Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဒေသထွက် ပန်းဂန္ဓမာ

    ဂန္ဓမာပန်းတွင် မျိုးကွဲပေါင်းများစွာရှိပြီး ပန်းမျိုးများအား အပွင့်၏ပုံစံ၊ အရောင်၊ အရွယ်အစားပေါ်မူတည်၍ အမည်အမျိုးမျိုးခေါ်ဝေါ်ကြပါသည်။ ဂန္ဓမာပန်းမျိုးကွဲများစွာ အနက်မှ ကြွေဖြူ၊ ကြွေဝါ၊ ပုလဲဖြူမျိုးများကို ပြည်မြို့အတွင်းရှိ မှော်ဇာ၊ တောင်လုံးညိုရွာနှင့် ရွှေတောင်မြို့နယ်ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ထွက်ရှိလာသော ဂန္ဓမာပန်းများကို ဈေးကွက်အတွင်း ရောင်းချလျက်ရှိရာ ၂၀၂၄ခုနှစ် စက်တင်ဘာလကုန်တွင် ဂန္ဓမာပန်း (၁၀)ပွင့်စည်း တစ်စည်းလျှင် ၃၅၀၀-၃၀၀၀-၂၀၀၀ကျပ်နှုန်းဖြင့် ပန်းပင်အမျိုးအစား အပွင့်အရွယ်အစားပေါ် မူတည်၍ ရောင်းချကြပါသည်။ ပြည်မြို့နှင့် ရွှေတောင်မြို့နယ်များမှ ထွက်ရှိသော ဂန္ဓမာပန်းများ ရန်ကုန်မြို့ရှိ ဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များ၏ အောက်တိုဘာ(တတိယပတ်)တွင် ပဲ၊ နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

     

             မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုး စုံကို အဓိကထားစိုက်ပျိုး၍ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပြီး  မကွေး၊ တောင်တွင်းကြီး၊ အောင်လံ၊ ရေနံချောင်း၊ ဆိပ်ဖြူနှင့် ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

             ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင် ကုန်စည်ဒိုင်များတွင် အရောင်းအဝယ်ဖြစ် ပေါ်နေသော တစ်ပိဿာဈေးနှုန်းများမှာ မကွေးကုန်စည်ဒိုင်တွင် နှမ်းဖြူ ကျပ် (၈၄၇၀)၊ နှမ်းနီ ကျပ် (၈၀၀၀)၊ နှမ်းနက်(စမုန်) ကျပ်(၁၄၆၇၀)၊ ကုလားပဲ(929) ကျပ်(၅၁၆၀)၊ ကုလားပဲ (ဟော်လန်) ကျပ်(၅၁၀၅)၊ ပဲကြီးဖြူ ကျပ်(၄၀၀၀)၊ ပဲတီစိမ်း ကျပ်(၄၀၅၀)၊  မတ်ပဲ ကျပ်(၆၂၅၀)၊ ပဲနောက် ကျပ်(၃၃၅၀)၊ စားတော်ပဲ ကျပ်(၇၃၀၀)၊ ပဲစဉ်းငုံ ကျပ်(၇၅၅၀)ဖြစ်ပြီး ယခင်တစ်ပတ်ထက် ယခုတစ်ပတ် တွင် နှမ်းဖြူ ကျပ်(၇၀)၊ ပဲနောက် ကျပ်(၁၅၀)၊ စားတော်ပဲ ကျပ်(၅၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

            တစ်ပတ်အတွင်း တန်ချိန်(၂၀၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရန်ကုန်မြို့သို့ ကုလားပဲအိတ်ရေ (၁၀၀၀)၊ မြေပဲအိတ်ရေ(၅၀၀၀)၊ မန္တလေးမြို့သို့ နှမ်း အိတ်ရေ (၅၀၀၀)၊ ပဲတီစိမ်း အိတ်ရေ(၂၀၀)၊ မြေပဲအိတ်ရေ(၁၀၀၀၀)၊ စုစုပေါင်းအိတ်ရေ(၂၁၂၀၀) တင်ပို့ခဲ့ကြောင်း သိရှိရသည်။

