Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သဲကုန်းမြို့နယ်တွင် ရာသီပေါ်မရမ်းသီးများ ဈေးကောင်းရ

     ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြိုနယ် နေရာအနှံ့အပြားတွင် မရမ်းပင်များကို စားသုံးရန်နှင့် ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ဇန်နဝါရီလ မရမ်းသီးပေါ်စအချိန်၌ မရမ်းပင်စိုက်သူများမှာ မရမ်းသီး (အနု)တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်ဖြင့် ဈေးကောင်းရရှိခဲ့ပြီး  ယခုလှိုင်လှိုင်ထွက်ရှိချိန် ၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်တွင် မရမ်းသီး(မနုမရင့်) တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်သာရှိတော့ကြောင်းသိရှိရပါသည်။ ထွက်ရှိလာသော မရမ်းသီးများကို ဒေသတွင်းမြို့နယ်များနှင့် ပြည်မြို့သို့လည်းတင်ပို့ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

အထက်မင်းလှမြို့နယ်၌ ဆောင်းသီးနှံကုလားပဲများလှိုင်လှိုင်ထွက်ရှိပြီး ဈေးကောင်းရလျက်ရှိ

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၌ နှမ်း၊ စားတော်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ မြေပဲ၊ ပဲစဉ်းငုံ၊ နေကြာ၊ ပြောင်း၊ ဝါ၊ ကြက်သွန်နီနှင့် အခြားသီးပင်စားပင်များ စိုက်ပျိုးထွက်ရှိပြီး ဆောင်းသီးနှံကုလားပဲမှာ ၂၀၂၃-၂၀၂၄ဘဏ္ဏာနှစ်အတွက် စိုက်ဧက(၁၀၀၀၀)ကျော်စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

    အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာတွင် ကုလားပဲစိုက်တောင်သူ (၅၀)ဦးခန့်ရှိပြီး စိုက်ဧကမှာ(၃၀၀)ဧကဝန်းကျင်စိုက်ပျိုးထားကြောင်း၊ မိမိအနေဖြင့် ကုလားပဲစိုက် ခင်း(၉) ဧကခန့်စိုက်ပျိုးထားကြောင်း၊ မျိုးအနေဖြင့် ရေဆင်း-၆ မျိုးကို အများဆုံးစိုက်ပျိုးပြီး ကုန်ကျ စရိတ်အနေဖြင့် (၁)ဧကလျှင် ကျပ်(၁၅၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယပတ်)တွင် စိုက်ပျိုးသော ဆောင်းသီးနှံကုလားပဲကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်) တွင် စတင်ရိတ်သိမ်းလျက်ရှိပြီး မတ်လ(စတုတ္ထပတ်)တွင် အပြီးရိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ အထွက်နှုန်းအနေဖြင့် အပင်အထွက်ညီသော ကုလားပဲစိုက်ဧက(၁)ဧကလျှင် (၂၅)တင်းမှ(၃၆)တင်း အထိထွက်ရှိကြောင်း၊ မိမိကုလားပဲစိုက်ခင်းမှာ အပင်အထွက်မညီ၍ စိုက်ဧက(၁)ဧကလျှင် တင်း(၂၀) သာထွက်ရှိကြောင်း၊ ယခင်နှစ်က တစ်တင်းလျှင် အမြင့်ဆုံးဈေး ကျပ်(၆၀၀၀၀)ရရှိခဲ့ပါကြောင်း၊ ယခုနှစ်တွင်  ဈေးနှုန်းအနေဖြင့် ကုလားပဲစတင်ရိတ်သိမ်းချိန် ဖေဖော်ဝါရီလ(တတိယပတ်)တွင် (၁) တင်းလျှင် ကျပ်(၉၅၀၀၀)ဈေးရှိခဲ့ပြီး ယခုမတ်လ(ပထမပတ်)တွင် တစ်တင်းလျှင် ကျပ်(၈၀၀၀၀) ဈေးရရှိပါကြောင်း၊ ထွက်ရှိသည့်ကုလားပဲများကို အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ ရောင်းချပါကြောင်း၊ ယခုနှစ်တွင်မူ ပို၍ဈေးကောင်းရရှိသောကြောင့် ကုလားပဲစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များပိုမိုရရှိ၍ အဆင်ပြေလျက်ရှိကြောင်း ဥယျာဉ်ကျေးရွာနေ ကုလားပဲစိုက်တောင်သူ ဦးဇော်အောင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ပြည်ဈေးကွက်အတွင်းရောင်းချနေသော ငရုတ်ပွသီး

