Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့နယ်သို့ လာရောက်ရောင်းချသော မုံရွာဖရဲသီး

             တောင်ငူမြို့သို့ မုံရွာမြို့မှ ဖရဲသီး(ဟီးရားသီး)များကို မော်တော်ယဉ်များဖြင့် လာရောက် ရောင်းချလျှက်ရှိပါသည်။

            ထိုသို့လာရောက်ရောင်းချရာတွင် မုံရွာမြို့မှ တောင်ငူမြို့သို့ တိုက်ရိုက်လာရောက်ခြင်းဖြစ်ကြောင်း ၊ ဖြူးမြို့   မြို့မအနောက်ရပ်ကွက်၊ ကော်ပတ်ခြံ(၃)လမ်းတွင်လည်း ပွဲရုံရှိကြောင်း၊ ကားတစ်စီးလျှင် အလုံး ၃၀၀၀ ခန့်ပါကြောင်း၊ တစ်လုံးလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ရောင်းချရ ကြောင်း မုံရွာဖရဲသီး (ဟီးရားသီး) ရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

              မုံရွာဖရဲသီး (ဟီးရားသီး)တွင် အဝါသီးနှင့် အနီသီးနှစ်မျိုးရှိပြီး အနီသီးမှာ ဈေးသက်သာ၍ အဝါသီးမှာ ဈေးပိုကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

မကွေးမြို့တွင် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းများ မြင့်တက်လျှက်ရှိ

            မကွေးတိုင်းဒေသကြီးတွင် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသည့်  ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေး စျေးနှုန်းများ အားအပါတ်စဉ် ဈေးကွက်စုံစမ်း၍ စာရင်းပြုစုတင်ပြလျက်ရှိရာ စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပြီး လူသုံးများ‌သော ဓါတ်မြေသြဇာများမှာ အာမို၊ MC၊ တက်တိုးနှင့် ရွှေပုလဲ ဖြစ်ကြပြီး စျေးနှုန်းများမှာ ဩဂုတ်လယခင်ပထမအပတ်တွင် အာမို(၁၅:၁၅:၁၅)(50kg) တစ်အိတ်လျှင် (၁၁၅၀၀၀) ကျပ်ရှိပြီး ယခုဒုတိယအပတ်တွင် အာမို(၁၅:၁၅:၁၅)(50kg) တစ်အိတ်လျှင်(၁၂၅၀၀၀)ကျပ်ဖြစ် ၍ (၁၀၀၀၀)ကျပ် စျေးတက်၊ MC (50kg) တစ်အိတ်လျှင် ယခင်အပတ်(၁၀၀၀၀၀)ကျပ်ဖြစ်ပြီး ယခုအပတ် (၁၁၀၀၀၀)ကျပ်ဖြစ်၍ (၁၀၀၀၀) ကျပ်စျေးတက်၊ တက်တိုး (၁၅:၇:၈) တစ်အိတ်လျှင် ယခင်အပတ် (၇၈၀၀၀)ကျပ်ဖြစ်ပြီး ယခုအပတ် (၈၅၀၀၀)ကျပ်ဖြစ်၍ (၇၀၀၀)ကျပ်စျေးတက်၊ ရွှေပုလဲ(မြင်းကျား) တစ်အိတ်လျှင် ယခင်အပတ် (၅၅၀၀၀)ကျပ်ဖြစ်ပြီး ယခုအပတ် (၆၀၀၀၀)ကျပ်ဖြစ်၍ (၅၀၀၀)ကျပ်စျေးတက်ခဲ့၍ အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရပါသည်။

          လူသုံးများသောပိုးသတ်ဆေးများမှာလည်း ဆိုင်ကလုံး၊ ကင်ရွန်နှင့် အီရာပရိုသရင်းတို့ဖြစ်ပြီး ပိုးသတ်ဆေးစျေးနှုန်းမှာ ဆိုင်ကလုံး(၅၅၀ EC)တစ်ဗူးလျှင် ယခင်(၁၆၀၀၀) ကျပ်ဖြစ်ပြီး ယခုအပတ် (၁၈၀၀၀)ကျပ်ဖြစ်၍ (၂၀၀၀)ကျပ် စျေးတက်၊ ကင်းရှန့်(၅၅၀-EC)တစ်ဗူးလျှင် ယခင်အပတ် (၁၉၀၀၀)ကျပ်ဖြစ်ပြီး ယခုအပတ်(၂၁၀၀၀)ကျပ်ဖြစ်၍ (၂၀၀၀)ကျပ် စျေးတက်၊  အီရာပရိုသရင်း(၅၀ -CC)တစ်ဗူးလျှင် ယခင်အပတ်(၁၆၅၀၀)ကျပ်ဖြစ်ပြီး ယခုအပတ် (၁၈၀၀၀)ကျပ်ဖြစ်၍ (၁၅၀၀)ကျပ် စျေးတက်ခဲ့ပြီး မြေဩဇာနှင့်ပိုးသတ်ဆေးတို့မှာ ဝါဆိုမြေပဲနှင့် ပဲတီစိမ်း၊ ပဲလွန်းစိုက်ပျိုးရာသီဖြစ်၍ အရောင်းအဝယ်မြင့်တက်လျှက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။

DOCA(မကွေး)

 

 

ပခုက္ကူဒေသထွက် ပဲကြော်လုပ်ငန်းတစ်ခုအား ကွင်းဆင်းလေ့လာခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး၊ ပခုက္ကူမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများသည်(၁၀.၈.၂၀၂၂)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် ပခုက္ကူ မြို့ပေါ်ရှိ ပဲကြော်လုပ်ငန်းများသို့ စားအုန်းဆီသုံးစွဲမှု ပမာဏများနှင့် ပဲကြော်လုပ်ငန်း ဆောင်ရွက်ပုံ အဆင့်ဆင့်အား ကွင်းဆင်းမေးမြန်းခဲ့ပါသည်။

