Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆီနေကြာများ စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

    ကချင်ပြည်နယ်အတွင်း ဆီနေကြာများစိုက်ပျိုးရာတွင် ပြည်နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီနှင့်  ခရိုင်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီမှ ဆီနေကြာစိုက်တောင်သူများအား ဆီနေကြာ မျိုးစေ့၊ သွင်းအားစုများ ပံ့ပိုးကူညီပေးလျက်ရှိသလို စိုက်ပျိုးနည်းပညာများလည်း ဖြန့်ဝေပေးလျက် ရှိပါသည်။ ကချင်ပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆီနေကြာစိုက်ဧက ၁၁၅၃၅ ဧကရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဆီနေကြာစိုက်ဧက ၁၂၆၈၂ ဧကအထိ တိုးချဲ့စိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန၏ စာရင်းအရ သိရှိရပါသည်။

    ဆီနေကြာစိုက်ပျိုးရာ၌ စပါးရိတ်သိမ်းပြီး လယ်ယာမြေများတွင် စိုက်ပျိုးခဲ့ကြောင်း၊ တစ်ဧက ကုန်ကျစရိတ်မှာကျပ် ၆၉၀၀၀ဝိ/- ခန့်ကုန်ကျခဲ့ပြီး ယခုနှစ်တွင်ဆီနေကြာတစ်ဧကလျှင် ၁၆.၇၀ တင်း ထွက်ရှိကြောင်းသိရှိရပါသည်။ ဒေသတွင်းစိုက်ပျိုးထွက်ရှိသောဆီနေကြာများကိုစိုက်ပျိုးတောင်သူများ အနေဖြင့် စားသုံးဆီဖူလုံရန် နေကြာဆီအဖြစ် ကြိတ်ခွဲကြပြီး ဆီနေကြာ ၃ တင်းလျှင် နေကြာဆီ ၁၀ ပိဿာခန့်ထွက်ရှိ‌ကြောင်း၊ နေကြာဆီ ၁ ပိဿာလျှင် လက်ရှိပေါက်ဈေး ၁၄၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဆီလုပ်ငန်းရှင်များကလည်း ဆီနေကြာ ၁ တင်းလျှင် ၄၆၀၀၀ ကျပ် ဖြင့် ဝယ်ယူလျက်ရှိကြောင်း၊ နေကြာစိုက်တောင်သူများအနေဖြင့် စားသုံးဆီဖူလုံရေးနှင့် အပိုဝင်ငွေများရရှိသောကြောင့် နောင်နှစ်များတွင် ပိုမိုစိုက်ပျိုးသွားမည်ဟု နေကြာစိုက်တောင်သူထံမှ သိရပါသည်။

DOCA(ကချင်)

ကရင်ပြည်နယ်ဘားအံမြို့တွင် ဒေသထွက် သရက်သီးမှည့်များ အရောင်းအဝယ်သွက်

    ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဒေသတွင်းမျိုးရင်း သရက်သီးများဖြစ်သော ရင်ကွဲ၊ မချစ်စု၊ မနွယ်နွယ် စသည့်သရက်သီးများ လှိုင်လှိုင်ပေါ်၍ မချစ်စု သရက်သီးတစ်လုံးလျှင် အကြီး၁၀၀၀ကျပ်၊ အလတ် ၈၀၀ ကျပ်၊ ရင်ခွဲသီး အကြီးတစ်လုံးလျှင် ၃၅၀ ကျပ်၊ အလတ် ၂၅၀ ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိကြောင်းနှင့် ယခုနှစ်တွင် လမ်းခရီးအခြေအနေများကြောင့် ပြည်တွင်းအခြားဒေသထွက် စိန်တလုံးနှင့် အခြားသရက်သီးများ ဈေးကွက်ဝင်ရောက်မှု လျော့နည်း ခဲ့ပြီး စိန်တလုံးတစ်လုံးလျှင် အကြီး ၁၈၀၀ ကျပ်၊ အလတ် ၁၂၀၀ ကျပ်ထိ ဈေးနှုန်း ဖြစ်ပေါ်ခဲ့သောကြောင့် စားသုံးသူများအနေဖြင့် ဈေးနှုန်းသက်သာသော ဒေသမျိုးရင်း သရက်သီးများအား ဝယ်ယူမှုများ၍ ဈေးကွက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

