Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်နွေစပါးဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် နွေစပါးစိုက်ဧက (၃၀၇၃၀) စိုက်ပျိုးရိတ်သိမ်းပြီးဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၈၀.၂)တင်း ထွက်ရှိကြောင်း သိရပါသည်။ ယခင်နှစ်နွေစပါးပေါ်စအချိန်တွင် စပါးဈေးမှာ (၄၆)ပေါင် တင်း(၁၀၀) လျှင် (၈၂၀၀၀၀) ကျပ် ၊ ဆန်တစ်အိတ်လျှင် (၂၉၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုနှစ် တွင် နွေစပါးပေါ်စအချိန် ဈေးမှာ(၄၆)ပေါင် တင်း(၁၀၀)ဈေးမှာ (၁၄၇၀၀၀၀)ကျပ် နှင့် ဆန်တစ်အိတ်လျှင် (၅၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုဇွန်လနောက်ဆုံးပတ်တွင် နွေစပါး တင်း (၁၀၀)လျှင် (၁၄၀၀၀၀၀)ကျပ်၊ ဆန်တစ်အိတ်လျှင် (၅၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုလိုနွေစပါးဈေးကျဆင်းလာရခြင်းမှာ နွေစပါးလှိုင်လှိုင်ပေါ်လာခြင်း၊ ပြည်ပဝယ်လိုအားနည်းခြင်း၊ ရန်ကုန် Expoter ဝယ်လက်များများမှ ဝယ်လိုအားနည်းခြင်း တို့ကြောင့် စပါးဈေးများဆက်လက်ကျဆင်းနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အရောင်းသွက်နေသော ငါးဖယ်အောင်း (ခေါ် ) ငါးဖမ်းမငါးပိကောင်

    ငါးဖယ်အောင်(ခေါ်) ငါးဖမ်းမငါးများသည် ငါးသိုင်းမျိုးတွင်ပါဝင်ပြီး ငါးအလတ်စားမျိုး ဖြစ်ပါသည်။ ထိုငါးများကို ဆားဖြင့်နယ်ပြီး ငါးဆားနယ်(ခေါ်) ငါးပိကောင်ပြုလုပ်၍ ရောင်းချကြပါသည်။ ငါးဖမ်းမ(ခေါ်) ငါးဖယ်အောင်းငါးကို လူကြိုက်များသဖြင့် ကြော်၍လည်းကောင်း၊ ချက်၍လည်းကောင်း၊ ကင်၍လည်းကောင်း စားသုံးကြပါသည်။ ပြည်မြို့ရှိဈေးများတွင် ငါးဖမ်းမ ငါးပိကောင်များကို ရောင်းချလျက်ရှိရာ  တစ်ပိဿာလျှင် (၁၃၀၀၀-၁၄၀၀၀)ကျပ်ဖြင့် ရောင်းချသလို အကောင်ချောပါက တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ချင်းဈေးကွက်

   ပြည်မြို့ရှိ ချင်းပွဲရုံများသို့ ရှမ်းပြည်နယ် ၊အောင်ပန်းဘက်မှ ချင်းများနေ့စဉ် ဝင်ရောက်လျက်ရှိရာ တစ်နေ့လျှင် တစ်အိတ် ပိဿာ(၃၀)ဝင်အိတ်ဖြင့် အိတ်ပေါင်း (၁၀၀/၁၅၀)ခန့် ဝင်ရောက်မှုများပြားကြောင်း၊ မိုးဦးကာကလဖြစ်၍ အရောင်းအဝယ်အေးကာ ပြည်မြို့နယ်အတွင်းရှိ လက်လီဝယ်သူများနှင့် လုပ်ငန်းရှင်များကလည်း ဝယ်လိုအားနည်းသွားသဖြင့် ချင်းဈေးများမှာ ယခင်ဇွန်လ ဒုတိယပတ်ထက်စာလျှင် ဈေးများကျဆင်းလာကြောင်း၊ ချင်းများဝင်ရောက်မှုများလာပြီး လက်ကျန်များနေသည့်အတွက် ချင်းဈေးများမှာ တစ်ပိဿာလျှင် (၁၂၀၀၀-၁၅၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ် အထိဈေးမြင့်ခဲ့ပြီး ယခုတစ်ပတ်တွင် ပွဲရုံဈေး (၁)ပိဿာလျှင် လက်ကားဈေး(၆၀၀၀)ကျပ်၊ လက်လီဈေး (၈၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ဒေသထွက်အစားအစာ သခွားသီးဈေးကွက်

