Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ကုန်စည်ဒိုင်၏ ဒီဇင်ဘာလတွင်ဖြစ်ပေါ်နေသော ပဲဈေးနှုန်းအခြေအနေ

    ပြည်ကုန်စည်ဒိုင်တွင် ပဲသစ်များအဝင်ရှိနေပြီး ရန်ကုန်၊ မန္တလေးဝယ်လက်များနှင့် လှောင်သမားများက အဝယ်ရှိနေပါသည်။

မတ်ပဲ

     ဒီဇင်ဘာလ ပထမပတ်တွင် မတ်ပဲတစ်တင်းကို (၉၁၀၀၀-၉၁၅၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ် (၁၅၀/၂၀၀) အိတ်ခန့်ရှိပါသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို ၉၃၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် ပိဿာ၂၀ဝင်အိတ် (၁၀၀/၂၀၀) အိတ်ခန့်အဝယ်ရှိပါသည်။

ပဲတီစိမ်း

     ဒီဇင်ဘာလ ပထမပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၅၅၀၀၀ကျပ်ဖြင့် မန္တလေးနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ် (၅၀၀/၆၀၀) အိတ်ခန့်ရှိပါသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၆၂၀၀၀ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ် (၄၀၀/၅၀၀) အိတ်ခန့်အဝယ်ရှိပါသည်။

ပဲစင်းငုံ

      ဒီဇင်ဘာလ ပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို ၉၃၀၀၀ကျပ်ဖြင့် ဈေးအေးနေပြီး တစ်ခါတစ်ရံမှသာ အရောင်းအဝယ်ဖြစ်ပြီး ရန်ကုန်အဝယ်ရှိလျှင် ပိဿာ (၂၀) ဝင် အိတ် (၁၅၀/၂၀၀) အိတ်ခန့်ရှိပါသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၉၃၀၀၀ကျပ်ဖြင့် တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ် ၂၀၀အိတ်ခန့်အဝယ်ရှိခဲ့ပါသည်။

ကုလားပဲ

       ဒီဇင်ဘာလ ပထမပတ်တွင် ကုလားပဲ ဟော်လန်တစ်တင်းကို ၉၂၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၁၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ် (၂၅၀/၃၀၀) အိတ်ခန့်ရှိပါသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် ကုလားပဲ ဟော်လန်တစ်တင်းကို ၉၂၅၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၁၅၀၀ကျပ်ဖြင့် ခွဲစက်သမားနှင့် ရန်ကုန်အဝယ်တစ်ရက်ကို ပိဿာ (၂၀)ဝင်အိတ် (၃၀၀/၄၀၀) အိတ်ခန့်ရှိခဲ့ပါသည်။

ပဲကြီး

      ဒီဇင်ဘာလ ပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၁၃၂၀၀၀ကျပ်၊ ပဲကြီး (ကုန်းပဲ)တစ်တင်းကို ၁၃၀၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများက တစ်ရက်လျှင် ပိဿာ (၂၀)ဝင် အိတ် ဖ၉၃၀၀/၄၀၀) အိတ်ခန့်အဝယ်ရှိပါသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၁၃၂၀၀၀ကျပ်၊    ပဲကြီး (ကုန်းပဲ)     တစ်တင်းကို ၁၃၀၀၀၀ကျပ်ဖြင့်    မြို့တွင်း ပဲကြော်သမားနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ် (၄၀၀/၅၀၀) အိတ်ခန့်ရှိပါသည်။

စားတော်ပဲ

    ဒီဇင်ဘာလ ပထမပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၂၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ် (၅၀/၁၀၀) အိတ်ခန့်ရှိပါသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် စားတော်ပဲ (ကျွန်း) တစ်တင်းကို ၁၂၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ် ၁၀၀အိတ်ခန့်ရှိပါသည်။

ဘိုကိတ်

      ဒီဇင်ဘာလ ပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၆၃၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကို ပိဿာ (၂၀)ဝင်အိတ် (၅၀/၁၀၀) အိတ်ခန့်ရှိပါသည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၇၂၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ် (၁၀၀/ ၁၅၀) အိတ်ခန့်ရှိပါသည်။