        "ဓူဝံ"ပဲကြော်လုပ်ငန်းရှင် ဦးကြွယ်ဌေးအား ပဲကြော်လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကို မေးမြန်းရာ မိမိအနေဖြင့် အကြော်စက်ကြီး(၃)လုံးဖြင့် လုပ်ငန်းဆောင်ရွက်နေပါကြောင်း၊ ပဲကြီး၊ ထောပတ်ပဲနှင့် ကုလားပဲကို ကြော်ပါကြောင်း၊ ပဲကြီးကို ကြော်ရန် ပထမအနေဖြင့် ပဲကို လက်ဖြင့် အခွံချွတ်ရပြီး အချိန်(၈)နာရီကြာအောင်စိမ်ထားရပါကြောင်း၊ (ထောပတ်ပဲကို စက်ဖြင့် အခွံချွတ် ပါကြောင်း)ရေစိမ်ထားသည့် ပဲကိုရေထဲမှဆယ်ယူ၍ ရေစစ်ပြီး ကော်မှုန့်(ပီလောပီနံမှုန့်)ဖြင့် မွှေစက်ထဲသို့ထည့်၍ မွှေပါကြောင်း၊ နယ်ပြီးသားပဲများကို ကြော်စက်ထဲသို့ထည့်၍ (၁၅)မိနစ်ခန့် ကြော်ရပါကြောင်း၊ ကြော်ပြီးလျှင် ဆီစစ်သည့်စက်ထဲသို့ ထည့်၍စစ်ရပါကြောင်း၊ ဆီစစ်ပြီးလျှင် ပိဿာချိန်(၃၀)ခန့်ဆံ့သည့် အိတ်ထဲသို့ထည့် ပါကြောင်း၊"ဓူဝံ" ပဲကြော်အမှတ်တံဆိပ်ဖြင့် ရောင်းသည်မှာ နည်းပါကြောင်း၊ တစ်နေ့လျှင် ပဲကြော်ပိဿာချိန် (၁၈၀၀)ခန့်ကြော်ရပြီး ယခုအချိန်           တွင် စားအုန်း ဆီဈေး တစ်ပိဿာ(၈၇၀၀)ကျပ်ဖြင့် ကြော်ရသည့်အတွက် ပဲကြော်တစ်ပိဿာလျှင် (၆၇၀၀)ကျပ်ဖြင့် ရောင်းချပါကြောင်း၊ ရန်ကုန်၊ မန္တလေး၊ မုံရွာမြို့များမှ အော်ဒါအမှာကို အဓိကထား တင်ပို့ရပါကြောင်း၊ စားအုန်းဆီကိုရည်ညွှန်းဈေးဖြင့် ရမည်ဆိုပါကစားသုံးသူများ အပေါ်ဈေးနှုန်း ချိုသာစွာရောင်းချ ပေးနိုင်မည်ဖြစ်ပြီး လုပ်သားများအနေဖြင့်အလုပ်အကိုင် အခွင့်အလမ်းများ ရှိနိုင်ပါကြောင်း၊ ဆီဈေးနှုန်းကြီးမြင့်သောကြောင့် လုပ်ငန်းဆိုင်းငံ့ရမည်ဆိုလျှင် အလုပ်သမားများအနေဖြင့် အဆင်မပြေ မှုများဖြစ် ပေါ်လာနိုင်ကြောင်း၊ မိမိလုပ်ငန်းတွင် အမျိုးသား(၁၅)ဦး၊ အမျိုးသမီး(၅)ဦး စုစုပေါင်း(၂၀)ဦး ရှိပါကြောင်း၊ လုပ်အားခအနေဖြင့် အမျိုးသား(၁၀၀၀၀)ကျပ်၊ အမျိုးသမီး(၄၀၀၀)ကျပ်ပေးပါကြောင်း၊ ယခုအချိန်ထိလုပ်ငန်း လည်ပတ်နေပါကြောင်း၊ စားအုန်းဆီ ဈေးအား ဆက်လက်မြင့်တက်နေပါက လုပ်ငန်းလည်ပတ်ရန် ခက်ခဲမည်ဖြစ်ပါကြောင်း လုပ်ငန်းရှင်၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့ပေါ်ရှိ ကြက်သွန်ကြော် နှင့် ပဲကြော်လုပ်ငန်းများသို့ စားအုန်းဆီသုံးစွဲမှုပမာဏများ ကွင်းဆင်းမေးမြန်းဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူပြည်သူများ ဆီစားသုံးမှုလျော့ချရေးနှင့် ပြည်တွင်း၌စားသုံးဆီဖူလုံရေးအတွက် ရည်ရွယ်၍ ဩဂုတ်လ(၁၀)ရက်၊ နံနက်(၁၁:၀၀)နာရီ အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ "ရွှေပြည်လမ်း" အဆင့်မြင့်နည်းပညာသုံး ကြက်သွန်ကြော်လုပ်ငန်းနှင့် ပဲကြော်ဖိုလုပ်ငန်းများသို့ စားအုန်းဆီ သုံးစွဲမှုလိုအပ်ချက်များအားကွင်းဆင်း မေးမြန်းခဲ့ပါသည်။

