Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုက်ကြီးမြို့နယ်အတွင်း စက်သုံးဆီရောင်းချနေမှု

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ တိုက်ကြီးမြို့နယ်တွင် သတ်မှတ်ဈေးနှုန်းဖြင့် စက်သုံးဆီများ စနစ်တကျရောင်းချစေရေး အချိန်နှင့်တပြေးညီ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး တိုက်ကြီးမြို့နယ်၌ ရပ်ကွက်/ကျေးရွာ (၉၅)အုပ်စုရှိ၍ သုံးဘီး၊ အိုးဝေ၊ ဆိုင်ကယ်များမှာလည်း စက်သုံးဆီကို အဓိကထားသုံးစွဲနေရပါသည်။ စားသုံးသူပြည်သူများ ကူးသန်းရောင်းဝယ်ရေးအခက်အခဲမရှိစေရန်အတွက် တိုက်ကြီးမြို့နယ်ရှိ စက်သုံးဆီဆိုင် (၈)ဆိုင်မှ သတ်မှတ်ဈေးနှုန်း၊ ဆီလီတာပြည့်ဝမှန်ကန်စွာရောင်းချစေရေးတို့ကို သေချာကြပ်မတ်၍ ဆောင်ရွက်ပေးနေပါသည်။ စားသုံးသူပြည်သူများ ကူးသန်းရောင်းဝယ်ရေးအဆင်ပြေစေရေးအတွက်လည်း မြို့နယ်အတွင်း လမ်း၊ တံတားတည်ဆောက်ရေး၊ နွေစပါးအပါအဝင် သီးနှံစိုက်ပျိုးရေးတွင်  တောင်သူဦးကြီးများအဆင်ပြေစေရန် စက်သုံးဆီများကိုစိစစ်ရောင်းချခြင်း၊ လက်လုပ်လက်စား၊ အိုးဝေ၊ သုံးဘီး၊ ဆိုင်ကယ်ကယ်ရီသမားများ၊ ဝန်ထမ်းများအား တာဝန်အရ သွားလာရေးများကို သေချာစိစစ်၍ စနစ်တကျရောင်းချပေးလျက်ရှိပြီး စက်သုံးဆီရောင်းချရာ၌ အခက်အခဲမရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ်ရှိ အသားတိုးဝက်မွေးမြူခြင်းလုပ်ငန်း

     ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ရှိ ဝန်ထမ်းများသည် ကုလားကုန်းကျေးရွာသို့သွားရောက်ကာ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသော ပိုင်ရှင် ဦးမြင့်ကို၏ စီးပွားဖြစ်မွေးမြူခြင်းနှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

       ကုလားကုန်းကျေးရွာ၌ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းကို ၂၀၁၃ခုနှစ်မှစတင်၍ လုပ်ကိုင်ခဲ့ကြောင်း၊ ဝက်ခြံတွင် ဝက်ကောင်ရေ (၂၀၀)ရှိပြီး အကြီး(၆၀)၊ အလတ်/ အသေး/ သားပေါက်(၁၄၀)ကောင်မွေးမြူထားကြောင်း၊ ဝက်အထီး(၆၀)၊ အမ(၁၄၀)ရှိ၍ ဝက်များမွေးမြူရာတွင် ဝက်ခြံများကို ကွန်ကရစ်အခင်းများဖြင့် လေဝင်လေထွက်ကောင်းမွန်သော အဆောက်အဦများနှင့် သန့်ရှင်းသပ်ရပ်စွာမွေးမြူဆောင်ရွက်ထားကြောင်း၊ ဝက်အကြီး၏အစာမှာ (CP-952)တစ်အိတ်လျှင် ၅၀၄၀၀ကျပ်၊ ဝက်အလတ် (CP-966) တစ်အိတ်လျှင် ၄၉၅၀၀ကျပ်၊ ဝက်အသေး (CP-950) တစ်အိတ်လျှင် ၇၀၅၀၀ကျပ်၊ နို့တိုက်ဝက် (CP-967) တစ်အိတ်လျှင် ၅၁၉၀၀ကျပ်ဖြင့် စနစ်တကျကျွေးမွေးထားကြောင်း၊ တစ်နေ့ကုန်ကျငွေမှာ ၂၅၀၀၀၀ကျပ်ဖြစ်၍ တစ်လလျှင် သိန်း(၈၀)ခန့်ကုန်ကျခဲ့ပါသည်။ ဝက်မများအား (၂)သားမွေးထားပြီး ဝက်ထီးများကို (၉)လမှ (၁)နှစ်အတွင်း ပြန်လည်ရောင်းချပါသည်။ ဝက်အကောင်လိုက်ရောင်းဈေးမှာ တစ်ပိဿာလျှင် (၇၅၀၀) ကျပ်ဖြစ်ပြီး ယခုပေါက်ဈေးဖြင့်၍ ဝက်သားပေါက်များကို ဝက်သားခွဲ (၄၅)ရက်သားကို (၉၀၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။ ဈေးအတွင်းတွင် ဝက်သားအသား(သန့်သန့်)ရှယ်အား (၁၂၀၀၀)ကျပ်မှ တခြားအစိတ်အပိုင်းများကို (၅၀၀၀) ကျပ်ဈေးနှုန်းဖြင့် စားသုံးသူများအဆင်ပြေစေရန် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ကြည့်မြင်တိုင်မြို့နယ်၊ ဗားဂရာငှက်ပျောသီးအသင်းသို့ ဌက်ပျောသီးဝင်ရောက်မှုနှင့်ဈေးနှုန်းများ