   သခွားသီးကို အင်္ဂလိပ်လို Cucumber ဟုခေါ်ပါသည်။ သခွားပင်သည် နွယ်ပင်အမျိုးအစားတွင်ပါဝင်၍ မိုးသခွားနှင့် ဆောင်းသခွားဟူ၍ (၂)မျိုးရှိပါသည်။ မိုးသခွားပင်မျိုးမှာ အပူဒဏ်ခံနိုင်ပြီး ကိုင်းထွက်ရန်လွယ်ကူပါသည်။ ဆောင်းသခွားပင်မှာ အအေးဒဏ်ကို ခံနိုင်ရည်ရှိပါသည်။  အသီး များမှာ ပင်မကိုင်းမှထွက်လာပြီး ပုံသဏ္ဌာန်မှာ တုတ်တိုတိုရှိပါသည်။ သခွားသီးများသည် အစိမ်းစားအသီးနှင့် အမှည့်စားအသီးဟူ၍ (၂)မျိုးရှိပါသည်။ သခွားပင်များကို စိုက်ပျိုးရာတွင် ဘောင်စနစ်ဖြင့် စိုက်ပျိုးကြပြီး ဘောင်ပေါ်တွင် တစ်တန်းနှင့်တစ်တန်းတစ်ပေခွာပြီး အစေ့များအား တစ်ကျင်းလျှင် (၃/၄)စေ့ ထည့်ပြီး စိုက်ပျိုးရပါသည်။ အပင်လေးများစတင်ထွက်ပေါ်လာပြီးနောက် အပင်ငယ်လေးများကို စင်ပေါ်သို့ တက်နိုင်ရန်အတွက် ဝါးခြမ်းလေးများ ထောင်ပေးရပါသည်။ သခွားပင်များအား မိုးတွင်းကာလတွင် ရေလောင်းပေးရန်မလိုအပ်သော်လည်း ဆောင်းတွင်းကာလတွင် ရေ တစ်နေ့လျှင် (၂)ကြိမ် ရေလောင်းပေးရပါသည်။

    သခွားသီးများကို သခွားပင်စတင်စိုက်ပျိုးသည့်အချိန်မှ စတင်ပြီး (၄၅)ရက်ကြာလျှင် အသီးများ စတင်ခူးဆွတ်နိုင်ပါသည်။ သခွားသီး၏အရွယ်အစားမှာ ရှည်မျှောမျှောအသီး၊ လုံးလုံးပုပုအသီးများရှိပါသည်။ သခွားသီးအလုံးသေးအနုလေးများကို ငပိရည်ကျိုဖြင့်လည်းကောင်း၊ ငံပြာရည်ချက်တို့ဖြင့် အတို့အမြှုပ်အဖြစ်စားသုံးကြသလို သခွားသီးအလုံးအကြီး အရင့်အမှည့်များအား အစိမ်းသုတ်၍ စားသုံးကြပါသည်။ သခွားသီးတွင် ရေဓါတ်များစွာပါဝင်သဖြင့် ရေငတ်ပြေစေသည့်အပြင် မကြာခဏစားသောက်ပေးခြင်းဖြင့် အသားအရေစိုပြေပြီး အရေပြားအတွက်လည်း ကောင်းမွန်စေပါသည်။ သခွားပင်များအား အပူပိုင်းဒေသများနှင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ပြည်မြို့နယ်အနေဖြင့် ကျေးလက်ဒေသများတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး ဈေးကွက်အတွင်းသို့ တင်ပို့ရာတွင် ကုန်စိမ်းဒိုင်များသို့ ရက်ပတ်အလိုက် ခူးပြီးပေးပို့သလို ရန်ကုန်မြို့ ရှိ သီရိမင်္ဂလာဈေးအတွင်းသို့လည်း ပွဲစားများမှတစ်ဆင့် ပေးပို့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်စားတော်ပဲ ဈေးကွက်မှာ ဈေးအမြင့်ဆုံးဖြစ်ခဲ့

