Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကောင်းရနေသည့် ပြည်သံပရာသီးဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ဖေဖော်ဝါရီလ ပထမပတ်မှစတင်ကာ ပြည်မြို့၊ စည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် သံပရာသီးများကို လှိုင်လှိုင်ရောင်းချနေပြီဖြစ်ပါသည်။ သံပုရာသီးအများဆုံးထွက်ရှိသော ဇီးအုပ်နှင့် နတ်တလင်းဘက်တို့မှ ပြည်မြို့မဈေးကြီးနှင့် အခြားဈေးများအပြင် ရန်ကုန်မြို့သို့လည်း တိုက်ရိုက်တင်ပို့ရောင်းချကြောင်းသိရပါသည်။ သံပရာသီးကို ပြည်မြို့အနီးတဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြပါသည်။ သံပုရာသီးပေါ်ချိန်ဖြစ်သော်လည်း ပေါ်ခါစဖြစ်၍  ဈေးကောင်းရပြီး သံပရာသီးအလုံးချော (အကြီး)တစ်လုံးလျှင် (၃၀၀-၃၅၀) ကျပ်၊ အနေတော်တစ်လုံးလျှင် (၂၀၀-၂၅၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် သံပရာသီးစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် ဈေးကောင်းရ၍ တွက်ချေကိုက်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းမြို့နယ်၏ မန်ကျည်းသီးမှည့်ဈေးကွက်

     ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ယခုဖေဖော်ဝါရီလမှစ၍ မန်ကျည်းသီးမှည့်အသစ်များ စတင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ပေါက်ခေါင်းမြို့ရှိကျေးရွာများတွင် မန်ကျည်းပင်များ အများအပြားပေါက်ရောက်လျက်ရှိပြီး တချို့မှာ အိမ်ခြံဝန်းအတွင်း စိုက်ပျိုးထားကြကာ နှစ်စဉ်နှစ်တိုင်း မန်ကျည်းသီးများကိုခူးယူရောင်းချသဖြင့် အပိုဝင်ငွေများရရှိလျက်ရှိပါသည်။ မန်ကျည်းရွက်နုများပေါ်စတွင်လည်း ၎င်းကိုခူးယူ၍ ရောင်းချကြပြီး မန်ကျည်းသီးစိမ်းများထွက်ပေါ်လျှင်လည်း ခူးဆွတ်ရောင်းချကြပါသည်။ ယခုအချိန်သည် မန်ကျည်းမှည့်ပေါ်ချိန်ဖြစ်၍ မန်ကျည်းမှည့်များကို ရောင်းချကြပါသည်။ ထိုသို့ရောင်းချသော မန်ကျည်းမှည့်ဈေးနှုန်းများမှာ ပေါ်ခါစတွင် တစ်ပိဿာလျှင် အစေ့ပါ ၃၀၀၀ကျပ်ခန့်ရှိပြီး ယခုအချိန်ဖြစ်သော ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် မန်ကျည်းမှည့်ပေါက်ဈေးမှာ အစေ့ပါတစ်ပိဿာလျှင် (၂၄၀၀-၂၅၀၀) ကျပ်ဖြင့်ရောင်းချကြောင်းသိရှိရပါသည်။ ယခင်နှစ် မန်ကျည်းသီးမှည့်ပေါ်ခါစတွင် အစေ့ပါတစ်ပိဿာလျှင် ၂၀၀၀ကျပ်ခန့်ရှိခဲ့ပြီး လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် အစေ့ပါတစ်ပိဿာလျှင် ၁၂၅၀ကျပ်ဖြင့်ရောင်းချခဲ့ပြီး မန်ကျည်းမှည့် အစေ့မပါဈေးနှုန်းမှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ မြေပဲဆန်ဈေးနှုန်းဈေးကွက်