     ဗားဂရာဌက်ပျာသီးအသင်းမှ (၂၀-၂-၂၀၂၄) ရက်နေ့မှ (၂၆-၂-၂၀၂၄) ရက်နေ့ထိ ငှက်ပျောသီးဝင်ရောက်မှုစာရင်းနှင့် ဈေးနှုန်းများမှာ ယခုရက်ပိုင်းများ၌ ဧရာဝတီတိုင်း၊ ရွှေဘို၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ဘုတလင်နှင့် နေရာစုံ၊ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်များမှ ငှက်ပျောဝင်ရောက်မှုများကြောင်း၊ ဧရာဝတီ၊ ရန်ကုန်တိုင်းမှ သီးမွှေးအဝင်များပြီး တစ်ဖီးလျှင် (၁၀၀၀/ ၂၅၀၀/ ၃၀၀၀)ကျပ်ထိဈေးနှုန်းမြင့်တက်လျက်ရှိပါသည်။ ဧရာဝတီတိုင်း၊ ကျုံပျော်၊ ရန်ကုန်တိုင်းတို့မှဝင်ရောက်သော ငှက်ပျောသီးများမှာ တစ်ဖီးလျှင် ၄၀၀၀ကျပ်မှ ၅၀၀၀ကျပ်ထိရှိပါသည်။ရွှေငှက်ပျောအသေးမှာ တစ်ဖီးလျှင် ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်ထိရှိပါသည်။ ကျောက်ဆည်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ဘုတလင်မှဝင်ရောက်သော ဖီးကြမ်းတစ်ဖီးလျှင် ၁၈၀၀ကျပ်မှ ၃၅၀၀ကျပ်အထိဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးမြင့်တက်ရခြင်းအကြောင်းအရင်းမှာ ယခုရက်များသည် ဘုရားပွဲရှိ၍ အသုံးများသော‌ကြောင့် ရခိုင်တစ်ဖီးလျှင် ၈၀၀ကျပ်မှ ၂၀၀၀ ကျပ်အထိဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း ငှက်ပျောအသင်းမှ အတွင်းရေးမှူး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရန်ကုန်)

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

     ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၂၀-၂-၂၀၂၄) ရက်နေ့မှ (၂၆-၂-၂၀၂၄) ရက်နေ့အထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ၊ မြောင်းမြ၊ ဘိုက‌လေး၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဓနုဖြူ၊ ဟင်္သာတ၊ လပ္ပတ္တာ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ပေါ်ဆန်းမွှေး (၅၂၆၁၂) အိတ်၊ ပေါ်ကျွဲ (၈၈၀၀)အိတ်၊ ဧည့်မထ (၁၇၃၃၂၀)အိတ်နှင့် ဆန်ကွဲ (၄၂၉၀၀) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူး (အရှေ့) ညောင်လေးပင်နှင့် ဖြူးမြို့နယ်များမှ ဧည့်မထ (၁၁၉၇၇)အိတ်နှင့် ပဲခူးတိုင်း(အနောက်)၊ သာယာဝတီ၊ လက်ပံတန်း၊ သုံးဆယ်မြို့နယ်များမှ ဧည့်မထ (၄၁၄၀၂) အိတ်၊ ငစိန် (၂၂၆၅) အိတ်နှင့် ရန်ကုန်တိုင်း၊ ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ်ကုန်း၊ တိုက်ကြီး၊ ပျော်ဘွယ်၊ ဥက္ကံမြို့နယ်များမှ ဧည့်မထ (၃၃၄၃၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

      ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန် အခြေအနေများအား  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့မှ ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြစ်သား၊ တောင်တွင်းဒေသတို့မှ ကြက်သွန်နီ (၈၀၄၀၀၀)ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့်ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၃၂၁၆၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ မြစ်သားကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၂၂၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၃၀၀၀၊ အကြီးမှာ တစ်ပိဿာလျှင် ကျပ်၃၅၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၃၅၀၀၊  ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၆၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၅၀၀၊ အကြီးမှာ တစ်ပိဿာလျှင် ကျပ်၂၇၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၂၈၀၀၊  တောင်တွင်း ကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၆၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၅၀၀၊ အကြီးမှာ တစ်ပိဿာလျှင် ကျပ်၂၇၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၂၈၀၀ စသည်ဖြင့် ဈေးနှုန်းအသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၄.၃.၂၀၂၄ )

   ၄.၃.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၄.၃.၂၀၂၄ )

   ၄.၃.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၄.၃.၂၀၂၄ )

    ၄.၃.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးနှင့် ပြည်ပပို့ကုန်သီဟိုဠ်ဈေးကွက်အ‌ခြေအနေ

     ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသထွက်ကုန်များတွင် ပြည်ပပို့ကုန် သီဟိုဠ်ဈေးကွက်မှာ ရာသီသီးနှံအဖြစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစတင်၍ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး မတ်လပိုင်းဆိုလျှင် သီဟိုဠ်လှိုင်လှိုင်ပေါ်မည်ဖြစ်ကြောင်း၊ သီဟိုဠ်ရာသီမှာ မိုးမရွာခင်အချိန်အထိ ဈေးကွက်၌ အရောင်းအဝယ်ဖြစ်၍ မေလ၊ ဇွန်လများတွင် မိုးဖြိုင်ဖြိုင်ရွာသွန်းပါက ဈေးကွက်တွင် အရောင်းအဝယ်မဖြစ်တော့ဘဲ သီဟိုဠ်ရာသီပြီးဆုံးသွားကြောင်း၊ ယခင်နှစ်သီဟိုဠ်ကုန်ကြမ်း ၁ပိဿာလျှင် ကျပ်၄၂၀၀၀ဈေးနှုန်းရှိပြီး ယခုနှစ်တွင် သီဟိုဠ် ၁ပိဿာလျှင် ကျပ် (၄၈၀၀/၅၀၀၀) ဈေးနှုန်းရရှိသည့်အတွက် ယခင်နှစ်ထက် ၁ပိဿာလျှင် ကျပ် (၆၀၀/၈၀၀) ဈေးနှုန်းပိုမိုရရှိပြီး သီဟိုဠ်တောင်သူများ တွက်ခြေကိုက်လျက်ရှိကြောင်း ပုသိမ်မြို့၊ သရဖူသီဟိုဠ်အဝယ်ဒိုင်မှသိရသည်၊၊

      တိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပဈေးကွက်ဝင် နှစ်ရှည်သီးနှံသီဟိုဠ်စိုက်ဧက (၆၅၉၃၃) ဧကရှိပြီး ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်နှင့် မြောင်းမြခရိုင်တို့တွင် အများဆုံးစိုက်ပျိုးလျက် လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်တို့တွင်လည်း စိုက်ပျိုးမှုရှိကြောင်း၊ သီဟိုဠ်ကို မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ပြီး ၎င်းမှာ ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်း၊ အနောက်ဘက်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်နှင့် ပင်လယ်ပိုင်းဒေသများတွင်လည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်၊၊

