Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၀၂၄ခုနှစ် ဇွန်လ ပထမပတ်၏သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

       ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းဒေသတွင် ယခုအပတ်၏ ပြောင်းသီးနှံမှာ ၁၁၅၀ကျပ်နှင့် ၁၂၀၀ကျပ်ဖြစ်၍ အဆွဲအနည်းငယ်သွက်လာပါသည်။ ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး၁- ၁၀၀၀၀ကျပ်၊ ထူး၂- ၁၀၅၀၀ကျပ်၊ ထူး၃- ၁၁၀၀၀ကျပ်၊ ထူး၄- ၁၁၅၀၀ကျပ်၊ ထူး၅- ၁၂၀၀၀ကျပ်၊ ထူးလွန်- ၁၂၅၀၀ကျပ်နှင့် ဥတစ်လုံးအကြီးဆိုဒ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်အထိဈေးပေါက်နေပြီး ဈေးကောင်းရသဖြင့် တောင်သူအရောင်းသွက်ကာ ဈေးနှုန်းမြင့်တက်လာပါသည်။

        အာလူးသီးနှံမှာ မျက်နီ S2- ၃၀၀၀ကျပ်၊ S1- ၂၈၀၀ကျပ်၊ OK- ၂၆၀၀ကျပ်၊ ဆွဲသီး ၂၀၀၀ကျပ်၊ ဂေါ်လီဆိုဒ်မှာ ၁၂၀၀ကျပ်ဖြစ်ပြီး မားကီးနှင့် နယ်သာလန်မျိုးတို့တွင် S2- ၃၅၀၀ကျပ်နှင့် S1- ၃၄၀၀ကျပ်ပေါက်ဈေးရှိပြီး ဝယ်ယူမှုများနေသည့်အတွက် ဈေးနှုန်းမြင့်တက်လာပါသည်။

        ချင်းသီးနှံမှာ အခက်ကြီးအသန့်တစ်ပိဿာလျှင် ၈၅၀၀ကျပ်၊ အလတ်စမှာ ၇၅၀၀ကျပ်ဖြင့် ဈေးငြိမ်လျက်ရှိပြီး ဥမပေါ်ချိန်ရောက်တော့မည်ဖြစ်၍ လက်ကျန်ပါးလာကြောင်း လေ့လာသိရှိရပါသည်။

       ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ (၃၀၀၀-၃၂၀၀) ကျပ်၊ ပန်းမုံလာ (၁၈၀၀-၂၀၀၀) ကျပ်၊ ခရမ်းချဉ်ဂွတ်ရှယ်သီး ၃၈၀၀ကျပ်၊ အသေးဆုံးသီး ၃၂၀၀ကျပ်၊ ဘိုစားပဲ ၄၅၀၀ကျပ်၊ ဥနီ (၁၈၀၀-၂၀၀၀) ကျပ်၊ ဖရုံသီး ၉၀၀ကျပ်၊ ရွှေပဲ (၂၀၀၀၀-၂၅၀၀၀) ကျပ်၊ ငြုပ်ပွ (၁၅၀၀-၂၀၀၀) ကျပ်၊ ခရမ်းသီး ၂၅၀၀ကျပ်၊ မုန်ညှင်း (၁၅၀၀-၁၇၀၀) ကျပ်ဈေးပေါက်နေကြပြီး ခရမ်းချဉ်သီးနှံမှာ စိုက်ပျိုးစရိတ်မြင့်မားလာခြင်းကြောင့် ဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်ပါသည်။ကျန်ကုန်စိမ်းသီးနှံများမှာလည်း အတက်ဈေးဖြင့်သာ ဈေးနှုန်းတည်ငြိမ်နေပြီး ဈေးကွက်လိုအပ်ချက်အရ အရောင်းအဝယ်ပြုလုပ်နေကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

                  

