Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ချစ်သောသနပ်ခါး ကမ္ဘာတလွှား ကျော်ကြားသင်းပျံ့မွှေးပါစေ

  မြန်မာ့သနပ်ခါးသည် မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်သော ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုပင်ဖြစ်သည့်အပြင် အပူပိုင်းဒေသ၏ ရတနာတစ်ပါးလည်းဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် သနပ်ခါးစိုက်ပျိုးမှု ဧရိယာ (၃)သိန်းမှ (၄)သိန်းအကြားရှိသောကြောင့် အပူပိုင်းဒေသ၏ စိမ်းလန်းစိုပြေရေးကိုလည်း တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူပြုလျက်ရှိသည်။

    မြန်မာ့သနပ်ခါးအသင်းကြီးကို (၁၁.၁၀.၂၀၁၇)ရက်နေ့က စတင်ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပါသည်။ မြန်မာ့သနပ်ခါးကို တန်ဖိုးထားသည့်အနေဖြင့် တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့ အဖြစ် မြန်မာနိုင်ငံသနပ်ခါးအသင်းကြီးက ကြီးမှူးကာ သတ်မှတ်ပေးခဲ့ကြသည်။

    သနပ်ခါးပင်များကို မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးစသည်တို့တွင် စိုက်ပျိုးပေါက်ရောက်ပြီး အရာတော်၊ ပခုက္ကူ၊ ရေစကြို၊ ပေါက်၊ မြိုင် (၅)မြို့နယ်တွင် အများဆုံးတွေ့ရတတ်ကာ မြင်းခြံ၊ ပြည်၊ ရွှေဘို၊ စစ်ကိုင်း၊ နွားထိုးကြီး၊ တောင်သာ စသည့်အပူပိုင်းဒေသများတွင်လည်း သနပ်ခါးကို စီးပွားဖြစ်စိုက်ပျိုးကြပါသည်။

     နံ့သာ(၁၀)ပါးထဲတွင်တစ်ပါးအပါအဝင်ဖြစ်သော သနပ်ခါးသည် ရှောက်မျိုးရင်းဖြစ်သည်။ မြန်မာပြည်အထက်ပိုင်းရှိ ရွက်ပြတ်တောခြောက်များတွင်လည်း သနပ်ခါးပင်များတွေ့ရတတ်သည်။

     သနပ်ခါးပင်သည် ပင်လတ်မျိုးဖြစ်ပါသည်။ အမြင့် ၂၀ပေမှ ၃၀ပေအထိ မြင့်တက်ပါသည်။ ပင်စည်၏ အကိုင်းအခတ်သည် လက်မဝက်မှ တစ်လက်မအထိရှည်သော ချွန်ထက်မာကျောသည့် ဆူးများ ရှိကြသည်။ သနပ်ခါးမှာ အဖိုပင်၊ အမပင်ဟူ၍ နှစ်မျိုးရှိပြီး အဖိုပင်က အသီးအပွင့်မဖြစ်ထွန်းဘဲ အမပင်က အသီးအပွင့်ဖြစ်ထွန်းသည်။ အမပင်သည် အပွေးစောင်းများကြွတက်၍ မာကျောပြီး အဆင်းရနံ့မှာလည်း အဖိုပင်ထက် ပိုမိုကောင်းသည်။ အရွက်ပုံသဏ္ဍာန်မှာ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲ ထွက်သည်။ အလျား ၃-၅လက်မထိရှည်ပြီး ရွက်ညှာမှာ အတောင်ပါသည်။ ရွက်မြွှာ ၂-၃စုံထိရှိပြီး ထိပ်ရွက်တစ်ရွက်ပါရှိသည်။ ရွက်ပြားပြောင်ချောပြီး တောင့်တင်းမာကျော၍ အစိမ်းရင့်ရောင်ရှိသည်။ အပင်နုစဉ်က အပွေးမဲ့ပြီးအပင်ရင့်လာချိန်တွင် အပွေးထူလာပါသည်။ သနပ်ခါးပန်းပွင့်မှာ သေးငယ်ပြီးအဝါနုရောင်ရှိပါသည်။ တန်ခူး၊ ကဆုန်လများတွင် အဆုပ်လိုက်ပွင့်တတ်ပါသည်။ သနပ်ခါးအသီးမှာ ချဉ်သောအရသာရှိပြီး အပြွတ်လိုက်သီးပါသည်။ အစေ့သည် အဝါနုရောင် ပျော့ပျော့ဖြစ်ပြီး အရွယ်အစားမှာ ငရုတ်ကောင်းစေ့ခန့်ဖြစ်သည်။ ဝါခေါင်၊ တော်သလင်းလတွင် အသီးမှည့်တတ်ပါသည်။ ရေသောက်မြစ်မှာရှည်လျားပါသည်။ ဘေးမြစ်များလည်း ရှည်လျားပြီး ဖြန့်လို့ထွက်တတ်ပါသည်။ အပွေးအခေါက်များရှိပြီး ပင်စည်ထက်အရောင် ပိုဝါသည်။

