ပန်းတမော့ အတတ်ပညာကို ယခုခေတ်တွင် “ကျောက်ဆစ်ပညာ”ဟုခေါ်ကြသည်။ “ပန်” သို့မဟုတ် “ပန်း” ဟုခေါ်ခြင်းမှာ လှပအောင်ပြုသော အနုပညာကို တင်စား၍ခေါ်သော မြန်မာ စကားရိုးရိုးပင်ဖြစ်သည်။ “ တမော့ ”မှာ မွန်စကား “ကျောက်”ကိုခေါ်သည်။ “ပန်းတမော့” မှာ ကျောက်ကိုလှပအောင် ထွင်းထုပြုလုပ် မွမ်းမံခြင်း အဓိပ္ပာယ်ဖြစ်သည်ဟု ရှေးသုတေသီတို့ ယူဆခဲ့ကြပါသည်။
ပုဂံခေတ်ဟောင်း အချိန်လောက်ကပင် တိုးတက်ထွန်းကားနေခဲ့သော ပန်းတမော့အတတ် ပညာသည် ဗိဿနိုးနှင့် သရေခေတ္တရာ ကောင်းစားချိန်ကပင် ပေါ်ပေါက်ခဲ့ပြီးဖြစ်ကြောင်းကို မြေ အောင်းပစ္စည်းများအရ သိကြရပါသည်။ သရေခေတ္တရာထက် ရှေးကျသည်ဟု ယူဆကြသော ဗိဿနိုး မြို့ဟောင်းကြီး တူးဖော်ရာဝယ် အုတ်တိုက်အမှတ်-၂ အတွင်း မြို့ပေါက်အဝင်၌ ကျောက်ရုပ်ကြွကြီး နှစ်ခုတို့၏ အောက်ခြေပိုင်းများကို တွေ့ရှိရခြင်းအားဖြင့် ဗိဿနိုးခေတ်က ပန်းတမော့ အတတ် ပညာများ ထွန်းကားခဲ့ကြောင်း သိရှိကြရပါသည်။
ပန်းတမော့အတတ်ပညာသည် မြန်မာနိုင်ငံတွင် တွေ့ရှိနိုင်သော စကျင်ကျောက်၊ သလင်းကျောက်၊ ဂဝံကျောက်၊ နှမ်းဖတ်ကျောက်စသော ကျောက်မျိုးကို ရှေးခေတ်အစဉ်အလာအတိုင်း ရုပ်လုံးရုပ်တုများ ထုလုပ်၍ အချောကိုင်အမွှမ်းတင်ရသော သုခုမ အနုပညာတစ်ရပ်ဖြစ်ပါသည်။
ပန်းတမော့အတတ်ပညာသည် ရှေးအခါက ဗုဒ္ဓ၏ရုပ်တုတော်များကိုသာ အများဆုံးထုလုပ်ခဲ့ကြပါသည်။ ယခုအခါ ထိုအတတ်ပညာဖြင့် ရုပ်ပုံအမျိုးမျိုးထုလုပ်ခြင်း၊ လူသုံးကုန်ပစ္စည်းများဖြစ်သော ကျောက်ပျဉ်၊ ကျောက်ငရုပ်ဆုံ၊ ကျောက်ကြိတ်ဆုံ စသည်တို့ပြုလုပ်သုံးစွဲလာကြောင်း သိရသည်။
စစ်ကိုင်းမြို့၏ ကျောက်ပျဉ်၊ ကျောင်ငရုတ်ဆုံလုပ်ငန်း
ကျောက်ဆစ်အတတ်ပညာကို အဘိုးအမွေသား၊ သားအမွေမြေး စသည်ဖြင့် ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းအမွေအဖြစ် ဆောင်ရွက်ခဲ့ကြသဖြင့် ယခုအခါ စစ်ကိုင်းမြို့နယ်၊ ကျောက်တာ ကျေးရွာ၌ အိမ်တွင်းမှုကျောက်ဆစ်လုပ်ငန်းများဖြစ်သော ကျောက်ပျဉ်၊ ကျောက်ငရုတ်ဆုံလုပ်ငန်း လုပ်ကိုင်သူလုပ်ငန်းရှင်(၂၇)ဦးခန့်ရှိကြောင်း သိရှိရသည်။ ဒေသခံများ၏ အဆိုအရ ကျောက်တာကျေးရွာတွင် ကျောက်ပျဉ်လုပ်ငန်းကို မြန်မာသက္ကရာဇ် ၁၁၇၉ခု၊ ခရစ်နှစ် ၁၈၁၇ခုနှစ် ဘိုးတော် ဘုရားလက်ထက် ကြီးလေးကြီး