Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မိုးစပါးရိတ်သိမ်းချိန်နှင့် တောင်သူများ၏ အကျိုးအမြတ်

    ပဲခူးတိုင်း(အနောက်) နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မိုးစပါးစိုက်တောင်သူများ ဩဂုတ်လ တတိယပတ်မှစတင်ပြီး ရိတ်သိမ်းလျက်ရှိပါသည်။ ဇီးကုန်းမြို့နယ်တွင်မိုးစပါးစိုက်ဧက (၄၈၀၇၇)စိုက်ပျိုးပြီး  မျိုးစပါးကွဲအလိုက် ရတနာတိုး၊ မှော်ဘီ၊ နှံကောက်၊ ဗီယမ်နမ်မျိုးများကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။

            မိုးစပါးစိုက်ပျိုးမှုအား ဇွန်လ ပထမပတ်မှစတင်စိုက်ပျိုးပြီး သက်လတ် ရက်(၉၀)မှ ရက် (၁၀၀)မျိုး များအား စက်တင်ဘာလ ပထမပတ်တွင် စတင်ရိတ်သိမ်းနေကြပြီး တစ်ဧက အထွက်နှုန်းမှာ ကုန်းပိုင်း၌ (၆၅-၇၀)တင်းခန့်နှင့် အဝန်းပိုင်း ရေတော်မိုးတော် စိုက်ဧကများ၌ (၁၀၀-၁၂၀)တင်း ထွက်ရှိကြောင်းသိရပါသည်။ မိုးစပါး တစ်ဧကကုန်ကျစရိတ်အနေဖြင့် မိုးစပါးကြဲခင်း ထယ်ထိုး၊ ထွန်မွှေခ (၄၀၀၀၀)ကျပ်၊ မြက်ကောက်ခ (၅၀၀၀ )ကျပ်၊ ပျိုးကြဲခ (၆၀၀၀)ကျပ်၊ ကန်သင်းမြက်ရှင်းခနှင့် ကောက်ပင်ဖာခ (၃၀၀၀၀)ကျပ်၊ ပိုးသတ်ဆေး ၊မြက်သတ်ဆေး၊ ဓာတ်မြေဩဇာ(ပုလဲ) (ကွန်ပေါင်း) ဆေးဘိုးနှင့် ဆေးဖျန်းလုပ်သားခ (၃၂၀၀၀၀)ကျပ်၊ စပါးမျိုး ၂တင်း (၅၀၀၀၀)ကျပ်၊ စပါးရိတ်ခြွေစက်ခ တစ်ဧက  (၁၃၀၀၀၀)ကျပ်၊ ရိတ်ခြွေပြီး စပါးများကို လူဖြင့်သယ်ယူခ အနေဖြင့် အနီးအဝေးပေါ်မှုတည်၍  စပါးတစ်တင်း(၁၅၀၀ကျပ်မှ ၁၇၀၀ကျပ်)ရှိသဖြင့် မိုးစပါးတစ်ဧက စိုက်ပျိုးစရိတ် ကုန်ကျမှုအနေဖြင့်  စုစုပေါင်း (၆၈၁၀၀၀)ကျပ်ခန့်ရှိပါသည်။ ၂၀၂၅ခု၊ စက်တင်ဘာလ ဒုတိယပတ်အထိ မိုးစပါးဈေးနှုန်းမှာ ကွင်းပေါက်ဈေး အစိုဓာတ်၂၁%နှင့်  တစ်တင်းလျှင် ပေါင်(၅၀)ဖြင့် စပါးတင်း(၁၀၀)  ငွေကျပ် (၉၅၀၀၀၀-ကျပ်မှ ၁၀၀၀၀၀၀-ကျပ်)နှုန်းရှိကြောင်း သိရပါသည်။