        "ရွှေပြည်လမ်း"ကြက်သွန်ကြော်လုပ်ငန်းတာဝန်ခံအနေဖြင့် ကြက်သွန်ကြော်လုပ်ငန်း ကို အကြော်စက်ကြီးများဖြင့် ကြက်သွန်ကြော်ရန် ရည်ရွယ်ထားသော်လည်း လက်ရှိအချိန် စားအုန်းဆီမြင့်တက်နေမှုကြောင့် မည်သို့မျှ အဆင်မပြေနိုင်ကြောင်း၊ စက်ကြီး(၃)လုံး၊ စက်လေး(၃)လုံး ဝယ်ယူထားသော်လည်း ယခုအချိန်တွင် လက်ဖြင့်ကြော်သည့် ဖိုနှင့်သာ လုပ်ငန်းလည်ပတ်နိုင်ကြောင်း၊ စက်ကြီးများမှာ ပေပါ(၅)လုံးခန့် အခံဆီအနေဖြင့် ထည့်ရ သည့်အတွက်ယခုဆီဈေးနှုန်းဖြင့် မည်သို့မျှ အဆင်မပြေနိုင်ကြောင်း၊ ထို့ကြောင့် အော်ဒါအမှာ ရှိမှသာ ကြက်သွန်ကြော်ကို ကြော်ပါကြောင်း၊ ယခင်ဆီဈေးဖြင့် ကြော်ထားသည့်အတွက် ယခင်ဈေးဖြင့်သာ ရောင်းချပါကြောင်း၊ အမြတ်နည်းနည်းဖြင့် ဖောက်သည်မပျက်စေရန် ၊ လုပ်သားများ အခက်အခဲမဖြစ်စေရန် လက်ဖြင့် ကြော်သည့် မီးဖိုဆောက်လုပ်၍ လုပ်ငန်းဆောင်ရွက်နေပါကြောင်းရှင်းလင်းဖြေကြားပါသည်။

        ပဲကြော်လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီ ဈေးနှုန်းမြင့်တက်နေမှုကြောင့် လုပ်ငန်းများခေတ္တရပ်နားထားကြောင်း၊ အော်ဒါအမှာရှိမှသာ လက်ရှိပေါက်ဈေးနှုန်းဖြင့် လုပ်ငန်း လည်ပတ်ကြောင်း၊(၁)လလျှင် လဝက်ခန့်သာလည်ပတ်နိုင်ကြောင်း၊ စားအုန်းဆီကို ရည်ညွှန်း ဈေးဖြင့် ခွဲတမ်းရမည်ဆိုလျှင် အဆင်ပြေပါကြောင်း၊ ယခုအချိန်တွင် တစ်ပိဿာကို (၈၀၀၀/ ၈၇၀၀)ကျပ်ဖြင့်ဝယ်၍ သုံးစွဲနေရကြောင်း၊ ပဲဈေးနှုန်းမှာ (၁)တင်းလျှင်(၆၀၀၀၀) ကျပ်ဝန်း ကျင်ခန့်ဝယ်ရကြောင်း၊ ပဲဝယ်ယူရာတွင် အခက်အခဲမရှိဘဲ စားအုန်းဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် တစ်ပတ်လျှင်(၂/၃)ရက်ခန့်သာ လည်ပတ်နိုင်ကြောင်း၊ ပခုက္ကူမြို့ပေါ်တွင် စက်ဖြင့် ပဲကြော်သည့်လုပ်ငန်းရှင်မှာ (၂)ဦးသာရှိကြောင်း၊ ကျန်သည့်ပဲ ကြော်လုပ်ငန်း ရှင်များမှာ လက်ဖြင့်သာကြော်ပါကြောင်း၊ ပဲကြော်များကို ရန်ကုန်၊ မန္တလေး နှင့် မုံရွာမြို့များသို့ အဓိက ထားတင်ပို့ကြောင်း၊ အချို့ပဲကြော်လုပ်ငန်းရှင်များမှာ မိမိတို့ တံဆိပ်ကို အသုံးမပြုရဘဲ ကုန်ကြမ်းအနေဖြင့်သာ တင်ပို့ကြောင်း၊ ဝါစေ့ဆီသုံးစွဲသော ပဲကြော်လုပ်ငန်းရှင်များမှာ တစ်ပိဿာလျှင်(၆၇၀၀)ကျပ်ဖြင့် တောင်သာ၊ မြင်းခြံမြို့များမှ ဝယ်ယူရကြောင်း၊ စားအုန်းဆီ ဝယ်ယူရန်ခက်ခဲလျှင် ဝါစေ့ဆီကို အသုံးပြုရန်ဝယ်ယူထားကြောင်း၊ စားအုန်းဆီ ဈေးနှုန်း သင့်တင့်မည်ဆိုလျှင် လုပ်ငန်းကိုအမြဲတမ်းလည်ပတ်နိုင်မည်ဟုသုံးသပ်မိပါကြောင်း၊ လုပ်ငန်း လည်ပတ်နိုင်လျှင် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်၍ စားဝတ်နေရေး အဆင်ပြေနိုင်မည်ဖြစ်ပါကြောင်း လုပ်ငန်းရှင်၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူ ကြက်သွန်နီ ဩဂုတ်လ(ဒုတိယ)ပတ်အတွင်း ဈေးနှုန်းဈေးကွက်နှင့်စီးဆင်းမှု အခြေအနေ

          ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဩဂုတ်လ (ဒုတိယ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ် ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ (၂)သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ (၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး  မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာပျမ်းမျှ (၁)ပတ်အတွင်း ကုန်ချိန် (၄)သိန်းခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဩဂုတ်လ(၈)ရက်မှ(၁၄)ရက်ထိ ကုန်စည်ဒိုင် နှင့်သိုလှောင်ရုံများ အရောင်းအဝယ်ဖြစ်မှု စုစုပေါင်းမှာ ကြက်သွန်နီပိဿာ(၅)သိန်းခွဲခန့်ရှိကြောင်း မြို့ပေါ်ရှိကုန်စည်ဒိုင် အသင်းဝင်  ကုန်သည်ပွဲစား(၁)ဦးထံမှ သိရှိရသည်။