အပါအဝင်ဖြစ်သည့် ကြက်ထောင့်ကန်တော်ကြီး တည်ချိန်၌ လိုအပ်သည့်ကျောက်များကို မင်းဝံတောင်ရိုးမှ ထုတ်ယူသုံးစွဲရင်း ကျောက်ပျဉ်လုပ်ငန်း အစပြုခဲ့သည်ဟု ဆိုကြသည်။ ယခုအခါတွင် မင်းဝံတောင်ရိုးမှ လိုအပ်သော ကုန်ကြမ်းဖြစ်သည့် ကျောက်များဖြင့် မလုံလောက်၍ ကန့်ဘလူခရိုင်၊ ကို့တောင်ဘို့ မြို့နယ်မှ ထွက်ရှိသော ကျောက်ကုန်ကြမ်းကို ဝယ်ယူအသုံးပြုကြပြီး၊ ထွက်ရှိကုန်ချောများဖြစ်သော ကျောက်ပျဉ်၊ ကျောက်ငရုတ်ဆုံတို့ကို စစ်ကိုင်းမြို့ပေါ် တန်ခိုးကြီးဘုရားများရှိ အရောင်းဆိုင်များနှင့် ဈေးများ၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စသည့်မြန်မာပြည်အနှံ့အပြားရှိ မြို့ကြီးများသို့ တင်ပို့ရောင်းချကြပါသည်။
လုပ်ငန်းရှင်များသည် လုပ်သားအဖြစ် အမျိုးသမီးများကို အများဆုံး အသုံးပြုပြီး၊ လုပ်သား အမျိုးသားများကို အသုံးပြုမှုနည်းကြောင်း၊ လုပ်ငန်းရှင်တစ်ဦးလျှင် အမျိုးသမီး ၅ဦးမှ ၁၀ဦးထိ အလုပ်အကိုင် အခွင့်အလမ်းများပေးနိုင်ပြီး၊ လုပ်သားများ၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် လုံ့လဝိရိယ အားစိုက်မှုပေါ် မူတည်၍ လုပ်သားတစ်ဦး တစ်ရက်လုပ်အားခမှာ ကျပ် ခုနှစ်ထောင်မှ ကျပ် နှစ်သောင်းကြား ရရှိကြောင်း သိရသည်။ အရွယ်အစား ကြီး/သေးနှင့် ထုအမြင့်ပေါ် မူတည်၍ ရောင်းဈေးနှုန်းများမှာ ကျောက်ပျဉ်တစ်ချပ်လျှင် ၃ဝဝဝိ/-၊ ၅ဝဝဝိ/-၊ ၁၂ဝဝဝိ/-၊ ကျောက် ငရုတ်ဆုံတစ်ခုလျှင် ၃ဝဝဝိ/-၊ ၅ဝဝဝိ/-၊ ၈ဝဝဝိ/-၊ ကျောက်ကြိတ်ဆုံတစ်ခုလျှင် ၁ဝဝဝဝိ/-၊ ၁၅ဝဝဝိ/-၊ ၂ဝဝဝဝိ/-၊ ဓါးသွေးကျောက်တစ်ခုလျှင် ၁ဝဝဝိ/-၊ ၂ဝဝဝိ/-၊ ၃ဝဝဝိ/-၊ ဈေးအသီးသီးဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
နိဂုံး
ကျောက်ပျဉ်ကို အသုံးမပြုဘဲ နိုင်ငံခြား သို့မဟုတ် ပြည်တွင်းမှ ခေတ်ပေါ်အလှကုန် ပစ္စည်းများ မည်မျှပင်ခြယ်မှုန်းကြပါစေ၊ သနပ်ခါးလိမ်းခြယ်သည့် ယဉ်ကျေးမှုထွန်းကားရာ မြန်မာနိုင်ငံအဖို့ မြန်မာ့သနပ်ခါးလိမ်းခြယ်မှု အလေ့အထသည် မြန်မာအမျိုးသမီးများအတွက် အစဉ်အမြဲ တည်ရှိနေမည်ဖြစ်သဖြင့် ကျောက်ပျဉ်လုပ်ငန်းသည်လည်း တိမ်မြုပ်ပျောက်ကွယ်သွားမည် မဟုတ်ဘဲ ထာဝရရှင်သန်နေမည့် အိမ်တွင်းလက်မှုလုပ်ငန်းဖြစ်ကြောင်း တင်ပြလိုက် ရပါသည်။
DOCA(စစ်ကိုင်း)