          တောင်တွင်းကြီးကုန်စည်ဒိုင်တွင် နှမ်းနက်(စမုန်) ကျပ်(၁၄၀၀၀)၊ နှမ်းပြာ ကျပ်(၁၀၆၇၀)၊  နှမ်းဖြူ သန့် ကျပ်(၇၄၄၅)၊ နှမ်းနီ(၇၀၇၀)၊ ပဲကြီးဖြူ ကျပ်(၄၅၀၀)၊ ကုလားပဲ(ဝါသေး) ကျပ်(၄၂၅၀)၊ ကုလားပဲ(ဟော်လန်) ကျပ်(၅၀၀၀)၊ ပဲတီစိမ်း ကျပ်(၃၂၅၀)ဖြစ်ပြီး ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် နှမ်းပြာ ကျပ်(၂၁၅)၊ နှမ်းဖြူ ကျပ်(၈၀)၊ နှမ်းနီ ကျပ်(၁၅၅)ဈေးနှုန်းကျဆင်းခဲ့ပြီး ကုလားပဲ(ဝါသေး) ကျပ်(၅၀)၊ ကုလားပဲ(ဟော်လန်) ကျပ်(၁၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ တစ်ပတ်အတွင်း တန်ချိန် (၄၀)ခန့် အ‌ရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

           အောင်လံကုန်စည်ဒိုင်တွင် သိပ္ပံနှမ်းနက်ကျပ်(၁၄၀၀၀)၊ နှမ်းနီကျပ်(၇၄၄၅)၊နှမ်းဖြူ ကျပ်(၇၃၃၅)၊ ကုလားပဲ (ဟော်လန်) ကျပ်(၅၀၀၀)၊ ကုလားပဲ(မြကြေး) ကျပ်(၅၅၀၀)၊ ပဲကြီး ကျပ်(၄၄၀၀)၊ မတ်ပဲ ကျပ်(၆၀၅၀)ဖြစ်ပြီး ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် သိပ္ပံနှမ်းနက် ကျပ်(၄၅၀)၊ ကုလားပဲ (ဟော်လန်) ကျပ်(၅၀)၊ မတ်ပဲ ကျပ်(၁၀၀)ဈေးနှုန်းကျဆင်းခဲ့ပြီး ကုလားပဲ (မြကြေး) ကျပ်(၁၅၀) ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ တစ်ပတ်အတွင်း တန်ချိန် (၂၀၇.၅)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ 

        ရေနံချောင်းကုန်စည်ဒိုင်တွင် ကြက်သွန်နီ ကျပ်(၁၄၀၀-၂၅၀၀)၊ ယခင်တစ်ပတ်ထက် ယခုတစ်ပတ် တွင် ကျပ်(၁၀၀-၅၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး တစ်ပတ်အတွင်း တန်ချိန်(၉၇.၉၇)တန် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။  

        ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကြက်သွန်နီ ကျပ်(၁၈၀၀-၂၀၀၀)၊ ယခင်တစ်ပတ်ထက် ယခုတစ်ပတ် တွင် ကျပ်(၂၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီးတစ်ပတ်အတွင်းတန်ချိန်(၁၇၁.၄၅)တန် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရသည်။

           ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်းနက်စမုန်(ရိုးရိုး) ကျပ်(၄၇၁၅)၊ နှမ်းဝါ ကျပ်(၂၂၀၀)၊ ပဲယင်း(နီ)ကျပ် (၃၆၇၅)၊ ပဲတီစိမ်း ကျပ်(၃၆၀၀)ဖြစ်ပြီး တစ်ပတ်အတွင်း တန်ချိန်(၂၅.၉)တန် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း  သိရသည်။

DOCA(မကွေး)