       ပြည်ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလ၌ ပဲအရောင်းအဝယ်သွက်လျက်ရှိပြီး မတ်ပဲဈေးနှုန်းမှာ ကျဆင်း၍ ကျန်ပဲများမှာ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ဘူးညွန့်ရှားပါး၍ ဈေးမြင့်

     ယခုဒီဇင်ဘာလ ဒုတိယပတ်တွင် ပြည်ဈေးကွက်သို့ ဘူးညွှန့်များ ပြည်မြို့အနီးတဝိုက်ရှိ ချောင်းနားတန်းရွာ၊ မှော်ဇာရွာတို့မှသာ ဝင်ရောက်မှုရှိနေပြီး ယခင်မိုးတွင်းကာလတွင် နေ့စဉ်အဝင်ရှိခဲ့ပေမယ့် ယခုဆောင်းတွင်းကာလရှားပါးချိန်တွင် ရက်ခြားသာအဝင်ရှိတော့ကြောင်း သိရပါသည်။ ဘူးညွန့် တစ်စည်းတွင် ၅ညွန့်ပါဝင်ပြီး တစ်ကြိမ်လျှင် ဘူးညွန့် ၃၀စည်းခန့် အဝင်ရှိကြောင်း သိရပါသည်။

   ဘူးသီးပင်၏အရွက်ဖြစ်သော ဘူးညွန့်သည် နွယ်တက်တက်ပြီး အစိမ်းရောင် အရွက်ဖားဖားနှင့် ရိုးတံတွင် အဖြူရောင် အမွှေးပါးပါးလေးများပါရှိပြီး အရသာမှာ လက်ဆတ်ချိုကာ ဘူးညွန့်ကို ပြည်ဒေသတွင် ဘူးညွန့်ကြော်ချက်ဟင်းချို၊ ငပိ၊ ငရုတ်သီးစိမ်းတို့နှင့်တွဲ၍ ဘူးညွန့်အစပ်ကြော်ခြင်း၊ ဘူးညွန့်ကို ငပိချက်၊ ငပိရည်တို့နှင့်ပြုတ်တို့ခြင်း စသဖြင့် စားသုံးလေ့ရှိပါသည်။ ဘူးညွန့်တွင် အမျှင်ဓါတ်ကြွယ်ဝခြင်းကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အစာခြေစနစ်ကောင်းမွန်ကာ အူမကြီးကိုလည်း သန့်စင်စေခြင်း၊ ခန္ဓာကိုယ်အပူငြိမ်းစေပြီး ရေဓါတ်ကိုလည်း အကောင်းဆုံး ဖြည့်ပေးနိုင်ခြင်း ၊ ဘူးညွန့်တွင် အမျှင်ဓါတ်အပြင် ဗီတာမင် A,B,C,E,K၊ သံဓါတ်၊ ဖောလိတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနိ၊ ကာဗွန်ဟိုက်ဒရိတ်၊ ကယ်ဆီယမ်နှင့် ပရိုတင်းဓါတ်တို့ပါဝင်သည့်အတွက် ဝိတ်ကျစေခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတို့ကို သက်သာစေခြင်း၊ နှလုံးကျန်းမာစေခြင်း၊ စိတ်ဖိစီးမှုပြေလျော့စေခြင်း စတဲ့ကျန်းမာရေးအကျိုးကျေးဇူးများကိုရနိုင်ပါသည်။ ဘူးညွန့်ကို အလွန့်အကျွံစားသုံးလျှင် အအေးစာဖြစ်သည့်အတွက် ရင်ပြည့်ရင်ကယ်ဖြစ်တတ်ကြောင်းလည်း သတိပြုရမှာဖြစ်ပါသည်။

    ပြည်ဈေးကွက်အတွင်း ဘူးညွန့်မှာအဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေပြီး ယခုဆောင်းရာသီရှားပါးချိန်တွင် ၅ပင်စည်း ၁စည်းလျှင်ကျပ် ၅၀၀ခန့်နှုန်းဖြင့် ရောင်းဝယ်မှုရှိနေကာ ယခင်မိုးရာသီ ဘူးညွန့်ပေါများချိန်တွင် ၁စည်းကို ကျပ် ၂၅၀-၃၀၀ နှုန်းတို့ဖြင့် ရောင်းချမှုရှိခဲ့ကြောင်းလည်း သိရပါသည်။