ရှမ်းတောင်ဒေသထွက်သီးနှံများ၏ ဈေးနှုန်းဈေးကွက်

    ၂၀၂၄ ခုနှစ်၊ ဇွန်လ ပထမပတ်သည် သီးနှံပေါင်းစုံတောင်သူလက်ကျန်ပါးနေပြီး ကုန်စည်ဝင်ရောက်မှု နည်းပါးချိန်ဖြစ်ပေသည်။ နှစ်စဉ်မေလနှင့် ဇွန်လများတွင် ကုန်စည်ဝင်ရောက်မှုနှင့် ဈေးကွက်လိုအပ်ချက်မမျှတဘဲ သီးနှံဈေးနှုန်းများ အတက်အကျများပြီး ကုန်သည်ပွဲစားနှင့်တောင်သူများ အရှုံး၊အမြတ်ကြီးမားသည့်ကာလဖြစ်ပေသည်။ ယခုတစ်ပတ် ပြောင်းသီးနှံမှာ ရပ်စောက်ဘက်တွင် ဝယ်ဈေး ၁၀၀၀ ခန့်ဈေးဖွင့်ထားပါသည်။ တောင်လေးလုံး၊ အောင်ပန်း တစ်ဝိုက်တွင် ၁၁၁၅ ခန့်ဈေးပေါက်နေပြီး ပြည်တွင်းစီးဆင်းမှု နည်းပါးနေပါသည်။ ရှမ်းတောင် ကြက်သွန်ဖြူ သီးနှံမှာလည်း မေလနောက်ဆုံးပတ်နှင့် ယခုဇွန်လပထမပတ် ကွာခြားချက်မှာ-

စဉ်

အမျိုးအစား

မေလနောက်ဆုံး

ပေါက်ဈေး(ကျပ်)

ဇွန်လပထမပတ်

ပေါက်ဈေး(ကျပ်)

ကွာခြားချက်(ကျပ်)

ထူး ၁

၉၅၀၀

၁၀၀၀၀

၅၀၀

ထူး ၂

၉၇၀၀

၁၀၅၀၀

၈၀၀

ထူး ၃

၁၀၃၀၀

၁၁၀၀၀

၇၀၀

ထူး ၄

၁၁၂၀၀

၁၁၅၀၀

၃၀၀

ထူး ၅

၁၁၅၀၀

၁၂၀၀၀

၅၀၀

ထူး ၆

၁၁၇၀၀

၁၂၅၀၀

၈၀၀

 

      ဒေါင်းဥတစ်လုံးမှာ အလုံးကြီး ၂၀၀၀၀ နှင့် အလုံးသေး ၁၈၀၀၀ ခန့်ရှိပါသည်။ ဈေးနှုန်း ကွာခြားချက်မှာ အမျိုးအစားအလိုက် တစ်ပိဿာလျှင် (၃၀၀ မှ ၈၀၀ )ကျပ်ထိ ရှိပါသည်။ တီကျစ်၊ နောင်တရား ဘက်မှ အောင်ပန်းစ (ကြက်သွန်ဖြူအကျစ်) မှာ ဝင်ရောက်မှုနည်းပါးလာပြီး ဈေးကွက် လိုအပ်ချက်များနေသဖြင့် ဇွန်လ ကုန်ပိုင်းအထိ ဈေးနှုန်း ခပ် ပါးပါးတက်နေနိုင်ပါသည်။

အာလူးသီးနှံမှာ မျက်နီ အမျိုးအစားစုံ (၂၀၀)ကျပ်ခန့် ဈေးမြင့်တက်လာပြီး မားကစ် (အကြော်သီး)မှာ  S1 နှင့်  S2 ပါ တစ်ပိဿာ (၆၀၀)ကျပ်ခန့် ဈေးမြင့်တက်လာပါသည်။ စားအာလူးမှာ ဈေးခပ်ပါးပါးတက်နေပြီး အကြော်အာလူး (မားကစ်) သာ ဈေးကွက်လိုအပ်ချက်အရ ဈေးနှုန်း ကွာခြားချက် များလာပါသည်။

 

 

စဉ်

အမျိုးအစား

မေလနောက်ဆုံးပတ် ပေါက်ဈေး(ကျပ်)

