Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြသလ္လာဈေးတွင် ရောင်းချနေသော ဘူးသီး၊ ဘူးရွက်နှင့် သခွားသီး ဈေးနှုန်း/ဈေးကွက်

ဘူးသီးပင်သည် မြန်မာနိုင်ငံ အပူပိုင်းနှင့်သမပိုင်းရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်း သော ဟင်းသီးဟင်းရွက်အပင်မျိုးဖြစ်ပြီး နွယ်ပင်အမျိုးအစာဖြစ်ပါသည်။ ဘူးသီးပင်မှ ဘူးသီး များအပြင် ဘူးရွက်များလည်း စားသုံးနိုင်ကြပါသည်။ ဘူးပင်သည် အိမ်တိုင်းနီးပါ စိုက်ပျိုး လေ့ရှိရာ စိုက်ပျိုးရလွယ်ကူပြီး အာဟာရဓာတ် ကြွယ်ဝသော အသီးအနှံဖြစ်သောကြောင့် နေ့စဉ်စားသင့်ကြောင်း သိရှိရသည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတတိယပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးကွက်တွင် ဘူးသီး တစ်လုံးလျှင် (၈၀၀-၉၀၀-၁၀၀၀) ကျပ် ပေါက်ဈေးများရှိပြီး အသီးလတ်ဆက်မှုနှင့် အရွယ် အစားအကြီး၊ အသေး ပေါ်တွင်မူ၍ ဈေးနှုန်းများကွာခြားလျက်ရှိပြီး ဘူးရွက်တစ်စည်းလျှင် (၂၀၀)ကျပ်၊ (၃)စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချပါကြောင်း ယခုအခါ သခွားသီး များကိုလည် မိမိတို့ယာမြေစည်းရိုးများတွင်လည်းကောင်း အိမ်ဝန်း များတွင် လည်းကောင်း၊  တနိုင်တပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိပါကြောင်း သခွားသီးကို ခြစ်၍ ပဲမှုန့်၊ မြေပဲဆံ၊ ဆီချက်တို့ဖြင့် သုပ်စား၍သော်လည်းကောင်း၊ ငံပြာရည်၊ ငါးပိရည်ချက်တို့နှင့် အတို့အမြုပ်ဖြင့်လည်းကောင်း၊ အသားနှင့်ချက်စား၍သော်လည်းကောင်း အမျိုးမျိုးပြုလုပ်၍ စားသုံးပါကြောင်း၊ သခွားသီးဈေးနှုန်းအနေဖြင့် အသေးတစ်လုံးလျှင်(၃၀၀)ကျပ်၊ အကြီး တစ်လုံးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရသည်။

Doca(စစ်ကိုင်း)

စားသုံးဆီနှင့်စားဖိုဆောင်သီးနှံဈေးနှုန်း

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၈)ရက်နေ့တွင် ဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းနှင့်စာဖိုဆောင် သီးနှံဈေးနှုန်းများမှာ မြေပဲဆီ (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ နေကြာဆီ (၁)ပိဿာလျှင် (၂၀၀၀၀) ကျပ် နှင့် စားအုန်းဆီ (၁)ပိဿာလျှင်(၆၇၀၀) ကျပ် တို့ဖြစ်ပြီး စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းများမှာ ကြက် သွန်နီ (၁)ပိဿာလျှင်(၁၈၀၀)ကျပ်၊ ကြက်သွန်ဖြူ (၁)ပိဿာလျှင်(၇၅၀၀)ကျပ်၊ မြေပဲဆန် (၁)ပိဿာ လျှင်(၁၀၀၀၀)ကျပ်၊ ဂျင်း (၁)ပိဿာ လျှင်(၄၀၀၀) ကျပ်၊ အိုင်အိုဒင်းဆား (၁)ထုပ်လျှင် (၁၀၀၀) ကျပ်၊ အာလူး (၁)ပိဿာ လျှင်(၅၀၀၀)ကျပ်၊ ကုလားပဲခြမ်း (၁)ပိဿာလျှင်(၇၀၀၀)ကျပ်၊ ပဲနီလေး (၁)ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ ငရုတ်သီး (အရှည်) (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငရုတ်သီး အပု (၁) ပိဿာလျှင်(၄၀၀၀၀) ကျပ်၊ ပန်းဂေါ်ဖီ (၁)ပွင့်လျှင် (၂၅၀၀)ကျပ်၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် (၃၀၀၀) ကျပ်၊ ပဲတောင်းရှည် (၁)စည်းလျှင် (၈၀၀)ကျပ်၊ ဂေါ်ဖီ ထုပ် (၁)ထုပ်လျှင် (၁၅၀၀)ကျပ်၊ ကန်စွန်းရွက် (၁)စည်းလျှင် (၃၀၀)ကျပ်ခန့် တို့ရှိပါကြောင်း စားဖိုဆောင် သီးနှံ ရောင်းချသူများထံမှ သိရှိရ ပါသည်။

            ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် ဂေါ်ဖီ ထုပ် (၁)ထုပ်လျှင် (၃၀၀)ကျပ်၊ ပဲနီလေး (၁)ပိဿာလျှင်(၁၀၀၀)ကျပ် စီဖြင့် ဈေးနှုန်းမြင့်တက်သွားကြောင်းနှင့် ပန်းဂေါ်ဖီ (၁)ပွင့်လျှင် (၂၅၀၀)ကျပ်၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် (၃၀၀၀) ကျပ်နှင့် ငရုတ်သီး အပု (၁) ပိဿာလျှင်(၅၀၀၀) ကျပ် စီဖြင့် ဈေးနှုန်းကျဆင်းသွားပြီး ကျန်စားဖိုဆောင်သီးနှံဈေးနှုန်းများ တည်ငြိမ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ကယား)

မန်ကျည်းပင်ဈေးရှိ ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီး ဈေးနှုန်း

မုံရွာမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ မန်ကျည်းပင်ဈေးအတွင်းသို့ ရာသီစာ အသီး အရွက်များအပြင် ဗုံလုံးသီးများ လာရောက်ရောင်းချကြပါသည်။ ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး များကို ပုစွန်ဖြင့် အစာသွပ်၍လည်းကောင်း၊ ကြက်ဥဖြင့်ရောမွှေ၍ ကြောက်ချက်၍ သော်လည်းကောင်း၊ ဝက်သားဖြင့် ရောက်ချက်၍လည်းကောင်း စားသုံးနိုင်ကြပါသည်။ မုံရွာမြို့၊ မန်ကျည်းပင်ဈေးတွင်  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော  ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီး ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီး တစ်တောင့်လျှင် (၁၂၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ် တစ်တောင့်လျှင် (၁၀၀၀)ကျပ်၊ နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေး တစ်တောင့်လျှင်(၈၀၀)ကျပ် ဖြစ်ပြီး ဇူလိုင်လ တတိယပတ်တွင် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီး တစ်တောင့်လျှင် (၁၀၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ် တစ်တောင့် လျှင်(၈၀၀)ကျပ်၊ နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေး တစ်တောင့်လျှင် (၆၀၀)ကျပ် ဖြစ်ပြီး ဈေးနှုန်း အနည်းငယ်ကျဆင်းနေ ကြောင်း သိရှိရပါသည်။

Doca(စစ်ကိုင်း)

အနည်းငယ်မြင့်တက်လာသော စက်သုံးဆီဈေးနှုန်းများ

      ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ပြန်လည်ဖွင့်လှစ် ရောင်းချနေကြပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်နေ့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း များမှာ Octane(92) တစ်လီတာလျှင် (၃၈၂၅/-)ကျပ်၊ Octane(95)တစ်လီတာလျှင် (၃၈၈၀/-)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၅၅၀/-) ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် (၄၁၉၅/-)ကျပ်၊ ဖြင့်ရောင်းချနေကြောင်း သိရပါသည်။