DOCA(ပဲခူး)

မြန်မာ့နှမ်းကို ကမ္ဘာကသိစေဖို့ အရည်အသွေးကောင်းမျိုးကောင်းများကို ရွေးချယ်စိုက်ပျိုးကြပါစို့

    မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နှမ်းလျင်မျိုးနှင့် နှမ်းကြီးမျိုးဟူ၍ နှမ်းအမျိုးအစား(၂)မျိုးရှိပါသည်။ ပြည်ခရိုင်အနေဖြင့် နွေနှမ်း၊ မိုးနှမ်း၊ ဆောင်းနှမ်းဟူ၍ (၃)မျိုးရှိပြီး ယခုအချိန်အထိ နှမ်းစိုက်ဧကမှာ ၇၆၈၇၀ဧကစိုက်ပျိုးထားရှိပါသည်။ ယခုအချိန်တွင် ဆောင်းနှမ်းများစိုက်ပျိုးချိန်ဖြစ်၍ ဈေးကွက်သို့ နှမ်းဝင်ရောက်မှုနည်းပါးသွားသည်ကိုတွေ့ရပါသည်။ ပြည်ခရိုင်တွင် နှမ်းနက်ကို အဓိကထား၍စိုက်ပျိုးကြပြီး နှမ်းနီကိုအနည်းငယ်သာစိုက်ပျိုးကြောင်းသိရပါသည်။ နှမ်းနက်ကိုစိုက်ပျိုးရာတွင် အရည်အသွေးကောင်းသော မျိုးကောင်း၊ မျိုးသန့်များကိုရွေးချယ်၍စိုက်ပျိုးနိုင်လျှင် အထွက်နှုန်းလည်းကောင်းပြီး အရည်အသွေးကောင်းသည့်မျိုးသန့်များကိုရရှိပြီး ရန်ကုန်၊ မန္တလေးဝယ်လက်များမှတစ်ဆင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ပါသည်။ ခရိုင်အတွင်း စားသုံးဆီဖူလှုံစေရန်အတွက် နှမ်းနီကိုလည်း ဦးစားပေး၍စိုက်ပျိုးသင့်ပါသည်။ နှမ်းနီစိုက်ဧကမှာ နည်း၍ အထွက်နှုန်းနည်းပြီး ဒေသတွင်းဆီစက်လုပ်ငန်းရှင်များက ဆီကြိတ်ရန် လုံလောက်မှုမရှိ၍ အခြားတိုင်းများမှဝယ်ယူကြိတ်ခွဲရပါသည်။ ထို့ကြောင့် ပြည်ခရိုင်အနေဖြင့် ဆီအထွက်နှုန်းကောင်းသော နှမ်းနီမျိုးကောင်းမျိုးသန့်များနှင့် အရည်အသွေး ကောင်းသော နှမ်းနက်နှင့် စမုံနက်နှမ်းကို ရွေးချယ်၍စိုက်ပျိုးသင့်ပါသည်။

      နှမ်းဈေးများအနေဖြင့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် နှမ်းနီ(၃)တင်းဝင်တစ်အိတ်လျှင် ၂၈၀၀၀၀ကျပ်၊ နှမ်းနက်(၃)တင်းဝင်တစ်အိတ်လျှင် ၃၀၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်းဝင်တစ်အိတ်လျှင် ၃၂၀၀၀၀ကျပ်ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်နိုဝင်ဘာလ လကုန်ပတ်တွင် နှမ်းနီ(၃)တင်းဝင်တစ်အိတ်လျှင် ၂၈၅၀၀၀ကျပ်ဖြစ်ခဲ့၍ ယခုအချိန်တွင် (၃)တင်းဝင်တစ်အိတ်လျှင် ၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။ နှမ်းနက်ဈေးမှာလည်း ယခင်နိုဝင်ဘာလ လကုန်ပတ်တွင် (၃)တင်းဝင်တစ်အိတ်လျှင် ၂၇၀၀၀၀ကျပ်ဖြစ်ခဲ့၍ ယခုအပတ်တွင် (၃)တင်းဝင်တစ်အိတ်လျှင် ၃၀၀၀၀ကျပ်ခန့်ဈေးပိုလာခဲ့ပြီး စမုံနက်နှမ်းဈေးမှာလည်း နိုဝင်ဘာလ လကုန်ပတ်နှင့်နှိုင်းယှဉ်လျှင် (၃)တင်းဝင်တစ်အိတ်လျှင် ၂၀၀၀၀ကျပ်ခန့်ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။ ဈေးကွက်အနေဖြင့် ဆောင်းနှမ်းများစိုက်ပျိးနေချိန်ဖြစ်၍ ဝင်ရောက်မှုနည်းပြီး တစ်နေ့လျှင် (၁၅)ပိဿာဝင်အိတ် ၂၀၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။ ပြည်ဈေးကွက်သို့ နယ်ဘက်မှဝင်ရောက်လာသော နှမ်းများနှင့် ပွဲရုံလက်ကျန်လှောင်နှမ်းများကို  အောင်လံနှင့် မန္တလေးဝယ်လက်များက အဝယ်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်မတ်ပဲသစ်များ ဈေးကွက်သို့ ဝင်ရောက်မှုရှိလာ