     သနပ်ခါးပင်သည် မြေနီဆန်သော ဂဝံဆန်မြေ၊ ကျောက်စရစ် ရောနှောမြေ၊ ဖွတ်ချေးမြေ၊ သဲနုံးမြေများတွင် အပင်ဖြစ်ထွန်းမှုမြန်ဆန်သည်။ သနပ်ခါးပင်သည် မြေကောင်းမလို၊ ရေကိုမတဘဲ မြေနီကျောက်သား မြေပတ်ကြားမှာပင် ရှင်သန်နိုင်စွမ်းရှိသော အပင်မျိုးဖြစ်သည်။ ကျောက်စရစ် ကုန်းမြေတွင် နွေရာသီ၏အပူဒဏ် မည်သို့ပင်ထန်စေကာမူ ကြံ့ကြံ့ခံရှင်သန်နိုင်စွမ်းရှိသည်မှာ ချစ်စရာကောင်းလှပါသည်။ အပင်ပျိုးသက် သုံးလခွဲအရွယ်တွင် ပျိုးပင်အရွယ် ၁၀ လက်မခန့် ရှိလာပါက စိုက်ခင်းထဲကို ပြောင်းရွှေ့စိုက်ပျိုးရန် အသင့်တော်ဆုံးအရွယ်ဖြစ်ပြီး စိုက်ပျိုးပြီး သနပ်ခါးပင်များကို တစ်နှစ်လျှင် နှစ်ကြိမ်ပေါင်းသင်၊ မြေဆွေး၊ သဘာဝမြေဩဇာ ကျွေးမွေးခြင်း၊ပိုးသတ်ဆေးဖြန်းခြင်းများ ပြုလုပ်ပေးပါက အပင်အသက် ၇-၈နှစ်ခန့်တွင် ရောင်းတန်းဝင်ဖြစ် လာသည်။ မပြုမပြင်ဘဲထားပါက အပင်အသက် ၁၀နှစ်ကျော်မှ ရောင်းတန်းဝင်သည်။ သနပ်ခါးပင် များ အပွေးတက်၍ ပထမအကြိမ် ခုတ်ရောင်းပြီးသားအပင်မှ ၂ပင်မှ ၄ပင်အထိ ပွားများလာပြီး ၎င်း အပင်(၆)နှစ်ကြာမှ ဒုတိယအကြိမ် ခုတ်ရောင်းနိုင်သည်။ သနပ်ခါးပင်၏တန်ဖိုးသည် သူ၏ အပွေး အခေါက်ဖြစ်သည်။ ရေစကြိုမြို့က ရှင်မတောင်သနပ်ခါးသည် ထိုဒေသ၏ ရေမြေသဘာဝ ထူးခြားချက်များကြောင့် အခြားနယ်ထွက်သနပ်ခါးများထက် ပြောစမှတ်ပြုရလောက်အောင် အပွေး ညို၍ အမွှေးပိုလေ့ရှိသည်။

    ၂၀၁၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံရှိ သုတေသီများက သနပ်ခါးအခေါက်တွင် ပါရှိသော ဓါတ်ပစ္စည်းများကို အသေးစိတ်လေ့လာခဲ့ကြရာ သနပ်ခါးမှာ အင်တီအောက်ဆီဒင့်(ခေါ်) ခန္ဒာကိုယ် အကျိုးပြု ဓါတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးပါရှိနေသည့်အပြင် အသားအရေရောင်ရမ်းခြင်းကို သက်သာစေသည့် ဓါတ်ပစ္စည်းများ၊ ဘတ်တီးရီးယားတွေကိုသေစေသော ဓါတ်များနှင့် အရေပြား အရောင်ကို အပြောင်းအလဲဖြစ်စေသော ဟော်မုန်းထွက်ရှိမှုကို ဟန့်တားပေးနိုင်သည့် ဓါတ်ပစ္စည်း များလည်း သဘာဝအလျောက် ပါရှိနေကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။ မြန်မာအမျိုးသမီးများ၏ ကျက်သရေရှိသော အလှတရားများကို ပံ့ပိုးပေးနေသည့်အရာမှာ မြန်မာ့သနပ်ခါးပင်ဖြစ်ပါသည်။ ကမ္ဘာတွင် “အိန္ဒိယမျက်လုံး၊ ထိုင်းအပြုံးနဲ့ မြန်မာအသားအရေ”ဟူ၍ တင်စားခံရသော အဆို စကားမျိုးလည်းရှိဖူးပါသည်။

      မြန်မာ့ရိုးရာသနပ်ခါးသည် ဓါတ်မတည့်သူ မရှိသလောက် ရှားပါးပါသည်။ မြန်မာနိုင်ငံ သနပ်ခါးအသင်းကြီးက မြန်မာ့သနပ်ခါးကို ပြည်ပဈေးကွက်သို့ထိုးဖောက်ကာ နိုင်ငံခြားငွေရရှိ  လာနိုင်ရေး နိုင်ငံတကာအသိအမှတ်ပြု SOP ထောက်ခံချက်များရရှိရန်အတွက် ဆွစ်ဇာလန်နိုင်ငံ Helvetas မြန်မာ NGO အဖွဲ့တို့နှင့်ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ တွင် ပြုလုပ်ခဲ့သော သဘာဝထုတ်ကုန်များ ကုန်စည်ပြပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ၎င်းပြပွဲ၌ မြန်မာ့သနပ်ခါးကို ပထမဆုံးအကြိမ် ပြသခဲ့ကြောင်း၊ ပြပွဲတွင် မြန်မာ့ သနပ်ခါးအမှုန့်(နမူနာ)များကို ထိုင်းနိုင်ငံ SPA လုပ်ငန်းရှင်များက ဝယ်ယူခဲ့ကြကြောင်း၊ ထိုင်းနိုင်ငံ ၏ SPA ဝန်ဆောင်မှုလုပ်ငန်းများတွင် ကမ္ဘာလှည့်ခရီးသည်များကို သဘာဝသနပ်ခါးအမှုန့်ဖြင့် အသားအရေထိန်းသိမ်းခြင်း (Beauty SPA)များ ပြုလုပ်ပေးကြကြောင်း သိရှိရပါသည်။ ထိုင်း အလှကုန်ဈေးကွက်မှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် အားယူနေပြီလည်း ဖြစ်ပါသည်။

       ယနေ့အလှကုန်ပစ္စည်းများသည် Mercury, Hydroquinon, Betame, Thason, Valerate စသည့် တားမြစ်ဓာတုဆေးဝါးများဖြင့် ပြုပြင်ဖော်စပ်ထားမှုမှာများပြားပါသည်။ နည်းပညာသာ နောက်မကျပါက ယနေ့ကမ္ဘာ့နောက်ဆုံးပေါ် အလှကုန်ပစ္စည်းအားလုံးကို မြန်မာ့သနပ်ခါးဖြင့် ယှဉ်ပြိုင်အနိုင်ယူနိုင်စွမ်းရှိပါသည်။ မြန်မာနိုင်ငံတွင်ပေါက်ရောက်သည့် ဆေးဖက်ဝင်သနပ်ခါးကို ပိုမိုတိုးချဲ့စိုက်ပျိုးပြီး ခေတ်မီအလှကုန်ပစ္စည်းများ၊ ဆေးဝါးများအဖြစ်သို့ ဖန်တီး၍ နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သင့်ပါသည်။ မြန်မာသနပ်ခါးသည် အရွက်၊အသီး၊ ပင်စည်၊ အမြစ်(ပဥ္စငါးပါး) အားလုံးအသုံးပြုနိုင်သည်။ အပူနာ၊ အအေးနာ နှစ်မျိုးလုံး အတွက်သင့်လျော်သော အပင်ဖြစ်သည်။ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည့်အတွက် value added တန်ဖိုးမြင့်ထုတ်ကုန်အဖြစ်ဈေးကွက်ထိုးဖောက်သင့်ပါသည်။