            မိုးစပါး စိုက်တောင်သူ အများစုမှာ တစ်ဧက (၇၀)တင်းအောက် ထွက်ရှိပါက အရှုံးရှိပြီး၊  (၁၀၀)တင်းနှင့် အထက်ထွက်ရှိပါက (၂၅၀၀၀၀-ကျပ်မှ ၃၀၀၀၀၀-ကျပ်)အမြတ်ရရှိနိုင်ပါကြောင်း၊ ပျိုးထောင် စိုက်ပျိုးမည်ဆိုပါက ပျိုးထောင်ခ၊ ပျိုးနှုတ်ခ၊ ကောက်စိုက်ခ၊ ကောက်ပင်ဖာခ၊ မြက်နုတ်ခ၊ တမန်းပြင်ခများ ပိုမိုကုန်ကျစရိတ်များရှိ၍ တစ်ဧက ကုန်ကျစရိတ် ငွေကျပ် (၈၉၀၀၀၀)ခန့်ရှိသဖြင့်  အကျိုးအမြတ်နည်းပြီး ပျမ်းမျှ စိုက်ဧကအရ တောင်သူများ မှာယခင်နှစ်များ ထက်စာလျှင် အရှုံးဘက်တွင်ရှိနေ၍ အကျိုးအမြတ်မရှိကြောင်း မိုးစပါးစိုက်တောင်သူများထံမှ သိရပါသည်။

DOCA(ပဲခူး)

“ (၈.၉.၂၀၂၅)ရက်နေ့ မှ (၁၂.၉.၂၀၂၅) ရက်နေ့ထိ တစ်ပတ်အတွင်းစားအုန်းဆီ ထုတ်ပေးမှုအခြေအနေ ”

     ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်  သီလဝါစက်မှုဇုန်အတွင်းရှိ Wilmar ဆီကန်မှထုတ်လုပ်ပေးလျက်ရှိသော စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များရှိ ဆီကိုယ်စားလှယ်များသို့ စားအုန်းဆီ နေ့စဉ်ထုတ်ပေးလျှက်ရှိပါသည်။ ထိုသို့ ထုတ်ပေးလျှက်ရှိသော စားအုန်းဆီများအား ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ပြန်ထားသော အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအပေါ် လက်ကား ပြန်လည်ဖြန့်ဖြူး  ရောင်းချသူများ အနေဖြင့် ဒေသအရောက် ဈေးနှုန်းများအပေါ် ()ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့်သာ ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချစေရေး နှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေး တို့အတွက်လည်း တောင်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျှက်ရှိရာ (..၂၀၂၅)ရက်နေ့မှ (၁၂..၂၀၂၅)ရက်နေ့အထိ ဆီကုမ္ပဏီ(၂၅)ခုနှင့် စားအုန်းဆီတန်ချိန် (၄၂၁၆.၈၅၇)တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကြက်ဥ၊ဘဲဥ၊ငုံးဥဈေးနှုန်းများတည်ငြိမ်လျက်ရှိ

    ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ မြို့မဈေးနှင့် ညနေဈေးတို့ တွင်ရောင်းချနေသော ကြက်ဥကို ရန်ကုန်မြို့မှ အများဆုံးတင်သွင်းကြပြီး ဈေးနှုန်းများကတော့ ယခင် ဩဂုတ်လ စတုတ္ထပတ်တွင် ကြက်ဥ(အသေး)(၁လုံး)ကို (၄၃၀)ကျပ်၊ ကြက်ဥ (အလတ်) (၁)လုံးကို (၄၅၀)ကျပ်၊ ကြက်ဥ(အကြီး)(၁)လုံး (၅၀၀)ကျပ်ဖြစ်ပြီး ဘဲဥ(၁)လုံး (၆၀၀)ကျပ် ၊ ငုံးဥ(၁)လုံး (၁၀၀)ကျပ်၊ ဗမာကြက်ဥ(၁)လုံး (၇၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်းသိရပါသည်။ ယခု စက်တင်ဘာလ တတိယပတ်တွင် ကြက်ဥ(အသေး)(၁လုံး)ကို (၄၃၀)ကျပ်၊ ကြက်ဥ (အလတ်) (၁)လုံးကို (၄၅၀)ကျပ်၊ ကြက်ဥ(အကြီး)(၁)လုံး (၅၀၀)ကျပ်ဖြစ်ပြီး ဘဲဥ(၁)လုံး (၆၀၀)ကျပ် ၊ ငုံးဥ(၁)လုံး (၁၀၀)ကျပ်၊ ဗမာကြက်ဥ(၁)လုံး (၇၀၀) ကျပ်နှုန်းဈေးဖြင့် ရောင်းချလျှက်ရှိရာ ယခင်ဩဂုတ်လ စတုတ္တပတ်  ကြက်ဥ၊ဘဲဥ၊ ငုံးဥ ပေါက်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအတက်အကျမရှိဘဲ ဈေးနှုန်း တည်ငြိမ် လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ဒေသထွက် ကီလိုမာလကာသီးများ အရောင်းသွက်

    ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့ အာရုံဈေး၊ မြို့မဈေးနှင့် ညနေဈေး တို့၌ ဒေသထွက် အသီးအနှံမျိုးစုံကို ရောင်းချလျက်ရှိပြီး ဒေသထွက်ကီလို မာလကာသီးနှင့် မျိုးဆန်း မာလကာသီး များအရောင်းသွက်နေကြောင်းသိရပါသည်။

    နတ်တလင်းမြို့နယ် ကုန်းကြီးကျေးရွာ၊ ရှားဖြူကုန်းကျေးရွာများမှ ဈေးကွက်အတွင်းသို့  ဒေသထွက်ကီလို မာလကာသီးနှင့် မျိုးဆန်း မာလကာသီးများ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ စတုတ္တပတ်တွင် လှိုင်လှိုင်ဝင်ရောက်လာပြီး စက်တင်ဘာ တတိယပတ်တွင် ကီလိုမာလကာသီး(၁)လုံးလျှင် အရွယ်အစားကိုလိုက်၍ (၇၀၀-ကျပ်မှ ၃၅၀-ကျပ်)နှုန်း ၊ မျိုးဆန်းမာလကာသီး (၁)လုံးလျှင်  (၇၀၀-ကျပ်မှ ၄၀၀-ကျပ်)နှုန်းဖြင့် ရောင်းချနေကြောင်း သိရပါသည်။ မာလကာသီးကို လက်ဆောင်ပေးသူများ ကျောင်းမုန့်ဈေးများ ၊ အသီးစုံသုပ် ရောင်းချသူများမှလည်း မာလကာသီးကို ဝယ်ယူမှုများရှိ၍ ဒေသတွင်းသာမက  ကြိုပင်ကောက်မြို့၊ သုံးဆယ်မြို့နယ်များသို့လည်း တင်ပို့ရောင်းချရသဖြင့်  အရောင်းသွက်လျက်ရှိကြောင်း သိရပြီး ဈေးကွက်အတွင်း အရောင်းသွက်လျက်ရှိသော ကီလိုမာလကာသီးကို ခြံစိုက်တောင်သူများအနေဖြင့်လည်း တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ဒေသထွက် ကီလိုမာလကာသီး အရောင်းသွက်