   ပြည်ပဲမျိုးစုံဈေးကွက်မှာ နေ့စဉ်လက်လီသမားများဖြင့် အရောင်းအဝယ်သွက်သော ပဲသီးနှံမှာ ကျွန်မတို့ နံနက်ခင်းစာမှာ နေ့စဉ်လိုလို ပါဝင်နေသော စားတော်ပဲသီးနှံပဲဖြစ်ပါသည်။ စားတော်ပဲသီးနှံဟာဆိုလျှင် ပဲဈေးကွက်အတွင်း နှစ်စဉ်လိုလို ဈေးကောင်းဝင်သီးနှံအဖြစ်ရှိနေပြီး ပြည်ပဝယ်လက်အဓိကဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ သီးနှံများထက်ပင် ဈေးကောင်း ရလျက်ရှိခဲ့ကြပါသည်။ ဒါကြောင့် ယခင်နှစ်ကကာလတူအချိန်ဈေးမှာ တစ်တင်း ၁၀၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်မှာတော့ ပိဿာ  ၂၀ တစ်တင်း  ၁၄၅၀၀၀ ကျပ်အထိ ဈေး မြင့်တက်လာ၍ ပဲဈေးကွက်အတွင်း စံချိန်တင်မြင့်တက်လျက် ဈေးအမြင့်ဆုံးရခဲ့ပါသည်။ ပဲဈေးနှုန်း သိသိသာသာ မြင့်တက်လာသလို စားတော်ပဲပြုတ်မှာ တစ်ဆယ်သားလျှင် ၆၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ငရုတ်သီးစိမ်း(စပ်သီး) ဈေးနှုန်းများမြင့်တက်

   ပြည်ဈေးကွက်အတွင်း ရောင်းချနေသော ငရုတ်သီးစိမ်းအမျိုးအစားများမှာ ကျောက်စိမ်းငရုတ်သီး ၊ ငရုတ်သီး(စပ်သီး) ပင်နံငရုတ်သီး စသည့်အမျိုးအစားများဖြစ်ပြီး ပြည်မြို့ပေါ် စည်ပင်သာယာဈေးများသို့ ပြည်ဒေသတစ်ဝိုက်မြို့နယ်များဖြစ်သော ပေါင်းတလည်၊ ဝက်ထီးကန်၊ ဇီးအုပ်၊ နတ်တလင်းနှင့် ပြည်ခရိုင်အတွင်းမြို့နယ်များဖြစ်သော ပေါက်ခေါင်းမြို့နယ်၊ သဲကုန်း မြို့နယ် (ပုတီးကုန်း၊ အင်းမ၊ ဝက်ပုတ်၊ ဆင်မြီးဆွဲ)စတဲ့နယ်များမှ ကျောက်စိမ်းသီးနှင့် စပ်သီး ငရုတ်သီးများ အများအပြားဝင်ရောက်မှုရှိပြီး ပင်နံငရုတ်သီးမှာ အနည်းငယ်သာဝင်ရောက်မှုရှိ၍ ပင်နံငရုတ်သီးအနေဖြင့် ရန်ကုန်ဘက်မှ ပြန်လည်စီးဝင်မှုရှိကာ အချို့စပ်သီးအမျိုးအစားများမှာ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့ဘက်မှ တိုင်းကျော်စီးဝင်မှုရှိနေကြောင်းလည်း သိရပါသည်။