     ငရုတ်ပွကို ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် ငရုတ်ချို၊ ငရုတ်ပွဟူ၍ ခေါ်ဆိုကြပါသည်။ ငရုတ်ပွ၏အရသာမှာ ချိုသောအရသာရှိပြီး ဈေးကောင်းလည်းရသော အသီးအနှံတစ်မျိုးဖြစ်သောကြောင့် စိုက်ပျိုးသူတောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ငရုတ်ပွပင်စိုက်ပျိုးရာတွင် ငရုတ်မျိုးစေ့များအား မျိုးစေ့ချအပင်ဖောက်ပြီး ပျိုးပင်များအား တစ်လခွဲ သက်တမ်းကြာမြင့်လာသည့်အချိန်မှသာ မြောင်းဖော်ခြင်း၊ စိုက်ပေါင်ဖော်ခြင်းတို့ဆောင်ရွက်ရပြီး စိုက်ပျိုးရာတွင် အပင်များအား ၂ပေစီခြား၍စိုက်ပျိုးရပါသည်။ စီးပွားဖြစ်စိုက်ပျိုးသူတောင်သူများမှာ ငရုတ်ပွကို လတ်လတ်ဆတ်ဆတ်စားသောက်ကြသည်။ သို့သော် ၎င်းမှာ ပုပ်သိုးပျက်စီးလွယ်သောသီးနှံဖြစ်၍ ဂရုတစိုက်အချိန်ပေးရသောကြောင့် ၎င်းကို သီးညှပ်စိုက်ခင်းများတွင်လည်း ညှပ်၍စိုက်ပျိုးကြပါသည်။ ငရုတ်ပွပင်များမှာ စတင်စိုက်ပျိုးပြီး ရက်(၂၀)ခန့်အကြာတွင် ပန်းပွင့်လေးများစတင်ပွင့်လာပါသည်။ ငရုတ်ပွပင်များအား ခူးဆွတ်ရာတွင် နေအေးသော ညနေခင်းတို့တွင် ခူးဆွတ်ရပါသည်။ ငရုတ်ပွပင်များအား အစိမ်းခူးဆွတ်လျှင် နှစ်ပတ်တစ်ကြိမ်ခူးဆွတ်ရပြီး အသီးမှည့်များအား ခူးဆွတ်ရာတွင် တစ်လအကြာမှသာခူးဆွတ်ရပါသည်။ ငရုတ်ပွ၏ အထွက်နှုန်းအနည်းအများမှာ အပူချိန်ပေါ်မူတည်ပါသည်။ လိုအပ်သောအပူချိန်ကို လုံလောက်စွာရရှိလျှင် အပွင့်မြန်ပြီး အသီးပိုမိုထွက်ရှိပါသည်။ ငရုတ်ပွ၏ ပုံသဏ္ဌာန်မှာ ပုတိုပြီး လုံးဝိုင်းကာ အရောင်မှာလည်း အစိမ်း၊ အဝါ၊ အနီ စသည့်အရောင်မျိုးစုံပါပါသည်။ ငရုတ်ပွဈေးနှုန်းအနေဖြင့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်ဖြင့် ပြည်မြို့ရှိဈေးကွက်များတွင် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်၌ဖြစ်ပေါ်ခဲ့သော မတ်ပဲသီးနှံ၏ နှစ်အလိုက်ကာလတူဈေးနှုန်းအခြေအနေ