     ခေတ်တွေဘယ်လောက်ပြောင်းပြောင်း သနပ်ခါးကို Myanmar Traditional Make – Up အဖြစ် ကမ္ဘာက လက်ခံထားကြသည်။ “ကမ္ဘာမှာမြန်မာ မြန်မာမှာအညာ အညာမြေမှာ သူမွေးဖွားခဲ့ အမှတ်အသားတစ်ခုလည်းဖြစ်ရဲ့ ပျိုမေတို့ ပါးပြင်ထက်က မြန်မာ့ရိုးရာ သနပ်ခါး” ဟူသော ဆရာဆဏ်းဝင်းအောင်ရေးသားသော ကဗျာကဲ့သို့ပင် သနပ်ခါးနှင့်မြန်မာ၊ မြန်မာနှင့်သနပ်ခါးသည် ခွဲခြား၍ ရမည်မထင်ပါ။ ထွက်ရှိရာဒေသကို အခြေမခံဘဲ သနပ်ခါးဟုဆိုလိုက်လျှင်ပင် မြန်မာဆိုတာ ထင်ရှားသကဲ့သို့ နိုင်ငံတကာကပင် သနပ်ခါးကို အလှကုန်ပစ္စည်းတစ်ခုအဖြစ် ယခုမျက်မှောက်ခေတ် တွင် အသိအမှတ်ပြုလာရပေသည်။ သနပ်ခါးကို အမွှေးတိုင်အဖြစ်လည်းကောင်း၊ သနပ်ခါးကို ကြိတ်၍ ထုတ်ကုန်ပစ္စည်းအဖြစ် ထုတ်လုပ်ခဲ့ရာ အိမ်နီးချင်းဖြစ်သော တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့သို့ ဈေးကွက်ထိုးဖောက်လျက်ရှိကြောင်း တွေ့ရပြီး ဂျာမနီ၊ ပြင်သစ် စသည့်နိုင်ငံများကိုပါ တင်ပို့နေပြီး သနပ်ခါးမှ အဆီထုတ်လုပ်ခြင်းကိုလည်း ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

    ထို့အပြင် မြန်မာနိုင်ငံတွင် ထိတွေ့ကိုင်တွယ်၍မရသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များစွာ ရှိသော်လည်း ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရခြင်းမရှိသေး သည့်အတွက် လွန်ခဲ့သည့်နှစ်တစ်ထောင်ကျော်ကာလကတည်းက ရိုးရာယဉ်ကျေးမှုဓလေ့အဖြစ် လိမ်းခြယ်ခဲ့ကြပြီး ယနေ့တိုင် ဆက်လက်ရှင်သန်နေသည့်အပြင် တစ်မျိုးသားလုံး၏ ယဉ်ကျေးမှု လက္ခဏာအဖြစ် ကိုယ်စားပြုဖြစ်သော မြန်မာ့သနပ်ခါးကို UNESCO က ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်သတ်မှတ်ခဲ့သည့် စံနှုန်း(၅)ချက်နှင့်လည်း ကိုက်ညီမှုရှိနေသဖြင့် ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုစာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေးအတွက် အမည်စာရင်းတင်သွင်းနိုင်ရန်လည်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ ကျွန်ုပ်တို့သည့်် မြန်မာ့သနပ်ခါး ကို  ကမ္ဘာသို့စင်တင်လျှင် သုံးမည့်သူ၏  ယုံကြည်ကိုးစားမှု အပြည့်ရရှိစေရန်  လုပ်ဆောင်ပေးရမည်။

    သနပ်ခါးစစ်မှန်ရေး၊ သန့်ရှင်းရေး၊ ဓါတ်မြေဩဇာ သုံးစွဲမှုနည်းပါးရေးနှင့် နှစ်ကာလသက်တမ်းပြည့်ရန် လိုအပ်သည်မှာလည်း မလွဲပင်ဖြစ်သည်။ သနပ်ခါးကို မသုံးစွဲဖူးသူများအတွက် အန္တရာယ်ကင်းရှင်းကြောင်းနှင့် မည်သည့်ဓါတ်ပစ္စည်းပါဝင်ကြောင်း ဦးစွာမိတ်ဆက်ပေးရပါမည်။

     မြန်မာ့သနပ်ခါးဈေးကွက် ဦးမော့လာစေရန်အတွက် သနပ်ခါးစိုက်ပျိုးသော သနပ်ခါး တောင်သူများအနေဖြင့်လည်း သနပ်ခါးကို သဘာဝနည်းဖြင့် စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ပါသည်။ သနပ်ခါးဈေးကွက် ရေရှည်တည်တံ့ကောင်းမွန်စေရန် စဉ်းစားသင့်ပါသည်။ သဘာဝနည်းစနစ်ဖြင့် ထုတ်လုပ်ထားသော သနပ်ခါးပင်များကို ခေတ်မီတိုးတက်သော နည်းပညာများ လေ့လာဆည်းပူး၍ နိုင်ငံတကာအဆင့်မီ အလှကုန်ပစ္စည်းများထုတ်လုပ်နိုင်အောင် ကြိုးစားရန် လိုအပ်မည်ဖြစ်ပါသည်။ ကုန်ကြမ်းပစ္စည်း၏ အရည်အသွေးမှာ အဆင့်မြင့်သဖြင့် ခေတ်မီနည်းပညာနှင့် ပေါင်းစပ်ပါက မြန်မာ့သနပ်ခါးသည် မြန်မာပြည်တွင်သာမက ကမ္ဘာကိုပင် လွှမ်းခြုံလာနိုင်လိမ့်မည် ဖြစ်ပါသည်။

