Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် MSMEs ထုတ်ကုန်များ ဈေးရောင်းပွဲတော်ကျင်းပပြုလုပ်

       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်တွင်းပြည်ပဈေးကွက်ရရှိရေးတို့ကိုရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ မေလ (၁) ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့ (Mayday) အထိမ်းအမှတ်အနေဖြင့် MSMEs ဈေးရောင်းပွဲတော်ကို ၂၀၂၄ခုနှစ်၊ ဧပြီလ ၃၀ရက်နေ့မှ မေလ ၂ရက်နေ့ထိ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ သာယာဝတီခရိုင်၊ နတ်တလင်းခရိုင်၊ ညောင်လေးပင်ခရိုင်၊ (၆) ခရိုင်ရှိ MSMEs လုပ်ငန်းများမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ဒေသထုတ်ကုန်နှင့် ဒေသထွက်အစားအစာများကို ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ ရှင်စောပုရပ်ကွက်၊ ၃၃လမ်းတွင် ဆိုင်ခန်းပေါင်း (၁၁၀) ဖြင့် လုပ်ငန်းအမျိုးအစား (၁၀၀၀)ကျော်အား သတ်မှတ်မူရင်းဈေးနှုန်းများဖြင့် ခင်းကျင်းပြသရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

စတင်ပေါ်ထွက် စိန်တလုံးသရက်

     အသားမှာဝက်၊ အရွက်မှာလက်ဖက်၊ အသီးမှာသရက်ဆိုသည့်အတိုင်း အနံ့အရသာနှင့် ပြည့်စုံသော စိန်တလုံးသရက်များသည် ယခုရာသီအချိန်တွင် စတင်ထွက်ရှိလာပြီ ဖြစ်ပါသည်။ သရက်အမျိုးအစားများစွာရှိသော်လည်း စိန်တလုံးသရက်သည် ပိုမိုထူးကဲကောင်းမွန်သောကြောင့် ဈေးကွက်အတွင်းဈေးကောင်းရ၊ လူကြိုက်များလျက်ရှိပါသည်။ ယခုမေလအတွင်း ဈေးကွက်ပေါက်ဈေးအနေဖြင့် အရွယ်အစားအကြီးအသေးပေါ်မူတည်၍ စိန်တလုံးသရက်သီး (၁)လုံးလျှင် ၇၅၀ကျပ်မှ ၁၅၀၀ကျပ်အထိ အသီးသီးပေါက်ဈေးရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

ရွှေဝါရောင်ဖယောင်းပန်းများ ဝေဆာသောရာသီ

      ရှမ်းပြည်နယ်မှထွက်ရှိသော ဖယောင်းပန်း(ခေါ်)ပင်းတယရွှေဝါများသည် ပင်းတယ၊ ကလော ဒေသထွက်ရိုးရာပန်းတစ်မျိုးဖြစ်ပါသည်။ ဖယောင်းပန်းများသည် အရောင် ၊အဆင်း ၊အနံ့ပြည့်စုံခြင်းကြောင့် ဘုရားပန်းအဖြစ် ကပ်လှူကြပြီး  ရှမ်းပြည်နယ်တောင်ပိုင်း ပန်းဈေးကွက်တွင် ဝယ်လိုအား များပြားနေလျက်ရှိပါသည်။ အဆိုပါ ဖယောင်းပန်းများသည် ယခင်ဧပြီလအတွင်းမှ စတင်ထွက်ရှိလာ ခဲ့ပြီး ယခုမေလအတွင်းတွင် ဈေးကွက်အတွင်း၌ ရောင်းချသူများ အများအပြားရှိနေပါပြီဖြစ်ပါသည်။ ယင်းဖယောင်းသစ်ခွများသည် တစ်ဖူးထိုး/ နှစ်ဖူးထိုးဟူ၍ အမျိုးအစား(၂)မျိုးရှိပြီး ဖယောင်းသစ်ခွ တစ်ဖူးထိုးဈေးနှုန်း အနေဖြင့် ၁၀ပင် တစ်စီးလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်အတွင်း ပေါက်ဈေးရှိပြီး နှစ်ဖူးထိုး ၁၀ပင် တစ်စီး လျှင် ၄၅၀၀ကျပ်မှ ၆၀၀၀ကျပ်အတွင်း ပေါက်ဈေးရှိကြောင်း သတင်းရရှိ ပါသည်။

DOCA(ရှမ်း)