    ယခင်တစ်ပတ်ဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၃၈၂၀/-)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၈၇၅/-)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၄၉၅/-) ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် (၄၁၃၀/-)ကျပ်ဖြင့် ရောင်းချခဲ့ကြပြီး ဈေးနှုန်းများနှိုင်းယှဉ်ကြည့်လျှင် Octane(92) တစ်လီတာလျှင် (၅/-)ကျပ်၊ Octane ( 95 )တစ်လီတာလျှင်( ၅/- )ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ လျှင်(၅/-)ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် (၆၅/-)ကျပ်စီဖြင့် ဈေးနှုန်းများအနည်းငယ် မြင့်တက်လျက်ရှိပါကြောင်း စက်သုံးဆီရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ကယား)

 

ပုသိမ်မြို့နယ် မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ကွမ်းသီးအစိမ်းအလုံးရေ အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

     ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ် မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း၌ ကွမ်းသီးအစိမ်းအလုံးရေ (၅၈၀၀၀၀)အထိ တင်ပို့နိုင်ခဲ့သော်လည်း ဇူလိုင်လ အတွင်း ကွမ်းသီး အစိမ်း အလုံးရေ (၈၅၀၀၀၀) အထိ တင်ပို့နိုင်ခဲ့ကြောင်း ကွမ်းသီးရောင်းဝယ်ရေး ပွဲရုံပိုင် ရှင် များထံမှ သိရှိရပါတယ်။ ၊ ပုသိမ်မြို့ဒေသထွက်ကွမ်းသီးအစိမ်းအများအပြားကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ ရောင်းချနေရပြီး ကွမ်းသီးအစိမ်း အလုံးရေ(၁၀၀) လျှင် ငွေကျပ်(၁၃၀၀၀) အထိ ပေါက်ဈေး ရှိနေ ကြောင်း သိရှိရပါတယ်။

DOCA (ဧရာဝတီ)