          ဈေးနှုန်းဈေးကွက်အနေဖြင့် ဩဂုတ်(ဒုတိယ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ ထိပ်စ အမြင့် ဆုံး ဈေးနှုန်းမှာ (၂၀၀၀)ကျပ် မှ (၁၈၂၅)ကျပ်ထိ ဈေးနှုန်းဖြစ်ခဲ့ပြီး အနိမ့်စအမြင့်ဆုံးဈေးနှုန်းမှာ (၁၅၀၀)ကျပ် မှ (၁၂၅၀)ကျပ်ထိဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ သီးနှံအရည် အသွေးများ မတူညီခြင်းကြောင့် ဈေးနှုန်းများ ကွာခြားကြောင်း၊ ယခင်(၁)ပတ် ကြက်သွန်နီ အမြင့်ဆုံး ဈေးနှုန်းမှာ (၁၇၅၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု(၁)ပတ် အမြင့်ဆုံးဈေးမှာ (၂၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်(၁)ပတ်ထက် (၂၅၀)ကျပ်ခန့် ဈေးနှုန်းမြင့် သွားကြောင်း၊ အနိမ့်စအမြင့်ဆုံးဈေးနှုန်းမှာ ယခင်(၁)ပတ်က (၁၅၀၀)ကျပ်၊ ယခု(၁)ပတ် (၁၅၀၀) ကျပ် ဈေးနှုန်းဖြစ်၍ ဈေးနှုန်းအတက်အကျမရှိကြောင်း၊ ပြည်တွင်းသုံးစွဲမှုသာမက ပြည်ပပို့ကုန်အဖြစ် မြဝတီဝယ်လက်မှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်၊ လာအိုနိုင်ငံများသို့ တင်ပို့မှုများကြောင်း၊ ယခု အချိန်တွင် နေ့စဉ်ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်းနှင့် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင် ပွဲရုံနှင့် ပြည်ပပို့ကုန်အဖြစ် မြဝတီမြို့သို့ အများဆုံး တင်ပို့လျက်ရှိကြောင်း သိရှိရသည်။

          ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ်(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စ(ရှယ်) ကျပ်(၂၂၀၀/၂၁၀၀)၊ လတ်(ကြီး) ကျပ်(၁၉၀၀/၁၈၀၀)၊ လတ်(သေး) ကျပ်(၁၆၀၀/၁၅၀၀)၊ အသေးစ (၁၃၀၀)ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဩဂုတ် လ (ဒုတိယ)ပတ်အတွင်း ဆိပ်ဖြူမြို့မှ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့(၁၅)စီး၊ ပြည်မြို့(၁၀)စီး၊ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့(၁၀)စီး၊ မော်လမြိုင်မြို့(၃)စီး၊ မြဝတီမြို့(၁၇)စီးတွဲကားများ စုစုပေါင်း (၅၅)စီးခန့် (၆/၁၂/၂၄)ဘီး မော်တော်ယာဉ်များဖြင့် ကြက်သွန်နီပျမ်းမျှပိဿာ(၅)သိန်းခွဲ၊ တန်ချိန်(၃) သောင်းခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မကွေးတိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေးအသင်း နှမ်းစိုက်တောင်သူ အစုအဖွဲ့များမှ ပြည်ပပို့ကုန် နှမ်းသီးနှံ စုပေါင်းရောင်းချပွဲ ကျင်းပပြုလုပ်

         မကွေးတိုင်းဒေသကြီး၊ တိုင်းတောင်သူဖွံ့ဖြိုးရေးအသင်းနှင့် နှမ်းပြည်ပတင်ပို့သည့် ကုမ္ပဏီ(၅)ခုတို့ ကြိုတင်ညှိနှိုင်းသဘောတူစာချုပ်အရ နှမ်းနက်နှင့် နှမ်းဖြူ တန်ချိန်(၃၀၀၀)သတ်မှတ်ကာလ (၁)လအတွင်း Exporter ကုမ္ပဏီများမှ ဈေးကွက်ပေါက်ဈေးဖြင့် ဝယ်ယူပေးမည်ဖြစ်ပြီး၊ နှမ်းစိုက်တောင်သူ အစုအဖွဲ့များ မှ နှမ်းစုပေါင်းရောင်းချပွဲကို မကွေးမြို့နယ်၊ ကံလှကျေးရွာအနီးရှိ Good Brother’s Enterprise ၏ လုပ်ငန်း စုဝန်းအတွင်း၌ (၁၅.၈.၂၀၂၂)ရက်နေ့မှ စတင်၍ ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးသည် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲ တာဝန်ခံနှင့် မကွေးခရိုင်မှ ဒု-ခရိုင်ဦးစီးမှူးတို့လိုက်ပါလျှက် နှမ်းစိုက်တောင်သူများ စုပေါင်းနှမ်းရောင်းချမှု နှမ်းအရည်အသွေးသတ်မှတ် ချက်နှင့် ကုမ္ပဏီများ၏ ဈေးနှုန်းဖွင့်လှစ်ဝယ်ယူမှုအခြေအနေများကို ကြည့်ရှုလေ့လာပြီး လိုအပ်သည်များ အကြံပြု တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

         နှမ်းသီးနှံစုပေါင်းရောင်းချပွဲကို သတ်မှတ်ကာလ(၁)လအတွင်း နှမ်းတန်ချိန်(၃၀၀၀)ပြည့်အောင် တောင်သူများမှ နေ့စဥ် စုပေါင်းရောင်းချသွားမည်ဖြစ်ပြီး နှမ်း Exporter ကုမ္ပဏီ(၅ခုမှ နေ့အလိုက် ဈေးကွက်ပေါက်ဈေးအပေါ်အခြေခံ၍ ဈေးနှုန်းဖွင့်လှစ်ရမည်ဖြစ်ပြီး ဈေးနှုန်းအများဆုံးပေးသည့် ကုမ္ပဏီက နေ့အလိုက် စုပေါင်းရောင်းချသည့်နှမ်းများကို ဝယ်ယူရမည်ဖြစ်ပါသည်။

