစိုက်ပျိုးမှုအနေဖြင့် ထွန်ကြောင်းဆွဲ ၊ အစေ့ကျစနစ်ဖြင့် စိုက်ပျိုးကြကြောင်း ၊ ယခင်နှစ် ဆောင်းနှမ်းထွက်ရှိမှုအနေဖြင့် (၁၁-၁၂)တင်းခန့် ထွက်ရှိကြောင်း၊ ထွက်ပေါ်ချိန်တွင် နှမ်းဈေးနှုန်းအနေဖြင့် နှမ်းဖြူ(၁)တင်းလျှင် (၁၄၁၀၀၀/-)ကျပ် ၊ နှမ်းညို (၁)တင်းလျှင်(၉၇၀၀၀/-)ကျပ် ၊ နှမ်းနက်(၁)တင်းလျှင်(၇၅၀၀၀/-)ကျပ် ၊ ဈေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သောကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၁၂၀၀၀၀၀/-)ကျပ်ခန့် မြတ်ခဲ့ကြောင်း၊ ယခု လက်ရှိနှမ်းပေါက်ဈေးအနေဖြင့် နှမ်းဖြူ(၁)တင်းလျှင် (၁၂၇၀၀၀/-)ကျပ်၊ နှမ်းညို (၁)တင်းလျှင် (၉၅၀၀၀/-)ကျပ်၊ နှမ်းနက်(၁)တင်းလျှင်(၉၅၀၀၀/-)ကျပ်၊ ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်း၊ ဆောင်းနှမ်းများထွက်ပေါ်ချိန်တွင် တောင်သူများမှ နေလှန်းအခြောက်ခံကာ မြို့ပေါ် ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ ပွဲရုံများမှ တစ်ဆင့် မန္တလေးမြို့၊ ရန်ကုန် မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဆောင်းနှမ်းထွက်ပေါ်ချိန်တွင်လည်း ဈေးနှုန်းများ ကောင်းမွန်ပါက အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း ဆောင်းနှမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်သိရှိရပါသည်။

DOCA(မန္တလေး)

 

မြောင်းမြခရိုင် မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာ အောင်နိုင်တိုးစပါး(၈)ဧက ရိတ်သိမ်းမှုအား  ခရိုင်/မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဖြင့်   ကွင်းဆင်းကြည့်ရှု

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ် ဦးစီးမှူး ဦးလှထွဋ်ဦးသည် (၂၅.၁၀.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)နာရီက ခရိုင်/မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဖြင့်   လိုက်ပါ၍ ကံကြီးကျေးရွာ တောင်သူဦးခင်မောင်ဝင်း၏ အောင်နိုင်တိုးစပါး(၈)ဧက ရိတ်သိမ်းမှုအား  ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းကြည့်ရှုဆောင်ရွက်ရာတွင် စပါးအစိုဓါတ်(၂၃)ရာနှုန်း၊ စပါးတင်း(၁၅၀.၁၂)တင်းအား သတ်မှတ်အစိုဓါတ် သို့ရရှိရန်အတွက် အခြောက်ခံရာတွင် စပါး(၁၄၀.၃၆)တင်းခန့်ရရှိပြီး၊ စပါး အခြောက်ဈေးနှုန်း (၁၄)သိန်း ဝန်းကျင်ခန့်ရရှိကြောင်းသိရှိရပြီး၊ တောင်သူလယ်သမားများအနေဖြင့် မိမိတို့၏ရိတ်သိမ်းစပါးများအား နေလှမ်းအခြောက်ခံပြီးမှ ရောင်းချမည့်နေရာသို့ သွားရောက်ရောင်းချကြရန် ခရိုင်စိုက်တိုးမြှင့်အဖွဲ့မှ တောင်သူလယ်သမားများအား ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ဧရာဝတီ)

“ဆောင်းပဲတီစိမ်းများစတင်စိုက်ပျိုး”