     မြန်မာပြည်သည် သနပ်ခါးပင် ပေါက်ရင်းတိုင်းပြည်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သကဲ့သို့ မြန်မာ့သနပ်ခါးသည် မြန်မာတစ်မျိုးသားလုံးပိုင်ဆိုင်သော သယံဇာတစစ်စစ်ဖြစ်သည်။ မြန်မာ့ရတနာတစ်ပါးဖြစ်သော မြန်မာ့သနပ်ခါး စည်ပင်ဖွံ့ဖြိုးပြီး ကမ္ဘာအလည် ဝင့်ထည်လာစေရန် ပညာရှင်များ၊ စိတ်ဝင်စားသူများ စုပေါင်းညှိနှိုင်း၍ တက်ကြွစွာထိထိရောက်ရောက် ကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ပေသည်။

     အသေးစားကုန်ထုတ်လုပ်ငန်းများကို အားထားနေရသော မြန်မာနိုင်ငံသည် သနပ်ခါးအခြေခံသော အလှကုန်ကုန်ချောများ ထုတ်လုပ်ရောင်းချခြင်းဖြင့် မြန်မာမိန်းကလေးများကဲ့သို့ပင် ကမ္ဘာ အရပ်ရပ်မှ အမျိုးသမီးများ၏ အသားအရေလှပလာစေနိုင်ကြောင်း ကောင်းသတင်း ကြော်ငြာနိုင်ရန် လိုအပ်မည်ဖြစ်ပါသည်။ မြန်မာ့သနပ်ခါးကမ္ဘာ့အနှံ့အပြား ကျော်ကြားမွှေးပျံ့စေလိုသည်။ မြန်မာ့သနပ်ခါး၏ ဂုဏ်၊ ကျက်သရေ၊ သဘာဝအလှတရားတို့ကို မြန်မာလူမျိုးတိုင်းက အထူး တန်ဖိုးထားခြင်းဖြင့် ပြည်ပစီးပွားရေးဈေးကွက်တွင် ရနံ့သင်းသော မြန်မာ့သနပ်ခါး၏ပုံရိပ် ထာဝရ ပေါ်လွင်နေမည်မှာ မလွဲဧကန်ပင်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မကွေး)

 

ပြည်ထောင်စုနယ်မြေ၊ မန်ကျည်းဈေးကွက် အခြေအနေ

     ပြည်ထောင်စုနယ်မြေအတွင်း ခရိုင်(၄)ခု၊ မြို့နယ်(၈)မြို့နယ်ရှိရာ မြို့နယ်အားလုံးမှ မန်ကျည်းထွက်ရှိပါသည်။ မန်ကျည်းထွက်ရှိမှုအနေဖြင့် နှစ်စဉ်ပိဿာချိန် သိန်း(၈၀)အထက်တွင် ရှိနေပြီး ရောင်းဝယ်မှုအနေအထား အကောင်းဆုံးအခြေအနေကို တပ်ကုန်း မြို့နယ်တွင် တွေ့ရှိရပါသည်။

     မန်ကျည်းသီးရောင်းဝယ်မှုပုံစံများတွင် အသီးနု တင်ချိန်မှစ၍ အသီးရင့်မှည့်၍ အသီးချွေရန် အချိန်နီးလာသည့်ကာလအထိ အပင်သီးအား အခြေအနေကိုကြည့်၍ ဈေးဖြတ်ကာ ဝယ်ယူမှုများ ရှိနေပါသည်။ ဝယ်ယူမှုများ စတင်ချိန်သည် ဇူလိုင်လမှစတင်၍ ဝယ်ယူမှုများရှိသော်လည်း အများဆုံးဝယ်ယူသည့်အချိန်သည် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများ ဖြစ်ပါသည်။

     မန်ကျည်းဈေးကွက်တွင် မန်ကျည်းရွက်နု၊ အသီးနုနှင့် အသီးအမှည့်အနေအထားများဖြင့် ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိသည်ကို တွေ့ရပြီး မန်ကျည်းရွက်နုသည် မန္တလေးဈေးကွက်သို့ တင်ပို့မှုရှိပြီး မန်ကျည်းသီးအနုနှင့် ရင့်မှည့်ပြီး မန်ကျည်းသီးတို့သည် ရန်ကုန်ဈေးကွက်သို့ တင်ပို့ မှုရှိပါသည်။ မန်ကျည်းမှည့်သည် ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပသို့ တင်ပို့မှုများရှိနေသဖြင့် ပြည်ပ ဝင်ငွေရှာဖွေနိုင်သော အနေအထားတွင်ရှိနေပါသည်။

   မန်ကျည်းအရွက်၊ အသီးရောင်းဝယ်မှုများတွင် ပိဿာချိန်အရေအတွက်နှင့်သာ ရောင်းဝယ်မှု ပုံစံရှိနေပြီး မန်ကျည်းသီးတွင် ထုပ်ပိုးမှုပုံစံနှင့် ကုန်ပစ္စည်းအနေအထားတွင် ပုံစံပြောင်းလဲမှု အနေအထားများသာရှိလာပါသည်။ ယခင်(၁၀)နှစ်ကျော်ကာလများ မန်ကျည်းသီးမှည့် တင်ပို့မှုတွင် အစေ့မပါ အနေအထားဖြင့် နှီးခြင်းတောင်းများဖြင့် တင်ပို့မှုရှိသော်လည်း ယခုအခါ အစေ့ပါအနေအထားဖြင့် ပီနံအိတ်တွင် ရေစိုခံအိတ်ဖြင့် ထည့်သွင်းပြီး သင်္ဘောတင်အဆင့် တင်ပို့မှုအခြေအနေသို့ ရောက်ရှိနေသည်ကို တွေ့ရပါသည်။