အခြေခံစားကုန် ငါးခြောက် ဈေးနှုန်း/ဈေးကွက်အခြေအနေ

     စားသုံးသူရေးရာဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးသည် အခြေခံစားကုန်စျေးနှုန်း ၊ စျေးကွက်အခြေအနေများအား နေ့စဉ်စာရင်းကောက်ယူလျက်ရှိရာ ဘားအံမြို့ရေပေါ်စျေးတွင် (၃.၆.၂၀၂၄) မှ (၉.၆.၂၀၂၄) ထိ ဖြစ်ပေါ်လျက်ရှိသော ငါးခြောက်မျိုးစုံစျေးနှုန်းများမှာ အာပြဲခြောက်နေလှန်း တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ အာပြဲခြောက် ကျပ်တင် ၁၄၀၀၀ ကျပ်၊ အလတ်စ ၁၃၀၀၀ ကျပ်၊ အောက်စ ၁၂၀၀၀ ကျပ်၊ ငါးမြှီးတန် တစ်ပိဿာ နေလှန်း ၁၈၀၀၀ ကျပ်၊ ကျပ်တင် ၁၆၀၀၀ ကျပ်၊ ငါးနီတူ တစ်ပိဿာ၁၈၀၀၀ ကျပ်ဖြင့် အရောင်းအ၀ယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     စျေးနှုန်းစုံစမ်းချက်အရ ယမန်နှစ်များနှင့်နှိုင်ယှဉ်ပါက ငါးခြောက်တစ်ပိဿာလျှင် သုံးဆခန့် စျေးတက်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

မွန်ပြည်နယ်ဒေသထွက် စုံပဒက်သီးများ အရောင်းသွက်နေ

      စုံပဒက်သီးသည် မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီကမ်းရိုးတန်းတလျှောက် မြိတ်၊ ထားဝယ်နှင့် မွန်ပြည်နယ်တို့တွင် ပေါများစွာ ထွက်ရှိသော အသီးတစ်မျိုးဖြစ်သည်။

      မွန်ပြည်နယ်မှထွက်ရှိသည့် စုံပဒက်သီးများသည် ဒေသမျိုးများဖြစ်၍ အသီး၏ အပြင်ပုံသဏ္ဍာန်အမွှာအရောင်မှာ ပိန္နဲသီးနှင့်ဆင်တူပြီး အသီးအရွယ်အစားမှာ အလုံးကြီး၍ အလုံးရှည်အသီးမျိုးဖြစ်သည်။ အနံ့အလွန်မွှေးပြီး ဒူးရင်းသီးအနံ့နှင့် ဆင်တူသော အသီးတစ်မျိုးဖြစ်သည်။

     စုံပဒက်သီးသည် မိုးရာသီတွင် ထွက်ရှိပြီး ဇွန်၊ ဇူလိုင်လများတွင် လှိုင်လှိုင်ထွက်ရှိသည်။ ယခုဇွန်လတွင် မော်လမြိုင်သစ်သီးဆိုင်တန်းများ၌ စုံပဒက်သီးများမှာ တစ်လုံးလျှင် ကျပ် ၆၀၀၀ မှ ကျပ် ၁၀၀၀၀ ထိရရှိကြောင်း သိရသည်။ မွန်ပြည်နယ်ထွက် စုံပဒက်သီးများကို ပဲခူး၊ ရန်ကုန်၊ နေပြည်တော်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သစ်သီးဝလံရောင်းချသူများထံ သိရသည်။

DOCA(မွန်)

 

ဘီးလင်းမြို့နယ်တွင် ကြက်မောက်သီးများ လှိုင်လှိုင်ထွက်ရှိပြီး ဈေးကောင်းရကာ ကြက်မောက်ခြံစိုက်ပျိုးသူများ အဆင်ပြေ

    ဘီးလင်းမြို့နယ်၏ ကာလရှည်သီးနှံတစ်မျိုးဖြစ်သည့် ရာသီပေါ် ကြက်မောက်သီးများ ထွက်ရှိကာ ယခင်နှစ်များထက် ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။ ဘီးလင်းမြို့နယ် ဆင်စုကျေးရွာ၊ ကျောက်ရေတွင်းကျေးရွာတို့တွင် ကြက်မောက်ပင်များကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်။ ကြက်မောက်ပင်များကို စိုက်ပျိုးပြီး (၃) နှစ်ခန့်အကြာတွင် စတင် အသီးသီး၍ ခူးယူရရှိနိုင်ပြီး အခြားနှစ်ရှည်ပင်များထက် စိုက်ပျိုးစရိတ် အကုန်အကျ သက်သာပြီး အကြမ်းခံသော သီးနှံပင်မျိုးဖြစ်သောကြောင့် စိုက်ပျိုးရန်သင့်တော်ကြောင်း ဆင်စုကျေးရွာနေ ကြက်မောက်ပင်စိုက်တောင်သူတစ်ဦးကပြောသည်။ ကြက်မောက်ပင် တစ်ပင်လျှင် အသီး (၁၀၀၀) ခန့် ခူးဆွတ်ရရှိပြီး တစ်လုံးလျှင် ၁၅၀ ကျပ်မှ ၂၀၀ ကျပ်အထိ ရရှိကာ မြို့ပေါ်ဈေးနှင့် ရန်ကုန်သို့ တင်ပို့ရောင်းချကြောင်း သိရသည်။

DOCA(မွန်)