 

ရာသီတုံးစပြုစတော်ဘယ်ရီများ ဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်

     လွန်ခဲ့သော ဧပြီလတွင် စတော်ဘယ်ရီသီးများ လှိုင်လှိုင်ထွက်ရှိခဲ့ပြီး ဒေသမျိုးစတော်ဘယ်ရီ (၁)ပိဿာလျှင် ၃၅၀ဝိ/- ကျပ်မှ ၄၀၀ဝိ/-ကျပ်အတွင်းလည်းကောင်း ဂျပန်မျိုးစတော်ဘယ်ရီ (၁) ပိဿာလျှင် ၆၅၀ဝိ/- ကျပ်မှ ၈၀၀ဝိ/-ကျပ်အတွင်းလည်းကောင်း ပေါက်ဈေးရှိခဲ့သော်လည်း ယခုမေလအတွင်းတွင် အထွက်နှုန်းနည်းပါးပြီး အသီးများတုံးစပြုလာသည့်အပြင် ရာသီဥတုပူပြင်းမှုကြောင့် စတော်ဘယ်ရီသီးနှံဖျော်ရည်ဈေးကွက်တွင်လည်း ဝယ်လိုအားများပြားခြင်းကြောင့် ဈေးနှုန်း များ ပြန်လည်မြင့်တက်လာခဲ့ပါသည်။

    ယခုမေလအတွင်း ဒေသမျိုးစတော်ဘယ်ရီသီး (၁)ပိဿာလျှင် ၅၀၀ဝိ/- ကျပ်မှ ၆၅၀ဝိ/-ကျပ်အထိလည်းကောင်း၊ ဂျပန်မျိုးစတော်ဘယ်ရီ (၁)ပိဿာလျှင် ၇၅၀ဝိ/- ကျပ်မှ ၉၀၀ဝိ/-ကျပ်အထိလည်းကောင်း ပြန်လည်မြင့်တက်လာကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

ပခုက္ကူကုန်စည်ဒိုင်၌ မေလ(ပထမပတ်)တွင် ဈေးတက်နေသော ရွှေကြက်သွန်နီဈေးနှုန်းဈေးကွက်

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ ကြက်သွန်နီကုန်စည်ဒိုင်သို့ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်စိုက်များ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့၊ တောင်သာမြို့နယ်၊ ညောင်ဦးမှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများအပြင် ကြက်သွန်ဖြူ များလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

      ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်၌ ၂၀၂၄ခုနှစ်၊ မေလ (ပထမပတ်) တွင် ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးမှာ ပေါက်နယ် (ယောစ) ထိပ်စတစ်ပိဿာလျှင် ကျပ် (၂၁၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၁၉၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၁၇၀၀)၊ ပုလဲကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ကျပ် (၂၃၀၀)၊  အလတ်စတစ်ပိဿာလျှင် ကျပ် (၂၁၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၁၅၀၀) ဖြင့် နေ့စဉ် ကုန်ချိန် (၅၀၀၀၀မှ ၁၅၀၀၀၀)ကျော်ထိအရောင်းအဝယ်ဖြစ်နေပြီး ပခုက္ကူမြို့မစည်ပင်သာယာဈေးတွင် ရောင်းချနေသော ကြက်သွန်နီလက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ် (၂၆၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၂၄၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၂၀၀၀မှ ၁၆၀၀) ဈေးနှုန်းတို့ဖြင့် ရောင်းချနေကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။ တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်၊ မြဝတီ၊ ဟင်္သာတမြို့များသို့လည်းတင်ပို့နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။    

DOCA(မကွေး)

                  

