Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဈေးကွက်တွင် ဈေးကောင်းရနေသော ရာသီပေါ် ငါးနုသန်းခြောက်ဈေးကွက်

   ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ စည်ပင်သာယာဈေးကြီးတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်မှစတင်၍ ဈေးကွက်ထဲ၌ တစ်နှစ်တစ်ခါသာ ရာသီချိန်ပေါ်နေသော ငါးနုသန်းခြောက်များမှာ ဈေးကွက်တွင်ရောင်းချ၍ ဈေးကောင်းရနေကြောင်းသိရပါသည်။ ငါးနုသန်းခြောက် အဓိကဝင်ရောက်သည့်နေရာမှာ ရန်ကုန်ဘက်မှဝင်ရောက်လာပြီး တစ်ခါဝင်ရောက်လျှင် ပိဿာချိန် (၅၀)ခန့်ဝင်ရောက်လာသည်ကိုတွေ့ရပါသည်။ ငါးနုသန်းခြောက်မှာ ရှားပါးသဖြင့် ဝယ်ယူချင်သလောက် ဝယ်ယူ၍မရနိုင်ကြောင်းလည်းသိရပြီး ဝယ်လိုအားများ၍ ဈေးနှုန်းမှာ မြင့်တက်လာပါသည်။ ပြည်မြို့ဈေးများတွင်ရောင်းချသော ငါးနုခြောက်ဈေးမှ ာအကြီးတစ်ပိဿာလျှင် (၄၀၀၀၀) ကျပ်နှင့် အလတ်တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၌ မိုးစပါးဈေးနှုန်းများမြင့်တက်

    ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် မိုးစပါးသစ်များလှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ ပြည်မြို့နယ်၌ မိုးစပါးစိုက်ဧက(၇၄၆၄၂)ဧကစိုက်ပျိုးပြီး ရိတ်ဧကမှာ (၆၀၇၆၂)ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် (၄၆၇၅၇)ဧကစိုက်ပျိုးပြီး ရိတ်သိမ်းဧကမှာ (၃၈၆၆၃)ဧက၊ ပန်းတောင်းမြို့နယ်တွင် (၃၆၉၃၅)ဧကစိုက်ပျိုးပြီး (၄၃၈၆၇)ဧက၊ ရွှေတောင်မြို့နယ်တွင် (၅၈၁၆၃)ဧကစိုက်ပျိုးပြီး ရိတ်သိမ်းဧကမှာ (၄၈၂၅၆) ဧကဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် (၈၉)တင်းခန့်ထွက်ရှိပါသည်။

     ကရင်မစပါး(၄၆)ပေါင် တင်း(၁၀၀)လျှင် ယခင်အပတ်တွင် (၄၆)ပေါင်ပါ တင်း(၁၀၀)လျှင် (၁၆၄၀၀၀၀)ကျပ်ရှိခဲ့ပြီး ယခု၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် (၁၇၀၀၀၀၀)ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ ကရင်မဆန်တစ်အိတ်လျှင် ယခင်အပတ်တွင် (၆၀၀၀၀)ကျပ်မှ ယခုအပတ်တွင် (၆၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။ မှော်ဘီစပါးဈေးမှာ ယခင်တွင် (၁၇၀၀၀၀၀)ကျပ်၊ ယခုဒီဇင်ဘာလ ဒုတိယပတ်တွင် (၁၈၀၀၀၀၀)ကျပ်ထိဈေးမြင့်ခဲ့ပါသည်။ မှော်ဘီဆန်တစ်အိတ်လျှင် ယခင်တွင် (၆၅၀၀၀)ကျပ် ယခုအပတ်တွင် (၆၈၀၀၀)ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ ယခုရက်ပိုင်းအတွင်း စပါး၊ ဆန်ဈေးမြင့်တက်ရခြင်းမှာ သယ်ယူပို့ဆောင်ခဈေးမြင့်ခြင်းနှင့် စပါးရိတ်သိမ်းခများမှာ ယခင်တွင် တစ်ဧကလျှင် (၁၀၀၀၀၀)ကျပ်၊ ယခုတွင် တစ်ဧကလျှင် (၁၄၀၀၀၀)ကျပ်ဖြစ်၍ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းတို့ကြောင့် စပါးဈေးဆန်ဈေးများမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၌ မုန်လာဥ(အဖြူ)များ လှိုင်လှိုင်ပေါ်လာပြီဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျဆင်းလာ

   ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလတွင် ပြည်မြို့ရှိဈေးများအတွင်းသို့ မုန့်လာဥများ လှိုင်လှိုင်ဝင်ရောက်လာပြီး ဝင်ရောက်လာသည့်ရွာများမှာ မှော်ဇာဘက်ရှိကျေးရွာများ၊ ပေါင်းတလည်ဘက်ရှိ ကျေးရွာများမှ နေ့စဉ်ဝင်ရောက်လာခဲ့ပါသည်။ မုန်လာဥမှာ ဆောင်းသီးနှံဖြစ်၍ ဆောင်းရာသီတွင် အထွက်လှိုင်လာသဖြင့် မုန်လာဥဈေးများမှ ာ(၅)လုံးပါအတွဲ တစ်တွဲလျှင် (၅၀၀)ကျပ်၊ အတွဲသေးတစ်တွဲလျှင် (၃၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။ မုန်လာဥ(အဖြူ)ပေါ်စအချိန်တွင် (၅)လုံးပါ အကြီးတစ်တွဲလျှင် (၈၀၀)ကျပ်၊ အ‌သေးတစ်တွဲလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခုအချိန်တွင် အကြီးတစ်တွဲလျှင် (၃၀၀)ကျပ်၊ အသေးတစ်တွဲလျှင် (၂၀၀)ကျပ်ခန့်ဈေးနှုန်းများကျဆင်းလာခဲ့ပါသည်။ စားသုံးသူများအနေဖြင့်လည်း ရာသီပေါ်သီးနှံဖြစ်၍ ဝယ်ယူစားသုံးကြပါသည်။ မုန်လာဥစိုက်ပျိုးသူများအနေဖြင့်လည်း မုန်လာဥဖြူဈေးနှုန်းကျဆင်းသော်လည်း အထွက်လှိုင်လှိုင်ရှိသဖြင့် တွက်ချေကိုက်ကြောင်းသိရပါသည်။ ထွက်ရှိလာသောမုန်လာဥများကို ပြည်ဈေးကွက်တွင်သာမက ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့တွင်ရောင်းချနေသော ခရမ်းချဉ်သီးဈေးကွက်

   ခရမ်းချဉ်သီးသည် ဒေသမရွေး လွယ်ကူစွာစိုက်ပျိုးနိုင်သေ ာသီးနှံတစ်မျိုးဖြစ်ပါသည်။ ပြည်ဒေသတွင် ခရမ်းချဉ်သီးများသည် ခန္တာကိုယ်အတွက် များစွာအကျိုးရှိသော သီးနှံတစ်မျိုးဖြစ်သောကြောင့် အရောင်းသွက်လှပါသည်။ ခရမ်းချဉ်သီးဟင်းချက်ရာတွင် အနှစ်များရအောင်ထည့်၍ ချက်ပြုတ်ကြသည့်အပြင် အခြားသီးနှံများနှင့်အတူ ရောကြော်၍လည်း စားသုံးကြပြီး အကြော်စုံများနှင့်လည်းရောကာ သုပ်၍စားကြပါသည်။

