ဈေးကွက်ဝင်ကျောက်ဖရုံသီး
ကျောက်ဖရုံသီးသည် ကျန်းမာရေးအတွက် တန်ဖိုးရှိသောအသီးအနှံဖြစ်ပါသည်။ အထူးသဖြင့် ဆီးနှင့်ကျောက်ကပ်အတွက် အလွန်ကောင်းမွန်ပါသည်။ အရွက်၊ အညွှန့်၊ အသီး သုံးမျိုးလုံး စားလို့ကောင်းသော အသီးဖြစ်ပါသည်။ ဟင်းချက်၍ စားသုံးကြသလို ကျောက်ဖရုံသီးရင့်ရင့်ကို နှစ်ချို့အဖြစ်ထားရှိပြီး ကျောက်ဖရုံသီးကို သကြားဖြင့်ယိုထိုးပြီး စားသုံးကြသည့်အတွက် ကျောက်ဖရုံယိုထုတ်လုပ်သူလုပ်ငန်းရှင်များမှလည်း ဝယ်ယူကြကြောင်း သိရပါသည်။ ကျောက်ဖရုံပင်ကို စင်ထိုး၍ စီးပွားဖြစ် စိုက်ပျိုးနိုင်သည့်အပြင် နေရာဒေသမရွေး အလေ့ကျပေါက်သော အပင်တစ်မျိုးလည်းဖြစ်ပါသည်။ ပြည်ဈေး ကွက်တွင် ကျောက်ဖရုံသီးများကို ပြည်ဒေသအနီးတဝိုက်ကျေးရွာများ၊ သဲကုန်းမြို့နယ်ရှိ ပုတီးကုန်း၊ ဝက်ပုတ်နှင့် ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ တင်ပို့ရောင်းချကြပါသည်။ ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ သဲကုန်းမြို့နယ်များမှ တစ်ဆင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးများသို့ တင်ပို့ရောင်းချကြပါသည်။ ကျောက်ဖရုံသီး တစ်လုံးလျှင် (၁၃၀၀-၁၂၀၀-၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ ကျောက်ဖရုံယို တစ်ပိဿာလျှင် (၇၀၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
DOCA(ပဲခူး)