   ကျောက်စိမ်းသီးဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၂၈၀၀-၃၀၀၀)ခန့်ရှိပြီး ပင်နံသီးမှာ ကျပ် (၂၂၀၀၀-၂၃၀၀၀)ခန့်ရှိသည့်အတွက် ကျောက်စိမ်းသီးနှင့် ပင်နံသီးဈေးနှုန်းမှာ ဇွန်လဆန်း မှစ၍ ယခုဈေးနှုန်းအတိုင်း မပြောင်းလဲဘဲ ဈေးငြိမ်နေပါသည်။ ငရုတ်သီးစိမ်း (စပ်သီး) အမျိုးအစားမှာတော့ တစ်ပိဿာလျှင် ကျပ်(၈၀၀၀)နှုန်းရှိပြီး ယခင်မေလကုန်တွင် ကျပ်(၆၀၀၀-၇၀၀၀)နှုန်းရှိခဲ့သဖြင့် ယခုဇွန်လကုန်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပျမ်းမျှကျပ်(၁၃၀၀)ခန့် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ပုသိမ်မြို့တွင် အခြေခံစားသောက်ကုန်များကို ပြင်ပပေါက်‌ဈေးထက် ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ

 ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍ သက်ဆိုင်ရာဌာနများဖြစ်သော မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆားလုပ်ငန်းဦးစီးဌာန၊   ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းကာ ၂၀၂၃ခုနှစ်၊ ဇွန်လ ၁၉၊ ၂၀၊၂၁ ရက်နေ့များတွင် ထွေ/အုပ်ရုံးနှင့် မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံး (၁၅) ရုံး၌ ကြက်ဥ (၄) လုံးလျှင် (၁၀၀ဝိ/-) ကျပ်နှုန်းဖြင့် အလုံးရေ (၃၄၀၀) လုံး၊ ဆား (၁) ပိဿာလျှင် (၃၀ဝိ/-) ကျပ်နှုန်းဖြင့် ဆားပိဿာချိန် (၅၅၀) ပိဿာ၊ ငါးတန်ငါး (၁) ပိဿာလျှင် (၃၃၅ဝိ/-) ကျပ်နှုန်းဖြင့် (၃၇) ပိဿာ၊ ပုစွန်(၁) ပိဿာလျှင် (၃၅၀ဝိ/-) ကျပ်နှုန်းဖြင့် (၁၅) ပိဿာ၊ စားအုန်းဆီ (၁) ပိဿာလျှင် (၄၂၀ဝိ/-) ကျပ်နှုန်းဖြင့် စားအုန်းဆီ (၁၇၀ဝ) ပိဿာရောင်းချပေးခဲ့ကြောင်းသိရပါသည်။     

      ရပ်ကွက်နေပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရန် ဇွန်လ ၂၃၊ ၂၄၊ ၂၅၊ ၂၈၊ ၂၉၊ ရက်နေ့များတွင် အမှတ် (၁) ရပ်ကွက်၌ (၂) ကြိမ်၊ အမှတ် (၁၅) ရပ်ကွက်၌ (၃) ကြိမ်၊ လူတစ်ဦးလျှင် ဆန် (၁) ပြည် ၂၅၀ဝိ/-ကျပ်နှုန်းဖြင့် ဆန် (၁၀) အိတ်၊ ကြက်ဥ (၄) လုံးလျှင် ၁၀၀ဝိ/-ကျပ်နှုန်းဖြင့် ကြက်ဥအလုံး ၁၀၀၀လုံး၊ စားအုန်းဆီ (၅၀) ကျပ်သားလျှင် ၂၂၀ဝိ/-ကျပ်နှုန်းဖြင့် စားအုန်းဆီ (၁) ပေပါရောင်းချပေးခဲ့ပြီး ကျန်ရှိနေသောရပ်ကွက်များတွင်လည်း တစ်ပတ်လျှင် (၃) ကြိမ် ဈေးကားများဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်၊၊

DOCA(ဧရာဝတီ)