     ပြည်ခရိုင်၊ ပြည်မြို့ရှိဈေးကွက်များတွင် နယ်စုံမှ မြေပဲဆန်များဝင်ရောက်မှုရှိရာ ယခုအချိန်တွင် ဆောင်းမြေပဲများထွက်ပေါ်ချိန်ဖြစ်၍ ဈေးကွက်တွင် မြေပဲသီးနှံများပေါများလာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုအချိန်သည် ထမနဲရာသီချိန်ဖြစ်၍ မြေပဲဆန်ဈေးနှုန်းများမှာ မြင့်တက်လာခြင်းမရှိဘဲ ယခင်ဖေဖော်ဝါရီလဆန်းပိုင်းအတိုင်း ဈေးအေးနေသည်ကိုတွေ့ရပါသည်။ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်လျက်ရှိသော မြေပဲဆန်ဈေးနှုန်းများမှာ ဆီကြိတ်ဆန် (အဖြူ)တစ်ပိဿာလျှင် ၅၈၀၀ကျပ်၊ ရွေးဆန်(အဖြူ)တစ်ပိဿာလျှင် (၆၃၀၀-၆၈၀၀) ကျပ်၊ လုံးဆန်(အဖြူ)တစ်ပိဿာလျှင် (၇၀၀၀-၈၀၀၀) ကျပ်အထိရှိပြီး လုံးဆန်(အနီ)တစ်ပိဿာလျှင် (၇၅၀၀-၈၀၀၀) ကျပ်အထိရောင်းချကြောင်းသိရပါသည်။ ဈေးကွက်အနေဖြင့်  မြို့တွင်းဆီစက်သမားများ၊ ပဲကြော်၊ ပဲလှော်သမားများနှင့် မကွေးနှင့် မန္တလေးတိုင်းများမှ ဝယ်ယူသဖြင့် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ခါတစ်ခါအရောင်းအဝယ်ဖြစ်လျှင် အိတ်(၅၀၀)ခန့်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ရာသီစာ ပြည်ပုတက်စာဈေးကွက်

      ယခု၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ပြည်ဈေးကွက်အတွင်း ဟင်းချိုချက်၍ စားသောက်ရသည့် ပုတက်စာများမှာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၎င်းတို့မှာ ရန်ကုန်မြို့မှ ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။ ပုတက်စာများပေါများချိန် နွေရာသီတွင် ရွှေတောင်ဘက်မှ ဝင်ရောက်မှုများရှိပြီး ယခုအချိန်တွင် ဝင်ရောက်မှုမရှိဘဲ ရန်ကုန်ဘက်မှတစ်ဆင့် ပြောင်းပြန်စီးဝင်လျက်ရှိကြောင်းသိရှိရပါသည်။ ရာသီစာအဖြစ် ဟင်းချိုချက်ပြုတ်စားသောက်ရသည့် ပုတက်စာကို ရန်ကုန်ဘက်မှ ပြည်ဈေးကွက်အတွင်း ရက်ခြား အစည်း(၁၀၀)ခန့်ဝင်ရောက်မှုရှိပြီး အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။ ဈေးနှုန်းမှာ ပုတက်စာ(၂)ပင်ပါတစ်စည်းလျှင် ကျပ်၂၅၀ခန့်ရှိပြီး တစ်ခါချက်လျှင် (၃)စည်းခန့်ချက်ပြုတ်ရ၍ ဘူးသီး၊ ပုစွန်ခြောက်တို့နှင့်ရောကာ ချက်ပြုတ်၍ စားသောက်ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကင်ပွန်းချဉ်ရွက်နှင့် မန်ကျည်းရွက်ဈေးကွက်