မြစ်ကြီးနားကြက်မောက်သီးများလှိုင်လှိုင်ထွက်ရှိပြီး ဈေးကောင်းရရှိ

 Rambutan ဟုအမည်ရှိသော ကြက်မောက်သီးပင်သည် Sapindaceae မျိုးနွယ်ပင်ဖြစ်ပြီး အပူပိုင်းဒေသတွင် ကောင်းစွာဖြစ်ထွန်း၍ စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သည်။အပင်၏ ပုံစံက Christmas သစ်ပင်နှင့်ဆင်တူပြီး အရွက်အညာမှ အပြွတ်လိုက်၊အခိုင်လိုက်အသီးသီးလေ့ရှိသည်။ ကြက်မောက်သီး၏ ပုံသဏ္ဍာမှာ အတန်ငယ်လုံးဝန်းသော ကြက်ဥပုံဖြစ်၍  အမွှေးရှည်လေးများ ဖုံးအုပ်ထားသော ကြက်မောက်သီးအခွံသည် ရင်မှည့်ပါက အနီရောင်ရှိပါသည်။ မြန်မာပြည်တွင် ကြက်မောက်သီးကို သရေစာအဖြစ်သာ အစားများလေ့ရှိသည်။ကြက်မောက်သီးယိုသီးစုံဒိုဖိနိုသံဘူး စသည်ဖြင့်လည်း စားသုံးနိုင်သည်။ မြန်မာပြည်ရေမြေရာသီဥတုပေါ်မူတည်၍ ကြက်မောက်ပင်သည် စိုက်ပျိုးပြီးနောက်ခြောက်နှစ်ခန့်အကြာ အသီးစတင်သီးပြီး နှစ်ပေါင်း ၅၀ အထိ သက်တမ်းရှည်လျားပြီး တစ်နှစ်ထက်တစ်နှစ် အသီးပိုသီးလေ့ရှိသည်။အများအားဖြင့် အသီးထွက်ရှိချိန်မှာ မေနှင့်ဇွန်လတို့ ဖြစ်သည်။ကြက်မောက်သီးမျိုးများကို အသားနှင့်အစေ့ကိုခွာ၍ ရရှိနိုင်မှုပေါ်မူတည်ပြီး အကြမ်းအားဖြင့် အစေ့ကြွပ်ကပ်နှင့်အစေ့မကပ်မျိုးဟူ၍ ခွဲခြားထားပါသည်။ရာသီစာသီးနှံဖြစ်သောကြောင့် ယခုလို မိုးရာသီတွင်သာရရှိနိုင်သည့် ဆေးဖက်ဝင်ကြက်မောက်သီးများကို ကျန်းမာရေးလိုက်စားသူတိုင်း ဝယ်ယူ စားသောက်ကြပါသည်။
  ကြက်မောက်သီးမှာ ကာဗိုဟိုက်ဒရီတ်၊ အမျှင်ဓာတ်၊ အဆီဓာတ်၊ ပရိုတင်း၊ Thiamine( ဗီတာမင် B1) Riboflavin  ( ဗီတာမင် B2) Niacin ( ဗီတာမင် B3)( ဗီတာမင် B6)၊ ဗီတာမင် C၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်၊ ဇင့် စတဲ့အာဟာရဓာတ် တွေပါဝင် တာကြောင့် ကြက်မောက်သီး ကို စားသုံးခြင်းအားဖြင့် ကိုယ်ခံအား ကောင်းစေခြင်း၊ နှလုံးကျန်းမာခြင်း၊ ကြွက်တက်တာ သက်သာစေခြင်း၊ ဝမ်းချုပ်တာသက်သာစေခြင်း၊ အရိုးတွေသန်မာစေခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်တာ(UTI) ကို သက်သာစေခြင်း၊ သွေးအားနည်း ရောဂါမဖြစ်အောင် ကာကွယ် ပေးခြင်းစသည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများစွာရသော သီးနှံတစ်မျိုးဖြစ်ပါသည်။ ကြက်မောက်သီးမှည့် သည် စပျစ်သီးထက်အရည်ရွမ်းပြီး လိုက်ချီးသီးအရသာ နှင့်လည်း ဆင်ဆင်တူသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနား ပတ်ဝန်ကျင်တစ်ဝိုက်တွင် ကြက်မောက်ပင်ကိုခြံမြေများတွင် လည်းကောင်း၊ အိမ်ခြံဝန်းများအတွင်း စိုက်ပျိုးလေ့ရှိပြီး ကြက်မောက်သီးပေါ်ချိန်မှာ ဇွန်လ တတိယပတ်တွင် စတင်ထွက်လေ့ရှိပြီး ဇူလိုင်လအတွင်း လှိုင်လှိုင်ပေါ်၍ ဩဂုတ်လတွင် ထွက်ရှိမှု နည်းပါးလေ့ရှိပါသည်။ယခုဇူလိုင်လတွင် မြစ်ကြီးနား ကြက်မောက်သီး လှိုင်လှိုင်ထွက်ပေါ်နေပြီးဖြစ်၍ ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ယခုနှစ်တွင် ရာသီးဥတုအပူချိန်ကြောင့် ယခင်နှစ်ထက် အထွက်နှုန်းလျော့နည်းနေသော်လည်း ဈေးကွက်အတွင်း၌ ဈေးကောင်းရရှိလျက်ရှိကြောင်း ကြက်မောက်သီး စိုက်ပျိုးသူတစ်ဦးက ပြောပြပါသည်။မြစ်ကြီးနားကြက်မောက်သီးကို သီးနှံဝယ်ယူသူများ အနေဖြင့် အပင်ပြတ်ဝယ်ယူကြပြီး အပင်ရှိအသီးအရေအတွက်ပေါ်မူတည်၍ အစေ့ကြွပ်ကပ်မျိုးကို ၁၅၀၀၀၀ိ/- ကျပ်မှ ၂၀၀၀၀၀ိ/- ကျပ် အထိ၊ အစေ့မကပ်မျိုးကို ၂၅၀၀၀၀ိ/- ကျပ်မှ ၃၀၀၀၀၀ိ/-ကျပ် အထိဖြင့်ရောင်းအဝယ်ဖြစ်နေကြောင်းနှင့်လက်လီဈေးကွက်တွင် အလုံး ၅၀ ပါ အတွဲတစ်ခုလျှင် အစေ့ကြွပ်ကပ် မျိုးကို ၄၀၀၀ိ/- ကျပ်၊ အစေ့မကပ်မျိုး ၅၀၀၀ိ/- ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကြက်မောက်သီး ကုန်သည်ထံမှ သိရပါသည်။လက်လီရောင်းချရာတွင် ကြက်မောက်သီး အလုံး ၅၀ ပါ တစ်တွဲ ၅၅၀၀ိ/- ကျပ်ဖြင့် အရောင်းအဝယ်သွက်နေကြောင်းနှင့်ဒေသတွင်ဈေးများ၊ သစ်သီးဆိုင်များ တွင် လက်လီ ရောင်းချလျက်ရှိသကဲ့သို့ ယခင်က မန္တလေးဈေးကွက်ထံသို့ တင်ပို့ခဲ့သော်လည်း ယခုနှစ်တွင် တင်ပို့နိုင်ခြင်း မရှိကြောင်း၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ တနိုင်းမြို့ တို့ တင်ပို့နေကြောင်း သိရပါသည်။
 ဒေသခံစိုက်ပျိုးရေးလုပ်ငန်းဖြင့်သော အသက်မွေးလမ်းကြောင်း ပြုလုပ်သူများအနေဖြင့် ဒေသထွက်ကုန်ဖြစ်သည့် ဝယ်လိုအားကောင်းပြီး ဝင်ငွေများများရနိုင်သည့် ကြက်မောက်ပင်များကို စနစ်တကျ စီးပွားဖြစ်စိုက်ပျိုးသင့်ပါကြောင်း တင်ပြလိုက်သည်။

