Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူခရိုင်၊ အုတ်တွင်းမြို့တွင် ဆန်များကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှ ဆန်ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များသည် အခြေခံလူတန်းစားများသို့ ဆန်များကို သက်သာသောဈေးနှုန်းဖြစ်သည့် တစ်ပြည်လျှင် ၃၀၀၀ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

        ထိုသို့ရောင်းချပေးရာတွင် အုတ်တွင်းမြို့ပေါ် ရပ်ကွက်များရှိ အခြေခံလူတန်းစားများရှိရာသို့ နေ့စဉ်အလှည့်ကျ mobile မော်တော်ယာဉ်များဖြင့်သွားရောက်၍ လူတစ်ဦးလျှင် ဆန် ၂ပြည်နှုန်းရောင်းချပေးလျက်ရှိရာ ဇူလိုင်လ ၂၉ရက်နေ့တွင် ဈေးရပ်ကွက်၌  ဆန်(၁၀)အိတ်ရောင်းချပေးခဲ့ပါသည်။

        ဆန်ရောင်းချရာသို့ စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူကြီးကြပ်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ကျိုင်းတုံမြို့ မိုးစပါးစိုက်ပျိုးမှု အခြေအနေ

    ကျိုင်းတုံမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားသုံးရန် ဆန်ဖူလုံပိုလျှံစေရန်အတွက် ကျိုင်းတုံမြို့နယ်တွင် မိုးစပါး၊ လယ်လျာထားဧက (၄၃၄၂၇)၊ ယာလျာထားဧက (၂၈၉၂)၊ တောင်ယာ လျာထားဧက (၁၅၉၁) ရှိပါသည်။ ယင်းလျာထားမှုများမှ   လယ်စိုက်ဧကများမှာ (၂၃၃၁၇) ဧက၊ ယာစိုက်ဧက (၂၈၇၇)၊ တောင်ယာစိုက်ဧက (၁၅၄၇)ဖြစ်၍  လက်ရှိအချိန်ထိ မိုးစပါးဧကစုစုပေါင်း (၂၇၇၄၁) စိုက်ပျိုးပြီးဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းအရ သိရှိရပါသည်။

  ကျိုင်းတုံမြို့နယ်၌ မိုးစပါးစိုက်ပျိုးရာတွင် မိုးစပါးကို ပျိုးထောင်စိုက်ပျိုးရေးစနစ်ဖြင့် ဒေသနှင့် ကိုက်ညီပြီး အရည်အသွေးကောင်း ဒေသမျိုးများဖြစ်သော ဆင်းဧကရီ(၃)၊ ရွှေရင်အေးမျိုးများကို အဓိကထားစိုက်ပျိုးလျက်ရှိသည်။ အဆိုပါ မိုးစပါးစိုက်ပျိုးသည့် တောင်သူများမှာ တစ်ဧကအထွက်နှုန်းတိုးတက်စေရန်အတွက် မျိုးကောင်း၊ မျိုးသန့်ထုတ်လုပ်သုံးစွဲရေးအတွက် သွင်းအားစုများ စနစ်တကျ ထည့်သွင်းပါက တစ်ဧကလျှင် ခန့်မှန်းတင်း လယ်(၇၈)တင်း၊ ယာ (၆၅)တင်း၊ တောင်ယာ (၅၅) တင်းထွက်ရှိနိုင်ပါကြောင်း ယန်းလောကျေးရွာအုပ်စု လယ်လုပ်တောင်သူကြီးများထံမှ သိရှိရပါ သည်။

DOCA(ရှမ်း)