လက်ပံတန်းမြို့ဖွဲ့နုဈေးကွက်အခြေအနေ

   ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်ရှိသော ငါးမွေးကန်များ၏ အဓိကအစားအစာသည် ဖွဲနုများဖြစ်သည်။ သာယာဝတီခရိုင်အတွင်းရှိ ဆန်စက်များကြိတ်ခွဲ ထုတ်လုပ်ရာမှ ထွက်ရှိသောဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိကြောင်းနှင့် အခြားသောတိုင်းနှင့် ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။စက်တင်ဘာလနောက်ဆုံးပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၃၅၀ ကျပ်ဖြစ်ပြီး၊ ဖွဲနု ၆၅ ပေါင်တစ်အိတ်လျှင် ၂၂၇၅၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခု အောက်တိုဘာလ နောက်ဆုံးပတ်တွင် ဖွဲနုတစ်ပေါင် ၂၅၀ ကျပ်ပေါက်ဈေးသာရှိနေကြောင်း၊ဖွဲနု ၆၅ ပေါင် တစ်အိတ်လျှင် ၁၆၂၅၀ ကျပ် ဈေးဖြင့် လက်လီရောင်းချရကြောင်း၊ ဖွဲနုဈေးကွက်အနေဖြင့် ယခင်လနှင့်ယခုလ ဈေးနှုန်းနှိုင်းယှဉ်ပါက ဒေသတွင်း လိုအပ်ချက်များသောကြောင့် ဈေးနှုန်းသည် အကျဘက်သို့ ဦးတည်သွားပါသည်။

DOCA(ပဲခူး)

မကွေးခရိုင်နှင့် မင်းဘူးခရိုင်အတွင်းမှ စားဖိုဆောင်သီးနှံဈေးနှုန်းဈေးကွက်အခြေအနေ ရွှေဖရုံသီး

             မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဝါးတောချောင်ကျေးရွာတွင် နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို အဓိက စိုက်ပျိုးကြပြီး ဟင်းသီးဟင်းရွက်သီးနှံများလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရသည်။ ရွှေဖရုံသီးကို ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် အသီးရင့်မှည့်ကာ ခူးဆွတ် နိုင်ပြီဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် အောက်တိုဘာလ(စတုတ္ထပတ်)တွင် ရွှေဖရုံသီးမှည့်တစ်လုံးလျှင် လက်ကားဈေး ငွေကျပ် ၃၀၀၀-၄၀၀၀ ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းသည်များမှ စိုက်ခင်းအထိ လာရောက် ဝယ်ယူကြပြီး မကွေးမြို့ပေါ်သို့ ပြန်လည်ရောင်းချကြကြောင်း၊ ရွှေဖရုံသီးပင် စိုက်ပျိုးခြင်းဖြင့် အသီးများသာမက အညွန့်(အရွက်)များပါ ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိပြီး ယခုနှစ်တွင် စျေးနှုန်းကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ခရမ်းချဉ်သီး

            မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ကွင်းကျေးရွာတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ် သီးနှံကို ဩဂုတ်လတွင် စိုက်ပျိုးပြီး အောက်တိုဘာလတွင် စတင်ထွက်ပေါ်ပြီဖြစ်ကြောင်း သိရသည်။ အောက်တိုဘာလ(စတုတ္ထပတ်)တွင် လက်ကားဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ငွေကျပ် (၄၅၀၀-၅၅၀၀)ရောင်းချကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့သို့တင်ပို့ရောင်းချကြောင်းနှင့် အနီးရှိကျေးရွာများသို့လည်း သွားရောက်ရောင်းချကြောင်း၊ မိုးရွာသွန်းမှုများပြားခြင်းကြောင့် အထွက်နှုန်း လျော့နည်းသော်လည်း ခရမ်းချဉ်သီးထွက်ပေါ်ချိန်တွင် ဈေးကောင်းရသောကြောင့် အကျိုးအမြတ်များ ရရှိကြောင်း သိရှိရသည်။