      ကုမ္ပဏီများမှ နှမ်းဝယ်ယူရာတွင် နှမ်းအရည်အသွေးပေါ်မူတည်၍ Grade A, Grade B, Grade C နှင့် အခြားဟူ၍ ခွဲခြားထားပြီး Grade အလိုက် နှမ်းနမူနာနှင့် အရည်အသွေးသတ်မှတ်ချက်များကို ခင်းကျင်း ပြသထားပြီး Grade တစ်ခုနှင့် တစ်ခု နှမ်းတစ်တင်းလျှင် ဈေးနှုန်း(၅၀ဝိ/-)ကွာခြားလျှက် တောင်သူများမှ ဈေးနှုန်းရရှိမည်ဖြစ်ပြီး GAP စနစ်ဖြင့် စိုက်ပျိုးထားသည့်နှမ်းကို ဦးစားပေးဝယ်ယူခြင်းဖြစ်၍ GAP စာအုပ်ပါသည့်နှမ်းမှာ ဈေးနှုန်းအမြင့်ဆုံးရရှိကြောင်း၊ GAP စာအုပ်မပြနိုင်ပါက နှမ်းတစ်တင်းဈေးနှုန်းတွင် (၅၀ဝိ/-) လျော့၍ ပေးချေမည်ဖြစ်ကြောင်း၊ ယနေ့ (၁၅.၈.၂၀၂၂)ရက်နေ့ နှမ်းဈေးနှုန်းအနေဖြင့် GAP နှမ်းနက် (Grade A) တစ်တင်းလျှင် (၉၂၀၀ဝိ/-)၊ နှမ်းဖြူတစ်တင်းလျှင် (၈၀၅၀ဝိ/-)၊ ဈေးဖြင့် ဝယ်ယူကြောင်း သိရှိရပါသည်။

       မကွေးတိုင်းဒေသကြီးအတွင်း နှမ်းစိုက်တောင်သူအစုအဖွဲ့(၅)ဖွဲ့ခန့်ရှိပြီး အစုအဖွဲ့ဝင်တောင်သူဦးရေ (၂၀၀၀)ကျော်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၍ နေ့အလိုက် မြို့နယ်/ ဒေသအလိုက် အစုအဖွဲ့ဝင်တောင်သူများမှ လာရောက်စုပေါင်းရောင်းချမည်ဖြစ်ရာ ထိုသို့နှမ်းစိုက်တောင်သူများ နေ့စဉ်လာရောက်စုပေါင်းရောင်းချရာ တွင် အခက်အခဲမရှိစေရေးနှင့် အဆင်ပြေစွာရောင်းချနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ တိုင်းအဆင့်ဌာနဆိုင်ရာများက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးလျှက်ရှိပြီး နှမ်းစုပေါင်းရောင်းချပွဲနှင့်အတူ လယ်ယာသုံးစက်ကိရိယာများနှင့် လျှပ်စစ်ပစ္စည်းများအရောင်းပြခန်းအား ပူးတွဲဖွင့်လှစ်ရောင်းချပေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

 

မကွေးမြို့နယ် စက်သုံးဆီကြီးကြပ်စစ်ဆေးရေး အဖွဲ့မှ စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေး

         မကွေးမြို့နယ် စက်သုံးဆီကြီးကြပ်စစ်ဆေးရေးအဖွဲ့များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဥက္ကဌဦးသန်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲအောင်၊ ရေနံထွက်ပစ္စည်းကြီးကြပ် ‌စစ်ဆေးရေးဦးစီးဌာန ဦးအောင်မျိုးထက်(ဦးစီးအရာရှိ)၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဆောင်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးဖြူနှင့် စားသုံးသူရေးရာဦးစီးဌာန မကွေးမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းတို့သည် (၁၄.၈.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၃၀)မှ (၁၅:၃၀)နာရီထိ မကွေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

         စစ်ဆေးခဲ့သည့် စက်သုံးဆီဆိုင်များမှ DENKO (1/2), REGENCY (နတ်မောက်လမ်းနှင့် ဒဟက်ကန်) အောင်ရတနာ(၁)၊ LUCKY-7 ,ဆယ်စုသစ်နှင့် မင်းထက်ကြွယ်ဆီဆိုင်တို့ ဖြစ်ကြပြီး စက်သုံးဆီများ ပြတ်လတ်မှုမရှိကြောင်းနှင့် PPRD(‌ရေနံပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန)မှ နေ့စဉ်ထုတ်ပြန်သော ရည်ညွှန်းစျေးများအတိုင်း ရောင်းချလျှက်ရှိကြောင်း၊ ယနေ့သတ်မှတ်ရည်ညွှန်းစျေးများမှာ 92 တစ်လီတာ (၂၃၆၅)ကျပ်၊ 95 တစ်လီတာ (၂၄၃၅)ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ(၂၇၀၀)ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ (၂၇၇၅)ကျပ်ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စက်သုံးဆီကြီးကြပ်စစ်ဆေးရေးအဖွဲ့မှ စက်သုံးဆီဆိုင်များအား စက်သုံးဆီသိုလှောင်ကန်များ၌ သတ်မှတ်ထားသော လမ်းညွှန်ချက်များအတိုင်း‌ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စက်သုံးဆီသိုလှောင်ကန်များတွင် စက်သုံးဆီသိုလှောင်ထားမှု အခြေအနေ၊ စက်သုံးဆီ ရောင်းဝယ်ရာတွင် အချင်အတွယ်၊ အရည်အသွေး၊ စျေးနှုန်းများ မှန်ကန်မှုရှိစေရေး၊ စက်သုံးဆီများအား သိုလှောင်ကန်များတွင် ထားရှိပြီး စျေးနှုန်းကစားမှုမရှိစေ‌ရေးနှင့် ပြည်သူတို့၏ လိုအပ်ချက်အတိုင်း စနစ်တကျရောင်းဝယ်ပေး‌ရေးအသိပေး ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(မကွေး)