ပြည်ပဲနီပြားဈေးနှုန်း ဆက်လက်မြင့်တက်လာခဲ့

    ပဲခူးတိုင်းဒေသကြီး၊ပြည်ပဲမျိုးစုံဈေးကွက်မှာ  ပြည်ပဝယ်လက်ပဲအချို့ ဈေးလျော့ကျသွားသော်လည်း ပြည်တွင်းစားသုံးမှုများသော ပြည်တွင်းဝယ်လက်သမားများ အဓိကဝယ်ယူသော ပဲများမှာ ဈေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။ အဆိုပါပဲများထဲမှ ပဲနီပြားသီးနှံသည် ယခုနှစ်မှာ ဈေးကောင်းဝင်ပဲသီးနှံထဲပါဝင်နေပြီး ယခုလအတွင်း ပိဿာ (၂၀)တစ်တင်း ကျပ် ၈ သောင်းကျော်အထိ ရရှိခဲ့ပါသည်။ ဇွန်လလယ်တွင် တစ်တင်း ၈၂၀၀၀ ကျပ်ဈေးဖြင့် ရောင်းဝယ်ခဲ့ရာမှ ယခုတစ်ပတ်မှာတော့ တစ်တင်း ကျပ် ၅ ထောင်ကျော်မြင့်တက်လာသည့်အတွက် တစ်တင်း ၈၇၀၀၀ ကျပ်ထိ ဈေးကောင်းရလျက်ရှိပါသည်။ ယခင်နှစ်က ဇွန်လအတွင်း ပဲနီပြားတစ်တင်း ကျပ် ၅ သောင်းကျော်သာ ရရှိခဲ့သော်လည်း  ယခုနှစ်တွင် ပဲသီးနှံအားလုံးလိုလို ဈေးမြင့်တက်ခဲ့သည့်အတွက် ပဲနီပြားသီးနှံကလည်း ဈေးမြင့်တက်ခဲ့ကာ ယခုကာလမှာ လက်ကားဝယ်ယူမှုထက် လက်လီသမားများ ပိုအရောင်းဝယ်ဖြစ်တာကြောင့် တစ်ရက် အိတ် ၂၀ ကျော် ၃၀ ခန့် ရောင်းဝယ်ခဲ့ကြရကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ပြည်ဒေသထွက် ကြက်သွန်နီများ လက်ကျန်နည်း

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်ဈေးကွက်အတွင်းတွင် ပြည်မြို့အနီး ပတ်ဝန်းကျင်ဒေသများဖြစ်သော မှော်ဇာ၊ တောင်လုံးညို၊ ဆင်မြီးဆွဲစတဲ့ ကျေးရွာများတွင် စိုက်ပျိုးလျက်ရှိသည့် ကြက်သွန်နီများအနေဖြင့် မတ်လတတိယပတ်မှစ၍ ထွက်ရှိလာခဲ့သည့်အတွက် ယခုဇွန်လကုန်တွင် ဈေးကွက်အတွင်းလက်ကျန်နည်းလာကာ အရည်အသွေးမှာလည်း အနည်းငယ်ကျဆင်းလာပြီး ဒေသထွက်ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဖြင့် မြို့ပေါ်ဈေးများတွင် လူကိုယ်တိုင် တိုက်ရိုက်ရောင်းချ၍သော်လည်းကောင်း၊ Online မှတစ်ဆင့် ရောင်းချ၍သော်လည်းကောင်း ရောင်းဝယ်မှုရှိနေကြောင်း သိရပါသည်။