DOCA( ကချင်)

 

သက်သာသော ဈေးနှုန်းဖြင့် ၊ ဘဲဥများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ရောင်းချပေးလျှက်ရှိ

    (၁၅.၇.၂၀၂၅)ရက်နေ့တွင် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးတို့ ကြီးကြပ် ပါဝင်ကြပြီး တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများအား သက်သာ သော ဈေးနှုန်းဖြင့်ရောင်းချပေးကြောင်းသိရပါသည်။

ထို့အပြင်ဘဲဥအလုံး (၅၀၀)ကို ဝန်ထမ်းတစ်ဦး လျင်(၁၀)လုံး တစ်လုံးလျှင် ၄၀၀/-ကျပ်ဖြင့်ချိုသာသောစျေးနှုန်းများဖြင့် ခြံစျေးအတိုင်း ရောင်းချပေးလျက်ရှိပါသည်။

DOCA (ဧရာဝတီ)

 

ပုသိမ်မြို့နယ်တွင် ဒေသထွက်ခဝဲသီးများ အရောင်းအဝယ်သွက်နေ

    ယခုအချိန်သည် ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ်တွင် ဒေသထွက် သီးနှံ နှင့် ကုန်စိမ်း များဖြစ်ထွန်းသည့် ရာသီဖြစ်သည့်အလျောက် ဇူလိုင်လအတွင်း၌တစ်ရက်လျှက် ဒေသထွက် ခဝဲသီးတောင့် (၄၀၀၀၀) မှ (၄၅၀၀၀) အထိ ဝယ်ယူမှုအားကောင်းလာကြောင်း ကုန်စိမ်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များထံမှသိရှိရပါတယ်။ ပုသိမ်မြို့ဒေသထွက် ခဝဲသီးများသည် အရည်အသွေးကောင်းပြီး သန့်ရှင်းလတ်ဆက်သည့်အတွက် ဒေသအတွင်း သာမက ရန်ကုန်ဈေးကွက်များအထိ အဝယ် လိုက်နေခြင်းဖြစ်ပြီး ခဝဲသီးတောင့်  (၁၀၀) လျှင် ငွေကျပ်(၂၅၀၀၀) အထိ  ပေါက်ဈေးရှိနေကြောင်း သိရှိရပါ တယ်။

DOCA (ဧရာဝတီ)

ခရမ်းကြွပ်သီး (မိုး) စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များရရှိနေ

  ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို  လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ ဖြစ်ထွန်းအောင်မြင်လျက်ရှိရာ ခရမ်းကြွပ်သီးကို မိသားစု တစ်ပိုင်တစ်နိုင် စီးပွားဖြစ် စိုက်ပျိုးကြပါသည်။ ခရမ်းကြွပ်သီးကို ဧပြီလတွင် စတင်စိုက်ပျိုးကြပြီး မျိုးအနေဖြင့် အပင်တစ်ရာလျှင် (၂၀၀၀)ကျပ်နှုန်း ရှိကြောင်း၊ အပင်စိုက်ပျိုးပြီး (၂)လအကြာတွင် စတင်ခူးဆွတ်ရကြောင်း၊ ခရမ်းကြွပ်သီး .၂၅ ဧက စိုက်ပျိုးမည် ဆိုပါက (မျိုး၊ မြေပြင်ခ၊ ပိုးသတ်ဆေး၊ အပင်အားဆေး၊ အလုပ်သမားခ) အပါအဝင် စုစုပေါင်း ကုန်ကျစရိတ် (၃၈၀၀၀၀)ကျပ် ကုန်ကျပါကြောင်း၊ အသီးလှိုင်လှိုင် ထွက်ရှိချိန်တွင် (၃)ရက်ခြားတစ်ကြိမ်၊ အသီးပေါ်ဦးစနှင့် အသီးအထွက်နှုန်းနဲ ချိန်တို့တွင် (၅-၇)ရက် ခြား တစ်ကြိမ် ခူးဆွတ်ရပြီး အသီး ခူးဆွတ်ကာလ (၅)လခန့်ကြာ  ခူးဆွတ်ရကြောင်း သိရှိရပါသည်။  အသီးတစ်လုံးလျှင် (၁၀-၂၀)ကျပ်နှုန်း ရောင်းချရပါကြောင်းနှင့် .၂၅ဧက တွင် အလုံးရေ (၅၀၀၀၀)ခန့် ထွက်ရှိပါကြောင်း၊ အကျိုးအမြတ်အနေဖြင့် .၂၅ဧက  (၄၀၀၀၀၀)ကျပ်ခန့် ရရှိပါကြောင်း ထွက်ရှိ လာသော ခရမ်းကြွပ်သီးများကို နတ်တလင်းမြို့ ပေါ်ရှိ ကုန်စိမ်းဒိုင်များတွင် ရောင်းချပါကြောင်းနှင့် ကုန်စိမ်းဒိုင်များမှတဆင့် ရန်ကုန်မြို့သို့ တင်ပို့ကြောင်း သိရှိရပါသည်။ ခရမ်းသီးကြွပ်သီး စိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာ၍ အကျိုးအမြတ် ရရှိသောကြောင့် နှစ်စဉ် ရာသီချိန်တွင် စိုက်ပျိုးလျက် ရှိကြောင်းလည်း ခရမ်းကြွပ်သီးစိုက်ပျိုး တောင်သူထံမှ သိရ ပါသည်။

DOCA(ပဲခူး)

ပုသိမ်မြို့ မှ ကြက်ဟင်းခါးသီးများအရောင်းအဝယ်သွက်နေ

      ယခုအချိန်သည် ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ်တွင် ဒေသထွက် သီးနှံ နှင့် ကုန်စိမ်း များဖြစ်ထွန်းသည့် ရာသီဖြစ်သည့်အလျောက် မတ်လအတွင်း၌တစ်ရက်လျှက် ဒေသထွက် ကြက်ဟင်း ခါးသီး (၄၅၀၀၀) မှ (၅၅၀၀၀) အထိ ဝယ်ယူမှုအားကောင်းလာကြောင်း ကုန်စိမ်း ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များထံမှသိရှိရပါတယ်။ ပုသိမ်ဒေသထွက် ကြက်ဟင်းခါးသီးများသည် အရည်အသွေး ကောင်းပြီး သန့်ရှင်းလတ်ဆက်သည့်အတွက် ဒေသအတွင်းသာမက ရန်ကုန်ဈေးကွက်များ အထိ အဝယ်လိုက် နေခြင်းဖြစ်ပြီး ကြက်ဟင်းခါးသီး အလုံးရေ(၁၀၀)လျှင် ငွေကျပ်(၁၉၅၀၀)အထိပေါက် ဈေးရှိနေ ကြောင်း သိရှိရပါ တယ်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း