   ခရမ်းချဉ်သီးတွင် ဗီတာမင်အေ၊ ဘီ၊ စီ၊ ဒီ၊ ကေဓာတ်တို့ များစွာပါဝင်သောကြောင့် အဆီပြန်သည့်အသားအရေကို ထိန်းညှိပေးပါသည်။ ခရမ်းချဉ်သီးကိုစားသုံးပါက အသားအရည်လှပစေသည့်အပြင် နှလုံးကျန်းမာရေးကိုလည်းကောင်းမွန်စေပါသည်။ ထို့ပြင် ခရမ်းချဉ်သီးတွင် လိုင်ကိုမင်းဓာတ်ပါဝင်သောကြောင့် ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် အစာအိမ်ကင်ဆာများကိုလည်းကာကွယ်ပေးနိုင်ပါသည်။

     ပြည်ဈေးကွက်တွင်မူ ခရမ်းချဉ်သီးများဈေးကောင်းရရှိကာ အရောင်းသွက်လျက်ရှိပါ သည်။ ရှမ်းသီးနှင့်ကိုင်းသီးဟူ၍ (၂)မျိုးရှိရာ ရှမ်းသီးတစ်ပိဿာလျှင် (၅၆၀၀)ကျပ်ရှိပြီး ကိုင်းသီး တစ်ပိဿာလျှင် (၂၄၀၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဘားအံခရိုင်တွင် ပဲပုပ်၊ ပဲလွန်းဖြူစပေါ် ပဲလွန်းဖြူဈေးကောင်းရနိုင်

         ၂၀၂၃ သီးနှံပြက္ခဒိန်နှစ်တွင် ကရင်ပြည်နယ်အတွင်းစိုက်ပျိုးသော ပဲမျိုးစုံများမှပဲပုပ်နှင့်ပဲလွန်းဖြူများ ဘားအံခရိုင် ကော့လုံကျွန်း၊ မိဇံကျွန်းများတွင်စပေါ်၍ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

        ပဲပုပ်ဈေးမှာ ယခင်နှစ်ရာသီပိတ် ဈေးနှုန်းမှာ တစ်ပိဿာ ၃၀၀၀/ကျပ်ဖြင့် ဈေးပိတ်ခဲ့ပြီး ယခုနှစ်အဖွင့်ဈေးနှုန်းမှာ တစ်ပိဿာ ၃၂၀၀/ကျပ်၊ ပဲလွန်းဖြူဈေးမှာ ယခင်နှစ်အပိတ်ဈေး တစ်ပိဿာ ၂၆၀၀/ကျပ်၊ ယခုနှစ် အဖွင့်ဈေး တစ်ပိဿာ ၃၀၀၀/ကျပ် ဖြစ်ကြောင်းသိရသည်။ ဈေးနှုန်း/ဈေးကွက်အလား နှင့် ပတ်သက်၍ “ ပဲလွန်းဖြူက ရိတ်သိမ်းတဲ့အခါ အတောင့်လိုက်ချွေရလို့ ကရိကထများတယ်၊ ပဲပုပ်ကတော့ စိုက်တာရော၊ရိတ်တာရောလွယ်တဲ့အပြင် ပုံမှန်ဈေးကွက် ရှိတဲ့အတွက် တောင်သူတွက်ချေကိုက်ပြီး အစိုက်များတယ်၊ ဝယ်လိုအားအခြေအနေကြောင့်လည်း ပဲလွန်းဖြူဈေးကောင်းရနိုင်တယ်လို့ခန့်မှန်းတယ်” ဟု ဘားအံမြို့ရှိ ရွှေကံထူးပဲပွဲရုံကပိုင်ရှင် ဦးစောဝင်းနိုင်က သုံးသပ် ပြောကြားသည်။

          ကရင်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပဲပုပ်စိုက်ဧက ၈၅၆၈ ဧကဖြစ်ပြီး ပဲလွန်း စိုက်ဧက ၁၁၇၃၅ ဧက ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

DOCA(ကရင်)