အာလူး

              စားဖိုဆောင်သီးနှံဖြစ်သည့် အာလူးကို ဆင်ဖြူကျွန်းမြို့တွင် စိုက်ပျိုးလေ့ရှိသော်လည်း အာလူး ထွက်ပေါ်ချိန်မဟုတ်သည့်အတွက် ဈေးကွက်အတွင်း ရှမ်းပြည်နယ်၊ အောင်ပန်း မြို့မှ အာလူးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာလ (စတုတ္ထပတ်)တွင် အာလူး(ကြီး) တစ်ပိဿာလျှင် ကျပ်(၇၀၀၀)၊ အာလူး(လတ်) ကျပ် (၅၀၀၀)၊ အာလူး(သေး) ကျပ်(၄၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသောကြောင့် သယ်ယူစရိတ်မြင့်မားခြင်း ကြောင့်လည်းကောင်း၊ ဈေးကွက်တွင် ဝင်ရောက်မှုနည်းသောကြောင့်လည်းကောင်း ဈေးနှုန်းမြင့်တက် လျက်ရှိကြောင်း သိရသည်။

ပဲတောင့်ရှည်

            မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊  ငလင်ပန်းကျေးရွာတွင် ပဲတောင့်ရှည်သီးနှံကို ဇူလိုင်လတွင် စိုက်ပျိုးပြီး အောက်တိုဘာလတွင် ခူးဆွတ်ကြကြောင်း၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ပဲတောင့် ရှည် တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၁၅၀၀-၂၀၀၀ဖြင့် ရောင်းချကြောင်း၊ ဈေးကွက်အနေဖြင့် စလင်းမြို့ပေါ်ရှိ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိ လာရောက် ဝယ်ယူကြကြောင်း၊ မိုးရွာသွန်းမှု များပြားပြီး အထွက်နှုန်းအနည်းငယ် လျော့နည်းသော်လည်း ပဲတောင့်ရှည်သီးနှံပေါ်စအချိန်တွင် ဈေး ကောင်းရကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိကြောင်း သိရှိရပါသည်။

 DOCA(မကွေး)

မကွေးမြို့၏ မြေပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ထောပတ်ပဲ ဈေးနှုန်းဈေးကွက် မြေပဲ

           မကွေးတိုင်းဒေသကြီး၊ မကွေးဈေးကွက်၌ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိကျေးရွာများမှ မိုးမြေပဲများလှိုင်လှိုင်ထွက်ရှိပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် မြေပဲ(နီ)တောင့် တစ်တင်းလျှင်  ကျပ် (၂၅၀၀၀-၃၀၀၀၀)၊ မြေပဲ(ဖြူ)တောင့် တစ်တင်းလျှင်  ကျပ်(၂၂၀၀၀-၂၇၀၀၀)၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ် (၇၈၀၀-၈၀၀၀)၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ်(၇၃၀၀-၇၇၀၀) တို့ဖြင့် အရောင်းအဝယ် ဖြစ်ပြီး ဈေးကွက်အနေဖြင့် ဒေသတွင်း ဆီကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် မြေပဲဆားလှော်လုပ်ငန်းများမှ  ဝယ်ယူကြကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့များသို့ တင်ပို့ကြောင်း၊ မြေပဲအရည်အသွေးကောင်းမွန်မှုကြောင့် ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

         မကွေးခရိုင်၊ မကွေးမြို့နယ်ရှိ ကျေးရွာများ၌ ဩဂုတ်လတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးပြီး အောက်တိုဘာလလယ်တွင် စတင်ခူးဆွတ်ကြကြောင်း သိရသည်။ အောက်တိုဘာလ (စတုတ္ထပတ်)တွင် ပဲတီစိမ်း တစ်တင်းလျှင် ငွေကျပ် ၇၅၀၀၀-၇၇၀၀၀ ပေါက်ဈေးရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့နှင့် မကွေးမြို့သို့ သွားရောက်ရောင်းချပြီး ထိုမှတစ်ဆင့်  ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချကြောင်း၊ ယခုရာသီတွင် မိုးရွာသွန်းမှု များပြားခြင်းကြောင့် သီးနှံအထွက်နှုန်း လျော့နည်း သော်လည်း ပဲစဉ်းငုံသီးနှံကို သီးညှပ်အဖြစ် စိုက်ပျိုးကြသည့်အတွက် တောင်သူများအနေဖြင့် အဆင်ပြေ လျက်ရှိပါကြောင်း သိရှိရပါသည်။