ဇွန်လပထမပတ်

ပေါက်ဈေး(ကျပ်)

ကွာခြားချက်(ကျပ်)

မျက်နီ S1 S2

အရော

၂၈၀၀

၃၀၀၀

၂၀၀

မျက်နီ S1

၂၆၀၀

၂၈၀၀

၂၀၀

မျက်နီ OK

၂၄၀၀

၂၆၀၀

၂၀၀

မျက်နီ A1

၂၀၀၀

၂၂၀၀

၂၀၀

မျက်နီ ဂေါ်လီ

၁၂၀၀

၁၂၀၀

-

မာကစ် S1 S2

(အကြော်)

၂၉၀၀

၃၅၀၀

၆၀၀

 

     အာလူးသီးနှံမှာ ကုန်စည်ဝင်ရောက်မှုနှင့် ဈေးကွက်လိုအပ်ချက်အရ ဈေးနှုန်း ခပ်ပါးပါးတက်နေနိုင်မည်ဖြစ်ပါသည်။ ချင်းသီးနှံမှာ ဝယ်လိုအား နည်းပါးပြီး ဈေးငြိမ်နေပြီး ချင်းခြောက်သာ အနည်းငယ် စီးဆင်းနေပါသည်။ ဈေးနှုန်းမပြောင်းဘဲ (၈၀၀၀နှင့်၈၅၀၀)ကျပ် ဈေးပေါက်နေပါသည်။ နနွင်းသီးနှံမှာ တောင်ပိုလ ၁၁၅၀၀ ကျပ် နှင့် ဆင်တောင် နနွင်း၁၁၀၀၀ ကျပ် ဈေးပေါက်နေပါသည်။

   ယခု ဇွန်လ ပထမပတ်တွင် ကုန်စိမ်းသီးနှံများ ကြားကာလဖြစ်သဖြင့် ရေခြံသမားများတွင် သာသီးနှံလက်ကျန်ရှိတော့သည်။ကုန်စည်ရှားပါးချိန်တွင် သီးနှံဈေး အတက်အကျများပါသည်။ခရမ်း ချဉ်မှာ ကျင်းသီးဂွတ်ရှယ် ၂၄၀၀ကျပ်မှ ၂၈၀၀ကျပ်၊ ရှယ်သီး ၂၀၀၀ကျပ်မှ ၂၃၀၀ကျပ် နှင့် အကျဈေး ဖြင့် မေလ ကုန်ပိုင်းတွင်ရောင်းချခဲ့ရာမှ ယခု ဇွန်လ ပထမပတ်တွင် ကျင်သီးဂွတ်ရှယ် ၃၅၀၀ကျပ် ခန့် ရှယ်သီး ၃၀၀၀ကျပ် ခန့်ဈေးဖွင့်ခဲ့ရာ တစ်ပိဿာ ၇၀၀ကျပ် မှ ၉၀၀ကျပ်ခန့် ဈေးပြန်တက်လာပါသည်။ဇွန်လ ကုန်ပိုင်လောက်တွင် အင်းခရမ်းချဉ်ပေါ်မည်ဖြစ်ပြီး ဈေးမာ နေဦးမည်ဖြစ်ပေသည်။ ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီမှာယခင်အပတ်က(၂၀၀၀-၂၂၀၀)ကျပ်မှ ယခုတစ်ပတ် (၃၀၀၀-၃၂၀၀) ကျပ်ဈေးပေါက်ရာ တစ်ပိဿာ (၁၀၀၀)ကျပ်ခန့် ဈေးမြင့်လာပါသည်။ရေခြံတောင်သူများထံတွင် လက်ကျန်ပါးလာပြီးဖြစ်ပါသည်။ပန်းမုံလာမှာ ယခင်အပတ်(၁၀၀၀-၁၂၀၀)မှ(၁၈၀၀-၂၀၀၀)ခန့် ဈေးမြင့်လာပါသည်။ဘိုစားပဲ(လုံး)သည်(၂၂၀၀-၂၅၀၀)ကျပ်မှ ယခုအပတ်(၄၀၀၀-၄၅၀၀)ကျပ်ခန့် ဈေးပေါက်ရာ တစ်ပိဿာ(၂၀၀၀)ကျပ်ခန့် ဈေးမြင့်လာပါသည်။ရွှေပဲသီးနှံမှာလည်း (၈၅၀၀-၁၀၀၀၀) ကျပ်ခန့်ဈေးပေါက်ရာမှ ယခုအပတ်(၂၀၀၀၀-၂၅၀၀၀)ကျပ်ခန့်ရှိရာ တစ်ပိဿာ(၁၀၀၀၀)ကျပ်ကျော် ဈေးမြင့်ခဲ့ပါသည်။