     ပြည်မြို့နယ်အနီးတစ်ဝိုက်ရှိ ရွာများဖြစ်သော ပျဉ်းပင်ကိုင်းရွာ၊ အောင်မြေရွာ၊ မြေပဒေသာရွာများမှ ကီလို မာလကာသီးများကို ခြံမြေရှိသလောက်စိုက်ပျိုးကြပြီး တစ်ဦးလျှင် (၂)ယောက်စိုက်၊ (၃)ယောက်စိုက် စသဖြင့် စိုက်ပျိုးကြောင်း သိရသည်။ (၁)ဧကလျှင် နေ့စဉ် အလုံး (၁၀၀၀)ခန့် ခူးရကြောင်းသိရပြီး ပြည်ဈေးကွက်သို့ အလုံးအကြီး အသေးပါ အလုံး (၇၀၀)ကို (၃)ရက်ခြား ဝင်ရောက်မှုရှိပါသည်။ ဈေးနှုန်းများမှာ အလုံးအကြီးမှာ ကျပ် (၁၂၀၀-၁၅၀၀)၊ အလုံးလတ် တစ်လုံးလျှင် ကျပ် (၈၀၀ - ၁၀၀၀)၊ အလုံးသေး တစ်လုံးလျှင် (၅၀၀ - ၆၀၀)ကျပ်နှုန်း အသီးသီး ရောင်းချလျက်ရှိပြီး အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ပြီး အကျိုးအမြတ်အနေနှင့် နေ့စဉ် (၈၀၀၀-၁၀၀၀၀)ကျပ် ရရှိကြောင်း သိရပါသည်။                                   

DOCA(ပဲခူး)                      

“ သုံးခွမြို့နယ်၏ဈေးကွက်အတွင်းရောင်းချနေသောအခြေခံစားကုန် ကုန်ခြောက်ဈေးနှုန်းများ ”

          စက်တင်ဘာလ တတိယပတ်တွင် သုံးခွမြို့နယ်၏ ဈေးကွက်အတွင်းရောင်းချနေသော အခြေခံစားကုန်(ကုန်ခြောက်)ဈေးနှုန်းများ အနေဖြင့် ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာလျှင် (၁၄၀၀မှ ၂၀၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူရှမ်းစ တစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၂၀၀၀)ကျပ်ထိ၊ ငရုပ် ရှည်တစ်ပိဿာလျှင် (၁၁၀၀၀မှ ၁၆၀၀၀)ကျပ်ထိ၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် (၆၃၀၀)ကျပ်၊ မကျီးသီးတစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၂၀၀၀)ကျပ်ထိ၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင်(၁၀၀၀) ကျပ်၊ အာလူးတစ်ပိဿာလျှင်(၆၅၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၅၀၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ဖြင့် သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ် ဖြစ်လျှက်ရှိ ကြောင်း သိရသည်။

     အခြေခံစားကုန်( ကုန်ခြောက်)ဈေးနှုန်းများ အနေဖြင့် ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိသေးကြောင်း၊ ကုန်ခြောက်ပစ္စည်းများမှာ မြို့နယ်အတွင်းသို့ တစ်ရက်ခြားတစ်ခါ ပုံမှန်ဝင်ရောက်လျက်ရှိပြီး အဆိုပါ ကုန်ခြောက်ပစ္စည်းများအား ရန်ကုန်ဘုရင့်နောင်ပွဲရုံမှ ဝယ်ယူ ရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ပြည်မြို့တွင် ရောင်းချနေသော ဆင်ခရမ်းချဉ်သီးဈေးနှုန်း