      ပုသိမ်မြို့နယ်နှင့် သာပေါင်းမြို့နယ်ထွက် သီဟိုဠ်သီဟိုစေ့မှာ အစေ့ကြီး၍ ရေကြည်မြို့နယ်ထွက် သီဟိုဠ်မှာ အလယ်အလတ်ရှိပြီး မြောင်းမြမြို့နယ်ထွက် သီဟိုဠ်စေ့မှာ အစေ့သေးသော်လည်း အထွက်နှုန်းပို၍ကောင်းမွန်ကြောင်း၊ ၎င်းမှာ စတင်စိုက်ပျိုးချိန်မှ ခူးဆွတ်ရသည်အထိ (၅)နှစ်ကြာပြီး အပင်သက်တမ်း နှစ်(၆၀)ရှိသဖြင့် ရေရှည်အကျိုးအမြတ်ရရှိသည့် နှစ်ရှည်သီးနှံအမျိုးအစားဖြစ်၍ သီဟိုဠ်ခူးဆွတ်ခြင်းကို ဖေဖော်ဝါရီလမှစတင်ခူးဆွတ်၍ မေလမိုးမရွာခင်အထိ ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်၍ မိုးထိလျှင် သီဟိုဠ်စေ့မှာ မူလအရောင်ပျက်ကာ မဲသွားပြီး ဈေးကွက်တွင်လည်း အရောင်းအဝယ်မဖြစ်တော့ကြောင်းသိရသည်။

     သီဟိုဠ်ပေါ်ချိန်၌ ပုသိမ်မြို့တွင် အဝယ်ဒိုင် (၅)ဒိုင်၊ သာပေါင်းမြို့ပေါ်တွင် (၃)ဒိုင်ခန့်၊ မြောင်းမြမြို့ပေါ် တွင် အဝယ်ဒိုင် (၂)ဒိုင်နှင့် ရေကြည်မြို့ပေါ်တွင် အဝယ်ဒိုင် (၂)ဒိုင်ဖြင့် ဝယ်ယူလျက်ရှိပြီး ဝယ်ယူရရှိသော သီဟိုဠ်ကုန်ကြမ်းများကို ရန်ကုန်မြို့သို့အဓိကတင်ပို့၍ ပုသိမ်မြို့နှင့် ရေကြည်မြို့တို့တွင် သီဟိုဠ်စေ့ကုန်ချောပြုလုပ်၍ ပြည်တွင်းဈေးကွက်နှင့် Export ဈေးကွက်အဖြစ် တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ ရန်ကုန်မှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။ သီဟိုဠ်စေ့ကို တန်ဖိုးမြှင့်စားသောက်ကုန်အဖြစ် ချောကလက်၊ ရေခဲမုန့်၊ ထိုးမုန့်၊ ကိတ်မုန့်အမျိုးမျိုး၊ မုန့်မျိုးစုံ၊ ယိုစုံ၊ ဒံပေါက်နှင့် ဟိုတယ်စာအဖြစ် မုန့်အမျိုးမျိုးတို့တွင် ပါဝင်အသုံးပြုလျက်ရှိပြီး သီဟိုဠ်စေ့တွင် Vitamine-E ပါဝင်သဖြင့် ပြည်ပနိုင်ငံများတွင် ဆံပင်၊ အသားအရေလှပသည့် မိတ်ကပ်အကူပစ္စည်း ခေါင်းလိမ်းဆီထုတ်လုပ်ရာနှင့် အိန္ဒိယနိုင်ငံတွင် သီဟိုဠ်စေ့အခွံ ကို သင်္ဘောဆေးလုပ်ငန်းတွင် ကုန်ကြမ်းအဖြစ် အသုံးပြုလျက်ရှိကြောင်းသိရသည်။

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖေဖော်ဝါရီလ ၂၇ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ သီဟိုဠ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးအောင်၊ ပုသိမ်တက္ကသိုလ်၊ ပထဝီဝင်ဌာနမှ ပါမောက္ခ ဒေါက်တာဇင်မေဦး၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တိုင်းအဆင့်အကြီးအကဲများ၊ အစိုးရစက်မှုလက်မှုအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ ဧရာဝတီကုန်သည်စက်မှုအသင်းအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ဦး၊ ဧရာဝတီတိုင်းဒေသတွင်းထုတ်ကုန်များသုတေသနနှင့် ဈေးကွက်သုတေသနကော်တီဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်နှင့် တိုင်းအတွင်းရှိ မြို့နယ်သီဟိုဠ်အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သီဟိုဠ်စိုက်ပျိုးထုတ်လုပ်သော တောင်သူလုပ်ငန်းရှင်များ၊ စုစုပေါင်း (၃၅)ဦးတက်ရောက်ခဲ့ကြပါသည်၊၊