ငရုပ်ခြောက်မှာ ရှယ်သွက်စ(၉၂၀၀)ကျပ်ခန့်နှင့် ရှယ်ပွခြောက်မှာ(၇၀၀၀)ခန့်ရှိရာမှ ယခုအပတ် ရှယ်သွက်စ(၁၀၀၀၀)ကျပ်နှင့် ရှယ်ပွခြောက် (၈၀၀၀) ခန့်ဖြင့် ရောင်းချလျက်ရှိပြီး ကုလားအော်သီး ခြောက်မှာ (၄၅၀၀၀)ကျပ်မှ (၄၇၀၀၀)ကျပ်ထိ ဈေးပေါက်နေပါသည်။မည်သို့ပင်ဆိုစေကာ မူ ရှမ်းတောင်ဒေသထွက်ကုန်စည်များလက်ကျန် ရှားပါးချိန်နှင့် ဈေးကွက်လိုအပ်ချက်ပေါ်မူတည်၍ ဈေးနှုန်းအတက်အကျများနေဦးမည်ဖြစ်ပါသည်။

DOCA(ရှမ်း)

 

မွန်ပြည်နယ်၏ မြေပဲစိုက်ပျိုးထွက်ရှိမှု အခြေအနေ

    မွန်ပြည်နယ်တွင် မြေပဲကို သံလွင်မြစ်ကမ်းတစ်လျှောက် လယ်ကွက်များ၌ စိုက်ပျိုးလေ့ရှိကြသည်။ မြေပဲကို မိုးအခါ၌လည်းကောင်း၊ ဆောင်းအခါ၌လည်းကောင်း စိုက်ပျိုးကြသည်။ မိုးမြေပဲကို ကုန်းမြေအမြင့်များတွင်စိုက်ပျိုးကြပြီး ဆောင်းမြေပဲကို လယ်ကွက်များ၌ စိုက်ပျိုးကြသည်။

      မွန်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ မြေပဲစိုက်ဧကမှာ (၂၀၀၄၈) ဧကရှိပြီး၊ ရိတ်သိမ်းဧကမှာ (၂၀၀၄၈) ဧက၊ အထွက်နှုန်းမှာ (၆၂.၀၉) တင်းနှုန်းဖြင့် တင်းပေါင်း (၁၂၄၄၇၈) တင်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။ မြေပဲ တစ်ဧက ထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၇၇၅၀၀၀) ကျပ်ရှိပြီး၊ တစ်ဧကအထွက်နှုန်းမှာ မြေပဲအတောင့် (၆၂.၀၉) တင်း၊ မြေပဲအဆံအားဖြင့် (၁၉) တင်း ထွက်ရှိသည်။ ဈေးနှုန်းအနေဖြင့် မြေပဲအဆံတစ်တင်းလျှင် ကျပ် (၁၄၂၀၀၀) ပေါက်ဈေးရှိရာ တစ်ဧက အကျိုးအမြတ်အနေဖြင့် (၁၉၂၃၀၀၀) ကျပ်ရရှိကြောင်း သိရသည်။

DOCA(မွန်)