      ပြည်ခရိုင်၊ ပြည်မြို့ရှိ ဈေးကွက်များတွင် ဆင်ခရမ်းချဉ်သီးများ ရောင်းချနေကြောင်း သိရသည်။ ပြည်မြို့အတွင်းရှိ ကျေးရွာများတွင် အနည်းငယ်သာထွက်ရှိပြီး မင်းတုန်း၊ ကံမဘက်မှလာကြောင်း သိရသည်။ ခရမ်းချဉ်သီး အမျိုးမျိုးထဲမှ ဆင်ခရမ်းချဉ်သီးကို ကျန်းမာရေးအတွက် အထောက်အကူပြုသောကြောင့် စားသုံးကြသည်။ ဆင်ခရမ်း ချဉ်သီးတွင် အခွံက မမှည့်ခင် အစိမ်းရောင်ဖြစ်ပြီး မှည့်လာချိန်မှာ အနီရောင်၊ အဝါရောင် အမျိုးမျိုးဖြစ်နိုင်ပါသည်။ အသားက အခြား ခရမ်းချဉ်သီးတွေထက်ထူပြီး နည်းနည်းမာကြောင်း သိရသည်။ ဆင်ခရမ်းချဉ်သီးကို ရခိုင်ဟင်းများတွင် အများဆုံးထည့်၍ချက်ကြကြောင်း သိရသည်။ ဆင်ခရမ်းချဉ်သီးကို ကြက်သောက်ဆမ်းဆိုင်များနှင့် မီးဖိုချောင်တွင် ချက်ပြုတ်ရန်အတွက် ဝယ်ယူကြကြောင်း သိရသည်။ဆင်ခရမ်းချဉ်သီးတွင် ဗီတာမင် A,B,C အကုန်ပါဝင်တာကြောင့် အသီးတင်မဟုတ်ပဲ တစ်ပင်လုံး ဆေးဖက်ဝင်ကြောင်း သိရသည်။ ဆင်ခရမ်းချဉ်သီးကို ကြက်သောက်ဆမ်းဆိုင်များနှင့် မီးဖိုချောင်များတွင် ချက်ပြုတ်ရန်အတွက် ဝယ်ယူကြကြောင်း သိရသည်။ ဆင်ခရမ်းချဉ်သီး ဈေးနှုန်းများမှာ အလုံးကြီး (၁)လုံးလျှင် (၅၀၀)ကျပ်၊ အလုံးသေး(၁)လုံးလျှင် (၄၀၀)ကျပ်တို့ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ဒေသတွင် အရောင်းသွက်သည့် ငါးဖမ်းမငပိကောင်

    ပြည်မြို့နယ်အတွင်း စားသောက်ကုန်နှင့် လူသုံးကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာ အသား/ ငါးဈေးနှုန်းများလည်း မြင့်တက်လျက်ရှိကြောင်းသိရသည်။ အသား/ငါး များထဲမှ ငပိကောင်များလည်း ဈေးကောင်းရ အရောင်းသွက်ကြောင်း သိရပါသည်။

      ငါးဖမ်းမငါးကို လူကြိုက်များလှသည်။ ထိုငါးကို ငါးပိကောင်ပြုလုပ်ပြီး ငါးဖမ်းမငပိ ကောင်ဟု ခေါ်ဆိုပြီး ရောင်းချကြပါသည်။ ငါးဖမ်းမငါး၏ ဗိုက်ထဲမှ ကလီစာများကိုထုတ်ကာ ဆေးကြောသန့်စင်ပြီးပါက ခွဲထားသော ငါးဗိုက်ထဲသို့ ဆားအပြည့်သိပ်ရပါသည်။ ပြီးလျှင် အိုးတစ်လုံးထဲသို့ ဆားသိပ်ထားသော ငါးများကို ဖိသိပ်ပြီး တစ်ညသိပ်ထားကြောင်းသိရသည်။ နောက်တစ်နေ့ မနက်ရောက်ပါက အိုးထဲမှ ငါးများကို ပြန်ထုတ်ပြီး နေတစ်နေလောက်ပြ ရပါသည်။ နေ့တစ်နေပြပြီးပါက ငါးကို အိုးထဲသို့ပြန်ထည့်ပြီးသိပ်ထားရပါသည်။နောက်နှစ်ရက် နေလျှင် ငပိကောင်ဖြစ်သွားကြောင်းသိရသည်။ ငါးဖမ်းမငပိကောင်ကို ကြော်၍လည်းကောင်း၊ ကင်း၍လည်းကောင်း၊ သံပုရာရည်ညှစ်ပြီး စပါက အရသာအလွန်ကောင်းမွန်ကြောင်း သိရသည်။ ငါးဖမ်းမ ငပိကောင်များသည် ဈေးကွက်တွင် နေရာရသော ငါးတစ်မျိုးဖြစ်ပြီး လူကြိုက်များကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ၊ တတိယပတ်တွင် ပြည်မြို့နယ်၊ မြို့သစ်ဈေးတွင် ရောင်းချလျက်ရှိသော ငါးဖမ်းမ ငပိကောင်များကို အုတ်ဖိုမြို့မှ အများအပြား လာရောက်ရောင်းချကြောင်း သိရသည်။  ဈေးနှုန်းများမှာ ငါးဖမ်းမ ငပိကောင် အကောင်ကြီး (၁၀)ကျပ်သားလျှင် (၂၈၀၀)ကျပ်၊ အကောင်သေး (၁၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငပိကောင်ရောင်းချသူတစ်ဦးထံမှ သိရသည်။