        မန္တလေးတိုင်းဒေသကြီး  ၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ၄င်းသီးနှံ များအနက် ပဲတီစိမ်းသီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ် စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ ပဲတီစိမ်းဆောင်း စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင် စုစုပေါင်း(၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ ပဲတီစိမ်းဆောင်းကို အောက်တိုဘာနှင့်နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင်စတင်ထွက်ရှိမှာဖြစ်ကြောင်း၊ပဲတီစိမ်းစိုက်ပျိုးမှု မျိုးအနေဖြင့် ကျောက်စိမ်းမျိုး နှင့်ရေးဆင်း-၁၁မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း ၊ (၁)ဧက မျိုးစေ့(၅-၆) ပြည်ခန့် ကုန်ကျကြောင်း ၊ ပဲတီစိမ်းမျိုးစျေးနှုန်းအနေဖြင့် (၁)ပြည်လျှင်(၇၀၀၀/-)ကျပ်စျေးနှုန်းဖြင့် ဝယ်ယူစို က်ပျိုးရပြီး (၁)ဧက အထွက်နှုန်းအနေဖြင့်(၁၁-၁၂)တင်းခန့်ထွက်ရှိကြောင်း၊အများဆုံး စိုက်ပျိုးသော ရွာများမှာ သပြေသာ၊တမာပင်၊ကူဖြူရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ပဲတီစိမ်း စိုက်ပျိုးမှု အနေဖြင့် ဘောင်ကြောင်းပေး အတန်းလိုက်စနစ်ဖြင့် အစေ့ချစိုက်ပျိုးကြကြောင်း ၊ ယခင်နှစ် ပဲတီစိမ်းစျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၈၀၀၀၀/-)ကျပ်စျေးနှုန်းရှိခဲ့ပြီး ယခုအချိန်တွင် ပဲတီစိမ်း တစ်တင်းလျှင်(၁၁၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ယခင်နှစ်နှင့်ယခု နှစ်စျေးနှုန်းများနှိုင်းယှဉ်ပါက ပဲတီစိမ်းစျေးမှာ မြင့်တက်လျက်ရှိပါသည်။ စျေးကွက်အနေဖြင့် ကျောက်ဆည်မြို့ပေါ်ရှိပွဲရုံများသို့ လာရောက်ရောင်းချကြပြီး ပွဲရုံများမှတဆင့် မန္တလေး၊ရန်ကုန်မြို့ များသို့တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။တောင်သူများ ပဲတီစိမ်းစိုက်ပျိုးမှုဖြင့် ဝင်ငွေတိုး၍ အကျိုးအမြတ်ပိုမိုရရှိကြောင်း၊ ထွက်ပေါ်ချိန်တွင်လည်း ပဲတီစိမ်းစျေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ပဲတီစိမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြား ချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

 

“မြစ်သားမြို့နယ်တွင်ဆောင်းနေကြာများစတင်စိုက်ပျိုး”

        မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ၄င်းသီးနှံများအနက် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နေကြာသီးနှံကိုလည်း တောင်သူများမှ သီးထပ် သီးညှပ်စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျက်ရှိပါသည်။နေကြာဆောင်း စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင် စုစုပေါင်း(၄၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ နေကြာဆောင်းကို အောက်တိုဘာနှင့်နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီနှင့်ဖေဖော်ဝါရီလများတွင် စတင်ထွက်ရှိမှာဖြစ်ကြောင်း၊နေကြာစိုက်ပျိုးမှု မျိုးအနေဖြင့် ဆင်းရွှေကြာမျိုး-၁၊ ဆင်းရွှေကြာမျိုး-၂ မျိုးများကို အများဆုံစိုက်ပျိုးကြကြောင်း၊နေကြာဆောင်းကို သီးသန့်စိုက်ပျိုးကြသလို သီးထပ်သီးညှပ်အဖြစ်လည်း ရာသီမရွေးစိုက်ပျိုးကြကြောင်း၊ယခင်နှစ် နေကြာဆောင်းထွက်ပေါ်ချိန်တွင်အထွက်နှုန်းအနေဖြင့်(၂၀-၂၅)တင်းအထိထွက်ရှိကြောင်း၊ယခင်နှစ်  ပေါက်စျေးအနေဖြင့်(၅၅၀၀၀/-)ကျပ်စျေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး စိုက်ပျိုးစရိတ်နှုတ်ပြီး အကျိုးအမြတ်အနေဖြင့်(၉၇၅၀၀၀/-)ကျပ်မြတ်ခဲ့ကြောင်း၊ ယခုလက်ရှိ စျေးကွက်အတွင်းအရောင်း အဝယ်ဖြစ်နေသောနေကြာစျေးနှုန်းများမှာ တစ်တင်းလျှင်(၆၀၀၀/-)ကျပ်၊နေကြာဆီ(၁)ပိဿာလျှင် (၂၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊နေကြာဆောင်း ထွက်ပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံသို့ ကိုယ်တိုင်ရောင်းချကြောင်း၊ပွဲရုံများမှတဆင့် ရန်ကုန်၊မန္တလေးမြို့များ သို့တင်ပို့ရောင်းချကြကြောင်း၊စိုက်ပျိုးစရိတ်သက်သာပြီး မိသားစု စားသုံးဆီဖူလုံရုံသာမက စီးပွားဖြစ် ဝင်ငွေတိုးသောကြောင့် နေကြာသီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း နေကြာဆောင်း စိုက်ပျိုး သောတောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

“ခေတ်မီနို့ချက်လုပ်ငန်းအစမြဘုရင်နို့ချက်လုပ်ငန်းက”

           မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ပြီး ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်စသည့် သီးနှံများအား အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းသည့် နိုင်ငံဖြစ် သည့်အလျှောက် စိုက်ပျိုးရေးလုပ်ငန်းများနှင့်အတူ မွေးမြူရေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါသည်။၄င်းမွေးမြူရေးလုပ်ငန်းမှထွက်ရှိသည့်ကုန်ကြမ်းပစ္စည်းများအားအသုံးပြု၍ ပြည်ပမှသွင်းကုန်များကိုအသုံးပြုခြင်းမရှိဘဲ ပြည်တွင်းထွက်ကုန်ပစ္စည်းများဖြင့် စက်ရုံ ၊ အလုပ်ရုံ များနိုင်ငံအတွင်းလည်ပတ်လျက်ရှိရာ ကျောက်ဆည်ခရိုင် ၊ ကျောက်ဆည်မြို့နယ် ၊ ရဲစုရပ်ကွက်ရှိ မြဘုရင်နို့ချက်လုပ်ငန်းမှာလည်း တစ်ခုအပါအဝင်ဖြစ်ပါသည် ။ ၄င်းလုပ်ငန်းအား ၁၉၈၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယင်းအချိန်တွင် စက်မှုလုပ်ငန်းများဖွံ့ဖြိုးမှုမရှိသေးသည့်အတွက် နို့ဆီ ချက်လုပ်ရာတွင် ကန်များအတွင်း နွားနို့များအား အပူပေးပြီး လူအင်အားကိုအသုံးပြု၍ သစ်သား ယောင်းမများဖြင့်မွှေပြီး ချက်လုပ်သော ဒေသရိုးရာနည်းစနစ်ဖြင့် နို့ချက်ခဲ့ကြောင်းသိရှိရပါသည် ။ နှစ်ပေါင်းကြာလာပြီး ၁၉၈၉ ခုနှစ်မှစ၍ ယခုအချိန်အထိ နည်းပညာများ တိုးတက်လာသည့် ခေတ်တွင် လူအင်အားကိုအသုံးပြုပြီး ထုတ်လုပ်မှုအစား ခေတ်မီစက်ပစ္စည်းများကို အသုံးပြုလာခဲ့ ကြပြီး နို့ထွက်ပစ္စည်းများဖြစ်‌သော နို့ဆီ ၊ နို့မှုန့် ၊ နို့စိမ်းများအား ထုတ်လုပ်လျက်ရှိကြောင်း သိရှိ ရပါသည် ။ ထိုသို့ ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းအဖြစ် နွားနို့ ၊ သကြားများကို အသုံးပြုရပါသည် ။ နွားနို့အား ကျောက်ဆည်၊မြစ်သား၊စဉ့်ကိုင်နှင့်တံတားဦးမြို့နယ်များရှိ နွားမွေးမြူသည့် တောင်သူများ ထံမှငွေကြိုပေး၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း ဝယ်ယူရရှိသလို စက်ရုံအတွင်း ၌လည်းနို့ စားနွားအကောင်(၄၀၀)ခန့်မွေးမြူပြီး ၄င်းတို့ထံမှလည်းနို့ကုန်ကြမ်းရရှိပါသည်။ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစက်မှုဇုံရှိ နွားမွေးမြူရေးခြံများမှ နွားနို့များအားဝယ်ယူပြီး မြဘုရင် နို့ချက်စက်ရုံပိုင် မုံရွာစက်ရုံ၌ နို့ဆီအကျဲချက်ပြီး ကျောက်ဆည်ရှိ ပင်မနို့ချက်စက်ရုံသို့ပို့ကာ နို့ဆီများ ကိုထုတ်လုပ်လျက်ရှိပါသည်။ တောင်သူများထံမှ နွားနို့အား တစ်ပိဿာလျှင်(၃၀၀၀/-)ကျပ်စျေးဖြင့် ဝယ်ယူလျက်ရှိပြီး စက်ရုံလည်ပတ်မှုအနေဖြင့် တစ်ရက်လျှင် နွားနို့ပိဿာ(၄၀၀၀၀)ခန့် ချက်လုပ် နိုင်သော်လည်း နို့ကုန်ကြမ်းပုံမှန်မရရှိခြင်း၊ စျေးကွက်ရှာဖွေရခြင်းတို့ကြောင့် ပုံမှန်အားဖြင့် တစ်ရက် လျှင်စက်ရုံ၌ နွားနို့ပိဿာချိန်(၂၀၀၀၀-၂၅၀၀၀)ခန့် ချက်လုပ်လျက်ရှိပါသည်။ ၄င်းမှ နို့ဆီကုန်ချော အနေဖြင့်နို့ဆီအခဲ(၆၄၀၀)ပိဿာ ထွက်ရှိပြီး နို့မှုန့်၊ နို့စိမ်း၊နို့ချဉ်များလည်း ထုတ်လုပ်လျက်ရှိပါသည်။ နွားမွေးမြူ‌ရေးလုပ်ငန်းများတွင် စက်တင်ဘာ ၊ အောက်တိုဘာ ၊ နိုဝင်ဘာ နှင့် ဒီဇင်ဘာလများတွင် နွားနို့များ  အထွက်နည်းသည့်အတွက်  ၄င်းလများတွင်  နွားနို့အစား  စက်ရုံ၌  ထုတ်လုပ်ထားပြီး

      သိုလှောင်ထားရှိသည့်နို့မှုန့်များအားပြန်လည်အသုံးပြုလျက်ရှိပါသည်။ယခင်က၄င်းနို့မှုန့်အားပြည်ပမှ မှာယူတင်သွင်းပြီး ယခုအခါတွင် မိမိစက်ရုံ၌ထွက်သော နို့မှုန့်အားပြန်လည် အသုံးပြုနိုင်သလို သကြားအား မြဘုရင်နို့ချက်လုပ်ငန်းမှ ပိုင်ဆိုင်သော ရှမ်းပြည်နယ် ၊ ရွှေညောင်ရှိ တောင်လေးလုံး သကြားစက်ရုံမှ ရရှိသည့်အတွက် ပြည်ပမှသွင်းကုန်များအား အစားထိုးထုပ်လုပ်နိုင်ခဲ့ပါသည်။