   မန်ကျည်းရောင်းဝယ်မှုများကို ဒီဇင်ဘာလ ဒုတိယပတ်တွင် စတင်ပြီး ဧပြီလကုန်တွင် နည်းပါး သွားလေ့ရှိသည်ကို တွေ့ရပါသည်။ မန်ကျည်းမှည့်အစေ့ပါ အကြောဆွဲ တစ်ပိဿာ ယခင်နှစ် ပေါက်ဈေးနှုန်း (၁၃၀၀)ကျပ် ဝန်းကျင်ရှိခဲ့သော်လည်း ယခုနှစ်ဈေးနှုန်း ဖြစ်ပေါ်မှုများတွင် (၁၀၀၀) ကျပ်ဈေးဖြင့် ဈေးဖွင့်ခဲ့သော်လည်း မတ်လ ဒုတိယပတ်တွင် (၉၀၀)ကျပ် ဈေးနှုန်းသို့ လျော့ကျခဲ့မှု ရှိခဲ့ပါသည်။ တင်ပို့မှုအခြေအနေတွင် တိုက်ရိုက် သင်္ဘောတင်အဆင့်ဖြင့် (၃၀.၅)ပိဿာ ဝင်ဆန့်မှု အနေအထားဖြင့် ရေစိုခံအိတ်ပါပီနံအိတ်တွင် ထည့်သွင်းပြီး တင်ပို့မှုအနေအထား၊ ဘလောက်တုံးပုံစံသွင်း၍ ပလတ်စတစ်ထုတ်ပိုးမှုဖြင့် အိတ်သွပ်၍ တင်ပို့မှုများ ရှိနေပါသည်။

     မန်ကျည်းတင်ပို့ရန်အတွက် အိတ်သွပ်၊ ချိန်ချုပ်၊ ကားတင်ခ (၃၅၀)ကျပ်ခန့် ကုန်ကျမှုရှိပြီး ဘလောက်တုံးပုံစံသွင်း၍ ပလတ်စတစ်ပုံ အိတ်သွပ်လျှင် (၅၀၀)ကျပ်ခန့် ကုန်ကျနေပြီး နေပြည် တော်မှ ရန်ကုန်ကားခ တစ်အိတ်(၂၃၀၀)ကျပ်ရှိနေသည်ဟု သိရှိရပါသည်။ ပီနံအိတ်နှင့် ရေစိုခံအိတ် သည် (၄၀၀)ကျပ်ခန့် ကုန်ကျမှု ရှိနေသည်ကို သိရပါသည်။

    တပ်ကုန်းမြို့နယ်မှ ဦးတင်လွန်း(ရွှေနန်းတော်ပွဲရုံ၊ ၀၉-၄၃၀၄၄၇၈၄)၊ ဦးမင်းသိန်း(၀၉-၇၇၄၁၀၄၄၁၄) ကုန်သည်နှစ်ဦးနှင့် တွေ့ဆုံမှုအရ နှစ်စဉ်ကုန်ချိန် (၁၅)သိန်းခန့် ဝယ်ယူတင်ပို့မှုများ ရှိခဲ့သည်ဟု သိရှိရပြီး တိုက်ရိုက်သင်္ဘောတင်အဆင့်အထိ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်နိုင်ငံများသို့် တင်ပို့ရန်အတွက် လုပ်ဆောင်ပေးခဲ့ရသည်ဟု သိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

တောင်တွင်းကြီးဒေသထွက် ကြက်သွန်နီများ စျေးကောင်းလျက်ရှိ

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ နွေကြက်သွန်နီစိုက် တောင်သူများ ယခုလက်ရှိပေါက်စျေးအရ စျေးကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

     တောင်တွင်းကြီးမြို့နယ်တွင် ယခုနှစ် နွေကြက်သွန်စိုက်ဧက (၆၅၅)ဧက လျာထားလျက်ရှိပြီး ယခင်နှစ်နောက်ပိုင်းတွင် ကြက်သွန်နီစျေးမြင့်တက်သောကြောင့် ကြက်သွန်စိုက်တောင်သူများ ယခုနှစ်တွင် စိုက်ဧကအပြည့်အဝ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခင်နှစ်တွင် ကြက်သွန်နီ ပေါ်ဦးပေါ်စ (၁)ပိဿာလျှင်ကျပ်(၅၀၀မှ ၉၀၀)အထိရှိပြီး နောက်ပိုင်း ကာလတွင် ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၂၅၀၀မှ ၃၀၀၀)အထိဖြစ်၍ စျေးနှုန်းအားဖြင့် လှောင်နိုင်သော တောင်သူများသာ စျေးကောင်းရရှိပါကြောင်း၊ ယခုနှစ် ပေါ်ဦးပေါ်စတွင် ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၉၀၀မှ ၁၁၀၀)အထိရှိပြီး ယခင်နှစ်ဖြင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင်ပေါ်ဦးပေါ်စ ကြက်သွန်နီစျေးနှုန်းများ စျေးကောင်းရောင်းရကြောင်း ကြက်သွန်စိုက်တောင်သူတစ်ဦးဖြစ်သည့် ဦးကျော်စိုးထံမှ သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့၊ မြို့မစျေး၌ ဧပြီလ (ပထမအပတ်)အတွင်းရောင်းချလျက်ရှိသော ကုန်စျေးနှုန်းအခြေအနေ

      ချောက်မြို့နယ်တွင် မြို့နယ်လူဦးရေအတွက် အဓိကလိုအပ်သော စားသောက်ကုန်များကို နီးစပ်ရာမြို့များဖြစ်သည့် ဆိပ်ဖြူ၊ တညောင်၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များနှင့် ရှမ်းပြည်နယ် အောင်ပန်း၊ တောင်ကြီးတို့မှ မှာယူရောင်းဝယ်စားသုံးကြကြောင်း သိရှိရပါသည်။