          မကွေးဈေးကွက်၌ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသည့် ကုလားပဲသီးနှံများ နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ အောက်တို ဘာလ(စတုတ္ထပတ်)တွင် ကုလားပဲဝါ(929) တစ်တင်းလျှင် ငွေကျပ် (၉၉၀၀၀)၊ ကုလားပဲဝါ(HL) တစ်တင်းလျှင်  ငွေကျပ်(၉၇၀၀၀)၊ ကုလားပဲဝါသေး တစ်တင်းလျှင် ငွေကျပ်(၉၂၀၀၀) ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့များသို့ တင်ပို့ လျက်ရှိကြောင်းနှင့် ပြည်ပပို့ကုန်အဖြစ် တရုတ်၊ အိန္ဒိယနိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။

          မကွေးခရိုင်၊ မကွေးမြို့နယ်၊ ကရင်ကျေးရွာတွင် နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံသီးနှံတို့ကို စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲ(ဆောင်း)သီးနှံကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီ လတွင် ရိတ်သိမ်းကြကြောင်းသိရသည်။ ဈေးနှုန်းအနေဖြင့်  အောက်တိုဘာလ (စတုတ္ထပတ်)တွင် ထောပတ်ပဲ(ဖြူ) တစ်တင်းလျှင် ငွေကျပ် ၁၁၂၀၀၀-၁၃၅၀၀၀ ပေါက်ဈေးရှိပြီး ဈေးကွက်အနေဖြင့် ဒေသတွင်း ပွဲရုံများနှင့် ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များမှ ဝယ်ယူကြကြောင်း၊ ထို့အပြင် ပွဲရုံများမှတဆင့်  ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊  ယခုအချိန်တွင် ထောပတ်ပဲသီးနှံများ ဖူးပွင့် ဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိသောကြောင့် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်ပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အောင်လံမြို့နယ်၌ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ဝါသီးနှံနှင့် ဈေးနှုန်းဈေးကွက်

            မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာများသည် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ နေကြာနှင့် ဝါသီးနှံများကို စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ဝါသီးနှံကို (၂၃၂၇၀)ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

        မျိုးများအနေဖြင့် ရွှေတောင်(၁၀)၊ RAKA၊ TBL195၊ B31 မျိုးများကို ဇူလိုင်လကုန်တွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် ထွက်ပေါ်မည်ဖြစ်ကြောင်း၊ (၁)ဧက အနေဖြင့် မျိုးစေ့ (၇)ပိဿာခန့် ကုန်ကျပြီး ထွန်ယက်ခ၊ မျိုးစေ့၊ စိုက်စရိတ်၊ သွင်းအားစုအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ (၆) သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က အထွက်နှုန်းအနေဖြင့် (၁) ဧကတွင် (၂၅၀ မှ ၃၅၀) ပိဿာ ထွက်ရှိကြောင်း၊ (၁)ပိဿာလျှင် ကျပ်(၃၅၀၀)ခန့်ရောင်းရပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၆)သိန်းကျော်ရရှိကြောင်း သိရသည်။ 

           ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ဝါသီးနှံဈေးနှုန်းအခြေအနေမှာ ဝါ(၁)ပိဿာ လျှင် ကျပ်(၃၂၀၀-၃၄၀၀)၊ ဝါဂွမ်း(၁) ပိဿာလျှင် ကျပ်(၈၀၀၀-၈၅၀၀-၉၀၀၀)၊ (ဝါစေ့) (၁) ပိဿာလျှင် ကျပ်(၁၄၀၀-၁၅၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ပွဲရုံများမှတဆင့် မန္တလေးတိုင်းဒေသကြီး၊ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံနှင့် ပုဂ္ဂလိကအထည်စက်ရုံများသို့ တင်ပို့ရောင်းချကြောင်း သိရသည်။ ယခုအချိန်တွင် ဝါသီးနှံများမှာ အပင်ဖြစ်ထွန်းအားကောင်းမွန်ပြီး အကိုင်းအခက်များဝေဆာကာ အသီးအပွင့်များပွင့်ဖူးလျက်ရှိပါကြောင်း၊ ရာသီဥတုအခြေအနေကောင်းမွန်သောကြောင့်  အထွက်နှုန်းကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ပိုမိုရရှိမည်ဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့နယ်၊ ကမ်းရင်ကျေးရွာ၌ ဖရဲစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များရရှိ