     ပြည်ဈေးကွက်အတွင်း ဒေသထွက်ကြက်သွန်နီအပြင် ယခုတစ်ပတ်တွင် မကွေးတိုင်း (သရက်မြို့နယ်၊ ပခုက္ကူမြို့နယ်)တို့မှ ကြက်သွန်နီများ ပိဿာချိန် (၂၂၀၀၀)ခန့် ရက်ခြားအဝင်ရှိနေပြီး ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများ၊ သာယာဝတီခရိုင်နှင့် ပန်းတောင်း(ဥသျှစ်ပင်)၊ တိုင်းကျော်စီးဆင်းမှုအဖြစ် ဧရာဝတီ(ကြံခင်း)နှင့် ရခိုင် (တောင်ကုတ်) ဈေးကွက်များထိ ရောင်းဝယ်မှုရှိနေကြောင်း သိရပါသည်။ ရောင်းဝယ်မှုမှာ ပုံမှန် ရှိနေပြီး ဈေးနှုန်းမှာ ပွဲရုံလက်ကားဈေး(ဂျွန်) တစ်ပိဿာလျှင် ကျပ် (၁၉၅၀-၂၀၀၀)ခန့်ရှိ၍ မြို့ပေါ်ဈေးအသေးများတွင် ကြီး/လတ်/သေး ခွဲခြားရောင်းချလျက်ရှိသဖြင့် တစ်ပိဿာလျှင် (ကြီး)ကျပ် (၂၂၀၀)၊ (လတ်ချော)ကျပ် (၂၄၀၀)နှင့် (အသေး) (၂၂၀၀-၂၃၀၀)ကျပ်တို့ဖြင့် ရောင်းချမှုရှိသဖြင့် အလေအလွင့်နည်းပါးပြီး သုံးစွဲရာတွင် အနေတော်ဖြစ်သည့် စားသုံးသူအကြိုက် ကြက်သွန်နီ (အလတ်စ)မှာ ဈေးကွက်အတွင်း ဈေးပိုမိုရရှိလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပျဉ်းတော်သိမ်ပင်၏ အကျိုးကျေးဇူးနှင့် အသုံးဝင်ပုံများ

     ပျဉ်းတော်သိမ်ပင်သည် အလေ့ကျပေါက်ရောက်သော သဘာဝပေါက်ပင်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအောက်ပိုင်း နေရာအများအပြားတွင် တွေ့နိုင်ပါသည်။ အချို့နေရာများတွင် အလေ့ကျမဟုတ်ဘဲ အသီးကိုပျိုး၍ စိုက်ပျိုးနိုင်ပြီး တစ်နှစ်ပတ်လုံးဖြစ်ထွန်းသော အပင်မျိုးဖြစ်ပါသည်။ ပျဉ်းတော်သိမ်အပင်ဖြစ်ပေါ်လာပုံမှာ ရှေးမြန်မာဘုရင်များလက်ထက်က မင်းညီမင်းသားများ အရက်သောက်ပြီး အသည်းကျွမ်း၍ ရေဖျဉ်းရောဂါစွဲကပ်သည့်အခါ နန်းတွင်းသမားတော်များက ပျဉ်းတော်သိမ်နှင့်ကုသကြပါသည်။ ကုသရင်း ဖျဉ်းတော်သိမ်သွားရာမှ ကာလရွေ့လျား၍ ပျဉ်တော်သိမ်ဟု နာမည်တွင်ကျန်ခဲ့သည်ဟု လေ့လာသိရှိရပါသည်။

   ပျဉ်းတော်သိမ်ပင်တွင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေသော ဗီတာမင်- A,C,B1,B2 ၊ထုံးဓါတ်၊ သံဓါတ်၊ ကစီဓါတ်၊ အမျှင်ဓါတ်၊ အသားဓါတ်များစွာပါဝင်ပြီး ပါဝင်သောဓါတ်တိုးတားဆီးမှု (Antioxidant) သတ္တိဖြင့် ကင်ဆာရောဂါနှင့်နှလုံးရောဂါတို့ကို တာဆီးပေးနိုင်သည့်အပြင် မှတ်ဉာဏ်ကိုပါကောင်းမွန်စေကြောင်း လေ့လာသိရှိရပါသည်။ ထို့အပြင် ပျဉ်းတော်သိမ်ပင်တွင် အမိုင်နိုအက်ဆစ်များစွာလည်း ပါဝင်သည့်အတွက် အစားအသောက်များအား မွှေးကြိုင်သောရနံ့ဖြစ်စေပြီး ရောဂါအမျိုးမျိုးကို ကုသပေးနိုင်ပါသည်။ ခံတွင်းပျက်ခြင်းအတွက် ပျဉ်းတော်သိမ်ရွက် အနည်းငယ်ကို ချင်း၊ ကြက်သွန်ဖြူ၊ မန်ကျည်းမှည့်၊ ငရုတ်သီးနှင့် ဆားအနည်းငယ်စီရောကြိတ်၍ အနှစ်ကို ထမင်းဖြူနှင့်စားသုံးပါက ခံတွင်းပြန်လည်ကောင်းမွန်လာနိုင်ပြီး အစားစားချင်စိတ်မရှိခြင်း၊ အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ ကလေးများ ဆာလောင်မှုမရှိပါကလည်း ခံတွင်းကောင်းအောင် လှုံဆော်သည့်အစာအဖြစ် အရွက်သတ္တုရည်၊ ထမင်းစားဇွန်း(၂)ဇွန်းတွင် သံပုရာရည်(သို့) ပျားရည်အနည်းငယ်ဖြင့်ရော၍တိုက်ပါက ပျောက်ကင်းလာနိုင် ကြောင်း လေ့လာသိရှိရပါသည်။