    ချောက်မြို့၊ မြို့မစျေး၌ ဧပြီလ(ပထမအပတ်)အတွင်း ရောင်းချနေသော ကုန်စျေးနှုန်းအခြေအနေများမှာ ခရမ်းချဉ်သီး (၁)ပိဿာလျှင် (၁၆၀၀မှ ၁၈၀၀)ကျပ်အတွင်း၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် (၁၇၀၀ မှ ၂၀၀၀)ကျပ်အတွင်း၊ ပန်းဂေါ်ဖီ (၁)ပွင့်လျှင်(၁၂၀၀)ကျပ်၊ ပန်းဂေါ်ဖီစိမ်း (၁)ပွင့်လျှင် (၆၀၀ မှ ၈၀၀) ကျပ်အတွင်း၊ ပဲသီး (၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ ဘူးသီး (၁)လုံးလျှင် (၅၀၀မှ ၇၀၀)ကျပ်အတွင်း၊ အာလူး (၁)ပိဿာလျှင် (၂၂၀၀)ကျပ်၊ မုန်ညှင်းထုပ် (၁)ပိဿာလျှင်(၂၀၀၀)ကျပ်၊ ကန်စွန်းရွက် (၁)စီး လျှင် (၇၀)ကျပ်၊ ချဉ်ပေါင်ရွက် (၁)စီးလျှင် (၇၀)ကျပ်၊ နံနံပင် (၁)ပိဿာလျှင်(၃၀၀၀)ကျပ်၊ ငရုတ်ခြောက် အရှည် (၁)ပိဿာလျှင် (၁၆၀၀၀မှ ၁၈၀၀၀)ကျပ်၊ ကြက်သွန်နီ (၁)ပိဿာလျှင် (၁၂၀၀မှ ၁၃၀၀)ကျပ် အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း) (၁)ပိဿာလျှင် (၆၀၀၀မှ ၇၀၀၀)ကျပ်အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (၁)ပိဿာလျှင် (၄၅၀၀မှ ၅၀၀၀)ကျပ်အတွင်း၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် (၄၅၀၀)ကျပ်၊ နနွင်းတက် (၁)ပိဿာလျှင် (၂၅၀၀မှ ၂၆၀၀)ကျပ်အတွင်း၊ ဂျင်း (၁)ပိဿာလျှင် (၂၅၀၀) ကျပ်၊ ဆား(၁) ပိဿာလျှင်(၅၀၀)ကျပ်၊ မကျီးသီးမှည့် (၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ မြေပဲဆံ (၁)ပြည်လျှင် (၇၀၀၀) ကျပ်၊ ကုလားပဲခြမ်း (၁)ပြည်လျှင် (၆၀၀၀မှ ၆၈၀၀)ကျပ်အတွင်း၊ သကြား (၁)ပိဿာလျှင် (၃၂၀၀)ကျပ်၊ ပဲရာဇာ(၁)ပြည်လျှင် (၈၅၀၀မှ ၉၀၀၀)ကျပ်အတွင်း၊ ငရုတ်သီးစိမ်း (၁)ပိဿာလျှင် (၄၀၀၀)ကျပ်၊ မျှစ်ပေါက် (၁)ပိဿာလျှင် (၁၈၀၀)ကျပ်၊ ကြက်ဟင်းခါးသီး (၁)ပိဿာလျှင် (၂၅၀၀)ကျပ်၊ ပဲပင်ပေါက် (၁)ပိဿာလျှင် (၁၆၀၀)ကျပ်၊ ရုံးပတီသီး (၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြက်(မွေးမြူရေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ဝက်သား (၁)ပိဿာလျှင် (၁၇၀၀၀) ကျပ်၊ အမဲသား (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ဆိတ်သား (၁)ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ငါးမြစ်ချင်း (၁)ပိဿာလျှင် (၆၀၀၀)ကျပ်၊ ပေါ်ဆန်းဆန်(၁) ပြည်လျှင် (၃၆၀၀မှ ၄၀၀၀)ကျပ်အထိ၊ ဧည့်မထ (မိုး) (၁)ပြည်လျှင် (၂၆၀၀မှ ၂၈၀၀)ကျပ်အထိ၊ ပဲဆီ (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ နှမ်းဆီ (၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ နေကြာဆီ (၁)ပိဿာလျှင် (၁၂၅၀၀)ကျပ်၊ ၁၆ပဲရည် ရွှေ(၁)ကျပ်သား လျှင် (၂၉၆၀၀၀၀)ကျပ်၊ ၁၅ ပဲရည် ရွှေ (၁)ကျပ်သားလျှင် (၂၇၇၅၀၀၀)ကျပ်၊ ၁၄ပဲရည် ရွှေ (၁)ကျပ်သားလျှင် (၂၅၉၀၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း ရှိရပါသည်။

DOCA(မကွေး)

 

ကရင်ပြည်နယ် ရာဘာလက်ကျန်နှင့် စျေးကွက်အခြေအနေ

       ကရင်ပြည်နယ်အတွင်း ရာဘာစိုက်ပျိုးထွက်ရှိမှုအနေဖြင့်  စိုက်ပျိုးသည့် ဧရိယာ၂၇၁၂၇၁ ဧက၊ အစေးလှီးဧရိယာ  ၂၆၀၆၆၁ဧက၊ အထွက်နှုန်း ၅၆၅.၃၃ ပေါင် အထွက်တန်     ၁၂၆၀၄.၂၄တန် ဖြစ်ကြောင်း သိရသည်။        

    ကရင်ပြည်နယ်အတွင်း ရာဘာလက်ကျန်အခြေအနေမှာ တောင်သူလက်ကျန် (၂၀၀) တန်ခန့်နှင့် ကုန်သည်အဝယ်ဒိုင်လက်ကျန် (၄၃၅) တန်ခန့်၊ စုစုပေါင်းလက်ကျန် (၆၃၅) တန်ခန့်ရှိကြောင်းနှင့် ရာဘာစျေးနှုန်းမှာ (RSS-3) တစ်ပေါင်ပေါက်ဈေးသည် ယခင် အပတ်တွင် (၁၃၈၀) ကျပ်ဖြစ်ပြီး ယခုတစ်ပတ်တွင် (၁၃၄၀) ကျပ်ဈေးနှုန်းဖြင့် ဈေးနှုန်းကျသွားကြောင်း ရာဘာအဝယ်ဒိုင်များထံမှ လေ့လာသိရှိရပါသည်။