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကမ်းရင်ကျေးရွာတွင် နှစ်စဉ် ဖရဲကို စိုက်ပျိုးလျက်ရှိပြီး မိုးရေသောက်စနစ်နှင့် မြေအောက်ရေသွင်းစနစ်ဟူ၍ စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် စိုက်ဧက    (၁၀၀) ကျော် စိုက်ပျိုးထားကြောင်း သိရသည်။

     မျိုးအနေဖြင့် ဖရဲ(855)မျိုးစေ့ တစ်ဧကလျှင် (၄)ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မြေကိုထယ်ရေးညီအောင်ပြုပြင်၍ ရေသွင်းစနစ်ဖြင့် တန်းကြား ၅ ပေ၊ ကျင်းကြား ၃ပေ ခြား၍ စိုက်ပျိုးကြောင်း၊ ဩဂုတ်လတွင် စိုက်ပျိုးပြီး အောက်တိုဘာလတွင် ခူးဆွတ်ရောင်းချရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခ အပါအဝင်  တစ်ဧကလျှင် ငွေကျပ် ၁၂၀၀၀၀၀ ကျော် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် အလုံးရေ ၁၅၀၀-၂၀၀၀ ထွက်ရှိပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၈၀၀၀၀၀ ခန့် ရရှိကြောင်း သိရသည်။

     ဈေးနှုန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် လက်ကားဈေးနှုန်း ဖရဲသီးတစ်လုံးလျှင် ငွေကျပ် ၂၀၀၀-၂၅၀၀ ဖြင့် ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် မကွေး၊ မင်းဘူး၊ စကု၊ ရေနံချောင်း မြို့များအပြင် ရန်ကုန်မြို့သို့လည်း တင်ပို့ကြောင်း၊ ဖရဲသီးနှံပေါ်စအချိန်တွင် ဈေးကောင်းရ၍ အကျိုးအမြတ်များရရှိကြောင်း သိရသည်။

DOCA(မကွေး)

 

 

 

 

 

မကွေးမြို့နယ်၊ ကရင်ကျေးရွာ၌ ထောပတ်ပဲ(ဆောင်း)သီးနှံများ ဖြစ်ထွန်းအောင်မြင်

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကရင်ကျေးရွာတွင် နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံသီးနှံတို့ကို စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံစိုက်ဧက ၈၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

   ထောပတ်ပဲ(ဆောင်း)သီးနှံကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ မျိုးအနေဖြင့် ထောပတ်ပဲ(ဖြူ)၊ (ညို)နှင့် (ဖြူကြား)တို့ဖြစ်ပြီး ထောပတ်ပဲ (အဖြူ)ကို အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ၍ အတန်းလိုက်အစေ့ချ စနစ်ဖြင့်  တစ်ဧကလျှင် မျိုးစေ့  ၁၀ ပြည်ခန့် ကုန်ကျ၍ စုစုပေါင်းကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၅၀၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၅-၂၀ တင်းခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ထောပတ်ပဲ(ဆောင်း)သီးနှံပေါ်စအချိန်တွင် တစ်တင်းလျှင် ငွေကျပ် ၉၈၀၀၀-၁၀၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၉၅၀၀၀၀ ကျော် ရရှိကြောင်း သိရသည်။

   ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ထောပတ်ပဲ(ဖြူ) တစ်တင်းလျှင် ငွေကျပ် ၁၁၂၀၀၀-၁၃၅၀၀၀ ဈေးနှုန်းဖြစ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်အနေဖြင့် ဒေသတွင်း ပွဲရုံများနှင့် ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များမှ ဝယ်ယူကြကြောင်း၊ ထို့အပြင် ပွဲရုံများမှတဆင့်  ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊  ယခုအချိန်တွင် ထောပတ်ပဲသီးနှံများ ဖူးပွင့်ဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိသောကြောင့် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်ပါကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