    ယခုဒီဇင်ဘာလ ဆန်းပိုင်းတွင် ပြည်ပဲဈေးကွက်သို့ မတ်ပဲသစ်အချို့ ဝင်ရောက်မှုရှိလာ ခဲ့ပါသည်။ တစ်ရက်လျှင် ပိဿာ၂၀ ဝင် အိတ်၅၀/၁၀၀ကျော် ဝင်ရောက်လာပြီး ပြည်အနီးတဝိုက် ဒေသများမှ ဝင်ရောက်ခြင်းဖြစ်ပါသည်။ ပဲသစ်အဝင်ရှိလာသလို လက်ကျန်ပဲများလည်း ရှိကြသည့်အတွက် နေ့စဉ်ရောင်းဝယ်မှုဖြစ်လျက်ရှိပါသည်။ ရန်ကုန်လိုင်းသမား အဓိကဝယ်ယူသလို မျိုးပဲဝယ်ယူမှုများလည်းရှိကြသည်ဟု သိရပါသည်။ ပဲဈေးမှာ တစ်တင်းလျှင် ၉၃၅၀၀ကျပ်ဖြင့် ဈေးအနည်းငယ် ပြန်လျော့သွားသော်လည်း ပဲဟောင်း၊ ပဲသစ်(၂)မျိုး ဝယ်လက်ရှိသည့်အတွက်နေ့စဉ် ရောင်းဝယ်မှုရှိနေခဲ့ကြောင်း သိရပါသည်။ ယခင်နှစ်က ယခုလိုကာလပဲဈေးမှာ တစ်တင်း ၆သောင်းကျော်သာ ရရှိခဲ့သည့်အတွက် ယခုနှစ်မှာတော့ မတ်ပဲသီးနှံဈေး သိသိသာသာမြင့်တက်လာခဲ့သော်လည်း တောင်သူအချို့လက်ဝယ် လှောင်ပဲများမရှိတော့ဘဲ မျိုးပဲလောက်သာရှိကြပြီး လှောင်ပဲ လက်ကျန်ရှိသူများကတော့ အကျိုးအမြတ်ရရှိခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်သို့ ကြက်သွန်နီအသစ်များ စတင်ဝင်ရောက်လာ

     ဒီဇင်ဘာလဒုတိယပတ်မှစ၍ ပြည်ဈေးကွက်သို့ မကွေးတိုင်း ရေနံချောင်းမြို့မှ ကြက်သွန်နီအသစ်များ စတင်ဝင်ရောက်မှုရှိလာပြီး ၂၈ ပိဿာဝင် အိတ်၅၀ခန့် အဝင်ရှိလာပါသည်။ ကြက်သွန်နီများ ဈေးကောင်းရနေချိန်ဖြစ်၍ အသစ်များကိုတူးဖော်ရောင်းချမှုများရှိပေမယ့် အစိုဓါတ်များ ကျန်ရှိနေသေး၍ အသစ်ဈေးမှာ အဟောင်းဈေးထက်ဈေးနှုန်းချိုသာသော်လည်း အဝယ်မလိုက်သေးကြောင်းလည်း သိရပါသည်။ ကြက်သွန်နီအသစ်ဈေးမှာ လက်လီ/လက်ကား တစ်ပိဿာကို ကျပ် ၃၀၀၀-၃၂၀၀-၃၅၀၀ နှုန်းတို့ဖြင့် အသီးသီးရောင်းချမှုရှိနေပါသည်။