     စျေးနှုန်းအနေဖြင့် နို့ဆီခဲ(၁)ပိဿာလျှင် (၁၁၀၀၀/-)ကျပ် ၊ နို့မှုန့်(၁၅)ဂရမ်အထုတ်(၂၀)ပါ တစ်ထုတ် လျှင်(၇၆၀၀/-)ကျပ်၊နို့ဆီ(၃၉၀)ဂရမ်တစ်ဗူးလျှင်(၄၀၅၀/-)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီးစစ်ကိုင်းတိုင်း

        ဒေသကြီးအတွင်း ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးများသို့ အဓိကထားပြီး ဖြန့်ဖြူးရောင်းချ လျက်ရှိပါသည်။မြဘုရင်နို့ချက်စက်ရုံ၌ ဝန်ထမ်း‌ပေါင်း (၁၈၅)ယောက်ဖြင့် လည်ပတ်လျက်ရှိပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများအား ဖြည့်ဆည်းပေးလျက်ရှိပါသည် ။ မြဘုရင်နို့ချက် လုပ်ငန်းကဲ့သို့ နိုင်ငံအတွင်း ပြည်တွင်းကုန်ထုတ်လုပ်မှုများကို လုံလောက်စွာဆောင်ရွက်နိုင်မည်ဆို ပါက ဝယ်လိုအားနှင့်ရောင်းလိုအား မျှတလာမည်ဖြစ်ပြီး ကုန်စျေးနှုန်းကြီးမြင့်မှုကိုလည်းလျော့ချ နိုင်မည်ဖြစ်ပါသည် ။ ပြည်ပအစားထိုး သွင်းကုန်များအား မိမိနိုင်ငံအတွင်း၌ အရည်အသွေးမီ ထုတ်လုပ်ခြင်းမှသည် ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားဝင်ငွေများရရှိပြီး နိုင်ငံ၏စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူဖြစ်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါ သည်။

DOCA(မန္တလေး)

 

“တံတားဦးမြို့နယ်ဆန်စျေးနှုန်းစျေးကွက်”

         တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ဆန်၊စပါး စျေးနှုန်းများမှာ ဧရာပဒေသာစပါးဟောင်း(၄၆)ပေါင်ကိုက် တစ်တင်းလျှင်(၂၈၀၀၀/-)ကျပ်၊ မနောသုခ စပါးဟောင်း (၄၆)ပေါင်ကိုက် တစ်တင်းလျှင်(၁၇၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပါ သည်။ဒေသတွင်း ထွက်ရှိမှုအနေဖြင့် ဒေသဝမ်းစာဖူလုံမှုမရှိပါသဖြင့်ဆန်ကိုပြည်တွင်းအခြားမြို့နယ်များမှဝယ်ယူသိုလှောင်ရောင်းချပေးရသော မြို့နယ်ဖြစ်ပြီး ဆန်စျေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း (ဟောင်း) တစ်အိတ်လျှင်(၁၅၅၀၀၀/-)ကျပ်၊ မနောသုခဆန်(သစ်) တစ်အိတ်လျှင် (၅၂၀၀၀/-)ကျပ်၊ မနောသုခ(ဟောင်း) တစ်အိတ်လျှင်(၆၅၀၀၀/-)ကျပ် ၊ မနောသုခဖန်သီး(သစ်) တစ်အိတ်လျှင်(၆၅၀၀၀/-)ကျပ် ၊ မနောသုခဖန်သီး (ဟောင်း) တစ်အိတ်လျှင်(၈၅၀၀၀/-)ကျပ် ၊ ဧရာပဒေသာ မြောင်းမြ(ဟောင်း) တစ်အိတ်လျှင်(၁၂၀၀၀၀/-)ကျပ် ၊ ဧရာပဒေသာ (ကျောက်ဆည်) တစ်အိတ်လျှင်(၁၃၀၀၀၀/-)ကျပ် ၊ ဧရာမင်း(ကနန်) (ဟောင်း) တစ်အိတ်လျှင်(၁၃၅၀၀၀/-)ကျပ် ၊ ဧရာမင်း(ရွှေဘို)  တစ်အိတ်လျှင် (၁၃၀၀၀၀/-)ကျပ်  ၊  မဂျမ်းတော (ကျောက်ဆည်) တစ်အိတ်လျှင် (၁၃၀၀၀၀/-)ကျပ် (အရှေ့တော) (၁၄၀၀၀၀/-)ကျပ်၊ ၇၄၇ ဆန်(သစ်) တစ်အိတ်လျှင်(၅၀၀၀၀/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း စျေးကွက်သတင်းအရသိရှိရပြီး အရောင်းအဝယ် အေးကြောင်းသိရှိရပါသည် ။ ယခုနှစ် ဆန်စျေးနှုန်းများမှာ ယခင်နှစ်ကာလတူ စျေးနှုန်းထက် အနည်းငယ်ကျဆင်းကြောင်း တွေ့ရှိရပါသည် ။ တံတားဦးမြို့နယ် စပါးဟောင်းများမှာ စျေးဖွင့် ထားရှိသော်လည်း အ‌ရောင်းအဝယ်မရှိပါ ။ ပြန်လည်တင်ပို့ရောင်းချမှုအနေဖြင့် ယခင်နှစ်က ငါန်းဇွန်မြို့နယ်နှင့်ကျေးရွာများသို့ တင်ပို့ရောင်းချနိုင်ခဲ့သော်လည်း ယခုနှစ်တွင် တင်ပို့ရောင်းချနိုင်မှု မရှိပါကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မအူပင်မြို့ရဲ့ နာရီစဉ်မှ ဖက်ထုတ်ထမင်း ရောင်းချမှု ဈေးကွက်