မွန်ပြည်နယ်၏ ဆန် ဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

     မွန်ပြည်နယ်အတွင်းသို့ ဆန်အိတ်များ စီးဝင်၊ စီးထွက်လျက်ရှိပြီး ဇူလိုင်လ၏ စတုတ္ထအပတ်၌ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပါသည်။ အခြားတိုင်းဒေသကြီးများမှ မွန်ပြည်နယ်သို့ ဆန်စီးဝင်မှုများမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ တတိယအပတ်တွင် ဧရာဝတီမှ (၁၂၄၀) အိတ်ခန့်၊ စစ်ကိုင်းမှ (၅၀၄၀) အိတ်ခန့်၊ ပဲခူးမှ (၄၈၀) အိတ်ခန့်၊ ရန်ကုန်မှ (၈၅၂၀) အိတ်ခန့်၊  စုစုပေါင်း (၁၅၂၈၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၇၆၄) တန်ခန့် စီးဝင်ခဲ့သည်။ ယခုဇူလိုင်လ၏ စတုတ္ထအပတ်တွင် ဧရာဝတီမှ (၂၁၈၀) အိတ်ခန့်၊ စစ်ကိုင်းမှ (၃၁၂၀) အိတ်ခန့်၊ ပဲခူးမှ (၁၆၄၀) အိတ်ခန့်၊ ရန်ကုန်မှ (၁၃၈၂၀) အိတ်ခန့်၊ မန္တလေးမှ (၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၀၉၆၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၀၄၈) တန်ခန့် စီးဝင်ခဲ့ပြီး ယခင်တတိယအပတ်နှင့် နှိုင်းယှဉ်ပါက  အနည်းငယ်ပို၍ စီးဝင်ခဲ့သည်။

     မွန်ပြည်နယ်မှ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဆန်စီးထွက်ရာတွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ၏ တတိယအပတ်တွင် ကရင်ပြည်နယ်သို့ (၂၁၆၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၀၈) တန်ခန့်စီးထွက်ခဲ့ပြီး၊ ယခုဇူလိုင်လ စတုတ္ထအပတ်တွင် ကရင်ပြည်နယ်သို့ (၁၅၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၇၅) တန်ခန့်စီးထွက်ခဲ့ပြီး၊ ယခင်တတိယအပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့၍ စီးထွက်ခဲ့သည်။

      မွန်ပြည်နယ်၌ ဇူလိုင်လ၏ စတုတ္ထအပတ်တွင် ဆန်ဈေးနှုန်းမှာ (၂၄) ပြည်ဝင် ဆန်တစ်အိတ်လျှင် ပေါ်ဆန်း(ဒေသ) (၁၂၀၀၀၀) ကျပ်ခန့်၊ ရွှေဘိုပေါ်ဆန်း (၁၅၇၀၀၀) ကျပ်ခန့်၊ ဧည့်မထ(ဒေသ) (၇၁၀၀၀) ကျပ်ခန့် ရှိပြီး  ယခုအပတ်တွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပခုက္ကူမြို့တွင်ရောင်းချနေသော ဘိလပ်မြေဈေးနှုန်းဈေးကွက်

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဒို့တောင်သူ၊ ကျော်၊ မိုးမခ၊ သီဟကမ္ဘာ၊ သိန်း၊ ကံဟိန်းနှင့် ဟိန်းစည်ဆိုင်များတွင် သွပ်၊ သံ၊ အခြားပစ္စည်းများနှင့် ဘိလပ်မြေ၊ ထုံးများလည်းရောင်းချလျက်ရှိပါသည်။ ထိုဆိုင်များမှ ဘိလပ်မြေများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေများနှင့် ရန်ကုန်တိုင်းအတွင်းရှိ ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေများသယ်ယူရောင်းချလျက်ရှိပါသည်။ ဇူလိုင် (ဒုတိယပတ်)တွင်ဖြစ်ပေါ်ခဲ့သော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၃၀၀)၊ အယ်လ်ဖာတစ်အိတ်လျှင် ကျပ်(၉၁၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၉၉၀၀)ဖြင့်ရောင်းချခဲ့ကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များထံမှသိရှိရပါသည်။