DOCA(မကွေး)

 

 

ပုသိမ်မြို့တွင်းရှိ မုန်လာဥဖြူဈေးကွက်

             ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်၊ ကျောင်းကုန်း၊ အိမ်မဲ၊ ဒါးကဒေသများတွင် မုန်လာဥဖြူများ လှိုင်လှိုင်ပေါ်ထွက်နေပြီး ယခင်နှစ်ထက်ပို၍ ဈေးကောင်းရရှိကြောင်း သိရပါသည်။ မုန်လာဥများကို စတင်စိုက်ပျိုးပြီး ရက်(၃၀)အကြာတွင် ဥများထွက်ပေါ်လာပြီး မုန်လာဥအမျိုးအစားအလိုက် တစ်ဧကလျှင်ပေါင် (၄၅၀၀/၅၀၀၀)ခန့်ထွက်ရှိကြောင်းသိရသည်။

            အောက်တိုဘာလအတွင်း ပုသိမ်မြို့ရှိဈေးများတွင် ရောင်းချနေသော မုန်လာဥဖြူဈေးနှုန်းများမှာ စင်းလုံးချော (၅)လုံးပါတစ်တွဲလျှင် (၂၀၀၀) ကျပ်နှင့် အလုံးလတ်(၅) လုံးပါ တစ်တွဲလျှင် (၁၅၀၀) ကျပ် ခန့်ရှိပြီး ချဉ်ဖတ်ထည့်ရာတွင် အသုံးပြုသည့်အလုံးသေးများမှာ တစ်စည်းလျှင် (၅၀၀ )ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မိတ္ထီလာဒေသထွက် ဖရဲသီးများ ကရင်ဈေးကွက်သို့ ဝင်ရောက်

      ၂၀၂၄ ခုနှစ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ မိတ္ထီလာဒေသထွက်ဖရဲသီးများ ဈေးကွက်ဝင်ရောက်လျက်ရှိကြောင်းနှင့် ကုန်သည်လောကအခေါ် ဒုံးပျံဖရဲသီးအမျိုးအစားဖြစ်ကြောင်း သိရ သည်။ ဖရဲသီးအလုံးရေ (၅၀၀၀/၆၀၀၀) ပါ (၁၂) ဘီးကားတစ်စီးလျှင်  (၉)သိန်းကျပ် ကုန်ကျစရိတ် ရှိကြောင်းနှင့် ဖရဲသီးကို ထွက်ရှိရာဒေသများ၌ အခင်းဖြတ်စနစ်ဖြင့် ဝယ်ယူ၍ သယ်ယူပို့ဆောင်ခ လုပ်သားခ အခြားကုန်ကျစရိတ်များ ထပ်ပေါင်းကာ အကြီးအသေး သောင်းပြောင်း ၁၈၀၀ ခန့်ကျသင့်ကြောင်း ဖောက်သည်ဈေးအနေဖြင့် အကြီးအသေး ၄၅၀၀ကျပ်ဖြင့် ဖြန့်ဖြူးကြောင်း၊ ပယ်သီးနှင့် အလေအလွင့် ၅ရာခိုင်နှုန်းခန့်ထွက်ရှိကြောင်း သိရသည်။

        ကရင်ပြည်နယ် ဘားအံမြို့ရေပေါ်ဈေးတွင်၌ ဖရဲသီးဈေးနှုန်းမှာ အကြီး ၁လုံးလျှင် ၇၀၀၀ ကျပ်၊ အလတ် ၁လုံးလျှင် ၅၀၀၀ကျပ်နှင့်  အသေး ၁လုံးလျှင် ၃၀၀၀ ကျပ်နှုန်းတို့ဖြင့် အရောင်းဝယ်လျက်ရှိ ကြောင်း သိရသည်။

DOCA(ကရင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း