မွန်ပြည်နယ်ဒေသထွက် နာနတ်သီးများ အရောင်းအဝယ်သွက်လျက်ရှိ

    ယခုနှစ် မိုးဦးကာလတွင် မွန်ပြည်နယ်ထွက် နာနတ်သီးများ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်နေကြောင်း မော်လမြိုင်မြို့နယ်ရှိ သစ်သီးဝလံရောင်းချသူများထံမှ သိရှိရသည်။

   နာနတ်သီးများကို ကျိုုက်ထို၊ ဘီးလင်း၊ ကျိုက်မရော၊ မုဒုံ၊ ရေးမြို့နယ်တို့တွင် အများဆုံး စိုက်ပျိုးကြပြီး နာနတ်ပင်များကို စိုက်ပျိုးရန် သီးခြားမြေနေရာမလိုအပ်ပဲ ရော်ဘာပင်တန်း ကြားတွင် သီးညှပ်စိုက်ပျိုးကြကြောင်း ရေးမြို့နယ်ရှိ နာနတ်သီး စိုက်ပျိုးသူထံမှ သိရှိရသည်။ အရင့်မှန်ပြီး သဘာဝအတိုင်း ရင့်မှည့်သည့် နာနတ်သီးများကို ခြံပိုင်ရှင်များထံမှ ဝယ်ယူရောင်းချနေပြီး လက်ရှိဆိုင်ပေါ် ရောင်းဈေးသည် အရွယ်အစားပေါ် မူတည်၍ တစ်လုံးလျှင် ကျပ် ၂၀၀၀ မှ ၃၀၀၀ အထိ ရောင်းချကြောင်း သိရသည်။ မွန်ပြည်နယ်ထွက် နာနတ်သီးများကို မြို့ပေါ်ဈေးများနှင့် ပဲခူး၊ ရန်ကုန်၊ နေပြည်တော်စသည့် မြို့ကြီးများသို့လည်း တင်ပို့ရောင်းချလေ့ရှိကြောင်း သိရသည်။

    နာနတ်သီးကို စားသုံးခြင်းဖြင့် ဆီးပူ၊ ဆီးအောင့်သက်သာခြင်း၊ ဝမ်းသွေးကျခြင်းတို့ကို ပျောက်ကင်းစေသည့်အပြင် ခန္ဓာကိုယ်စွမ်းအားကို မြှင့်တင်ပေးသည့် အသီးတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

DOCA(မွန်)

ပြည်မြို့၏ မိုးရာသီသစ်တော်သီးဈေးကွက်

       သစ်တော်သီးသည် အခွံညိုညိုတွင် အညိုရင့်အစက်များပါရှိပြီး အလယ်ချက်တိုင်နှင့် အတွင်းသားတို့မှာ ဖြူကြွပ်ကြွပ်ရှိပါသည်။ သစ်တော်သီးသည် မိုးရာသီစာသစ်သီးဝလံတစ်မျိုးဖြစ်ပြီး မြန်မာပြည်ရာသီဥတု၏ မိုးလယ်ကာလမှစ၍ ဆောင်းဦးရာသီအထိတွေ့ရပါသည်။

       မြန်မာနိုင်ငံတွင် သစ်တော်သီးကို သားရေစာအချိုပွဲအနေဖြင့် စားသုံးလေ့ရှိသည်သာမက စည်သွပ်ဘူးများပြုလုပ်ခြင်း၊ ဖျော်ရည်နှင့်သစ်သီးခြောက်များပြုလုပ်ပြီးလည်း ရောင်းချကြပါသည်။ ကမ္ဘာ့အနှံ့အပြားတွင် သစ်တော်သီးမျိုးကွဲပေါင်း ၃၀၀၀ကျော်ရှိပါသည်။၂၀၂၄ခုနှစ် ဇွန်လ ပထမပတ်တွင် ပြည်ဒေသရှိဈေးကွက်များတွင် ရောင်းချနေသော သစ်တော်သီးဈေးနှုန်းများ အနေဖြင့် အလတ်စားတစ်လုံးလျှင် (၂၅၀၀-၃၀၀၀) ကျပ်၊ အကြီးတစ်လုံးလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်အထိဈေးနှုန်းတို့ဖြင့် ရောင်းချနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်တွင် မိုးနှမ်းများစတင်စိုက်ပျိုး