ဈေးကောင်းရသည့် ဒန့်သလွန်သီးဈေးကွက်

    ဒန့်သလွန်ပင်သည် တောင်ပေါ်/မြေပြန့်မရွေးဖြစ်ထွန်းအောင်မြင်ပြီး ရာသီဥတု မရွေးစိုက်ပျိုးနိုင်သော အပင်မျိုးဖြစ်သည့်အတွက် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိကျေးရွာများမှ ဒေသခံတောင်သူများ သည် ဒန့်သလွန်ပင်များကို စားသုံးသီးနှံအဖြစ် အပိုဝင်ငွေရရှိရန်အတွက် အိမ်ခြံဝင်းများတွင် တစ်ပိုင် တစ်နိုင် စိုက်ပျိုးထားလျက်ရှိသည်။ ဒန့်သလွန်သီးများကို ဘားအံမြို့ရှိ ဈေးများ၌ ဒီဇင်ဘာလတွင် စတင် ရောင်းချနေကြောင်း သိရသည်။ ရာသီစာ ပေါ်ဦးပေါ်ဖျား ဒန့်သလွန်သီး ဈေးနှုန်းများမှ တစ်ထောင့်လျှင် ၂၅၀ ကျပ်၊ သုံးတောင့်စီး(၁)စည်းလျှင် ၇၀၀ ကျပ်၊ (၃)စည်းလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ဈေးရောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    ဒန့်သလွန်သီးတွင် ပရိုတင်း၊ ဗီတာမင် B6၊ ဗီတာမင်C၊ သံဓာတ်၊ ဗီတာမင်B2 ၊ ဗီတာမင်A၊ မဂ္ဂနီ ဆီယမ်တို့ပါဝင်သည့်အတွက် အရေပြားနှင့် ဆံသားကိုအားဖြည့်ပေးခြင်း၊ အသည်းကိုကျန်မာစေခြင်း၊ ကင်ဆာရောဂါကာကွယ်ပေးနိုင်ခြင်း၊ အစာအိမ်အူလမ်းကြောင်ကို ကျန်းမာစေခြင်း၊ ဘတ်တီးရီးယား များကို တိုက်ဖျက်ပေးခြင်း၊ အရိုးများသန်မာစေနိုင်ခြင်း၊ စိတ်ခံစားမှုကောင်းမွန်စေခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါများအား ကာကွယ်ပေးနိုင်ခြင်း၊ ဆီးချိုသမားများအတွက် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါကို သက်သာစေခြင်း၊ ကျောက်ကပ်ကျန်းမာစေခြင်း၊ သွေးတိုးကျစေနိုင်ခြင်း၊ မျက်စိအမြင်အာရုံ တိုးတက်ကောင်းမွန်စေခြင်းစသည့် ခန္ဓာကိုယ်အတွက် အကျိုးများစေပြီး ဆေးဖက်ဝင်သည့်အတွက် ဒန့်သလွန်သီးကို စားသုံးပေးသင့်ကြောင်း သိရှိရပါသည်။                                                                                                   

   ဈေးများတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် ဒန့်သလွန်သီးကို ချဉ်ရည်ဟင်းပဲချက်စားစား၊ ငါးခြောက်(သို့မဟုတ်)ငါးနဲ့ပဲချက်ချက်၊ မီးကင်းပြီးဟင်းခါးပဲချက်သောက်သောက် ခံတွင်းတွေ့ကာ ထမင်းမိန်စေပြီး  အလွန်စားကောင်းတဲ့ သီးနှံတစ်မျိုးပင်ဖြစ်ကြောင်း သိရသည်။  

DOCA(ကရင်)

           

ပြည်ခရမ်းဖြူသီးဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ခရမ်းဖြူသီး (ခ)ခရမ်းမီးအုန်းသီးများကို စီးပွားဖြစ်စိုက်ပျိုးသောကြောင့် ခရမ်းသီးအများအပြားထွက်ရှိသော ဒေသများဖြစ်ပါသည်။ ထွက်ရှိလာသောခရမ်းဖြူသီးများကို ဒေသတွင်းရောင်းချသည့်အပြင် ရန်ကုန်သို့လည်းတင်ပို့ရောင်းချကြောင်းသိရပါသည်။