   ဇူလိုင် တတိယပတ်နှင့် စတုတ္ထပတ်တွင် အရောင်းဝယ်ဖြစ်ခဲ့သော ဘိဘိလပ်မြေးနှုန်းများမှာ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၆၀၀)၊ အယ်လ်ဖာတစ်အိတ်လျှင် ကျပ်(၉၄၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၁၀၃၀၀)ဖြစ်ပြီး ဇူလိုင်လ(ဒုတိယပတ်)နှင့် (စတုတ္ထပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၃၀၀)ခန့်ဈေးနှုန်းမြင့်တက်နေကြောင်း၊ အရောင်းအဝယ်မှာလည်း မိမိတို့မြို့နယ်အပြင် အခြားမြို့နယ်များသို့လည်းတင်ပို့ရောင်းချနေကြောင်း ဘိလပ်မြေဆိုင်များနှင့် ကုန်းလမ်းပို့ဆောင်ရေးတို့မှသိရှိရပါသည်။

DOCA(မကွေး)

ဇူလိုင်လ(စတုတ္ထပတ်)၏ ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်သို့ ဇူလိုင်လ(စတုတ္ထပတ်) တွင် ဒေသတွင်းကြက်သွန်နီစိုက်ပျိုးရာကျေးရွာများနှင့် ချောက်၊ စလင်း၊ ပွင့်ဖြူဒေသများမှ ကြက်သွန်နီများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ တစ်ရက်လျှင် ကုန်ချိန်ပိဿာ (၁၅၀၀၀-၂၀၀၀၀)ထိဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ပတ်အတွင်း ကုန်ချိန် ပိဿာ(၂၅၀၀၀၀)ခန့်ဝင်ရောက်ကြောင်း၊ ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်မှုနည်းပြီး မြို့ပေါ်ရှိပွဲရုံများတွင်သာ အရောင်းအဝယ်ဖြစ်လျက်ရှိ‌ကြောင်း၊ ဝယ်လက်ပွဲစားများက ကျေးရွာများထိဆင်း၍ ဝယ်ယူသော်လည်း တောင်သူများက ရောင်းချမှုနည်းကြောင်းသိရှိရပါသည်။

       ဈေးနှုန်းအနေဖြင့် ဇူလိုင်လ(စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများမှာ ကြက်သွန်နီ ဂျွန်တစ်ပိဿာလျှင် ကုန်ပစ္စည်းအရည်အသွေးလိုက်၍ အမြင့်ဈေး ကျပ်(၁၈၀၀မှ ၁၄၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်ပြီး ပွဲရုံများက ဂျွန်ကြက်သွန်နီများကို အကြီးအသေးအလတ်ရွေးချယ်သန့်စင်ပြီးသော ကြက်သွန်နီတစ်ပိဿာလျှင် ထိပ်စ (ရှယ်) ကျပ် (၂၃၀၀)၊ လတ်ကြီး ကျပ်(၂၂၀၀-၂၁၀၀)၊ လတ်သန့် ကျပ်(၂၁၀၀-၂၀၀၀)၊ လတ်ချော ကျပ်(၁၆၀၀-၁၅၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ရှိကြောင်း၊ ယခင်ဇူလိုင်လ(တတိယပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၁၅၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုအပတ်တွင် ပြည်ပအဝယ်လိုက်၍ ဈေးနှုန်းအနည်းငယ်မြင့်တက်ကြောင်း၊ ပြည်တွင်းကြက်သွန်နီကို ပြည်ပနိုင်ငံများမှ အဝယ်လိုက်လာသော်လည်း နယ်မြေအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် အရောင်းအဝယ်အေးကြောင်း ဈေးကွက်မှသိရှိရပါသည်။

         ကုန်စည်စီးဆင်းမှုအနေဖြင့် ဆိပ်ဖြူဒေသတွင်းကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ပြည်၊ ပုသိမ်မြို့များအပြင် မြဝတီ၊ မော်လမြိုင်၊ မူဆယ်ဝယ်လက်များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်၊ တရုတ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် ကြက်သွန်နီပိဿာ (၃)သိန်း၊ တန်ချိန်အားဖြင့် (၄၉၀)တန်ခန့် ကုန်းလမ်းမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့တွင် စတုတ္ထအကြိမ်မြောက် ပြည်သူများအား ဈေးနှုန်းချိုသာစွာ ဆန်များရောင်းချပေးလျက်ရှိ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၉-၇-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပခုက္ကူကုန်သည်ပွဲစားအသင်းရုံး၌ စားသုံးသူပြည်သူများအား စတုတ္ထအကြိမ်မြောက် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဆန်ရောင်းချပေးမှုအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