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် မိုးနှမ်းကို မေလနှင့် ဇွန်လတို့တွင် စိုက်ပျိုးပြီး ဆောင်းနှမ်းကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွင် စိုက်ပျိုးကြကာ နွေနှမ်းကိုမူ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် စိုက်ပျိုးကြပါသည်။ ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများရှိ မိုးနှမ်းစိုက်ပျိုးသော တောင်သူများအနေဖြင့်  ယခုအချိန်ဖြစ်သော ဇွန်လတွင် မိုးနှမ်းများစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ဖြစ်သော ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးနှမ်းစိုက်ပျိုးဧကမှာ ၆၆၃၇၁ဧကစိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၄)တင်းကျော်ထွက်ရှိသည်ဟု စာရင်းအရသိရှိရ ပါသည်။ ယခုနှစ်တွင် မိုးနှမ်းများစိုက်ပျိုးရာတွင် နှမ်းနက်ကိုဦးစားပေး၍ စိုက်ပျိုးကြပြီး နှမ်းနီမှာ အထွက်နှုန်းနည်းပြီး ဈေးမှာ နှမ်းနက်ကဲ့သို့ မကောင်းသဖြင့် စိုက်ပျိုးမှုနည်းကြောင်း သိရပါသည်။ နှမ်းတစ်ဧကစိုက်ပျိုးရာတွင် မျိုးနှမ်းအနေဖြင့် (၂)ပြည်ခန့်လိုအပ်ပြီး စိုက်ပျိုးခကုန်ကျစရိတ်အနေဖြင့် ၁၅၀၀၀၀ကျပ်ခန့်ကုန်ကျကြောင်းသိရပါသည်။ နောက်ပိုင်းတွင် အထွေထွေ ကုန်ကျစရိတ်များလည်း များလာဖြစ်ကြောင်းသိရပါသည်။ ထိုသို့ ကုန်ကျစရိတ်များလာမည်ဆိုသော်လည်း ရိတ်သိမ်းခါနီးတွင် ရာသီဥတုကောင်းမွန်ပြီး ရောဂါကျရောက်မှုမရှိဘဲ ဈေးနှုန်း ကောင်းမွန်မည်ဆိုပါက နှမ်းစိုက်တောင်သူများအဖို့ အမြတ်အစွန်းများစွာရရှိလာနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းသိရှိရပါသည်။ နှမ်းဈေးနှုန်းများအနေဖြင့် ယခုဇွန်လဆန်းတွင်  နှမ်းနီတစ်တင်းလျှင် ၁၀၈၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၁၄၅၀၀၀ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၁၅၀၀၀၀ကျပ်ဖြင့် ပြည်ဈေးကွက်တွင် ပစ္စည်းလက်ကျန်နည်း၍ အရောင်းအဝယ်ပါးနေပါသည်။ နှမ်းဆီဈေးမှာ (ဦးဆီ) တစ်ပိဿာလျှင် ၁၅၅၀၀ကျပ်၊ ရိုးရိုးနှမ်းဆီတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ဆန်စပါးဈေးငြိမ်ပြီး ပဲမျိုးစုံဈေးတက်

      ၂၀၂၄ခုနှစ် ဇွန်လအစပိုင်းတွင် တောင်ငူမြို့တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်မှ ၁၅၀၀၀၀ကျပ်အထိ၊  ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်၊ ဧည့်မထ(မိုး) တစ်အိတ်လျှင် ၈၇၀၀၀ကျပ်မှ ၉၀၀၀၀ကျပ်၊ ဧည့်မထ(နွေ)ဆန်မှာ တစ်အိတ်လျှင် ၇၀၀၀၀ကျပ်မှ ၇၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