     ပြည်ဈေးကွက်အတွင်းသို့ ဆောင်းပဲမျိုးစုံ နေ့စဉ်အဝင်များလျက်ရှိသည့်အနက် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲစင်းငုံသီးနှံများလည်းဝင်ရောက်မှုရှိခဲ့ကြပါသည်။ မတ်ပဲသီးနှံမှာ ဇန်နဝါရီလအတွင်းမှစ၍ ပဲသစ်များဝင်ရောက်လာပြီး ယခုအချိန်တွင်မူ ပဲအထွက်လှိုင်လာပြီဖြစ်သောကြောင့် တစ်ရက်လျှင် အိတ်၇၀၀ကျော်၊ အိတ်၈၀၀အထိ ပြည်အနီးတဝိုက်ဒေသများမှ ဝင်ရောက်ခဲ့ကြပါသည်။ ယခုကာလ၌ ပဲလှောင်သမားထက် လိုင်းသမားများ ပိုအဝယ်ဖြစ်သောကြောင့် ဝင်ရောက်လာသမျှ အရောင်းအဝယ်ဖြစ်ကြသည်။ ရန်ကုန်ဝယ်လက်အနေဖြင့် အဓိကဝယ်ယူမှုရှိပြီး ပဲဈေးနှုန်းမှာ ပိဿာ၂၀ဝင်တစ်တင်းလျှင် ၉၅၅၀၀ကျပ်ဖြင့် ဈေးနှုန်းလျော့နည်းသွားခဲ့ပါသည်။ မတ်ပဲသီးနှံသည် ပဲသစ်ပေါ်စအချိန်ကတည်းက ဈေးကောင်းရခဲ့သည့်အတွက် ပဲတစ်တင်းလျှင် ကျပ်တစ်သိန်းတစ်သောင်းကျော်ထိရရှိခဲ့ကာ ပဲအထွက်လှိုင်ချိန်တွင်မူ ကျပ်၁သိန်းအောက်သာရရှိခဲ့သောကြောင့်ဈေးနှုန်းလျော့နည်းသွားခဲ့ပါသည်။ မတ်ပဲသီးနှံ၏ နှစ်အလိုက် ကာလတူအချိန်ဈေးနှုန်းများကို လေ့လာရာ၌ ယခုနှစ်၌ ဈေးကွက်အတွင်းရှိ မတ်ပဲသီးနှံဈေးနှုန်းမှာ ရှေးယခင်နှစ်များထက် သိသိသာသာဈေးပိုရရှိလာခဲ့ကြောင်း လေ့လာသိရှိရပါသည်။

စဉ်               ခုနှစ်                       ဈေးနှုန်း

၁                 ၂၀၂၁                      ၃၁၇၀၀

၂                  ၂၀၂၂                      ၃၉၀၀၀

၃                 ၂၀၂၃                      ၆၃၀၀၀

၄                 ၂၀၂၄                      ၉၅၅၀၀

       မတ်ပဲသီးနှံ၏ နှစ်အလိုက်ကာလတူအချိန်ဈေးနှုန်းများအရ ၂၀၂၁ခုနှစ်တွင် တစ်တင်းလျှင် ၃၁၇၀၀ကျပ်ဖြင့် ပဲအထွက်လှိုင်ချိန်၌ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကုလားပဲ၊ ပဲစင်းငုံသီးနှံများထက်လည်း ဈေးပိုရရှိခဲ့ပါသည်။ ၂၀၂၂ခုနှစ်တွင် ၂၀၂၁ခုနှစ်ထက် ဈေးနှုန်းအနည်းငယ်ပိုလာသော်လည်း အဆိုပါနှစ်တွင် အခြားပဲများထက် မတ်ပဲသီးနှံဈေးနှုန်းမှာ လျော့နည်းနေခဲ့ပါသည်။ ၂၀၂၃ခုနှစ်မှစ၍ ပဲဈေးနှုန်းများမြင့်တက်လာခဲ့သောကြောင့် မတ်ပဲသီးနှံမှာ တစ်တင်းလျှင် ၆၃၀၀၀ကျပ်အထိဈေးရခဲ့ကာ နှစ်ကုန်ပိုင်းအထိ ပဲဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လျက်ရှိခဲ့ပါသည်။

         ၂၀၂၄ခုနှစ်၊ နှစ်ဆန်းပိုင်းကာလ ပဲသစ်ပေါ်ချိန်မှစ၍ ပဲဈေးနှုန်းများမှာ အဖွင့်ဈေးမှာကတည်းက ဈေးကောင်းရရှိပြီး တချို့တောင်သူများအနေဖြင့် ထွက်ရှိလာသောပဲသစ်များကိုရောင်းချပြီး တချို့တောင်သူများမှာ ငွေလိုသလောက်သာရောင်းချပြီး လက်ဝယ်သိုလှောင်ထားရှိကြသည်ဟုသိရပါသည်။ လှောင်သမားတချို့မှာလည်း ပဲဈေးနှုန်းလျော့နည်းလာချိန်၌ ဝယ်ယူသိုလှောင်မှုရှိကြသည့်အတွက် ပဲဈေးကွက်၌ မတ်ပဲသီးနှံမှာ အရောင်းအဝယ်သွက်နေကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

အဝယ်လိုက်သော ချဉ်ပေါင်ရွက်ဈေးနှုန်းဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ ကျေးရွာများဖြစ်သော ရှမ်းစုကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာတို့တွင် ချဉ်ပေါင်ရွက်ကို အများဆုံးစိုက်ပျိုးပြီးရောင်းချခြင်းဖြင့် နှစ်စဉ် ဝင်ငွေများရရှိလျက်ရှိကြောင်းသိရှိရပါသည်။