ပခုက္ကူကုန်စည်ဒိုင်သို့ မေလ(ပထမပတ်)တွင် ပဲတီစိမ်းကြီး စတင်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ပဲမျိုးစုံဖြစ်သော ပဲစင်းငုံနီ၊ ကုလားပဲ၊ ပဲယင်း၊ ပဲတီစိမ်း၊ ပဲနှောက်၊ ပဲကြီး၊ ထောပတ်ပဲနှင့် အခြားပဲများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ပခုက္ကူမြို့၏ အဓိကစိုက်ပျိုးသော ပဲသီးနှံမှာ ပဲစင်းငုံနီ၊ ကုလားပဲ၊ မြေပဲ၊ နှမ်းနှင့် ပဲတီစိမ်းတို့ကို အဓိကစိုက်ပျိုးကြပါသည်။ ပဲတီစိမ်းကြီးကို ပခုက္ကူမြို့နှင့် ကျေးရွာများဖြစ်သော ချောက်ကန်အုပ်စု၊ အင်ပင်၊ မန်ကျီးကိုးပင်၊ ကိုင်းအုပ်စု၊ မြိုင်နယ်နှင့် ပခုက္ကူမြို့နယ်ကြားရှိ ကျေးရွာများ၊ ကန်တော်၊ ကန်လှ၊ ညောင်ပင်လှ၊ ဒဟတ်ချောက်၊ သမင်အုပ်၊ ကန်ရပ်ကျေးရွာများတွင် ပဲစင်းငုံစိုက်ပျိုး ရိတ်သိမ်းမှုအပြီးတွင် နွေပဲတီစိမ်းကြီးကို ရေသွင်းစိုက်ပျိုးကြပါသည်။ ၂၀၂၄ခုနှစ်၊ မေလ(ပထမပတ်) တွင် ပခုက္ကူကုန်စည်ဒိုင်၌ ပဲတီစိမ်းကြီး စတင်ဝင်ရောက်အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

   မေလ(ပထမပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်၌ဖြစ်ပေါ်ခဲ့သော ပဲတီစိမ်းကြီး(ပြောင်) ဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ်(၆၀၀၀၀)ဖြစ်၍ အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ အိတ်(၅၀)မှ အိတ်(၁၀၀)ထိဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်သို့တင်ပို့နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

မေလ(ပထမပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်၌ ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ပဲမျိုးစုံဖြစ်သော ပဲစင်းငုံနီ၊ ကုလားပဲ၊ ပဲယင်း၊ ပဲတီစိမ်း၊ ပဲနှောက်၊ ပဲကြီး၊ ထောပတ်ပဲနှင့် အခြားပဲများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ပခုက္ကူမြို့၏ အဓိကစိုက်ပျိုးသော ပဲသီးနှံမှာ ပဲစင်းငုံနီ၊ ကုလားပဲ၊ မြေပဲ၊ နှမ်းနှင့် ပဲတီစိမ်းတို့ကို အဓိကစိုက်ပျိုးကြပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူမြို့နယ်သာမက  အခြားမြို့နယ်များဖြစ်သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မာလာ၊ လက်ထုပ်၊ သူကောင်းတည်၊ အထက်ညှဉ့်၊ အောက်ညဉ့်၊ ပုလင်းကျေးရွာများမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

      ၂၀၂၄ခုနှစ်၊ မေလ(ပထမပတ်)တွင် ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံဈေးနှုန်းများမှာ ပဲစင်းငုံနီတစ်တင်းလျှင် ကျပ်(၁၂၈၆၀၀)မှ ကျပ်(၁၂၉၂၀၀)၊ ကုလားပဲဝါလုံးကြီး တစ်တင်းလျှင် (929) ကျပ်(၇၈၈၀၀)မှ (၇၉၆၀၀)၊ ကုလားပဲဝါ(HL)တစ်တင်းလျှင် ကျပ်(၇၈၀၀၀)၊ ကုလားပဲဖြူလုံးကြီး(V6) တစ်တင်းလျှင် ကျပ် (၈၂၀၀၀)၊ ထောပတ်ပဲဖြူ(ဂေါက်ပြား)တစ်တင်းလျှင် ကျပ်(၁၀၄၅၀၀)၊ ပဲဇီးကွက်တစ်တင်းလျှင် ကျပ် (၄၈၀၀၀)၊ ကြက်ဆူတစ်ပိဿာလျှင် ကျပ်(၃၀၅၀)၊ နေလဲစေ့တစ်ပိဿာလျှင် ကျပ်(၇၂၅၀) တို့ဖြစ်ပြီး အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ ပဲစင်းငုံနီ (၂၅၀၀)၊ ကုလားပဲဝါလုံးကြီး (929) (၃၀၀)၊ ကုလားပဲဝါ(HL) (၁၀၀)၊ ကုလားပဲဖြူလုံးကြီး(V6) (၃၀၀)၊ ထောပတ်ပဲဖြူ(ဂေါက်ပြား)(၅၀၀)၊ ပဲဇီးကွက် (၃၀၀)၊ ကြက်ဆူပိဿာချိန် (၅၀၀၀)၊ နေလဲစေ့ပိဿာချိန် (၆၀၀၀) အရောင်းအဝယ်ဖြစ် နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူမြို့ပေါ်ရှိ စက်သုံးဆီဈေးကွက်အခြေအနေ