        ယခုအချိန်သည် ရာသီစာသီးနှံတစ်မျိုးဖြစ်သည့် ခရမ်းဖြူသီး(ခ)ခရမ်းမီးအုန်းသီးကို ချက်၍စားသုံးသည့်အပြင် နှပ်စား၊ မီးဖုတ်ပြီးလည်း သုတ်စားကြပါသည်။ ရာသီစာဖြစ်သောကြောင့် အရောင်းသွက်လျက်ရှိပါသည်။ ခရမ်းဖြူသီး (ခ)ခရမ်းမီးအုန်းသီးအကြီးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၇၀၀)ကျပ်နှင့် အသေးတစ်လုံးလျှင် (၄၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ သီဟိုဠ်ဈေးကွက်

   သီဟိုဠ်သီးပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး ဝင်ငွေကောင်းသောအပင်မျိုးဖြစ်ပါသည်။ သီဟိုဠ်ပင်စိုက်ပျိုးရာတွင်အစေ့အား အပင်ငယ်လေးအဖြစ်ပျိုး၍ စိုက်ပျိုးကြပါသည်။ အပင်စတင် စိုက်ပျိုးပြီး (၃)နှစ်ကြာလျှင်အသီးများ စတင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ အပင်မှထွက်ရှိသော အသီး၏အရောင်မှာ အနီရောင်နှင့်အဝါရောင်(၂)မျိုးရှိကြောင်းသိရပြီး အသားမှာ ခပ်ပွပွဖြစ်၍ စားလိုက်လျှင် အရည်ရွှမ်းသောအသီးမျိုးဖြစ်ပါသည်။ အသီးပုံစံမှာ ကျောက်ကပ်ပုံ၊ ဘောက်ဆင်လက်အိတ်ပုံရှိပြီး အသီးအသီး၏အပြင်ဘက်တွင် အစေ့တစ်စေ့သာပါရှိသော အခွံမာအသီး ဖြစ်ပါသည်။

     သီဟိုဠ်ပင်မှထွက်ရှိသောအသီးကို အသုံးပြုသူနည်းပြီး အစေ့ကိုသာရောင်းချကြပါသည်။ သီဟိုဠ်စေ့ကို စားသောက်ကုန်လုပ်ငန်း၊ လောင်စာဆီ၊ ဆေးဝါးထုတ်လုပ်သည့်နေရာများ၌ အဓိကထားပြီး ကုန်ကြမ်းအဖြစ်အသုံးပြုကြပါသည်။ သီဟိုဠ်ပင်စိုက်ပျိုးရာဒေသများမှာ မြန်မာနိုင်ငံအနှံ့အပြားတွင်ရှိသော တောင်ကုန်းများတွင်စိုက်ပျိုးကြပြီး ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် စိုက်ပျိုးပြီး ပြည်မြို့နယ်၊ တပေါင်းကန်ကျေးရွာ၊ မု‌ဋောကျေးရွာများတွင် တစ်နိုင်တစ်ပိုင်စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ သီဟိုဠ်သီးအစေ့ဈေးနှုန်းအနေဖြင့် အစိုတစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ဈေးနှုန်းရှိကြောင်းသိရပါသည်။ သီဟိုဠ်သီးများအား ပွဲစားများက လာရောက်ဝယ်ယူကြောင်းသိရှိရပြီး ရန်ကုန်နှင့်မန္တလေးမြို့များသို့ ပြန်လည်တင်ပို့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်အတွင်းရောက်ရှိလာသော ပြည်ဒေသထွက်ကန်စွန်းဥ