     ရာဘာဈေးကွက်အနေဖြင့် မော်လမြိုင်၊ရေး၊ ထားဝယ်နှင့်  ရန်ကုန်မြို့များသို့ ပြည်တွင်းဈေးကွက်အနေဖြင့် တင်ပို့ကြောင်းနှင့် ကရင်ပြည်နယ်၊ မြဝတီနယ်စပ်မှတဆင့် ထိုင်းနိုင်ငံ ပြည်ပဈေးကွက်သို့လည်း တင်ပို့ကြောင်း ရာဘာလုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(ကရင်)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

     တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၉.၄.၂၀၂၃ )

    ၁၉.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ကယားဒေသထွက် ငှက်ပျောသီးအကြောင်း တစေ့တစောင်း

      မြန်မာနိုင်ငံ အရှေ့ပိုင်းတွင်တည်ရှိပြီး လာရောက်လေ့လာသူ အနည်းဆုံး ပြည်နယ်များထဲမှ တစ်ခုဖြစ်သည်။ ဇီဝမျိုးစုံမျိုးကွဲများ ပေါများပြီး သီးနှံမျိုးစုံကြီးထွားမှုအတွက် အထောက်အကူဖြစ်စေသော မြေသြဇာကောင်းသည့် မြေများကြောင့် လူသိများပြီး ထိုဒေသတွင် နေထိုင်သူများအတွက် အဓိက စားနပ်ရိက္ခာဖြစ်သည့် ဒေသငှက်ပျောသီးအပါအဝင် ထူးခြားသောသစ်ပင်ပန်းမန်များနှင့် တိရစ္ဆာန်မျိုးစုံ နေထိုင်ရာနေရာဖြစ်သည့်အပြင် ၎င်းဒေသတွင် ပေါများသော သီးနှံတစ်မျိုးမှာ သေးငယ်ပြီး ချိုမြိန်သော အာဟာရတန်ဖိုးနှင့် ဘက်စုံသုံးအတွက် အလွန်တန်ဖိုးရှိ ဒေသထွက်သီးနှံတစ်မျိုးမှာ ကယားပြည်နယ်ဒေသထွက် ငှက်ပျောသီးများ ဖြစ်ပါသည်။

    ၎င်းဒေသထွက် ငှက်ပျောသီးမှာ သေးငယ်ပြီး ချိုမြိန်၍ အရသာရှိသော အသီးတစ် မျိုးဖြစ်ပြီး အာဟာရတန်ဖိုးနှင့် အရသာကြောင့် ဒေသခံပြည်သူများ အလွန်တန်ဖိုး ထား ကြသည်။ ငှက်ပျောသီးကို ကယားပြည်နယ် တောင်ကုန်းနှင့် တောင်တန်းများတစ်လျှောက် တွင် ပြန့်ကျဲနေသော အသေးစား မိသားစုပိုင် လယ်ယာများတွင် စိုက်ပျိုးကြပါသည်။  ဤခြံများသည် ဝေးလံခေါင်သီသော ဒေသများတွင် မကြာခဏ တည်ရှိကြပြီး မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့် ကမ်းပေးခဲ့သော မိရိုးဖလာ စိုက်ပျိုးနည်း များကို အားကိုးကြသည်။  ကယားပြည်နယ်မှ ပြင်ပသို့တင်ပို့သော ဒေသထွက် ဌက်ပျောသီး များကို လောပိတကျေးရွှာ၊ ရှမ်းရွာ၊ ကျောက်တောင်၊ လေးမိုင်စံပြကျေးရွာတွင် အဓိကစိုက်ပျိုး လျှက်ရှိပါသည်။ ယေဘူယျအားဖြင့် ကယားဒေသထွက် ဌက်ပျောသီးများကို မေလနှင့်ဇွန်လ များတွင် ရိတ်သိမ်းကြပြီး မိတ္ထီလာမြို့၊ ကျောက်ပန်းတောင်းမြို့ များသို့ အဓိကထား တင်ပို့ ရောင်းချကြသည်။ ကယားဒေသထွက်ငှက်ပျော၏ အဓိကအင်္ဂါရပ်များ ထဲမှ တစ်ခုမှာ ၎င်း၏ အရွယ်အစားဖြစ်သည်။  စူပါမားကက်များတွင် တွေ့ရလေ့ရှိသော ကြီးမားပြီး စီးပွားဖြစ် ငှက်ပျောသီးများနှင့် မတူဘဲ သေးငယ်ကျစ်လျစ်ကာ အရှည် ၁၀-၁၂ စင်တီမီတာခန့် သာရှိသည်။  အရွယ်အစားသေးငယ်သော်လည်း ငှက်ပျောသီးတွင် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ပိုတက်စီယမ်၊ ဗီတာမင် C နှင့် အမျှင်ဓာတ်ကြွယ်ဝသော အရင်းအမြစ်တစ်ခုဖြစ်သည်။

  ကယားပြည်နယ်ဒေသ ထွက်ငှက်ပျောသီးသည် ၎င်း၏ထူးခြားသော အရသာကြောင့် လူသိများလျက်ရှိပြီး  ၎င်းသည် ချိုမြိန်သော အရသာရှိပြီး အနည်းငယ်တင်းမာ၍ ခိုင်ခံ့ပြီး ခရင်မ်၏ အသွင်အပြင်ရှိသည်။  ၎င်းသည် ငှက်ပျောသီးကြော်နှင့် ငှက်ပျောသီးပန်ကိတ်များကဲ့သို့သော ဒေသထွက်ဟင်းလျာများ တွင် လူကြိုက်များသော ပါဝင် ပစ္စည်းတစ်ခုဖြစ်စေသည်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာ အဖြစ်လည်း အစိမ်းစားလေ့ရှိပါသည်။