    အဆိုပါဆွေးနွေးပွဲတွင် တက်ရောက်လာသော တိုင်းအဆင့်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး၍ သီဟိုဠ်စိုက်ပျိုးထုတ်လုပ်သူများ၏ တင်ပြလာသော ဈေးကွက်အခြေအနေ၊ နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်လိုအပ်ချက်ကုန်စည်စီးဆင်းမှုအခြေအနေများအပေါ် ဆွေးနွေးခဲ့ရာ ဌာနဆိုင်ရာများအနေဖြင့် ပြန်လည်ဆွေးနွေးခဲ့ရာတွင်  ဧရာဝတီတိုင်းဒေသကြီးအတွင်း သီဟိုဠ်စိုက်ပျိုးသော ဧကများစွာရှိပြီး ဆက်စပ်နေရာများတွင် စိုက်ပျိုးနိုင်ခြင်း၊ မြေလွတ်မြေရိုင်းများရှိနေခြင်း၊ နေရာမရွေးစိုက်ပျိုးနိုင်ပြီး အထွက်နှုန်းသင့်တင့်ကောင်းမွန်၍ ပြည်တွင်း/ ပြည်ပဈေးကွက်ဝယ်လိုအားရှိသည့်အတွက် ကုန်ကြမ်းအဆင့်မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးမြင့်ထုတ်လုပ်၍ ပုဂ္ဂလိကကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုမှ ပို့ကုန်ကဏ္ဍတိုးမြှင့်တင်ပို့နိုင်ရန်အတွက် တိုင်းသီဟိုဠ်အသင်းကို သင်းဖွဲ့စည်းမျဉ်းများနှင့်အညီ ကျစ်လစ်ခိုင်မာစွာဖွဲ့စည်းနိုင်ရေး ဧရာဝတီကုန်သည်များနှင့် စက်မှုအသင်းဌာနဆိုင်ရာများသာမက နောက်ပိုင်းတွင် UMFCCI အသင်းကြီးနှင့်လည်းချိတ်ဆက်ဆောင်ရွက်နိုင်ရန်နှင့် One Village One Product ကဲ့သို့ ပို့ကုန်အမယ်သစ်အဖြစ် ပြည်ပဈေးကွက်ပိုမိုဖောက်နိုင်ရန်အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်၊၊

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၏ ဆန်စပါးဈေးကွက်

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ပေါ်ဆန်းစပါး ၄၆ပေါင် ၁တင်းလျှင် ကျပ်၃၀၀၀၀ခန့်၊ ၁၀၈ ပေါင်ပါ ပေါ်ဆန်းဆန် ၁အိတ်လျှင် ကျပ်၁၂၇၀၀၀ဈေးနှုန်းနှင့် ဧည့်မထစပါး ၁တင်းလျှင် ကျပ် (၂၁၀၀၀/ ၂၃၀၀၀)၊ ဆန် ၁အိတ်လျှင် ကျပ် (၈၃၀၀၀ /၈၆၀၀၀) အတွင်း ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်မှထွက်ရှိသော ပေါ်ဆန်းဆန် ၁အိတ်လျှင် ကျပ်၁၄၀၀၀၀ဖြင့် ဈေးနှုန်းပိုမိုရရှိ၍ ယခင်ဇန်နဝါရီလဈေးနှုန်းထက် ယခုဖေဖော်ဝါရီလ၌ ပေါ်ဆန်း ၁အိတ်လျှင် ကျပ်၂၀၀၀နှင့် ဧည့်မထဆန် ၁အိတ်လျှင် ကျပ်၅၀၀၀ဈေးနှုန်းပိုမိုမြင့်တက်၍ ပိုလျှံဆန်များကို ရန်ကုန်နှင့် အထက်အညာဒေသများသို့တင်ပို့ရောင်းချလျက်ရှိကြောင်း ဆန်စပါးဈေးကွက်မှသိရသည်၊၊

      ဟင်္သတခရိုင်အတွင်းမြို့နယ်များရှိ ဆန်စပါးဈေးကွက်တွင် ပေါ်ဆန်းစပါးစိုက်ပျိုးထွက်ရှိမှုမရှိဘဲ မိုးဧည့်မထစပါးအများစုသာစိုက်ပျိုးလျက် ဧည့်မထစပါး ၄၆ပေါင်ပါ ၁တင်းလျှင် ကျပ် (၂၀၀၀၀/ ၂၁၀၀၀) နှင့် ဧည့်မထဆန် ၁၀၈ပေါင်ပါ ၁အိတ်လျှင် ကျပ်၈၁၀၀၀ဈေးနှုန်းဖြင့်ရောင်းဝယ်လျက်ရှိပြီး ယခင်ဇန်နဝါရီလနှင့် ယခုဖေဖော်ဝါရီကာလတူ ဆန်ဈေးနှုန်းမှာ ၁အိတ်လျှင် ကျပ် (၄၀၀၀/၅၀၀၀) ဈေးနှုန်းမြင့်တက်၍ ဒေသတွင်းစားသုံးမှုနှင့် ရန်ကုန်၊ အညာဈေးကွက်သို့ တင်ပို့ရောင်းချမှုရှိကြောင်း ဈေးကွက်မှသိရသည်၊၊