  ဆန်များရောင်းချရာတွင် ဧည့်မထအုပ်စုဝင်ဖြစ်သော ရက်(၉၀)နှင့် ကိန္နရီဆန်အမျိုးအစားများကို လူတစ်ဦးလျှင် (၅)ပြည်နှုန်းဖြင့် လူဦးရေ(၃၀၇)ဦးအား ဆန်တစ်ပြည်လျှင် ကျပ်(၃၀၀၀)နှုန်း၊ အိတ်ရေ(၆၄)အိတ်အား နေ့လယ်(၁၃:၀၀)နာရီအချိန်မှ ညနေ(၁၇:၀၀)နာရီအချိန်ထိရောင်းချပေးကြောင်း၊ ဇူလိုင်လ (ပထမပတ်)မှစ၍ အပတ်စဉ် တနင်္လာနေ့တိုင်း ရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်ဈေးနှုန်းဆက်လက်ကျဆင်း၍ ကွမ်းသီးဈေးနှုန်းမြင့်တက်

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး၊ ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှ တိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတစ်ဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်းသိရသည်။

         မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီ/ လက်ကားရောင်းချသည့်ဆိုင် (၁၀)ဆိုင်ခန့်ရှိပြီး ကွမ်းစိမ်းနှင့်ကွမ်းရွက်ဝါ(၂)မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကို ပိုအစားများကြကြောင်း သိရှိရပါသည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(စတုတ္တပတ်)တွင် ကွမ်းရွက်ဝါ(၁) ပိဿာလျှင် ကွမ်းရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့် နေရာဒေသအလိုက် ကျပ်(၄၀၀၀-၆၀၀၀-၉၀၀၀)၊ ကွမ်းသီးခြမ်း(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ် (၈၀၀၀)၊ ကွမ်းစားထုံး(၁) လီတာ(၁)ဘူးလျှင် ကျပ် (၉၀၀-၁၀၀၀)၊ ကွမ်းစားနှပ်ဆေး (၁)ထုပ်လျှင် ကျပ်(၅၀၀-၆၀၀)၊ ဗမာဆေး(၁)ထုပ်လျှင် ကျပ်(၄၀၀-၅၀၀) စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

       အရောင်းအဝယ်အနေဖြင့် (၁)ရက်လျှင်ကွမ်းရွက်ပိဿာချိန် (၁၀)ပိဿာနှင့်အထက်ရောင်းချရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ (၅)ပိဿာမှ (၆)ပိဿာထိပုံမှန်ရောင်းချရကြောင်း၊ ကွမ်းရွက်ဈေးနှုန်းမှာ ကွမ်းရွက်ထွက်ရှိရာဒေသများတွင် ကွမ်းရွက်များလှိုင်လှိုင်ထွက်ပေါ်နေလျက်ရှိသောကြောင့် ကွမ်းရွက်ဈေးနှုန်းမှာ ဇူလိုင်လ (ပထမပတ်)ထက် ယခု(စတုတ္တပတ်)တွင် ကျပ်(၁၀၀၀) ဈေးဆက်လက်ကျဆင်းပြီး ကွမ်းသီးဈေးမှာ ထားဝယ်မြို့မှ သယ်ယူရသဖြင့် လမ်းခရီးအခက်အခဲများကြောင့် ကျပ်(၂၀၀၀)ဈေးမြင့်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အထက်မင်းလှ-သရက်ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင်ပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)