      ပြည်ဈေးကွက်အတွင်း ဝင်ရောက်မှုရှားပါးနေသည့် ကင်ပွန်းချဉ်ရွက်၊ မန်ကျည်းရွက်များမှာ ဈေးနှုန်းမြင့်တက်ပြီး အရောင်းသွက်လျက်ရှိပါသည်။ ပြည်မြို့ပေါ်ဈေးများသို့ ပြည်မြို့၊ အရှေ့ဘက်ရွာများဖြစ်သော ဇီးအုပ်၊ နတ်တလင်းရွာများတွင် ရေသွင်းစိုက်ပျိုးထားသည့် ကင်ပွန်းချဉ်ရွက်၊ မန်ကျည်းရွက်များမှာ (၃)ရက်ခြားတစ်ခါ ပိဿာချိန် (၅)ပိဿာခန့် အဝင်ရှိနေပြီး ရှားပါးချိန်ဖြစ်၍ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဈေးနှုန်းအနေဖြင့် ကင်ပွန်းချဉ်ရွက်နှင့် မန်ကျည်းရွက်တို့ကို ၁၀ကျပ်သားလျှင် ကျပ် (၉၀၀-၁၀၀၀) ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဇန်နဝါရီလဆန်းပိုင်းတွင် ကျပ်၇၀၀ဖြစ်ခဲ့သောကြောင့် အဆိုပါဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ဈေးနှုန်းပိုမိုမြင့်တက်လာကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဈေးနှုန်းအနည်းငယ်မြင့်တက်လာသော ပံပြောင်းဖူးနှင့် မြှားနီပြောင်းဖူး

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ဆောင်းသီးနှံပြောင်းဖူးများထွက်ရှိလျက်ရှိပါသည်။  သဲကုန်းမြို့နယ်အနေဖြင့် ဆောင်း (ပြောင်း) စိုက်ဧက  (၉၀၃၃)ဧကစိုက်ပျိုးထားရှိပါသည်။ ပြောင်းစိုက်ပျိုးရာတွင် ဒေသမျိုးများကို စိုက်ပျိုးခြင်းမပြုဘဲ အဓိကအားဖြင့် အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း ပံအမှတ်တံဆိပ် ပြောင်းဖူးမျိုးနှင့် မြှားနီအမှတ်တံဆိပ်  ပြောင်းဖူးမျိုးများကို ရွေးချယ်စိုက်ပျိုးကြောင်း ၊ အထွက်နှုန်းကောင်းပြီး ဈေးကွက်ရှိ သီးနှံဖြစ်ခြင်းကြောင့် ပြောင်းစိုက်ပျိုးမှုများ ပိုမိုများပြားလာကြောင်း၊  ယခု ၂၀၂၄ခုနှစ်၊   ယခင်ဖေဖေါ်ဝါရီလ ပထမပတ်ပေါက်ဈေးနှုန်းမှာ ပံပြောင်းဖူးတစ်ဖူးလျှင်    (၃၃၀)ကျပ်၊ မြှားနီပြောင်းဖူးတစ်ဖူးလျှင် (၃၀၀)ကျပ်ဈေးနှုန်းရှိခဲ့ပြီး ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်တွင်  ပံပြောင်းဖူးတစ်ဖူးလျှင် (၃၅၀)ကျပ်၊ မြှားနီပြောင်းဖူးတစ်ဖူးလျှင် (၃၂၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသောကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်းသိရှိရပါသည်။

        လက်ရှိဈေးကွက်အနေဖြင့် ဒေသတွင်းမြို့နယ်များ၊ ပြည်နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

စတော်ဘယ်ရီသီးများ ရောင်းအားကောင်း

    စတော်ဘယ်ရီသီးများကို ယခင်က တောင်ပေါ်ဒေသတွင် စိုက်ပျိုးခဲ့ပြီး ယခုအခါတွင် တောင်ပေါ်၊ မြေပြန့်နေရာဒေသအသီးသီးတွင် စိုက်ပျိုးလာကြကြောင်း၊ တောင်ပေါ်ဒေသဖြစ်သည့် ပြင်ဦးလွင်မြို့တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။