DOCA(ပဲခူး)

ကညွတ်စိုက်ပျိုးခြင်းနှင့် ကညွတ်စားသုံးပေးခြင်းဖြင့် ရရှိမည့်ကျန်းမာရေးအကျိုးကျေးဇူးများ

     မြန်မာနိုင်ငံတွင် ထင်ရှားကျယ်ပြန့်စွာ စိုက်ပျိုးလာသော ဟင်းသီးဟင်းရွက် အမျိုးအစား ဖြစ်သည်။ အများအားဖြင့် ကြော်ချက်၍စားသုံးကြသည်။ အချို့က ဆေးဝါးအဖြစ် စားသုံးကြသည်။ သမပိုင်းရာသီဥတုကိုကြိုက်နှစ်သက်သည်။ မြေသြဇာထက်သန်ပြီး အစိုဓာတ်ရှိသော သဲနုန်းမြေသည် ကညွတ်စိုက်ရန် အသင့်တော်ဆုံးဖြစ်သည်။  ရေမဝပ်သော ခဲမြေတွင် စိုက်ပျိုးပါက စည်သွပ်ကညွတ်အထွက်အကောင်းဆုံးဖြစ်သည်။ ကညွတ်စိုက်မည့်မြေတွင် ပဲမျိုးရင်းဝင် အပင်များစိုက်ပျိုးပြီး ပန်းပပွင့်မီထယ်ထိုးခြင်းဖြင့် သစ်စိမ်းမြေသြဇာအဖြစ် မြေတွင်းအာဟာရဓာတ် ရစေသဖြင့် ကညွတ်ပင်ကြီးထွားဖွံ့ဖြိုးရေးတွင် များစွာအထောက်အကူဖြစ်စေသည်။ ကညွတ်ကို မေလနှင့်ဇွန်လတွင်စတင်စိုက်ပျိုးနိုင်ပါသည်။ တစ်တန်းနှင့်တစ်တန်း (၃-၆)ပေ၊ တစ်ပင်နှင့်တစ်ပင် (၁-၁.၅)ပေအထိ အကွာအဝေးထား၍ စိုက်ပျိုးနိုင်သည်။ ကျင်းကို (၈)လက်မအထိ တူး၍စိုက်ပျိုးနိုင် သည်။ ပေါင်းမြက်ကို အခါအားလျော်စွာရှင်းပေးပြီး မိုးမကျမီ တစ်ပတ်အလိုတွင် မြေပေါ်အပင်များကိုခုတ်၍ မီးရှို့ပါ။  နွားချေးဆွေး၊မြေဆွေးများကိုထည့်ပြီး မိုးဦးကျလာသည်နှင့် အစို့များထွက်လာမည်။ ကညွတ်(၁-၂)နှစ်သားတွင်အပင်များကြား၌ ပဲမျိုးရင်းဝင်အပင်များ စိုက်ပျိုးနိုင်သည်။ ကညွတ်အစို့များကိုစိုက်ပျိုးပြီး (၂)နှစ်သားတွင် စတင်ရိတ်သိမ်းနိုင်သည်။ အပင်သက်(၇)နှစ်သက်အထိ အထွက်တိုးသည်။ (၄-၁၀)နှစ်သားတွင် အရည်အသွေးကောင်းသော ကညွတ်များကိုရရှိနိုင်သည်။ တစ်ဧကလျှင် ပိဿာ(၃၀၀-၅၀၀)အထိထွက်နိုင်ပါသည်။ ဘောင်များကို‌ မြေ‌တောင်မြှောက်ပေးခြင်းဖြင့် နူးညံ့ပြီးကြီးထွားသော အစို့များကိုရရှိနိုင်ပါသည်။