စလင်းမြို့နယ်ဒေသထွက် နွေနှမ်းများအား မန္တလေးမြို့သို့တင်ပို့လျက်ရှိ

       မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြေလတ်ဒေသတစ်ခုဖြစ်ပြီး အခြားတိုင်းဒေသကြီးများထက် ပဲ၊ နှမ်း၊ နေကြာနှင့်ဝါ စသောဆီထွက်သီးနှံများ အဓိကစိုက်ပျိုးထွက်ရှိရာဒေသတစ်ခုလည်းဖြစ်ပါသည်။

        မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဆင်ဖြူကျွန်းမြို့နှင့် ရွာမတော်၊ ပေါက်ရင်းကုန်း၊ မြောင်းကောက်၊ အရှေ့ကန်ပေါင်၊ ပျိုးခင်းကုန်း စသည့်ကျေးရွာများတွင် နွေနှမ်းစိုက်ဧကပေါင်း (၂၃၀၀၀)ဧကကျော်စိုက်ပျိုးထားရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ ဧပြီလတွင် နွေနှမ်းများစတင်စိုက်ပျိုးပြီး ဇွန်လလယ်တွင် စတင်ရိတ်သိမ်းလျက်ရှိကြောင်း၊ စိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် ကျပ်(၉၀၀၀၀၀)ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၁၅)တင်းခန့်ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဂျပန်နှမ်းဖြူ(၁)တင်းလျှင် ကျပ်(၁၃၅၀၀၀-၁၄၀၀၀၀)၊ နှမ်းနက်(စမုံ)(၁)တင်းလျှင် ကျပ်(၁၅၀၀၀၀-၁၅၅၀၀၀)ရရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ဂျပန်နှမ်းဖြူ(၁)ဧကလျှင် ကျပ် (၁၁၀၀၀၀)၊ နှမ်းနက်စမုံ(၁)ဧကလျှင် ကျပ်(၁၃၀၀၀၀)ခန့်ရရှိကြောင်း၊  ယခုနှစ်တွင် ရာသီဥတုသမမျှတသောကြောင့် နှမ်းစိုက်တောင်သူများအနေဖြင့် နှမ်းအထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိကြကြောင်း၊ ဈေးကွက်အနေဖြင့် စလင်းမြို့နယ်အတွင်း ထွက်ရှိသည့် ဂျပန်နှမ်းဖြူနှင့် နှမ်းနက်(စမုံ) များကို မန္တလေးမြို့သို့ တစ်ရက်လျှင် နှမ်း(၁၇)တန်၊ ပိဿာ(၁)သောင်းကျော်ပါဝင်သည့် (၁၂)ဘီး၊ ကား(၁၅)စီးခန့် နေ့စဉ်တင်ပို့လျက်ရှိပြီး ဇွန်လလယ်မှ ဇူလိုင်ကုန်အထိ ကားအစီးရေ(၇၀၀)ကျော်တင်ပို့ခဲ့ကြောင်း ဆင်ဖြူကျွန်းမြို့နေ ပွဲရုံပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့သို့ ဇူလိုင်လအတွင်း ဘိလပ်မြေဝင်ရောက်မှုအခြေအနေ

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော မြ၊ ပွင့်သာ၊ လမ်းသစ်၊ ပါရမီ၊ ရွှေဂန္ဓာ၊ ရွှေမြန်မာ၊ ဆန်းသစ်၊ စိန်ကျောက်ဆူးနှင့် ဆန်းရှိုင်း အစရှိသည့်ဆိုင်များတွင် သွပ်၊ သံ၊ အခြားပစ္စည်းများနှင့် ဘိလပ်မြေ၊ ထုံးများရောင်းချလျက်ရှိပါသည်။ ထိုဆိုင်များတွင် ဘိလပ်မြေများကို ဇူလိုင်လအတွင်း မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေအိတ်ရေ (၂၅၅၉၅)အိတ်နှင့် သာစည်မြို့နယ်ရှိ ပြည်ညောင်မှ ဘိလပ်မြေအိတ်ရေ(၁၄၅၁၅)၊ စုစုပေါင်းအိတ်ရေ၄၀၁၁၀)ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

        ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင်ဖြစ်ပေါ်ခဲ့သော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၇၀၀)၊ အယ်လ်ဖာတစ်အိတ်လျှင် ကျပ်(၉၄၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၉၄၀၀)ဖြင့်ရောင်းချခဲ့ကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များထံမှသိရှိရပါသည်။ ယခင်ဇွန်လနှင့်နှိုင်းယှဉ်ပါက ယခုဇူလိုင်လတွင် ကြံ့နှစ်ကောင်တစ်အိတ်လျှင် ကျပ်(၃၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး အပါချီတစ်အိတ်လျှင် ကျပ်(၁၀၀)ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ ယခုအချိန်သည် မိုးရာသီကာလဖြစ်၍ ဆောက်လုပ်ရေးပစ္စည်းများ အရောင်းအဝယ်အေးလျက်ရှိကြောင်းသိရပါသည်။   

DOCA(မကွေး)

မကွေးမြို့သို့ ရာသီပေါ် နဂါးမောက်သီးနှင့် မာလကာသီးများလှိုင်လှိုင်ဝင်ရောက်

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့သို့ ကျောက်ပန်းတောင်းဒေသထွက် ရာသီပေါ် နဂါးမောက်သီးနှင့် မာလကာသီးများ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်းသိရသည်။

       မကွေးမြို့ပေါ်ရှိ သစ်သီးဆိုင်များသို့ နဂါးမောက်သီး(ဖြူ၊ နီ) တစ်ကီလိုလျှင် ကျပ်(၁၈၀၀)ဖြင့်မှာယူ၍ တစ်ရက်လျှင် ကီလို(၁၅၀)ခန့်ဝင်ရောက်လျက်ရှိပြီး လက်လီဈေးနှုန်းတစ်ကီလိုလျှင် ကျပ် (၂၆၀၀)ဖြင့်ပြန်လည်ရောင်းချကြောင်း၊ လုံးကောက်အနေဖြင့် အလုံးအကြီး၊ အသေးပေါ်မူတည်၍ တစ်လုံးလျှင် ကျပ်(၁၀၀၀-၁၅၀၀)ဖြင့်ရောင်းချကြောင်း၊ မာလကာသီးတစ်ပိဿာလျှင် ကျပ် (၁၈၀၀)ဖြင့်မှာယူ၍ တစ်ရက်လျှင် ပိဿာချိန် (၆၀၀)ခန့်ဝင်ရောက်လျက်ရှိပြီး တစ်ပိဿာလျှင် ကျပ်(၂၅၀၀)ဖြင့်ပြန်လည်ရောင်းချကြောင်း၊ လုံးကောက်အနေဖြင့် အလုံး အကြီး၊ အသေးပေါ်မူတည်၍ တစ်လုံးလျှင် ကျပ် (၄၀၀-၅၀၀-၈၀၀)ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ကျောက်ပန်းတောင်းမြို့မှ မကွေးမြို့သို့ သယ်ယူခနှုန်းထားအနေဖြင့် ကီလို(၄၀)ပါ နဂါးမောက်သီးခြင်းတစ်ခြင်းလျှင် ကျပ်(၃၀၀၀)ဖြင့်လည်းကောင်း၊ ပိဿာ(၃၀)ပါ မာလကာသီးတစ်အိတ်လျှင် တန်ဆာခ ကျပ် (၃၀၀၀)ပေးရကြောင်းသိရသည်။

        မာလကာသီးမှာ တစ်နှစ်ပတ်လုံးထွက်ရှိပြီး ယခင်လများတွင် တစ်လုံးလျှင် ကျပ် (၈၀၀-၁၀၀၀-၁၅၀၀)ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဇူလိုင်လတွင် မာလကာသီးလှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ဈေးနှုန်းကျဆင်းရခြင်းဖြစ်ကြောင်း မကွေးမြို့ပေါ်ရှိ "သိန်းသန်းကျော်"သစ်သီးမျိုးစုံအရောင်းဆိုင်မှသိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း