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ မေလ(ပထမပတ်)တွင် စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာလျှင် ကျပ်(၂၉၀၀)၊ 95 တစ်လီတာလျှင် ကျပ်(၃၀၁၀)၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ကျပ်(၂၅၁၅)၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ကျပ် (၂၄၆၅) ဈေးနှုန်းအသီးသီးဖြင့်ရောင်းချခဲ့ပြီး ဧပြီလ(စတုတ္ထပတ်)ပတ်တွင် 92 တစ်လီတာလျှင် ကျပ်(၂၈၉၅)၊ 95 တစ်လီတာလျှင် ကျပ်(၃၀၀၅)၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ကျပ်(၂၅၂၅)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ် (၂၄၈၀)  ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။

          ဧပြီလ(စတုတ္ထပတ်)နှင့် မေလ(ပထမပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ယခုမေလ(ပထမပတ်) တွင် 92 နှင့် 95  တစ်လီတာလျှင် ကျပ်(၅)ဈေးနှုန်းမြင့်တက်ပြီး ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ကျပ်(၁၀)၊ ဒီဇယ်ရိုးရိုးမှာ တစ်လီတာလျှင် ကျပ်(၁၅)ဈေးတက်၍ အရောင်းအဝယ်ဖြစ်နေကြောင်း စက်သုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ ကုန်စိမ်းသီးနှံဈေးကွက်သို့ ဒေသထွက်ခရမ်းချဉ်သီးများ ဝင်ရောက်မှုနည်း၍ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်သို့ ရှမ်းပြည်နယ်၊ အောင်ပန်း၊ ပြင်ဦးလွင်နှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသထွက် ခရမ်းချဉ်သီးနှင့် ပခုက္ကူ၊ မြစ်ခြေကျွန်းဒေသထွက် ခရမ်းချဉ်သီးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုအချိန်တွင် ကျွန်းဗမာခရမ်းချဉ်သီးများဝင်ရောက်မှုနည်းပြီး ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ထိုင်ဝမ်ခရမ်းချဉ်သီးများ ဝင်ရောက်မှုများကြောင်း ဈေးကွက်မှသိရှိရသည်။

      အောင်ပန်းနှင့်ပြည်ဦးလွင်မှ ဝင်ရောက်သည့် ခရမ်းချဉ်သီးများမှာ ရာသီမရွေးဝယ်ယူစားသုံးနိုင်ပြီး အခွံထူ၍ အချဉ်ဓာတ်နည်းသည့်အပြင် အလုံးအရွယ်အစားလှခြင်းကြောင့် ဝယ်ယူစားသုံးမှုများကြောင်း၊ ဒေသထွက်ခရမ်းချဉ်သီးများမှာ ယခုအချိန်တွင် ဈေးကွက်သို့ ဝင်ရောက်မှုနည်းကြောင်း၊ ယခုမေလ(ပထမပတ်)အစောပိုင်းတွင် ခရမ်းချဉ်သီးဈေးများ မြင့်တက်လျက်ရှိကြောင်းသိရှိရသည်။

       ဈေးနှုန်းအနေဖြင့် ယခင်ဧပြီလ(စတုတ္ထပတ်)တွင် ထိုင်ဝမ်ခရမ်းချဉ်သီးတစ်ပိဿာလျှင် အရွယ်အစားနှင့် အရည်အသွေးလိုက်၍ ကျပ်(၇၀၀-၈၀၀-၁၀၀၀) ဈေးဖြစ်ခဲ့ပြီး ယခုမေလ (ပထမပတ်) အစောပိုင်းကာလတွင် တစ်ပိဿာလျှင် ကျပ်(၁၀၀၀-၁၂၀၀-၁၆၀၀)ဖြင့် ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၆၀၀)ခန့်ထိဈေးနှုန်းမြင့်တက်ကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ပခုက္ကူဈေးကွက်သို့ ဒေသထွက်ခရမ်းချဉ်သီးများ ဝင်ရောက်မှုနည်းခြင်းကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း ပခုက္ကူမြို့ပေါ်ရှိ ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)

               