      ပြည်ဈေးကွက်သို့ ကြက်သွန်နီအဟောင်းမှာ ဆိပ်ဖြူ၊ အောင်လံ ၊ မကွေးဘက်မှ ပိဿာချိန် ၅ထောင်တစ်ပတ်လည် ရက်ခြားဝင်ရောက်မှုရှိနေပြီး ယခင်ဝင်ရောက်မှုနှင့်နှိုင်းယှဉ်ပါက ပိဿာချိန် ခုနှစ်သောင်းခန့် နည်းပါးသွားကြောင်း သိရပါသည်။ အဝင်နည်းပြီး သယ်ယူပို့ဆောင်မှု အခြေ အနေများကြောင့် ကြက်သွန်နီအဟောင်းဈေးမှာ ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းနှင့်နှိုင်းယှဉ်ပါက ကျပ် ၄၀၀-၅၀၀ခန့် မြင့်တက်သွားပါသည်။ အရောင်းအဝယ်မှာ ပုံမှန်ဒေသတွင်း ဝယ်လက်များနှင့် အိတ်ဆွဲဝယ်ရောင်းသမားများ ဧရာဝတီ၊ မြန်အောင်၊ ကြံခင်းစတဲ့ နယ်ကျော်စီးဆင်းမှုများဖြင့် ပုံမှန် ရောင်းဝယ်မှုရှိနေပါသည်။ ကြက်သွန်ဈေးနှုန်းမှာ အလတ်စ လက်လီ/လက်ကားတစ်ပိဿာလျှင် ကျပ် ၄၄၀၀-၄၆၀၀-၄၈၀၀နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

သင်္ဘောသီးအမှည့်ချိန်၌ အစိမ်းသီးများဈေးမြင့်လာ

    ပြည်မြို့၏ ဈေးကွက်များအတွင်းသို့  ၂၀၂၃ခုနှစ်၊ ဆောင်းရာသီ ဒီဇင်ဘာလတွင် သင်္ဘောသီးအမှည့်များလာရောက်ရောင်းချကြောင်းသိရပါသည်။ ဆောင်းရာသီတွင် သင်္ဘောသီးအမှည့်များမှာ လူတိုင်းအတွက် ဓာတ်စာတစ်ခုဖြစ်၍ ဝယ်ယူစားသုံးကြပြီး သင်္ဘောသီးအမှည့်များလှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ဈေးမှာလည်း အကြီးတစ်လုံးလျှင် ၇၀၀ကျပ်မှ အသေးတစ်လုံးလျှင် ၅၀၀ကျပ်အထိရောင်းချနေကြောင်းသိရပါသည်။ သင်္ဘောသီးများရင့်မှည့်ချိန်ဖြစ်၍ သင်္ဘောသီးအစိမ်းများရှားပါးလာမှုကြောင့် ဈေးများမြင့်တက်လာခဲ့ပါသည်။ သင်္ဘောသီးအစိမ်းကို သင်္ဘောသီးသုပ်ရောင်းချသူများနှင့် သင်္ဘောသီးသုပ်လုပ်စားသူများက ဝယ်ယူမှုရှိ၍ အကြီးတစ်လုံးလျှင် ၁၀၀၀ကျပ်နှင့် အသေးတစ်လုံးလျှင် ၇၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

     ပြည်မြို့ရှိဈေးကွက်များသို့ လာရောက်ရောင်းချလျက်ရှိသော သင်္ဘောသီးများကို ရွှေဘုံသာရွာဘက်မှ လာရောက်ရောင်းချသည့်အပြင် ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှလည်း လာရောက်ရောင်းချကြောင်းသိရပါသည်။ သင်္ဘောသီးအစိမ်းများမှာ ယခင်တွင် တစ်လုံးလျှင် ၃၀၀ကျပ်မှ ၄၀၀ကျပ်အထိရောင်းချခဲ့သဖြင့် ယခုအချိန်ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် တစ်လုံးလျှင် ၇၀၀ကျပ်မှ ၅၀၀ကျပ်အထိ ဈေးနှုန်းများမြင့်တက်လာကြောင်းသိရပါသည်။