   မြောင်းမြခရိုင်၊ မြို့နယ်များရှိ ဆန်၊ စပါးဈေးကွက်တွင် ပေါ်ဆန်းစပါး ၄၆ပေါင်ပါ ၁တင်းလျှင် ကျပ် (၂၈၀၀၀/၃၀၀၀၀)၊ ပေါ်ဆန်း ၁၀၈ပေါင် ၁အိတ်လျှင် ကျပ် (၁၁၀၀၀၀/၁၂၅၀၀၀)၊ ဧည့်မထစပါး ၁တင်းလျှင် ကျပ် (၁၉၀၀၀/၂၀၀၀၀)နှင့် ဆန် ၁အိတ်လျှင် ကျပ် (၇၂၀၀၀/ ၈၅၀၀၀) ဈေးနှုန်းတို့ဖြင့်ရောင်းဝယ်လျက်  ခရိုင်တွင်းမြို့နယ်များတွင် ဈေးကွက်ပေါ်မူတည်၍ စပါး၊ ဆန်ဈေးနှုန်းအနည်းငယ်ကွာခြားမှုရှိပြီး ဆန်ဈေးနှုန်းများမှာ ဇန်နဝါရီလနှင့်ကာလတူ ဖေဖော်ဝါရီလတွင် ပေါ်ဆန်းဆန် ၁အိတ်လျှင် ကျပ်၁၀၀၀၀ခန့်နှင့် ဧည့်မထဆန်  ၁အိတ်လျှင် ကျပ် (၄၀၀၀/၅၀၀၀) ဈေးနှုန်းတို့မြင့်တက်မှုရှိကြောင်း ဈေးကွက်မှသိရသည်၊၊

    မအူပင်ခရိုင်ရှိ မြို့နယ်များတွင် ပေါ်ဆန်းစပါး ၄၆ပေါင်ပါ ၁တင်းလျှင် ကျပ် (၂၉၀၀၀/ ၃၀၀၀၀)၊ ဆန် ၁အိတ်လျှင် ကျပ်၁၂၀၀၀၊ ဧည့်မထစပါး ၁တင်းလျှင် ကျပ် (၁၉၀၀၀/၂၁၀၀၀) ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ယခင်လနှင့်ယခုလကာလတူဈေးနှုန်းမှာ ပေါ်ဆန်းဆန် ၁အိတ်လျှင် ကျပ်၅၀၀၀နှင့် ဧည့်မထဆန် ၁အိတ်လျှင် ကျပ် (၅၀၀၀/၇၀၀၀) အတွင်း ဈေးနှုန်းမြင့်တက်၍ ဒေသတွင်းစားသုံးမှုနှင့် ပိုလျှံဆန်များကို ရန်ကုန်နှင့် အညာဒေသသို့ တင်ပို့ရောင်းချမှုရှိကြောင်း ဈေးကွက်မှသိရသည်၊၊

    ဖျာပုံခရိုင်အတွင်းမြို့နယ်များတွင် ပေါ်ဆန်းစပါး ၄၆ပေါင်ပါ ၁တင်းလျှင် ကျပ် (၂၆၀၀၀/ ၃၀၀၀၀)၊ ဆန် ၁အိတ်လျှင် ကျပ်၁၁၄၀၀၀၊ ဆန် ၁အိတ်လျှင် ကျပ် (၁၁၄၀၀၀/၁၁၉၀၀၀)၊ ဧည့်မထစပါး ၁တင်းလျှင် ကျပ်၁၈၂၀၀၊ ဆန် ၁အိတ်လျှင် ကျပ်၈၈၀၀၀ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်လနှင့် ယခုလ ကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ပေါ်ဆန်း ၁အိတ်လျှင် ကျပ်၁၅၀၀၀နှင့် ဧည့်မထဆန် ၁အိတ်လျှင် ကျပ်၁၅၀၀၀ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရပါသည်၊၊

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း