      မအူပင်မြို့တွင် အထင်ကရ နေရာတစ်ခုဖြစ်သော နာရီစဉ်သည် ယခင် နှစ်များစွာက ကမ်းနားဆိပ်ကမ်း တစ်ခုဖြစ်၍ လူစည်ကားသော မြစ်ဆိပ်တစ်ခုဖြစ်သည်။ ထိုမြစ်ဆိပ် အနီးတွင် စံမတူ ခေါ် ထမင်းနှင့် မုန့်ဟင်းခါး ရောင်းချသူမှာ နှစ်ပေါင်း ၂၀ခန့်ရှိပြီး ယနေ့အချိန်ထိ စံမတူ မုန့်ဟင်းခါးနှင့် ဖက်ထုတ်ထမင်းဆိုင်သည် ရောင်းအားကောင်း၍ အလည်လာရောက်သူ မြို့ခံများက မအူပင်ဖက်ထုတ်ထမင်းကို လူကြိုက်များ၍ ဝယ်ယူစားသောက်ကြသည်။ ယခင်က သင်္ဘောဆိပ်ကမ်းဖြစ်၍ ရန်ကုန်သို့ သွားရောက်သူများ အရောင်းအဝယ်စည်ကားရာနေရာတစ်ခုဖြစ်သည်။