DOCA(ပဲခူး)

ဟင်းသီးဟင်းရွက်အုပ်စုဝင် သခွားသီးများ လှိုင်လှိုင်ထွက်ပေါ်လာ၍ အရောင်းအဝယ်ဖြစ်

    ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် စပါး၊ ပဲ၊ ပြောင်းတို့ကိုသာ အဓိကထား စိုက်ပျိုးကြသလို ဟင်းသီးဟင်းရွက်ဖြစ်သောသခွားသီးများလည်း စိုက်ပျိုးကြပါသည်။ သခွားသီးတွင် မိုးသခွားနှင့်ဆောင်းသခွာဟူ၍ (၂)မျိုးရှိပြီး မိုးသခွားကို မေလနှင့် ဇွန်လတို့တွင် စိုက်ပျိုးကြပြီး ဆောင်းသခွားကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြပါသည်။ သခွားပင်သည် စိုက်ပျိုးပြီး (၁)လခွဲ မှ (၂)လအကြာတွင် အသီးများစတင်ထွက်ရှိပါသည်။ ယခုဈေးကွက်ထဲတွင် မိုးသခွားများ လှိုင်လှိုင်ပေါ်နေပြီဖြစ်ပြီး ပြည်မြို့နယ်အတွင်းရှိ ဈေးကွက်များအတွင်းသို့ ပြည်မြို့အနီး ကျေးရွာများဖြစ်သော မှော်ဇာကျေးရွာ၊ တောင်လုံးညိုကျေးရွာများမှ လာရောက်ရောင်းချကြပါသည်။ ပြည်ခရိုင်အတွင်းရှိ ပုတီးကုန်းမြို့၊ ဝက်ပုတ်မြို့၊ အင်းမမြို့၊ ရွှေတောင်မြို့နယ်များမှလည်း ဟင်းသီးဟင်းရွက်ကုန်စိမ်းဒိုင်များမှတစ်ဆင့် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေး၊ ဒညင်းကုန်း ဈေးများသို့လည်း တင်ပို့ရောင်းချကြပါသည်။

    ယခုအခါ ပြည်မြို့နယ်အတွင်းရှိ ဈေးများတွင်ရောင်းချလျက်ရှိသော သခွားသီးဈေးများမှာ အကြီးတစ်လုံးလျှင် ၂၀၀-၃၀၀ကျပ်၊ အသေးတစ်လုံးလျှင် ၅၀-၁၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ပြည်ပဲတီစိမ်းသစ်များ ဝင်ရောက်မှုများလာပြီး အရောင်းအဝယ်သွက်နေ

      ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်းသစ်များ အထွက်လှိုင်ချိန်ဖြစ်လို့ အမြောက်အမြား ဝင်ရောက်လာပြီ ဖြစ်ပါသည်။ ပြည်အနီးတဝိုက်ဒေသများဖြစ်သော ဝက်ထီးကန်၊ ပေါင်းတလည်၊ ပေါက်ခေါင်း ဒေသများအပြင် ဘက်ရဲ၊ ကြံခင်းစသည့် ဧရာဝတီတိုင်းဒေသကြီးဖက်မှ ဝင်ရောက်မှု ရှိကြပါသည်။ မကွေးတိုင်းဒေသကြီး၊ မင်းတုန်း၊ ကံမမြို့နယ်များမှလည်း နေ့စဉ်ဝင်ရောက်လာခဲ့ကြောင်း သိရပါသည်။ နိုဝင်ဘာ ပထမပတ်မှစ၍ ဆောင်းပဲသစ်များ ဝင်ရောက်လာခြင်းဖြစ်ပြီး ယခုဒီဇင်ဘာ အတွင်း ဆက်လက်ဝင်ရောက်လာတာကြောင့် အိတ် (၂၀၀၀) ကျော်အထိ ပဲအဝင်များ လာခဲ့ပါသည်။ ပြည်ခရိုင်တွင် ပဲတီစိမ်းသီးနှံရောင်းဝယ်မှုအနေဖြင့် မိုးပဲတီစိမ်းနှင့် ဆောင်းပဲတီစိမ်းဆိုပြီး ရာသီ (၂) မျိုး စိုက်ပျိုးမှုရှိခဲ့တာကြောင့် မိုးပဲတီစိမ်းရာသီတွင် ဩဂုတ်၊ စက်တင်ဘာလများတွင် မိုးပဲများ အဝင်များပြီး အရောင်းအဝယ်ဖြစ်ခဲ့သလို ဆောင်းပဲရာသီ ယခုကာလမှာတော့ ဆောင်းပဲသစ်များ အဝင်လှိုင်ချိန်ဖြစ်ခဲ့ပါသည်။ ပဲတီစိမ်းသီးနှံသည် မတ်ပဲသီးနှံကဲ့သို့ တစ်နှစ်တာလုံး ဈေးကွက်မှာ ရောင်းချခြင်းမျိုးမဟုတ်ဘဲ ပဲအထွက်လှိုင်ချိန်တွင်သာ အဓိကထား ရောင်းချရသည့် သီးနှံဖြစ်ပါသည်။ ဝယ်လက်များအနေဖြင့် မန္တလေးဝယ်လက်အဓိက ဝယ်ယူမှုရှိပြီး ရန်ကုန် ဝယ်လက် တစ်ခါတစ်ရံအဝယ်ရှိကြောင်း သိရပါသည်။ ယခုဒီဇင်ဘာ လဆန်းရက်မှစ၍ ပဲဈေးနှုန်း မြင့်တက်လာခဲ့တာကြောင့် ပိဿာ (၂၀) တစ်တင်း ၆၀၀၀၀ မှ ၆၀၅၀၀ကျပ်ထိ အရောင်းအဝယ်ဖြစ်ကာ ပဲအရည်အသွေးလိုက်၍ ဈေးအနည်းငယ်စီ ကွာခြားမှုရှိကြောင်း သိရပါသည်။ ယခင်နှစ်က ပဲတီစိမ်းသီးနှံ၏ ကာလတူအချိန် ပေါက်ဈေးနှုန်း ကျပ် ၅သောင်းအောက်လျော့ခဲ့လို့ ကျပ် ၄သောင်း ကျော်သာ ရောင်းချရပြီး ယခင်နှစ်မှာတော့ ဈေးအေးနေတယ်ဆိုသော်လည်း ယခင်နှစ်ဈေးထက် ဈေးပိုရနေတယ်လို့ဆိုရမှာ ဖြစ်ပါသည်။ ယခင်နှစ်ကတည်းက ပဲတီစိမ်းသီးနှံသည် ပြည်ပ ဝယ်လက်ရှိသော ပဲဈေးကွက်မှာ ဈေးအေးလျက်ရှိပြီး မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံသီးနှံများထက် ဈေးလျော့နည်း ဈေးအေးတဲ့သီးနှံဖြစ်ခဲ့ကာ ယခုနှစ်မှာလည်း ပဲတီစိမ်းသီးနှံသည် သိသိသာသာ ဈေးမြင့်တက်လာခြင်းမရှိဘဲ ယခင်နှစ်ထက် အနည်းငယ်ဈေးပိုရလာသည်ဆိုသော်ငြား အခြားပဲ များထက် ဈေးအေးနေတဲ့ သီးနှံဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ပဲစင်းငုံသစ်ဈေးကွက်သို့ ဝင်ရောက်မှုမရှိသော်လည်း လက်ကျန်ပဲအရောင်းအဝယ်ဖြစ်