    ဆီးချို၊ သွေးချိုရောဂါအတွက် နေ့စဉ်နံနက် အိပ်ယာထချိန် အစာမစားမီ ပျဉ်းတော်သိမ်ရွက် (၁၀)ရွက်ကို (၃)လတိတိစားလျှင် ထိုရောဂါများထိန်းချုပ်နိုင်ပြီး နေ့စဉ်မှီဝဲနေရသည့် ဆေးပမာဏကိုလည်း ထက်ဝက်ကျော်လျော့ချနိုင်ပါသည်။ ဆီးချိုကြောင့်ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်ဝဖြိုးခြင်း၊ သွေးထဲတွင်လွန်ကဲစွာရှိနေသော ကိုလက်စထရောများကိုလျော့ချပေးနိုင်ပါသည်။ ထိုပြင်ကျန်းမာရေးအတွက်သာမက အလှအပရေးရာကိစ္စများတွင်လည်း ပျဉ်းတော်သိမ်ပင်သည် အမျိုးသမီးတွေတန်ဖိုးထားမြတ်နိုးရသော ဆံနွယ်၏ လှပမှုအတွက် အသုံးဝင်ပြီး ဆံပင်ပါးခြင်း၊ ဆံပင်ဖြူခြင်း၊ ဆံသားပျက်စီးခြင်းများနှင့် ဆံနွယ်များနက်မှောင်သန်စွမ်းစေခြင်းနှင့် ဆံပင်ဖြူခြင်းအတွက် ပျဉ်းတော်သိမ်ရွက်ကိုကြိတ်၍ ထွက်သောအရည်ကို အုန်းဆီနှင့်ရောကာ မီးအေးအေးနှင့်ကျိုချက်ပြီး အအေးခံထားပြီးလျှင် နေ့စဉ်လိမ်းပေးပါက ဆံပင်ဖြူခြင်းကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာသိရှိရပါသည်။

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ မြို့နယ်အားလုံးတွင် သီးစုံပဲကုလားဟင်းတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်းကောင်း၊ ဆိတ်သားဟင်းတွင် အညှီနံ့ပျောက်စေရန်အတွက် ပျဉ်းတော်သိမ်ရွက်ကို ဆီသတ်၍ချက်ပြုတ်ခြင်းဖြင့်လည်းကောင်း၊ ဗယာကြော်ထဲတွင် ပျဉ်တော်သိမ်ရွက်ကို ကတ်ကြီးဖြင့်ညှပ်၍ မွှေးကြိုင်စေရန်ထည့်၍ကြော်လှော်၍လည်းကောင်း အသုံးပြုကြပြီး အလေ့ကျခူး၍သော်လည်းကောင်း၊ ဈေးကွက်ထဲတွင် ဝယ်၍သော်လည်းကောင်း အသုံးပြုကြပါသည်။ ပြည်မြို့ပေါ်ရှိဈေးများတွင် ပျဉ်းတော်သိမ်တစ်စည်းလျှင် (၁၀၀-၂၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း