        စပါးမှာ တင်း၁၀၀လျှင် ၂၀၀၀၀၀၀ကျပ်၊  ဆန်ကွဲကြီးမှာ တစ်အိတ်လျှင် ၅၀၀၀၀ကျပ်၊ ဆန်ကွဲသေးမှာ တစ်အိတ်လျှင် ၄၆၀၀၀ကျပ်၊ ဖွဲနုမှာ တစ်အိတ်လျှင် ၁၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

         မတ်ပဲ(၃၀ပိဿာဝင်အိတ်)မှာ မေလ နောက်ဆုံးပတ်တွင် တစ်အိတ်လျှင် ၁၅၉၅၀၀ကျပ်ရှိခဲ့ရာမှ ယခုဇွန်လ ပထမပတ်တွင် တစ်အိတ်လျှင် ၁၆၅၀၀၀ကျပ်၊ ပဲလွန်းဖြူမှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၈၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် ၁၀၀၀၀၀ကျပ်၊ ပဲတီစိမ်းမှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၈၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် ၉၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်နေကြောင်း တောင်ငူမြို့ရှိ ဆန်၊ စပါး၊ ပဲပွဲရုံများမှသိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့ရှိ တောင်ထန်းနှင့် ဝါးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

       ယခုကဲ့သို့သော မိုးဦးကျကာလတွင် ကျေးလက်ဒေသများ၌ နေအိမ်များ၊ နွားတင်းကုပ်များ၊ ထင်းတဲများအား အမိုးများမိုးကြပါသည်။ အများအားဖြင့် မိုးဦး/ လေဦးကျတွင် ယခင်နှစ်မှမိုးထားသော အမိုးများအား အသစ်ပြန်၍မိုးကြခြင်းဖြစ်ပါသည်။

       ဖြူးမြို့ရှိ ဒေသတွင်းကျေးလက်ဒေသများ၌ အများအားဖြင့် ခေါင်းမိုးမိုးရာတွင် တောင်ထန်းအား အဓိကထား၍မိုးကြပါသည်။ ထို့ကြောင့် ယခုကာလသည် တောင်ထန်းများ အရောင်းသွက်သောကာလဖြစ်ပါသည်။

        ၂၀၂၄ခုနှစ် ဇွန်လအစောပိုင်းတွင် ဖြူးမြို့၊ သပြေလှကျေးရွာရှိ ဦးချစ်ဖြိုးဝင်း၏ တောင်ထန်းအရောင်းဆိုင်၌ တောင်ထန်းအကြီး (ရှယ်) ၁၀၀စည်းပါ တစ်စည်းလျှင် ၆၀၀၀၀ကျပ်၊ တောင်ထန်းကြီး (သင့်) ၁၀၀စည်းပါ တစ်စည်းလျှင် ၅၈၀၀၀ကျပ်၊ တောင်ထန်းသေး (ရှယ်) ၁၀၀စည်းပါ တစ်စည်းလျှင် ၄၀၀၀၀ကျပ်၊ တောင်ထန်းသေး (သင့်) ၁၀၀စည်းပါ တစ်စည်းလျှင် ၃၈၀၀၀ကျပ်ဖြင့်ရောင်းချပေးနေပါသည်။

          ထို့ပြင် ဝါးဈေးနှုန်းအနေဖြင့် အရှင်ဝါး (၁၀) လုံးစည်းပါ တစ်စည်းလျှင် (၄၀၀၀) ကျပ်၊ တင်းဝါး (၁၀) လုံးစည်းပါ တစ်စည်းလျှင် ၁၃၀၀၀ကျပ်၊ ၁၂၀၀၀ကျပ်ဖြစ်ပြီး ကျသောင်းဝါး (ဝါးကြီး) တစ်လုံးလျှင် ၂၅၀၀ကျပ်မှစ၍ ၃၀၀၀ကျပ်ခန့်ထိရောင်းချပေးနေပါသည်။