တောင်ငူမြို့တွင် ရာသီပေါ်အင်ဥ လူကြိုက်များ၍ ရောင်းအားကောင်း

     တောင်ငူမြို့တွင် မိုးဦးကျကာလတွင် ပေါ်သော အင်ဥများကို လူကြိုက်များ၍ ရောင်းအားကောင်းပါသည်။ အင်ဥများကိုလှီး၍ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့နှင့် ကြော်ပြီး ထမင်းပူပူလေးနှင့် စားရသည်မှာ ထမင်းမြိန်လှပါသည်။

      အင်ဥဆိုသည်မှာ မိုးဦးကျကာလ မိုးရွာလိုက် နေပူလိုက်ဖြစ်နေချိန်တွင် အင်ရွက်အဆွေး များမှပေါက်သော မှိုတစ်မျိုးဖြစ်ပါသည်။ ပရိုတိန်းဓါတ်ကြွယ်ဝသော ကိုယ်ခံအားကောင်းစေသကဲ့သို့ ကြွက်သားများကိုလည်း သန်မာစေပါသည်။

      ၂၀၂၄ခုနှစ် ဇွန်လဒုတိယအပတ်တွင် တောင်ငူမြို့ ညောင်ပင်လေးဈေးတွင် အင်ဥနို့ဆီတစ်ဘူးလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ် အထိ၊ တစ်ပြည်လျှင် ၁၂၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်အထိ ရောင်းရကြောင်းနှင့် ရာသီပေါ်ဖြစ်သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း အင်ဥရောင်းချသူများထံမှ သိရပါသည်။

DOCA(ပဲခူး)

 

“ တစ်ပတ်အတွင်း စားအုန်းဆီထုတ်ပေးမှုအခြေအနေ ” ( ၃-၆-၂၀၂၄) ရက်နေ့မှ (၈-၆-၂၀၂၄ ) ရက်နေ့အထိ

     ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များရှိ ကိုယ်စားလှယ်များအား စားအုန်းဆီ နေ့စဉ်ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည်ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေးနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးတို့အတွက် ဝန်ထမ်းများက ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၃-၆-၂၀၂၄)ရက်နေ့မှ (၁၁-၆-၂၀၂၄)ရက်နေ့အထိ ဆီကုမ္ပဏီ (၁၈)ခုနှင့် စားအုန်းဆီတန်ချိန် (၁၇၆၄၆)တန်ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

       ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၃-၆-၂၀၂၄) ရက်နေ့မှ (၉-၆-၂၀၂၄) ရက်နေ့ထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ၊ ဝါးခယ်မ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ပေါ်ဆန်းမွှေး (၅၂၅၇၀) အိတ်၊ ပေါ်ကျွဲ (၅၉၆၀) အိတ်၊ ဧည့်မထ (၁၁၃၇၉၀) အိတ်၊ ဆန်ကွဲ (၂၆၄၈၀) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း(အရှေ့)မြို့နယ်များဖြစ်သော ကျောက်တံခါး၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၆၂၈၄) အိတ်နှင့် ပဲခူးတိုင်း(အနောက်) မြို့နယ်များဖြစ်သော သာယာဝတီ၊ သုံးဆယ်၊ ကြို့ပင်ကောက်မြို့နယ်များမှ ဧည့်မထ (၂၅၇၂၅) အိတ်၊ ငစိန် (၁၅၅၅) အိတ်နှင့် ရန်ကုန်တိုင်း ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ်ကုန်း၊ ပျော်ဘွယ်၊ တိုက်ကြီး၊ ဥက္ကံမြို့နယ်များမှ ဧည့်မထ (၂၂၀၁၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန်အခြေအနေများကို အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀)ရုံအားမေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီနေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ ဇွန်လ (၄) ရက်နေ့မှ ဇွန်လ (၁၀) ရက်နေ့အထိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ မင်းဘူးဒေသတို့မှ ကြက်သွန်နီ (၈၃၄၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀)ရာခိုင်နှုန်းခန့်ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၃၃၃၆၀၀) ပိသာကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၇၅၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၁၅၀၊ အကြီးမှာ ကျပ်၂၁၅၀၊ ရှယ်မှာ ကျပ်၂၂၅၀၊  မြင်းခြံကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၇၅၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၀၅၀၊ အကြီးမှာ ကျပ်၂၀၅၀၊ ရှယ်မှာ ကျပ်၂၂၀၀၊ မုံရွာကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၇၅၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၁၅၀၊ အကြီးမှာ ကျပ်၂၁၅၀၊ ရှယ်မှာ ကျပ်၂၂၀၀၊ မင်းဘူးကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၆၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၀၀၀၊ အကြီးမှာ ကျပ်၂၀၀၀၊ ရှယ်မှာ ကျပ်၂၂၀၀ စသည်ဖြင့် ဈေးနှုန်းအသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁၃.၆.၂၀၂၄ )

၁၃.၆.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း