    ပြည်ပဲဈေးကွက်သို့ ဆောင်းပဲသစ်အချို့ဝင်ရောက်လာပြီဖြစ်ပါသည်။ သို့သော်လည်း ပဲစင်းငုံ အသစ်များကတော့ ဝင်ရောက်ခြင်းမရှိသေးဘဲ လက်ကျန်ပဲအနည်းငယ် ရန်ကုန်ဝယ်လက်ရှိမှုအပေါ် ရောင်းချမှုရှိကြပါသည်။ ဒါ့ကြောင့်အရောင်းအဝယ်နေ့စဉ်မဖြစ်ဘဲ ရက်ခြားသာရောင်းဝယ်မှုရှိပြီး အရောင်းအဝယ်ဖြစ်မှုပမာဏမှာတော့ အိတ် ၂၀၀/၃၀၀‌ ကျော်ရောင်းချမှုရှိခဲ့ပါသည်။ ပဲဈေးမှာ တစ်တင်း ၉၂၀၀၀ကျပ်မှ ၉၃၀၀၀ကျပ်အတွင်းရရှိခဲ့ကာ ပဲဈေးကွက်မှာ ဈေးကောင်းဝင်တဲ့သီးနှံ တစ်မျိုးဖြစ်ခဲ့ပါသည်။ ပဲစင်းငုံအသီးစိမ်းများအားပြုတ်၍ ရောင်းချမှုများရှိကာ တစ်စည်းလျှင် ၂၀၀ကျပ်ဖြင့် ယခုကာလရာသီစာအဖြစ် ဝယ်ယူစားသုံးကြသည်ကိုလည်း တွေ့ရပါသည်။

DOCA(ပဲခူး)

မိုးမြေပဲများ စိုက်ပျိုးထွက်ရှိမှုအခြေအနေ

     ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၃-၂၀၂၄ ခုနှစ်မိုးမြေပဲများ စိုက်ပျိုးလျက်ရှိရာ၊ ပြည်မြို့နယ်တွင် စိုက်ပျိုးရန်လျာထား ၁၀၉၉၈ ဧက အနက် ၁၂၇၅၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၁၂၇၅၉ ဧကရိတ်သိမ်း၍ ၉၀၇၁၁၆၅ တင်းထွက်ရှိခဲ့ကာ တစ်ဧကအထွက်နှုန်းအနေဖြင့် (၇၁)တင်း ထွက်ရှိကြောင်း သိရပါသည်။ ပေါက်ခေါင်းမြို့နယ်တွင် စိုက်ပျိုးရန်လျာထားဧကမှာ ၁၅၃၃၄ အနက် ၁၅၃၄၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၁၅၃၄၃ဧက ရိတ်သိမ်း၍  ၁၀၈၄၁၃၆ တင်းထွက်ရှိခဲ့ကာ တစ်ဧက အထွက်နှုန်းအားဖြင့် ၇၀.၆၆ တင်းထွက်ရှိကြောင်း သိရပါသည်။ ပန်းတောင်းမြို့နယ်တွင် စိုက်ပျိုးရန် လျာထား ၃၇၂၂ ဧကအနက် ၃၈၃၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၃၈၃၃ဧက ရိတ်သိမ်း၍ ၂၆၉၂၆၈ တင်းထွက်ရှိကာ တစ်ဧကအထွက်နှုန်းအားဖြင့် ၇၀.၂၅တင်းထွက်ရှိကြောင်း သိရပါသည်။ ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရန်လျာထား ၇၈၉၉ ဧကအနက် ၉၃၇၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၉၃၇၃ ဧကရိတ်သိမ်း၍ ၆၃၈၂၀၈ တင်းထွက်ရှိခဲ့ကာ တစ်ဧကအထွက်နှုန်းအားဖြင့် ၆၀.၀၉ တင်းထွက် ရှိပါသည်။ ပြည်ခရိုင်အနေဖြင့် စိုက်ပျိုးရန်လျာထား ၃၇၉၅၃ ဧက အနက် ၄၁၃၀၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၄၁၃၀၈ ဧကရိတ်သိမ်း၍ ၂၈၉၈၇၇၇ တင်းထွက်ရှိခဲ့ကာ တစ်ဧကအထွက်နှုန်းအားဖြင့် ၇၀.၁၇ တင်းထွက်ရှိပါသည်။ မိုးမြေပဲကို မေလနှင့် ဇွန်လတို့တွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ရိတ်သိမ်းကာ လက်ရှိမြေပြင်၌ မိုးမြေပဲဆန် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဈေးနှုန်းမှာ လုံးဆန်တစ်ပိဿာလျှင် ၆၀၀၀ကျပ်နှင့် ဆီဆန်တစ်ပိဿာလျှင် ၅၅၀၀ကျပ် အထိ မြေပဲဆန်အရည်အသွေးကောင်းမွန်မှုအပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း