   ယခုရာသီချိန်တွင် စတော်ဘယ်ရီသီးများထွက်ပေါ်လာပြီဖြစ်၍ ဈေးကွက်အတွင်းရောင်း အားကောင်းနေကြောင်း၊ စတော်ဘယ်ရီသီးများမှ ဒေသမျိုး၊ ထိုင်ဝမ်မျိုးနှင့် ဂျပန်မျိုးဟူ၍ရှိရာ ဒေသသီးခေါ် အလုံးသေးအသီးများသာမက ခမ်ပြားပြားသဏ္ဍာန်ရှိပြီး အရသာချဉ်သော ထိုင်ဝမ်သီးများနှင့် အလုံးကြီးပြီးချိုသော ဂျပန်သီးများကို အဓိကစိုက်ပျိုးကြကြောင်း သိရပါသည်။

     စတော်ဘယ်ရီသီးများကို သစ်သီးပွဲရုံများသို့ ဒေသမျိုး တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ထိုင်ဝမ်မျိုး တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ ဂျပန်မျိုး တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ် ဈေးဖြင့် ရောင်းချပြီး မန္တလေးနှင့် အခြားမြို့များသို့လည်း တင်ပို့ရောင်းချကြောင်း၊ ပြင်ဦးလွင်မြို့သို့ အပန်းဖြေအလည်အပတ်ရောက်ရှိလာသည့် ဧည့်သည်များနှင့် ခရီးသွားပြည်သူများမှလည်း အိမ်ပြန်လက်ဆောင်အဖြစ်ဝယ်ယူပြီး ၊ စားသောက်ဆိုင်များမှလည်းဝယ်ယူကြ၍ စားသုံးသူများမှလည်း ဖျော်ရည်များပြုလုပ်သောက်သုံးရန် ဝယ်ယူကြသည့်အတွက် ဈေးကွက်အတွင်း ရောင်းအားကောင်းသောကြောင့် စတော်ဘယ်ရီစိုက်ပျိုးသူများ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

နောင်ချိုမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ (၅.၃.၂၀၂၄) ရက်နေ့တွင် ဖြစ်ပေါ်နေသော ပြောင်း၊ကြံစိုက်တောင်သူများအတွက် အဓိကအသုံးပြုလျက်ရှိသော ပုလဲဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပုလဲဓာတ်မြေဩဇာ- အာမို (၁၅) ပတ်လည် (၅၀ဂရမ်) တစ်အိတ်လျှင် (၁၅၇၀၀) ကျပ်၊ ကောမတ်(ဩဘာတံဆိပ်) တစ်အိတ်(၅၀ဂရမ်) လျှင် (၁၁၀၀၀၀) ကျပ်၊ စီပီမြေဝိဇ္ဇာ(စီပီတံဆိပ်) တစ်အိတ်(၅၀ ဂရမ်)လျှင် (၁၀၂၀၀၀) ကျပ် ရှိပြီး၊ ပိုးသတ်ဆေးဈေးနှုန်းများမှာ ပကလန်း(ဩဘာတံဆိပ်) ၁၀၀ဂရမ် လျှင် (၁၁၅၀၀) ကျပ်၊ အီမက်စ်   (Vanadi တံဆိပ်) ၁၀၀ ဂရမ်လျှင် (၁၀၀၀၀) ကျပ်၊ ဟာမိုနီ (မြင်းကျားတံဆိပ်) ၁၀၀ ဂရမ်လျှင် (၂၀၀၀၀) ကျပ် အသီးသီးရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

