Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံမိုးကြက်သွန်နီဈေးကွက် အလွန်သွက်

     ၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်တွင် မြင်းခြံခရိုင်အတွင်းဖြစ်ပေါ်နေသော မိုးကြက်သွန်နီဈေးနှုန်းများအနေဖြင့် အကြီးစတစ်ပိဿာလျှင် ၂၉၀၀ကျပ်မှ ၃၀၀၀ကျပ်၊ အလတ်စတစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၂၇၀၀ကျပ်ဖြစ်ပြီး အသေးစတစ်ပိဿာလျှင် ၁၉၀၀ကျပ်မှ ၂၀၀၀ကျပ်နှုန်း စသည့်ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။ ယခင်အပတ်တွင်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများအနေဖြင့် မိုးကြက်သွန်နီအကြီးတစ်ပိဿာလျှင်  ၁၉၀၀ကျပ်မှ ၂၂၀၀ကျပ်၊ အလတ်စတစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၁၈၀၀ကျပ်၊ အသေးစတစ်ပိဿာလျှင် ၁၀၀၀ကျပ်မှ ၁၃၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။ ယခင်အပတ်ထက် ယခုအပတ်တွင် မိုးကြက်သွန်နီအရွယ်အစားအလိုက် တစ်ပိဿာလျှင် ၇၀၀ကျပ်အထိဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။ ယင်းသို့မြင့်တက်ရခြင်းမှာ တောင်သူများလက်ထဲတွင် မိုးကြက်သွန်နီလက်ကျန်လျော့နည်းနေပြီး ဝယ်လိုအားများသောကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်ဟု ကြက်သွန်နီကုန်သည်တစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

     ယခုအပတ်တင်ပို့မှုအနေဖြင့် မိုးကြက်သွန်နီကုန်ချိန်ပိဿာ (၁၂၃၀၀၀)ပိဿာကျော်တင်ပို့ခဲ့ပြီး ယခင်အပါတ်တင်ပို့မှုမှာ (၁၁၀၀၀၀)ပိဿာကျော်တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။ ယခင်အပတ်ထက် ယခုအပတ်တွင် ကုန်ချိန်ပိဿာ(၁၃၀၀၀)ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဈေးနှုန်းလည်းပိုမိုရရှိခဲ့ကြောင်း၊ မြင်းခြံမြို့နယ်မှ စိုက်ပျိုးထွက်ရှိသော မိုးကြက်သွန်နီများကို မန္တလေး၊ ရန်ကုန်၊ နေပြည်တော်နှင့် မော်လမြိုင်မြို့များသို့ တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။ မကြာမီ နွေကြက်သွန်နီများလည်းထွက်ပေါ်လာတော့မည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

သထုံခရိုင်၏ ဆန်စပါး ဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

    သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဖေဖော်ဝါရီလ၏ တတိယအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အနည်းငယ် အတက်ဘက်သို့ ဦးတည်လျက်ရှိပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၃၈၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၇၀၀) အိတ်ခန့် စုစုပေါင်း (၅၅၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၆၅) တန်ခန့် စီးထွက်ခဲ့ပါသည်။ ယခု ဖေဖော်ဝါရီလ၏ နောက်ဆုံးပတ်တွင် မော်လမြိုင်သို့ (၄၂၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၈၀၀) အိတ်ခန့်၊ စုစုပေါင်း (၆၀၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၉၀) တန်ခန့် စီးထွက်ခဲ့ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ် ပုံမှန်စီးထွက်ခဲ့သည်။

   သထုံခရိုင်အတွင်းသို့ ဖေဖော်ဝါရီလ၏ တတိယအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၃၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၉၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၂၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၁၅၅) တန်ခန့်စီးဝင်ခဲ့ပြီး ယခုဖေဖော်ဝါရီလ၏ နောက်ဆုံးအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၁၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၅၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၆၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၁၂၅) တန်ခန့်စီးဝင်ခဲ့ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့၍ စီးဝင်ခဲ့ပါသည်။

    သထုံခရိုင်အတွင်း၌ ဖေဖော်ဝါရီလ၏ နောက်ဆုံးအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ် (၃၆၀၀၀၀၀)ကျပ် ခန့်၊ ပေါ်ဆန်းဝါ (၃၄၅၀၀၀၀) ကျပ်ခန့်၊ ကမာကြည် (၂၄၀၀၀၀၀) ကျပ်ခန့်၊ ဧည့်မထ (၂၄၀၀၀၀၀)ကျပ်ခန့်နှင့် (၂၄) ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၃၅၀၀၀) ကျပ်ခန့်၊ ပေါ်ဆန်းဝါ (၁၂၅၀၀၀) ကျပ်ခန့်၊ ကမာကြည် (၁၀၈၀၀၀) ကျပ်ခန့်၊ ဧည့်မထ (၈၅၅၀၀) ကျပ်ခန့်ရှိပြီး  စပါး၊ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

မော်လမြိုင်မြို့ဆန်ဈေးနှုန်းများ

    မွန်ပြည်နယ်သည် စပါးစိုက်ဧကများပြီး ဆန်ဖူလုံမှုရှိပြီး ဒေသထွက် ဧည့်မထ(စပါး) စိုက်ပျိုးမှုများပြီး ပိုလျှံသော်လည်း ပေါ်ဆန်း(ဆန်)များကို အခြားတိုင်းဒေသကြီးမှလည်း ဝယ်ယူ တင်သွင်းရသောဒေသဖြစ်သည်။