         သပြေလှကျေးရွာရှိ ဦးချစ်ဖြိုးဝင်း‌ဆိုင်မှ တောင်ထန်းနှင့် ဝါးများအား ညောင်ပင်သာ၊ ကညွတ်ကွင်းနှင့် တောကျွဲအင်းများအထိ ဖြန့်ဖြူးရောင်းချပေးနေကြောင်း ဦးချစ်ဖြိုးဝင်း၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ရာသီပေါ်ခဝဲသီးများဈေးကောင်းရနေ

       တောင်ငူမြို့ ညောင်ပင်ဈေးတွင် ရာသီပေါ်ခဝဲသီးများဈေးကောင်းရနေပါသည်။ တောင်ငူမြို့တွင် စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းများတည်ရှိသဖြင့် မြစ်၊ ချောင်းကမ်းနံဘေးရှိ ကျေးရွာ များတွင် ဟင်းသီးဟင်းရွက်များကိုတစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။

          ယင်းမြစ်၊ ချောင်း၊ ကမ်းနားများရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ တောင်သူများသည် ၎င်းတို့အခင်းများမှထွက်ရှိသော ဟင်းသီးဟင်းရွက်များအား အများအားဖြင့် တောင်ငူမြို့ ညောင်ပင်ဈေးသို့လာရောက်၍ ရောင်းချခြင်း၊ ဖောက်သည်သွင်းခြင်းများပြုလုပ်ကြပါသည်။ ထို့ကြောင့် တောင်ငူမြို့ရှိ ညောင်ပင်ဈေးသည် ကုန်စိမ်းဈေးအဖြစ် ဒေသအတွင်း နာမည်ကျော်ကြားပါသည်။

          တောင်ငူမြို့ ညောင်ပင်ဈေးတွင် ဒေသအတွင်းမှထွက်ရှိသော ရာသီပေါ်ခဝဲသီးများမှာ ဈေးကောင်းရလျက်ရှိကြောင်း၊  ၂၀၂၄ခုနှစ် ဇွန်လအစပိုင်းတွင် ခဝဲသီးဈေးနှုန်းအနေဖြင့် အတော်အသင့်သာကြီးသော ခဝဲသီး (၃) တောင့်ပါ တစ်စည်းလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချပေးနေကြောင်း ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်ရောင်းချသူတစ်ဦးထံမှ လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်၌ ယခုကျောင်းဖွင့်ရာသီတွင် ဆိုင်ကယ်များရောင်းအားကောင်း

      တောင်ငူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ ဈေးလမ်းရှိ “ထက်” ဆိုင်ကယ်အရောင်းဆိုင်တွင် ကျောင်းဖွင့်ရာသီ၌ ဆိုင်ကယ်များရောင်းအားကောင်းကြောင်းသိရပါသည်။ ယခင်ကာလများတွင် အရောင်းပါးခဲ့သော်လည်း မေလအတွင်းနှင့်ဇွန်လအစပိုင်းအထိ ရောင်းအားအကောင်းဆုံးဖြစ်ပါသည်။

       ၂၀၂၄ခုနှစ် ဇွန်လအစပိုင်းတွင် ဈေးနှုန်းများအနေဖြင့် တောင်ငူမြို့တွင် လူကြိုက်များသော NCX Wave 100 ဆိုင်ကယ်မှာ တစ်စီးလျှင် ကျပ်၂၅သိန်းမှ  ကျပ်၃၅သိန်းအထိရှိပြီး 125 ကလစ်ဆိုင်ကယ်မှာ တစ်စီးလျှင် ကျပ်သိန်း၅၀မှ ကျပ်သိန်း၇၀အထိရှိပါသည်။

         ကျောင်းဖွင့်ရာသီတွင် ကျောင်းသား/ ကျောင်းသူများအား ကျောင်းပို့/ ကျောင်းကြိုအတွက် ဆိုင်ကယ်မှာ အသင့်လျော်ဆုံးဖြစ်ရာ ဈေးနှုန်းမြင့်မားသော်လည်း အခြားကာလများထက် ပိုမို၍ တစ်လအတွင်း ဆိုင်ကယ်အစီး ၅၀အထိရောင်းချရကြောင်းသိရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း