     မအူပင်မြို့တွင် ဖက်ထုတ်ထမင်းကို တစ်နေ့လျင် လူဦးရေ အနည်းဆုံး ၁၂၀ နီးပါး ဝယ်ယူကြောင်း ဖက်ထုတ် ထမင်း တစ်ထုတ်လျှင် ၅၀၀၀ကျပ်ဖြင့် ‌ရောင်းချလျက်ရှိကြောင်း သိရသည်။ မည်သည့် ဟင်းနှင့်မဆို ၁ထုတ်လျှင် ၅၀၀၀ကျပ်ဖြင့်သာ ရောင်းချကြောင်း ဆိုင်ရှင်ထံမှ သိရသည်။ ဝယ်ယူစားသုံးသူများအတွက် သက်သာစေပြီး ပူပူနွေးနွေး ကြာဖတ်ဖြင့် ထုတ်ပိုးရောင်းချထားသည်။ ဆန်တစ်နေ့ ၅ပြည်မှ ၇ပြည်အထိချက်ရပြီး ဟင်းမျိုးစုံ ဆိတ်၊ဝက်၊အမဲ၊ပုဇွန်၊ငါးဖယ်ခြစ်၊ ငါးကျော်နှပ်၊ ဘဲဥချဉ်ဟင်း၊ အရအနေဖြင့် ချဉ်ပေါင်ကျော်၊ ငံပြာရေကျော်၊ ငရုတ်သီးထောင်း၊ တို့စရာအစုံ ထည့်၍ ထုတ်ပိုးပေးကြောင်း တစ်နေ့ရောင်းအားအနေဖြင့် ဖက်ထုတ်သီးသန့် ၆၀၀၀၀၀ ကျပ် ရောင်းချရကြောင်း၊ မအူပင်မြို့နယ်တွင် သား၊ငါး မွေးမြူ၊ ဟင်းသီးဟင်းရွက်ပေါ်များသဖြင့် ဈေးကြီးမြင်ခြင်းမရှိပဲ အလွယ်တကူ ဝယ်ယူရသင့်တင့်၍ ဖက်ထုတ်ထမင်းကို လူမျိုးဘာသာမရွေး ဝယ်ယူစားသုံးနိုင်ကြောင်း ထမင်းသီးသန့်နှင့် ဘဲဥ ချဉ်ဆီပြန် ဝယ်ယူ ဆိုင်ထိုင်စားပါက တစ်ပွဲ ၂၀၀၀ ကျပ်ဖြင့်သာရောင်းချကြောင်း၊ အခြားသော အိုးဘဲဥ မုန့်ဟင်းခါးပါတွဲ ဖက်ရောင်းချရသဖြင့် ‌ရောင်းအားကောင်း၍ အဆင်ပြေလျက်ရှိကြောင်း မအူပင်နာရီစဉ် ဈေးဆိပ်သည် နံနက် ၄နာရီမှ ည ၁၁နာရီအချိန်ထိ ‌ရောင်းချပေးလျက်ရှိကြောင်း ယခင်နှစ်များကဆို ညလုံးပေါက် ရောင်းချ‌ရသော ဆိုင်များဖြစ်ကြောင်း စံမတူဆိုင်ပိုင်ရှင်ထံမှ သိရသည်။

DOCA(ဧရာဝတီ)

မြို့ပျက်ခရမ်း(ခေါ်) ခရမ်းခဆော့သီး သဘာဝပေါက်ပင်မှ ကျေးရွာနေ ပြည်သူများ ဝင်ငွေရ

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အောင်ဟိတ်ကျေးရွာ တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ လယ်တောနှင့် အိမ်ခြံနောက်ဘက် အစပ်မြေလွန်များပေါ်တွင် မြို့ပျက်ခရမ်း(ခေါ်) ခရမ်းခဆော့သီးအပင်များ ပေါများစွာပေါက်ရောက်လျက်ရှိသည်။  သဘာဝပေါက်ပင်မှ တဆင့် တိုးချဲ့၍ တစ်ပိုင်တစ်နိုင် နည်းစနစ်တကျ စိုက်ပျိုးပြုစုကြောင်း သိရသည်။