     ကညွတ်သည် အာဟာဓာတ်များပြည့်ဝနေသော အရာဖြစ်သောကြောင့် နေ့စဥ်စားသောက်သည့်အထဲတွင် ထည့်သွင်းသင့်သော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ ထို့အပြင် အဆီပါဝင်မှုသည် မရှိသလောက်ရှိပြီး ကယ်လိုရီလည်းလွန်စွာနည်းပါသည်။ ကညွတ်ကို စားသုံးပေးခြင်းအားဖြင့် အရိုးများကိုသန်မာ‌စေခြင်း၊ ရောင်ရမ်းမှုကိုလျော့ကျစေခြင်း၊ ဆီးရွှင်စေခြင်း၊ အစာချေလမ်းကြောင်း အတွက်အကျိုးပြုခြင်း၊ ကင်ဆာဆဲလ်များကိုတိုက်ဖျက်ပေးခြင်း စသည့်အကျိုးကျေးဇူးများစွာ ပေးလျက်ရှိသောကြောင့် စားသုံးပေးသင့်သော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါသည်။

DOCA(ပဲခူး)

ဈေးအေးနေတဲ့စက်တင်ဘာလ မတ်ပဲဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံ ရောင်းဝယ်ရေး ပွဲရုံများတွင် ရောင်းဝယ်နေသော မတ်ပဲဈေးနှုန်းများမှာ ယခင်ဩဂုတ်လတွင် ရောင်းဝယ်ခဲ့သော ဈေးနှုန်းနှင့် ယခုစက်တင်ဘာဈေးမှာ ကွာဟမှုရှိသည်ကို တွေ့ရှိရပါသည်။ ယခင် ဩဂုတ်လ စတုတ္ထပါတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော မတ်ပဲဈေးနှုန်းမှာ ပိဿာ (၂၀) (၁)တင်းလျှင် (၉၅၅၀၀-ကျပ်မှ၉၃၅၀၀-ကျပ်)ဈေးဖြင့် ဈေးပိတ်ခဲ့ပါသည်။ ယခုစက်တင်ဘာလ ပထမပတ် အဖွင့်ဈေးမှာ (၉၃၅၀၀-ကျပ်မှ ၉၅၀၀၀-ကျပ်)အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒုတိယပတ်အတွင်း ဈေးနှုန်းများ အတက်အကျ အနည်းအငယ်ရှိပြီး (၉၅၀၀၀-ကျပ်မှ၉၅၅၀၀-ကျပ်)အတွင်းသာ ရောင်းဝယ်ခဲ့ပါသည်။ ယခုတတိယပတ်တွင် အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းမှာ ပြန်လည်၍ ဈေးကျသွားပြီး ပိဿာ(၂၀) (၁)တင်းကို (၉၅၀၀၀-ကျပ်မှ ၉၃၅၀၀-ကျပ်)အထိသာ အရောင်းအဝယ်ဖြစ်နေသည်ကို လေ့လာသိရရှိရပါသည်။ အရောင်းအဝယ်ဖြစ်မှု အခြေအနေကတော့ တောင်သူများမှာ ရောင်းချမှု အနည်းငယ်သာရှိပြီး လှောင်ပဲများကိုသာ တင်ပို့နေရကြောင်း ပွဲရုံများမှ လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း