      ရှမ်းစုကျေးရွာတွင် ချဉ်ပေါင်အစေ့ထုပ်များကို ဝယ်ယူ၍စိုက်ပျိုးကြောင်း တောင်သူ ဦးဇော်လင်းထံမှ မေးမြန်းသိရှိရပါသည်။ ချဉ်ပေါင်ပင်၏ အရွက်နှင့်အဖူးများကို လူတိုင်းကြိုက်နှစ်သက်စွာစားသုံးကြပါသည်။ စားလိုက်တိုင်း ချဉ်ပြုံးပြုံးအရသာဖြင့် ထမင်းမြိန်စေပြီး စားကောင်းသည့်အပြင် ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါသည်။ ချဉ်ပေါင်ရွက်မှာ အရွက်မှစ၍ အပွင့်၊ အဖူးနှင့် တစ်ပင်လုံးနီးပါးဆေးဖက်ဝင်ပြီး (၁၂)လရာသီလုံးတွေ့ရသည့် အပင်တစ်မျိုးဖြစ်ကာ မျက်နှာပွင့်သော အရွက်ဟုဆိုလျှင်လည်း မမှားနိုင်ပါ။ ချဉ်ပေါင်ရွက်ကို ချဉ်ပေါင်ဟင်း၊ ချဉ်ပေါင်ကြော်၊ ချဉ်ပေါင်ဟင်းချို၊ ချဉ်ပေါင်ပေါင်းတို့အပြင် အသားနှင့်လည်းတွဲ၍ အမျိုးမျိုးချက်ပြုတ်စားသောက်ကြပါသည်။

     ဈေးကွက်အနေဖြင့် ပြည်မြို့နယ်အတွင်းရှိ ဈေးများအပြင် ရန်ကုန်သို့လည်းတင်ပို့ရောင်းချပါသည်။ ဈေးနှုန်းအနေဖြင့် (၃)ပင်စည်းတစ်စည်းလျှင် (၁၀၀)ကျပ်၊ (၁၀)စည်းပါတစ်ဖိုင်လျှင် (၆၀၀)ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ချဉ်ပေါင်ရွက်ကို စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိကာ စီးပွားရေးရှုထောင့်အရ တွက်ချေကိုက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ပဲတီစိမ်းသီးနှံအဝင်ပါးသွားသော်လည်း ပဲဈေးနှုန်းအနေဖြင့် အဖွင့်ဈေးထက်ဈေးပိုရနေခဲ့

      ပြည်ပဲဈေးကွက်၌ အခြားဆောင်းပဲများအဝင်များလာသော်လည်း ပဲတီစိမ်းသီးနှံမှာမူ အဝင်ပါးသွားပြီဖြစ်ပါသည်။ ပြည်ခရိုင်၌ ပဲတီစိမ်းသီးနှံအား မိုးပဲတီစိမ်းနှင့် ဆောင်းပဲတီစိမ်းဟူ၍ နှစ်ရာသီစိုက်ပျိုးပြီး မိုးပဲတီစိမ်းသီးနှံအနေဖြင့် ဇူလိုင်လ၊ ဩဂုတ်လတို့တွင် ပဲအထွက်လှိုင်ပြီး အရောင်းအဝယ်လည်းသွက်ခဲ့ကြောင်း၊ ဆောင်းပဲတီစိမ်းသီးနှံမှာမူ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ပဲဈေးကွက်၌ အရောင်းအဝယ်သွက်ခဲ့ကာ ယခုလတွင်မူ ပဲအဝင်ပါးခဲ့သောကြောင့် အိတ်အနည်းငယ်သာဝင်ရောက်မှုရှိခဲ့ကြပါသည်။ ထို့ကြောင့် အခြားပဲများဖြစ်သော မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံသီးနှံများအဝင်လှိုင်ချိန်၌ ပဲတီစိမ်းသီးနှံမှာ အဝင်နည်းသွားပြီး အဆိုပါပဲများလောက် ဈေးကွက်၌ အရောင်းအဝယ်မဖြစ်တော့ဘဲ ဈေးနှုန်းအနေဖြင့်လည်း ပဲတစ်တင်းလျှင် ၇၃၀၀၀ကျပ်ဖြင့်သာ ရောင်းဝယ်လျက်ရှိကြပါသည်။ ပဲသစ်ပေါ်စအချိန်တွင် တစ်တင်းလျှင် ကျပ်၆သောင်းကျော်ဖြင့် ရောင်းဝယ်ခဲ့ကြပြီး ယခုမတ်လ ပထမပတ်တွင် ပဲတီစိမ်းသီးနှံအဝင်ပါးသွားသော်လည်း ပဲဈေးနှုန်းအနေဖြင့် အဖွင့်ဈေးထက် ဈေးပိုလျက်ရှိနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့ မတ်လ ပထမပတ်တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

   ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

   ၂၀၂၄ခုနှစ်၊ မတ်လ ပထမပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(ရိုးရိုး) အသေး(၁)လုံးလျှင် (၈၀၀)ကျပ်၊ ပန်းသီး(အိတ်စွပ်) အကြီး(၁)လုံးလျှင် (၂၅၀၀) ကျပ်၊ စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် (၁၄၅၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံးလျှင် (၂၅၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင်(၁၅၀၀)ကျပ်၊ မြစ်ကြီးနားမှ ထွက်ရှိသော ခွန်စိမ်း ရိုးရိုး (၁)ဖီးလျှင် (၂၀၀၀)ကျပ်၊ ဖရဲသီးအကြီး (၁)လုံးလျှင်(၅၀၀၀)ကျပ်၊ မက်မန်းသီး (၁)ပိဿာ လျှင် (၄၅၀၀)ကျပ်၊ စတော်ဘယ်ရီသီး (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ သခွားမွှေး (၁)လုံးလျှင် (၂၅၀၀)ကျပ်၊ လိမ္မော်သီး(ဆန်းကစ်) (၁)လုံးလျှင် (၂၀၀၀)ကျပ်၊ မာလကာသီး (၁)လုံးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချရသောကြောင့် ယခင်အပတ် နှင့်နှိုင်းယှဉ်ပါက ယခင်အပတ်ထက်မြစ် ကြီးနားမှ ထွက်ရှိသော ခွန်စိမ်း ရိုးရိုး (၁)ဖီးလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်ကာ စပျစ်သီး (အလုံးကြီး) (၁)ပိဿာလျှင် (၁၅၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံးလျှင် (၅၀၀)ကျပ်၊  ဖီးကြမ်း ငှက်ပျောသီး (၁)ဖီးလျှင်(၅၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး ကျန်သစ်သီးဈေးနှုန်းများမှာ  ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ပြည်ဈေးကွက်တွင် နှမ်းဈေးနှုန်းများဆက်လက်မြင့်တက်

     ပြည်ဈေးကွက်တွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် နှမ်းဈေးများမြင့်တက်လာခဲ့ပါသည်။ ထိုသို့နှမ်းဈေးများမြင့်တက်လာရခြင်းမှာ နှမ်းဝင်ရောက်မှုနည်းသွားပြီး ဝယ်လိုအားများလာသဖြင့် နှမ်းဈေးများမြင့်တက်လာသည်ဟုသိရပါသည်။ နှမ်းနီလက်ကျန်ရှားပါးလာပြီး ဆီကြိတ်ရန် ဆီစက်သမားများကဝယ်ယူမှုရှိ၍ ဈေးနှုန်းမြင့်တက်ခဲ့ကာ နှမ်းနက်နှင့် စမုံနက်နှမ်းမှာ ပြည်ပသို့တင်ပို့ရန်ဝယ်ယူမှုရှိ၍ ဈေးနှုန်းများမြင့်တက်လာသည်ဟုသိရပါသည်။ နှမ်းဈေးနှုန်းများအနေဖြင့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် နှမ်းနီ(၃)တင်းဝင်တစ်အိတ်လျှင် ၃၄၀၀၀၀ကျပ်၊ နှမ်းနက်(၃)တင်းဝင်တစ်အိတ်လျှင် ၃၇၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်းဝင်တစ်အိတ်လျှင် ၃၅၀၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် နှမ်းနီ (၃)တင်းဝင်တစ်အိတ်လျှင် ၂၈၅၀၀၀ကျပ်၊ နှမ်းနက်(၃)တင်းဝင်တစ်အိတ်လျှင် ၃၀၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း(၃)တင်းဝင်တစ်အိတ်လျှင် ၃၄၀၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်လျှင် နှမ်းနီ(၃)တင်းဝင်တစ်အိတ်လျှင် ၅၅၀၀၀ကျပ်၊ နှမ်းနက်(၃)တင်းဝင်တစ်အိတ်လျှင် ၇၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း(၃)တင်းဝင်တစ်အိတ်လျှင် ၁၀၀၀၀ကျပ်တို့ဖြင့် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ဈေးနှုန်းများမြင့်တက်လာသော်လည်း အရောင်းအဝယ်မှာ ပစ္စည်းလက်ကျန်နည်း၍ ဖြစ်သင့်သလောက်မဖြစ်ဘဲ အနည်းငယ်သာမြင့်တက်ကြောင်းနှင့် နှမ်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁၄၅၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့၏ မတ်လပထမပတ်တွင် ဖြစ်ပေါ်လျက်ရှိသောငါးဈေးနှုန်းများ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး မတ်လပထမပတ်အတွင်း ဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင် လိုက် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး တစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ တီလားဗီးယားအကောင်ကြီး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ ငါးဂျောင်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင်  (၁၈၀၀၀)ကျပ်၊ ငါးမြင်းခုတ်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်း ခုတ်သား တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊  ပုစွန်ထုပ် တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ငါးဈေးနှုန်းများအား ဖေဖော်ဝါရီလ စတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက ပုစွန်ထုပ် တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်ကာ ကျန်ငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးအတွင်း ရောင်းချလျက်ရှိသောငါးဒိုင်များမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