     ကယားပြည်နယ်ရှိ ဒေသခံပြည်သူများသည် ဒေသထွက်ငှက်ပျောကို အလွန်တန် ဖိုးထားကြပြီး ၎င်းတို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။  တကယ်တော့ ငှက်ပျောသီးကို ဒေသပွဲတော်နဲ့ အခမ်းအနားတွေမှာ သုံးလေ့ရှိပြီး ဩဇာနဲ့ ကြွယ်ဝခြင်းရဲ့ သင်္ကေတတစ်ခုလို့ ယူဆကြပါတယ်။ ကယားဒေသ ထွက်ငှက်ပျောကို ဒေသခံများ ကြားတွင် ရေပန်းစားနေသော်လည်း ကယားပြည်နယ်ပြင်ပတွင် လူသိများခြင်းမရှိပေ။  ယင်းမှာ ဒေသ၏ ဝေးလံခေါင်သီသော တည်နေရာနှင့် နိုင်ငံ၏ အခြား ဒေသများသို့ အသီးအနှံများ သယ်ယူရန်ခက်ခဲစေခြင်း ၊ အခြေခံ အဆောက်အအုံချို့ တဲ့ခြင်းကြောင့် ဖြစ်သည်။  ထို့အပြင် ငှက်ပျောသီးကို ၎င်း၏ရရှိနိုင်မှုကို ကန့် သတ်ထားသည့် ကြီးမားသောအတိုင်းအတာဖြင့် မစိုက်ပျိုးနိုင်ခြင်းကြောင်း ဖြစ်သည်။သို့သော်လည်း အစားအသောက် ဝါသနာရှင်များနှင့် စားဖိုမှူးများအကြား ကယားဒေသထွက်ငှက်ပျောသီးကို စိတ်ဝင်စားမှုတိုးလာကာ ဒေသတွင်း ဟင်းလျာများ၏ အရသာများကို စူးစမ်းလေ့လာရန် စိတ်ဝင်စားမှု ရှိလာပါသည်။  ယင်းကြောင့် ကယားပြည်နယ်ပြင်ပတွင် ငှက်ပျောဈေး ကွက် အနည်းငယ်သာ ကြီးထွားလာခဲ့ပါသည်။

       နိဂုံးချုပ်အနေဖြင့် ကယားဒေသထွက်ငှက်ပျောသည် ထူးခြားသော ငှက်ပျောမျိုးဖြစ်ပြီး  ၎င်း၏ အာဟာရတန်ဖိုးနှင့် အရသာအတွက် ဒေသခံပြည်သူများက အလွန်တန်ဖိုးထားကြပြီး ၎င်းတို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။  ဒေသတွင်း၊ ပြင်ပတွင် ကျယ်ကျယ်ပြန့်ပြန့် မသိရသော်လည်း  ကယားဒေသထွက် ငှက်ပျောသီးသည် မတူကွဲပြားသော ဒေသအစားအစာများ၏ အရသာကို စူးစမ်းလေ့လာလိုသော အစားအသောက် ဝါသနာရှင်များအကြား ရေပန်းစားလာပါသည်။

DOCA(ကယား)

 

သကြားမုန်လာဥ ( Beetroot )

       Beetroot အား မြောက်အမေရိကတွင် စတင်စိုက်ပျိုးဖြစ်ထွန်းကာ အသုံးများခဲ့သည်ဟု သိရှိရပါသည်။ Beetroot အား မြန်မာလို "သကြားမုန်လာဥ" ဟူ၍ ခေါ်ဆိုကြပါသည်။ မြန်မာနိုင်ငံတွင် စားသုံးသူနည်းပြီး တခြားနိုင်ငံတွင် ဟင်းလျာတစ်ခုအနေဖြင့် စားသုံးကြ သကဲ့သို့ Juice အနေဖြင့်သောက်သုံးကြပါသေးသည်။ ချိုမြပြီး အရသာကိုကြိုက်၍ လေ့လာကြည့်မိပါသည်။ ၁၉ရာစု အလယ်လောက်တွင် Beetroot အား ဝိုင်၏အရောင်ချယ်ရာမှ စတင် အသုံးပြုလာကြပါသည်။ Beetroot သည် မုန်လာဥကဲ့သို့အပင်တစ်မျိုးဖြစ်ပြီး အရိုးနီညိုရောင်နှင့် အစိမ်းရောင်အရွက်အပင်ပု တစ်မျိုးဖြစ်ပါသည်။

  စိုက်ပျိုးထုတ်လုပ်ရန် စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိအချိန် (၂)လနီးပါးသာကြာ မြင့်ပါသည်။ ကမ္ဘာနိုင်ငံအနှံ့အပြားတွင်  Beetroot သည် အမည်မျိုးပေါင်းများစွာ ခေါ်ဝေါ် ကြပါသည်။ Beetroot၏ အရွက်အားစားသုံး၍ရသကဲ့သို့ အရသာမှာမုန်ညှင်းရွက်နှင့်တူပြီး ဥကိုပြုတ်ပြီးစားခြင်း၊ စွပ်ပြုတ်လုပ်ကာသောက်သုံးခြင်း၊ မီးဖုတ်၍ စားလျှင်လည်း ရပါသေးသည်။ City Mart ၊ Ocean Center ကုန်တိုက်များသို့ရောက်လျှင် သတိထားမိသော ဥတစ်မျိုးအဖြစ် တွေ့ရမည်ဖြစ်ပါသည်။ Beetroot တွင် ဗီတာမင်နှင့်သတ္တု ဓာတ်ကြွယ် ဝစွာပါဝင်ပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါသည်။ 

   Beetroot မှရရှိသောအကျိုးကျေးဇူးမှာ သွေးအားနည်းရောဂါကာကွယ်ပေးခြင်း၊ ဦးနှောက်စွမ်းရည်ကို ကောင်းမွန်စေခြင်း၊ အစာချေဖျက်မှုကောင်းမွန်စေခြင်း၊ အသည်းနှင့် ကျောက်ကပ်အတွက် ကောင်းမွန်စေခြင်း၊ အရိုးများသန်မာစေခြင်း၊ အရေပြားလှပစေခြင်း၊ ကင်စာအမျိုးမျိုးအတွက် ကာကွယ်တာဆီးပေးခြင်းတို့အပြင် ဆီးချိုသွေးချိုရောဂါသမားများ အသင့်အတင့် စားပေးပါက သင့်လျှော်သည့်အပြင် အမျှင်ဓာတ်ပြည့်ဝသည့်အတွက် အစာစားချင်စိတ်ကို လျော့နည်းသည့်အတွက် ဝိတ်ကျစေချင်သူများအတွက် အကောင်း ဆုံးဖြစ်ပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း