 

မကွေးကုန်စည်ဒိုင်တွင် စျေးကောင်းရနေသောမြေပဲ

        မကွေးကုန်စည်ဒိုင်၌ ဩဂုတ်လ ဒုတိယအပတ်တွင် မိုးမြေပဲများစျေးကောင်းရနေကြောင်း သိရှိရပါသည်။ ဩဂုတ်လပထမအပတ်တွင် မြေပဲဆံ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် အ‌ရောင်းအဝယ် ဖြစ်ခဲ့ရာမှ ယခုဒုတိယအပတ်တွင် မြေပဲဆံ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်ဖြစ်၍ (၁၀၀၀)ကျပ်ခန့် စျေးနှုန်း မြင့်တက်လာကြောင်း သိရသည်။

      မကွေးကုန်စည်ဒိုင်သို့ မြေပဲတောင့်နှင့် မြေပဲဆံအများစုသည် နယ်စုံမှ ဝင်ရောက်လျှက်ရှိသည့်အပြင် ပဲခူးတိုင်း‌ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှလည်း ဝင်‌ရောက်လျှက်ရှိကြောင်း သိရှိရသည်။ မြေပဲဆံများကို ဒေသတွင်း ဆီစက်လုပ်ငန်းရှင်၊ မုန့်လုပ်ငန်းရှင်များနှင့် မြေပဲဆားလှော်လုပ်ငန်းရှင်များမှ ဝယ်ယူလျှက်ရှိပြီး ဩဂုတ်လ ဒုတိယအပတ်အတွင်း မြေပဲဆံတန်ချိန်(၃၅၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မကွေးကုန်စည်ဒိုင်မှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

ကျိုက်လတ်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း(ယာယီ)မှ  ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စားအုန်းဆီတစ်ပိဿာလျှင် (၃၇၀၀)ကျပ်ဖြင့် ရောင်းချ

           ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဖျာပုံခရိုင်၊ကျိုက်လတ် မြို့နယ်တာဝန်ခံဦးတင်စိန်နှင့် ဝန်ထမ်းတို့သည် (၁၂.၈.၂၀၂၂)ရက်နေ့မှ (၁၅.၈.၂၀၂၂)ရက်နေ့အထိ မြို့နယ်ထွေ/အုပ်၊ စည်ပင်၊ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ နေ့စဥ် နံနက်(၀၈:၀၀)နာရီ အချိန်တွင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း (ယာယီ)မှ စားအုန်းဆီများကို  ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချနေမှုအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ကြောင်းသိရသည်။

          ထိုသို့ကွင်ဆင်းကြီးကြပ်ဆောင်ရွက်ရာတွင် ကျိုက်လတ်မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း(ယာယီ)အနေဖြင့် စားသုံးသူပြည်သူများအားသက်သာသော ဈေးနှုန်းဖြင့် သုံးစွဲနိုင်ရေး အတွက် စားအုန်းဆီများကိုဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ပြီး စားအုန်းဆီ(၅၅၀)ပိဿာကို  မြို့မဈေးကြီး အတွင်းရှိဖူးပွင့်ဝေ၊ ကရဝိတ်၊ မိုးဆန်းပန်း ၊ စံချိန်မှီ၊ အေး‌မော်ဦး စသည့်ကုန်မျိုးစုံဆိုင်(၅)ဆိုင်မှ စားအုန်းဆီ (၁) ပိဿာ (၃၇၀၀)ကျပ်ဖြင့်ရောင်းချပေးလျက်ရှိပြီး ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချ ခြင်း မရှိစေရေးအတွက် ဌာနဆိုင်ရာများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်နေကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ဂျုံသီးနှံနှင့် ဂျုံမှုန့်ထုတ်လုပ်မှုက စားသောက်ကုန်အတွက်အရေးပါ

      ဂျုံသီးနှံသည်စပါးနှင့် ပြောင်းသီးနှံပြီးလျှင် အရေးပါဆုံးကောက်ပဲသီးနှံများထဲမှ သီးနှံတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်း၊ ချင်းတွင်းမြစ် အောက်ပိုင်းဒေသများ၊ ရွှေဘို၊ ကျောက်ဆည်စသည့်ဒေသများတွင် ဂျုံကိုစိုက်ပျိုးကြသည်။ ဆောင်းရာသီ ဂျုံကို အဓိကစိုက်ပျိုးပြီးအရောင်မှာ အနီ၊ အဝါ၊ အဖြူ ကွဲပြားခြားနားမှုရှိသည်။ ဂျုံပင်များကို ၄ လခန့်မျှ စိုက်ပျိုးရ၏။ မြေအမျိုးအစားနှင့် သင့်တော်မည့်ဂျုံအမျိုးအစားကို ရွေးချယ်စိုက်ပျိုးကြရပြီး မိုးရေအစို ဓာတ်ဖြင့် စိုက်ပျိုးပါက မြေတစ်ဧကလျှင်ဂျုံမျိုးစေ့ တစ်တင်းခွဲခန့်အသုံးပြုကြပြီး ရေသွင်းစိုက်ပျိုးပါက ၂ တင်း အထိအသုံးပြုကြသည်။ ဂျုံသည်စပါးကဲ့သို့ မဟုတ်ဘဲ၊ မျိုးကြဲခြင်း ပြီးသည့်နောက်တွင်လည်း မျိုးစေ့များမြေထဲသို့ ၃ လက်မ၊ ၄ လက်မခန့်ကျသွား၍ မြေဖြင့်ဖုံးအုပ်နေအောင် ထပ်မံထွန်ပေးရပါသည်။ ဂျုံစိုက်ပျိုးရန်အသင့်တော်ဆုံးကာလမှာ အောက်တိုဘာလနှင့် နိုဝင်ဘာလဖြစ်ပြီး ဖော်ဖော်ဝါရီနှင့် မတ်လတွင် ဂျုံသီးနှံစတင်ထွက်ပေါ်သည်။ ဂျုံပင်၏ ရိုးတံနှင့်အနှံများ အဝါရောင်ပြောင်းချိန် သို့မဟုတ် ရက် ၉၀မှ ၁၁၅ ရက်သားခန့်ရောက်ပြီး အနှံအားလုံး ၈၀ ရာခိုင်နှုန်းရင့်မှည့်ချိန်တွင် ရိတ်သိမ်းနိုင်ပြီ ဖြစ်သည်။ ရိတ်သိမ်းချိန်မတိုင်မီ ရိတ်သိမ်းမိလျှင် ဂျုံစေ့များမှာ ရှုံ့တွနေတတ်၍ ပိုးတွယ်တတ်သည်။ အချိန်လွန်သွားလျှင်လည်း ဂျုံစေ့များကြွေကျတတ်သဖြင့် ရိတ်ချိန်မှန်မှ သီးနှံကောင်းရရှိမည်ဖြစ်သည်။

         စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဂျုံစိုက်ပျိုးထုတ်လုပ်မှုမှာ နှစ်စဉ်ဧက (၁)သိန်းခန့်လျာထား စိုက်ပျိုးပါသည်။ စစ်ကိုင်းခရိုင်တွင် စိုက်ဧက (၄၂၀၀၀)ကျော်၊ ရွှေဘိုခရိုင်တွင်(၃၁၀၀၀)ကျော်၊ မုံရွာ ခရိုင်တွင် (၁၃၀၀၀)ကျော်၊ ယင်းမာပင်ခရိုင်တွင် (၆၀၀၀)ကျော်၊ ကလေးခရိုင်တွင် (၅၀၀)ကျော် စိုက်ပျိုးမှု ရှိသည်။ အထွက်နှုန်းမှာ တစ်ဧကလျှင် (၂၁)တင်းခန့်ထွက်ရှိသည်။ စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန် အထိ တစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ်(၃)သိန်းကျော်ခန့်ကုန်ကျသည်။ ချောင်းဦးမြို့နယ် ပေါက်အင်းစိုက်ကွင်းမှ ဒေသရေမြေနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးများထုတ်လုပ် ဖြန့်ချိပေးသည်။

         ဂျုံစက်များတွင် ဂျုံစေ့မှ ဂျုံမှုန့်နု၊ ဂျုံမှုန့်ကြမ်း၊ ဂျုံဆန်ကွဲ၊ ဂျုံဖွဲဟူ၍ ဂျုံမှုန့် အမျိုးအစားများကို ရရှိပါသည်။ ဂျုံကြိတ်စက်များ၌ အထပ်ပေါင်း ၈ ထပ်မှ ၁ဝ ထပ်ခန့်အထိရှိ၍ အပေါ်ဆုံးထပ်မှ အောက်ဆုံး ထပ်တိုင်အောင် အဆင့်ဆင့်ဂျုံကြိတ်ခွဲသည်။ ဂျုံကြိတ်စက်သို့ရောက်လာသော ဂျုံစေ့များသည် အမှိုက်သရိုက်များ စင်ကြယ်အောင်ဆောင်ရွက်ပြီးနောက် ဂျုံစေ့များကို စက်ပေါ်တင်ပေးလိုက်သောအခါ တစ်ထပ်ပြီးတစ်ထပ် အလိုအလျောက်ကြေညက်၍ အောက်သို့ဆင်းလာသည်။ အထပ်တိုင်းရှိ ဒလိမ့် တုံးများ အသီးသီးရှိကြရာ ပထမအဆင့်တွင်အခွံနှင့် အဆန် ကွဲရုံသာကြိတ်ပေးပြီး နောက်အဆင့်များသို့ ရောက်မှ တခါထက်တခါညက်၍ လာသည်။ ပိုးဆန်ခါစိပ်များနှင့်ချ၍ ခွဲထုတ်ပြီးလျှင် မညက်သေးသော ဂျုံမှုန့်များကို တစ်ဖန်ထပ်၍ ကြိတ်ရပါသည်။ စက်ကဂျုံကြမ်းနှင့် ဂျုံဖွဲကို တစ်ခြားစီ ခွဲထုတ်ပေးပြီးနောက် နောက်ဆုံးညက်သော ဂျုံမှုန့်အဖြူ၊ ဂျုံကြမ်းနှင့် ဂျုံဖွဲများ တစ်နေရာစီ ခွဲခြား၍ထွက်လာကြသည်။ ကြိတ်ပြီးသောအခါဂျုံမှုန့်ကို အလေးချိန်၊ အရွယ်အစားအမျိုးမျိုးအိတ်များဖြင့်ထည့်၍တင်ပို့ရောင်းချ သည်။  ဂျုံကြိတ်ရာမှ ဘေးထွက်ပစ္စည်းအဖြစ်ဖြင့် ထွက်လာသော ဂျုံဖွဲ၊ ဂျုံကြမ်း စသည်တို့ကို တိရစ္ဆာန် အစာအဖြစ် အသုံးပြုကြသည်။ ဂျုံစေ့ကုန်ကြမ်း၏ ၇၅ ရာခိုင်နှုန်း ဂျုံမှုန့်ကုန်ချော အဖြစ်ထွက်ရှိသည်။ မုံရွာစက်မှုဇုံတွင် ဂျုံစက်(၁၀)စက်ခန့်ရှိပြီး၊ စက်ရုံအကြီးတစ်ခုသည် တစ်ရက်ထုတ်လုပ်အား ဂျုံမှုန့် (၂၀၀၀၀)ပိဿာ ထုတ်လုပ်နိုင်ပြီး ဝယ်လိုအားလျော့သည့်အချိန်တွင် လျော့နည်းထုတ်လုပ်ကြောင်း သိရသည်။ မုံရွာကုန်စည်ဒိုင်မှ ဂျုံပေါက်ဈေးအတိုင်းဝယ်ယူပြီးကြိတ်ခွဲ ထုတ်လုပ်သည်။ မုံရွာကုန်စည်ဒိုင် ဈေးနှုန်းအရ ဂျုံစတင်ထွက်ပေါ်ချိန်မတ်လဆန်းက ဂျုံဖြူသန့် ၂၀ ပိဿာအလေးချိန်ရှိ တစ်တင်းလျှင် ၃၂၀၀၀ ကျပ်မှ လက်ရှိဩဂုတ်လဆန်းတွင် ၄၈၀၀၀ကျပ်၊ အထွက်တိုးဂျုံနီဈေးနှုန်းမှာ ပေါ်စ ၂၉၀၀၀ ကျပ်မှလက်ရှိဈေးမှာ ၄၆၀၀၀ ကျပ်ဖြစ်ကြောင်းတွေ့ရသည်။ လက်ရှိဂျုံမှုန့်ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိပြီး တစ်ပိဿာလျှင် ၂၇၀၀ ကျပ်ဖြစ်သည်။ ဂျုံမှုန့်များကိုတိုင်းတွင်း မြို့နယ်များနှင့် မန္တလေးမြို့သို့ အဓိကတင်ပို့ရောင်းချကြသည်။ မုံရွာမြို့နယ်အတွင်းတွင် ကိတ်မုန့်ပေါင်မုန့်လုပ်ငန်းများပြားသဖြင့် ဈေးကွက်များရှိနေသည်။