မကွေးပွဲရုံနှင့် ရေနံချောင်းပွဲရုံ ကြက်သွန်နီအရောင်းအဝယ်ဖြစ်မှုအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးစျေးကွက်အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုး ဖြစ်သည့် ကြက်သွန်နီစျေးနှုန်းများ ကျဆင်းလာပါသည်။ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (စတုတ္ထပတ်)တွင် ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ် (၂၆၀၀-၂၇၀၀-၂၈၀၀)ဖြစ်ပြီး မတ်လ (ပထမပတ်)တွင်  ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၁၆၀၀-၂၂၀၀-၂၄၀၀)ဖြစ်၍ ကျပ်(၁၀၀၀-၅၀၀-၄၀၀)စျေးနှုန်း ကျဆင်းလာကြောင်း၊ ပွင့်ဖြူ၊ စည်တော်၊ မဲဇလီတို့မှဝယ်ယူကြောင်း၊ ကြက်သွန်နီများကို ပွဲရုံမှ တစ်ဆင့် မင်းဘူး၊ သရက်၊ ကံမ၊ နတ်မောက်၊ ငဖဲမြို့များမှ ပြန်လည်ဝယ်ယူကြပြီး တစ်နေ့လျှင် ပိဿာချိန်(၁၀၀၀)ခန့်၊ တစ်ပတ်လျှင် တန်ချိန်(၉)တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရှိရပါသည်။

    ရေနံချောင်းစျေးကွက်တွင်လည်း ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီစျေးနှုန်းများမှာ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၁၈၀၀-၂၅၀၀-၂၈၀၀)ဖြစ်ပြီး မတ်လ(ပထမပတ်)တွင် ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ် (၁၆၀၀-၂၂၀၀-၂၄၀၀)ဖြစ်၍ ကျပ်(၂၀၀-၃၀၀-၄၀၀) စျေးနှုန်းများကျဆင်းလာကြောင်း၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ တောင်တွင်းကြီးမြို့များမှ ဝယ်ယူကြောင်း၊ ပွဲရုံမှတဆင့် ရန်ကုန်၊ ပြည်၊ အောင်လံမြို့သို့ တင်ပို့ရောင်းချပြီး တစ်နေ့လျှင် ပိဿာချိန် (၁၀၀၀၀)ခန့်၊ တစ်ပတ်လျှင် တန်ချိန်(၉၇)တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရှိရပါသည်။

DOCA(မကွေး)

 

 

မကွေးမြို့နယ်၏ စက်သုံးဆီစျေးနှုန်းအခြေအနေ

    မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများအား အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်ပေးလျက်ရှိပါသည်။

 မကွေးမြို့နယ်တွင် စက်သုံးဆီဆိုင်(၂၃)ဆိုင်ရှိရာ ဆိုင်များအားလုံး ပုံမှန်ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိပြီး ၂၀၂၄-ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီစျေးနှုန်း များမှာ ဓါတ်ဆီ (92) (၁)လီတာလျှင် ကျပ်(၂၈၁၅)၊ ဓါတ်ဆီ (95) (၁)လီတာလျှင် ကျပ်(၂၉၂၅)၊ ဒီဇယ် (ရိုးရိုး) (၁)လီတာလျှင် ကျပ်(၂၆၄၀)၊ ဒီဇယ်(ပရီမီယံ) (၁)လီတာလျှင် ကျပ်(၂၆၉၀)ဖြစ်ပြီး ၂၀၂၄-ခုနှစ်၊ မတ်လ(ပထမပတ်)တွင် ဓါတ်ဆီ (92) (၁)လီတာလျှင် ကျပ်(၂၇၆၀)၊ ဓါတ်ဆီ (95) (၁)လီတာ လျှင် ကျပ်(၂၈၈၀)၊ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ကျပ်(၂၅၃၀)၊ ဒီဇယ်(ပရီမီယံ) (၁)လီတာလျှင် ကျပ်(၂၅၇၀)ဖြစ်၍ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ဓါတ်ဆီ (92) (၁)လီတာလျှင် ကျပ်(၅၅)၊ ဓါတ်ဆီ (95) (၁)လီတာလျှင် ကျပ်(၄၅)၊ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ကျပ်(၁၁၀)၊ ဒီဇယ်(ပရီမီယံ) (၁)လီတာလျှင် ကျပ်(၁၂၀)တို့ အသီးသီး စျေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း