ဆိပ်ဖြူမြို့နယ်၌ ဧပြီလအတွင်းဖြစ်ပေါ်ခဲ့သော ကြက်သွန်နီဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ ကြက်သွန်နီဈေးကွက်၌ ၂၀၂၄ခုနှစ်၊ ဧပြီလ အစောပိုင်းကာလတွင် ကြက်သွန်နီအမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၁၇၅၀ - ၁၈၀၀)ဖြင့် ဈေးကျဆင်းပြီး အရောင်းအဝယ်ဖြစ်ခဲ့ရာမှာ သင်္ကြန်ပြီးကာလ ဧပြီလ(စတုတ္ထပတ်)တွင် ဈေးနှုန်းမြင့်တက်လာပြီး အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၁၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရသည်။ ဧပြီလအတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၃၅၀)ခန့် ဈေးမြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်ပအဝယ်လိုက် ၍ ဈေးနှုန်းမြင့်တက်လာကြောင်းသိရှိရပါသည်။

       အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ၂၀၂၄ခုနှစ်၊ ဧပြီ(ပထမပတ်)တွင် ဆိပ်ဖြူကြက်သွန်နီကုန်စည်ဒိုင်ဈေးကွက်၌ နေ့စဉ်ပိဿာ (၅၀၀၀၀မှ ၁၀၀၀၀၀ထိ)ဝင်ရောက်အရောင်းအဝယ်ဖြစ်ပြီး သင်္ကြန်ပြီးကာလနောက်ပိုင်း ဧပြီလ(စတုတ္တပတ်)တွင် နယ်မြေအခြေအနေအရ ကုန်စည်ဒိုင်ဈေးကွက်သို့ နယ်ဒေသများမှ ကြက်သွန်နီဝင်ရောက်အရောင်းအဝယ်မဖြစ်ကြောင်း၊ မြို့ပေါ်ရှိ ကြက်သွန်နီရောင်းဝယ်ရေးပွဲစား လှောင်လက်သမားများက ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာ ကျေးရွာများသို့ဆင်း၍ ဝယ်ယူသိုလှောင်ကြောင်း၊ မြို့ပေါ်ရှိ ကြက်သွန်နီပွဲရုံများသို့ နေ့စဉ်ကုန်ချိန်ပိဿာ (၁၀၀၀၀၀မှ ၂၀၀၀၀၀ထိ) ဝင်ရောက်ကြောင်း၊ ကုန်စည်စီးဆင်းမှုနည်းပြီး သိုလှောင်မှုများကြောင်း၊ ပြည်ပအဝယ်လိုက်၍ ဈေးနှုန်းဈေးကွက်မြင့်တက်မှုကြောင့် ကုန်စည်ဝင်ရောက်မှုများပြီး ဧပြီလအတွင်း ဆိပ်ဖြူကြက်သွန်နီဈေးကွက်သို့ ကုန်ချိန်ပိဿာ သိန်း(၂၀)ခန့်ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ကြက်သွန်နီပိဿာ (၁၅)သိန်းခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရပါသည်။

        ပြည်တွင်းဈေးကွက်အနေဖြင့် ဆိပ်ဖြူမြို့နယ်မှထွက်ရှိသည့် ကြက်သွန်နီများကို ရန်ကုန်တိုင်းဒေသကြီးရှိ ဘုရင့်နောင်ကုန်စည်ဒိုင်၊ ပြည်၊ ပုသိမ်မြို့များနှင့် ပြည်ပဈေးကွက်အနေဖြင့် တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် တင်ပို့လျက်ရှိကြောင်းသိရှိရသည်။ ဧပြီလအတွင်း ကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်သို့ (၁၂)ဘီကား (၅၄)စီး၊ ပိဿာချိန် (၆)သိန်း၊ မြဝတီမြို့သို့ တွဲကား(၄၅)စီး၊ ပိဿာချိန်(၈)သိန်း၊ မော်လမြိုင်မြို့သို့ တွဲကား(၁)စီး၊ ပိဿာချိန် (၂)သောင်း၊ ပြည်မြို့သို့ (၆)ဘီးကား (၁၁)စီး၊ ပိဿာချိန် (၇)သောင်း၊ ပုသိမ်မြို့သို့ (၆)ဘီးကား (၁၁)စီး၊ ပိဿာချိန် (၇)သောင်း၊ စုစုပေါင်းပျမ်းမျှပိဿာ (၁၅)သိန်းခန့်၊ တန်ချိန်အားဖြင့် (၂၄၄၉)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်းသိရှိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း