    ကန်စွန်းဥကို မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် စိုက်ပျိူးကြပါသည်။ ကန်စွန်းဥကိုာ ကန်စွန်းပင်ကြီး၏အမြစ်ဥမှရရှိပါသည်။ အပြင်အခွံမှာ ပန်းရောင်ရင့်ရင့်ဖြစ်ပြီး အတွင်းအသားမှာ လိမ္မော်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်စသည်ဖြင့် အရောင်အမျိုးမျိုးရှိပါသည်။ ကန်စွန်းဥကို စိုက်ပျိုးရာတွင် သဲမြေ၊ သဲနုန်း၊ နုန်းမြေများတွင်စိုက်ပျိုးကြပါသည်။ ကန်စွန်းဥကိုစိုက်ပျိုးရာတွင် အညွှန့်ကိုယူ၍စိုက်ပျိုးကြပါသည်။ အပင်များစိုက်ပျိုးရာတွင် ပေါင်များပြုလုပ်ပြီး မြေများအားပြုပြင်၍ ၅ပေအကျယ်တွင်စိုက်ပျိုးရပါသည်။ အပင်များစိုက်ပျိုးပြီး မြေပြင်မှ အပင်များထွက်ပေါ်လာသည့်အခါ အပင်ခြေတွင် မြေများဖို့ပေးရပါသည်။ အပင်စိုက်ပြီး အစောပိုင်းတွင် ပေါင်းမြက်များ မကြာခဏရှင်းပေးရပါသည်။ အပင်စိုက်ပြီး နှစ်လခွဲအကြာတွင် အပင်ခြေရင်း၌ မြေများဖို့ပေးရပါသည်။ ကန်စွန်းဥများအား ဈေးကောင်းရရန်အတွက် မရင့်မီအရွယ်ရောက်သောဥများကို စောစွာတူးဖော်၍ ရောင်းချရပါသည်။ ကန်စွန်းဥကို ပြုတ်စားခြင်း၊ ကြော်စားခြင်းဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြပါသည်။

      ကန်စွန်းဥများအား သဲမြေ၊ နုန်းမြေများရရှိသော ရွှေတောင်မြို့နယ်ဒေသအတွင်းရှိာ မင်းထဲကျွန်း၊ စစ်ကိုင်းကျွန်း းစသည့်ဒေသများတွင် အများအပြားစိုက်ပျိုးကြပါသည်။ ထွက်ရှိလာသော ကန်စွန်းဥများအား ဈေးကွက်အတွင်းရောင်းချရာတွင် ကန်စွန်းဥတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

လှောင်လက်သမားများလက်ဝယ်သာရှိသည့် ပြည်မန်ကျည်းမှည့်ဈေးနှုန်းဈေးကွက်

    ဒေသတွင်းထွက်ရှိသည့် မန်ကျည်းမှည့်လက်ကျန်များသည် ပွဲရုံလှောင်လတ်သမားလက်ဝယ်၌သာရှိသောကြောင့် အခြားဒေသများ(ကျောက်ပန်းတောင်း)မှဝင်ရောက်နေသော မန်ကျည်း မှည့်ဈေးပေါ်မူတည်ပြီး ဈေးအနည်းငယ်မြင့်တက်လာသည်ကိုတွေ့ရပါသည်။ အရောင်းအဝယ်နေဖြင့် အရောင်းအေးနေသော်လည်း ဒေသမန်ကျည်းမှည့်လှောင်သမားများလက်ဝယ်၌ ဈေးနှုန်းမြင့်တက်နေပါသည်။ ယခု၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် မန်ကျည်းမှည့်တစ်ပိဿာလျှင် (ပွဲရုံဈေး) ၂၂၀၀ကျပ်နှင့် ကျောက်ပန်းတောင်း မန်ကျည်းမှည့်မှာ တစ်ပိဿာလျှင် ၂၇၀၀ကျပ်ဈေးနှုန်းတို့ရှိကြောင်းသိရပါသည် ။ လက်လီဈေးများ၏ တစ်ပိဿာဈေးနှုန်းများမှာ ဒေသမန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ၃၀၀၀ကျပ်နှင့် ကျောက်ပန်းတောင်းမန်ကျည်းသီးမှည့်မှာ တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်အထိဈေးနှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိနေကြောင်းသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း