         နိုင်ငံတကာဂျုံဈေးကွက်သည် စားသောက်ကုန်ဈေးနှုန်းအပေါ်သက်ရောက်မှုရှိသည်။  ရာသီဥတု ကြောင့်စိုက်ပျိုးထုတ်လုပ်မှု ထိခိုက်ခဲ့ရသည့်နိုင်ငံများတွင် ဂျုံပြည်ပတင်ပို့မှုကို တားမြစ်မှုများရှိသည်။ စစ်ဖြစ်ပွားသောနိုင်ငံများတွင် ပြည်ပတင်ပို့မှုရပ်ဆိုင်းမှုများရှိသောကြောင့် ကုန်စည်ရှားပါးပြီး စားသောက် ကုန်စျေးနှုန်းကြီးမြင့်မှုနှင့် ကြုံတွေ့ရမှုများရှိသည်။ မြန်မာနိုင်ငံတွင် စားသုံးမှုလိုအပ်ချက်အရ ပြည်ပမှ ဂျုံမှုန့်တင်သွင်းရသည်။ ပုံမှန်ကုန်သွယ်မှုအပြင် နယ်စပ်ကုန်သွယ်မှုမှလည်းဝင်ရောက်သည်။ အိန္ဒိယနိုင်ငံဘက်မှ ဂျုံမှုန့်များတမူးနယ်စပ်သို့ တဆင့်ဝင်ရောက်လာရာ အခွန်ပေးဆောင်ထားမှု မရှိခြင်းနှင့် စားသုံးရန်ထောက်ခံချက်များမပါခြင်းတို့ကြောင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဂိတ်များတွင် ဂျုံမှုန့်အိတ်များအားအရေးယူမှုများရှိသဖြင့် တရားဝင်အခွန်ဆောင်ဝင်ရောက်လာကြောင်း တွေ့ရသည်။

         ဂျုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး ရေရှည်ထုတ်လုပ်နိုင်ရန် အရည်အသွေးကောင်းမျိုးစေ့ များနှင့် ဂျုံအထွက်တိုးနည်းပညာများလိုအပ်သည်။ ဂျုံစိုက်တောင်သူများအနေဖြင့် ရိတ်သိမ်းခြွေလှေ့စက် ငှားရမ်းသုံးစွဲရမှုများသဖြင့် စက်ကိရိယာလိုအပ်ချက်ရှိပါသည်။ လယ်ယာစိုက်ပျိုးရေးဘဏ်၊ မြစိမ်းရောင်၊ Pact Myanmar နှင့် သမဝါယမအဖွဲ့အစည်းများမှ ချေးငွေရယူမှုများရှိသော်လည်း စိုက်ပျိုးစရိတ်များ ကြီးမြင့်လာမှုကြောင့်ရင်းနှီးငွေ လိုအပ်ချက်မြင့်မားလျက်ရှိသည်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လွယ်ကူချောမွေ့ပါက ဈေးကွက်ဈေးနှုန်းပိုမိုကောင်းမွန်နိုင်ကြောင်းသိရသည်။ ဂျုံမှုန့်များပြည်တွင်း သယ်ယူပို့ဆောင်စရိတ်သည် ပြည်ပမှတင်သွင်းသည့် ဂျုံမှုန့်ထက် ပိုမိုကုန်ကျနေသဖြင့် တွက်ခြေကိုက် သည့်ဈေးနှုန်းမရရှိတော့သဖြင့် ဂျုံစိုက်ဧကလျော့ကျကြောင်း သိရသည်။ ပြည်ပသွင်းကုန်အစားထိုး နိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ဂျုံစက်များနှင့်တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းကို အားပေးပံ့ပိုးပြီး သယ်ယူပို့ဆောင်စရိတ်ကျဆင်းအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း