        မအူပင်မြို့နယ်၊ အောင်ဟိတ်ကျေးရွာတွင် စိုက်ပျိုးထားသော ခရမ်းခဆော့သီးများသည် ကုန်ကျစရတ်နည်းပါးပြီး ထွက်ရှိလာသော အသီးများကို ကျေးရွာမှ မြို့ပေါ် ဘုရားပန်းရောင်းသူများထံ တို့စရာသီးနှံတစ်ခုအဖြစ် ရောင်းချကြရာ နှစ်စဉ် အပိုဝင်ငွေ ရလျက်ရှိသည်။ ၂၀၂၅  ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ကုန်စိမ်းရောင်းချ သူများထံ  ခဆော့သီးများကို လက်ကား ဈေးနှုန်းများမှာ ၄ခိုင်လျှင် ၃၀၀ကျပ်ဖြင့်ရောင်းချပြီး သုံးလအတွင်း ခရမ်းခဆော့စီး အစီးရေ ၂၅၀၀အထိ ရရှိကြောင်း၊  လက်လီ ဈေးအနေဖြင့် ၁စီးလျှင် ၅၀၀ကျပ် ဈေးကွက်အတွင်းရောင်းချရကြောင်း ကျေးရွာမှ စိုက်ပျိုးသူများအနေဖြင့် ၃လအတွင်း ၇၅၀၀၀၀ကျပ် အကျိုးအမြတ်ရရှိပြီး ကုန်စိမ်းရောင်းချသူများမှလည်း အကျိုးအမြတ် ၃လအတွင်း ၅သိန်းကျပ် ရရှိသဖြင့် သဘာဝအပင်သီးနှံမှ နှစ်စဉ် အပိုဝင်‌ငွေ ရရှိပြီး ခရမ်း ခဆော့သီးပင်သည် ကုန်ကျစရိတ်သက်သာ၍ စိုက်ပျိုးသင့်သော အပင်တစ်မျိုးဖြစ်ကြောင်း၊ ခရမ်းကစော့သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပြီး ခန္ဓာကိုယ်မှာ ဗီတာမင် C ချို့တဲ့မှုကြောင့်ဖြစ်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မင်းဘူးမြို့၊ မြို့မဈေး၌ ဝါးဥများ အရောင်းအဝယ်သွက်ပြီးဈေးကောင်းလျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ မြို့ပတ်ဝန်းကျင်ရှိ ကျောက်တန်းရွာ၊ စကု၊ ပွင့်ဖြူမြို့များမှ ထွက်ရှိသည့် ဝါးဥများသည် ၂၀၂၅ခုနှစ် အောက်တိုဘာလ (ပထမပတ်)မှ စတင်၍ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ဝါးဥ(၁)ပိဿာလျှင် ကျပ်(၄၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး (ပထမပတ်) ပေါ်စအချိန်ကအတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိပဲ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် အရောင်း အဝယ်သွက်ပြီး ဈေးကောင်းလျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 အောက်တိုဘာလတတိယပတ်ရှိမန္တလေးနှမ်းစျေး

          ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့်ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၁၁၀၅၈၀၁ ဧက၊ရိတ်သိမ်းမှု ၁၀၂၃၁၁၀ ဧက၊ အထွက် နှုန်း ၅.၄၀ တင်းနှင့် အထွက်စုစုပေါင်း ၅၅၂၃၅၀၃ တင်းဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း နှမ်း အမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဂျပန်) ၃၀၅၀၀၀ကျပ်နှင့် ၃၁၅၀၀၀ကျပ်၊နှမ်းညို(သစ်) ၂၆၅၀၀၀ ကျပ်နှင့် ၂၇၅၀၀၀ ကျပ်၊ တစ်ပိဿာ စျေး မှာ နှမ်းဖြူ(ဂျပန်)၆၇၇၈ကျပ်နှင့် ၇၀၀၀ ကျပ်၊နှမ်းညို(သစ်) ၅၈၈၉ ကျပ်နှင့် ၆၁၁၁ ကျပ်စျေးတို့ ဖြစ်ပေါ် လျက်ရှိကြောင်းသိရပါသည်။ ယခင်နှစ် ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင်  နှမ်းဖြူ(ရိုးရိုး) ၈၃၃၃ ကျပ်နှင့် ၈၅၅၅ ကျပ်၊ နှမ်းညို ၆၀၀၀ ကျပ်နှင့် ၆၃၃၃ ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ် နှင့်ယခင်နှစ် ကာလတူ စျေးနှိုင်းယှဉ်ပါက နှမ်းစျေးမှာ အနည်းငယ်ကျ ဆင်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း