 

 

ကန့်ဘလူမြို့၏ မတ်လ ပထမပတ်တွင် ဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ ၂၀၂၄ခုနှစ်၊ မတ်လပထမပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများမှာ Decolgen (၁၀) လုံးပါ(၁)ကဒ်လျှင် (၁၇၀၀)ကျပ်၊ Paracetamol (၁၀)လုံးပါ (၁)ကဒ်လျှင် (၃၀၀)ကျပ်၊ Civit အလုံး (၁၀၀)ပါ(၁)ဘူးလျှင် (၂၄၀၀)ကျပ်၊ Burmeton အလုံး(၁၀၀)ပါ(၁)ဘူးလျှင် (၂၅၀၀)ကျပ်၊ Biogesic (၁၀)လုံးပါ (၁)ကဒ်လျှင် (၁၀၀၀)ကျပ်၊ Cetirizine (၁၀)လုံးပါ (၁)ကဒ်လျှင် ( ၂၅၀)ကျပ်၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် (၃၅၀)ကျပ်၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် (၃၅၀)ကျပ်၊ Oramin –G (၅)လုံးပါ (၁)ကဒ်လျှင် (၃၆၀၀)ကျပ်၊ Enervon –c (၄)လုံးပါ (၁)ကဒ်လျှင် (၁၆၀၀) ကျပ်၊ Solmux (၄)လုံးပါ (၁)ကဒ်လျှင် (၁၅၀၀)ကျပ်၊ Becozin (၁၀)လုံးပါ (၁)ကဒ်လျှင် (၄၅၀၀) ကျပ်၊ Hepto Pep (၁)ဘူးလျှင် (၅၉၀၀)ကျပ်၊ Baby Cough (၁)ဘူးလျှင် (၂၁၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

       အိမ်သုံးဆေးဝါးဈေးနှုန်းများအား ဖေဖော်ဝါရီလ စတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက Decolgen (၁၀) လုံးပါ(၁)ကဒ်လျှင် (၂၀၀)ကျပ်၊ Paracetamol (၁၀)လုံးပါ (၁)ကဒ်လျှင် (၁၀၀)ကျပ်၊ Civit အလုံး (၁၀၀)ပါ(၁)ဘူးလျှင် (၈၀၀)ကျပ်၊ Biogesic (၁၀)လုံးပါ (၁)ကဒ်လျှင် (၂၅၀)ကျပ်၊ Cetirizine (၁၀)လုံးပါ (၁)ကဒ်လျှင် (၁၀၀)ကျပ်၊Oramin –G (၅)လုံးပါ (၁)ကဒ်လျှင် (၄၀၀)ကျပ်၊ Enervon –c (၄)လုံးပါ (၁)ကဒ်လျှင် (၁၀၀) ကျပ်၊ Solmux (၄)လုံးပါ (၁)ကဒ်လျှင် (၂၀၀)ကျပ်၊ Hepto Pep (၁)ဘူးလျှင် (၆၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး ကျန်အိမ်သုံးဆေးဝါး ဈေးနှုန်းများမှာ  တည်ငြိမ်လျက်ရှိပြီး ပုံမှန်အတိုင်း ရောင်းချလျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း