    ဖေဖော်ဝါရီလနောက်ဆုံးအပတ်တွင် မော်လမြိုင်မြို့၌ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများမှာ ပေါ်ဆန်း(ဆန်)၂၄ပြည်တစ်အိတ်လျှင်  ကျပ် ၁၂၂၀၀၀၊ တစ်ပြည်လျှင် ကျပ် ၅၃၀၀ ဖြစ်ပြီး ယခင် အပတ်နှင့်နှိုင်းယှဉ်ပါကဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ယခင်လနှင့်နှိုင်းယှဉ်ပါကပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင်  ကျပ် ၁၂၀၀၀၊ တစ်ပြည်လျှင် ကျပ် ၆၀၀ ခန့် ဈေးနှုန်းမြှင့်တက်လာပြီး ယခင်နှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် ဖြစ်ပေါ်နေသော ပေါ်ဆန်း(ဆန်) ပေါ်ဆန်း(ဆန်)၂၄ပြည်တစ်အိတ်လျှင်  ကျပ်၅၂၀၀၀၊ တစ်ပြည်လျှင် ကျပ် ၂၃၀၀ ခန့်ဈေးနှုန်းမြှင့်တက်လာခဲ့သည်ကို တွေ့ရှိရသည်။

     ဧည့်မထ(ဆန်)မှာ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် ဧည့်မထ(ဆန်) ၂၄ပြည်တစ်အိတ်လျှင် ကျပ် ၇၉၀၀၀၊ တစ်ပြည်လျှင် ကျပ် ၃၅၀၀ ဖြစ်ပေါ်နေပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း ပြောင်းလဲခြင်းမရှိဘဲ ယခင်လနှင့်နှိုင်းယှဉ်ပါက ဧည့်မထ(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ၁၁၀၀၀ ကျပ် ၊ တစ်ပြည်လျှင် ၅၀၀ ကျပ်  ယခင်နှစ်အလားတူ ကာလနှင့်နှိုင်းယှဉ်ပါကလည်း ဧည့်မထ(ဆန်) ၂၄ပြည်တစ်အိတ်လျှင် ကျပ်၂၁၀၀၀၊ တစ်ပြည်လျှင် ကျပ် ၁၀၀၀ ခန့်ဈေးနှုန်းမြှင့်တက်လာခဲ့သည်ကို တွေ့ရှိရသည်။

စီးဝင်မှုစီးထွက်မှု

      မွန်ပြည်နယ်အတွင်းသို့ (၁၈.၂.၂၀၂၄ မှ ၂၄.၂.၂၀၂၄) ရက်နေ့ထိ ပေါ်ဆန်း(ဆန်) ဝင်ရောက် မှုမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၉၁၉၉)အိတ်(၉၆၀တန်)၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၂၅၂၅) အိတ်(၁၂၆တန်)၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁၆၂၈)အိတ် (၈၁တန်) ပဲခူးတိုင်းဒေသကြီးမှ (၂၉၉၀)အိတ်(၁၄၅တန်)၊ စုစုပေါင်း(၂၆၅၄၂)အိတ်(၁၃၂၇တန်)ခန့်စီးဝင်လျှက်ရှိပြီး ပြည်နယ်တွင်းမှ စီးထွက်မှုမှာ  ကရင်ပြည်နယ်သို့ ပေါ်ဆန်း (ဆန်) (၁၈)တန်၊ ကမာကြည်(ဆန်)(၂၂)တန်၊ ဧည့်မထ (ဆန်)(၄၁)တန်၊ စုစုပေါင်း(၈၁)တန်ခန့်ရှိကြောင်း ပြည်နယ် ဆန်ကုန်သည်အသင်းထံမှ သိရှိရသည်။

DOCA(မွန်)

 

 

“မိသားစုဝင်ငွေမှသည် စီးပွားဖြစ်ရက်လုပ်သောမြက်ဖျာ”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အသေးစား၊ အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြစ်သားမြို့နယ်၊ ကြောင်ပန်းကုန်းကျေးရွာအုပ်စု၊ ထနောင်းကုန်းကျေးရွာရှိ မြက်ဖျာလုပ်ငန်းအား ကွင်းဆင်းလေ့လာခဲ့ပါသည်။မြက်ဖျာရက်လုပ်ခြင်းလုပ်ငန်းတွင် အဓိကကုန်ကြမ်းမှာ ဒေသအခေါ်  မြက်စလုံးမြက်ကိုအသုံးပြုကြောင်း၊ မြက်စလုံးမြက်မှာ အင်းနှင့်မြစ်ချောင်းကမ်းဘေးများတွင် အများဆုံးပေါက်ရောက်သော အပင်ဖြစ်ပါသည်။ မြက်စလုံးပင်မှာ ဝယ်စရာမလိုဘဲ အလေ့ကျပေါက်သောကြောင့် အရင်းအနှီးမလိုဘဲ ရက်လုပ်ရောင်းချရသဖြင့် အကျိုးအမြတ်ပိုမိုရရှိကြပါသည်။ မြက်ဖျာရက်လုပ်ရန်အတွက် မြက်စလုံးပင်ကိုနုတ်ပြီး အပင်မှပါလာသော ပန်းပွင့်များကိုဖယ်၍ အခွံများကိုသင်ကာ အခြောက်ခံထားရကြောင်း၊ အခြောက်ခံပြီးသောနှီးများကို ဆေးအနီ၊ အဝါ၊ အစိမ်းများထည့်၍ ရေနွေးဖြင့်(၁၅)မိနစ်ခန့်ပြုတ်ထားရကြောင်း၊ ပြုတ်ပြီးသားနှီးများကို လက်ကြိတ်စက်ဖြင့် ပြားအောင်ကြိတ်ရကြောင်း၊ ရရှိလာသောနှီးများကို ဖျာရက်လုပ်ရန်အတွက် လိုသလိုရက်လုပ်ကြကြောင်း၊ (၂)ယောက်အိပ်ဖျာတစ်ချပ်လျှင် နှီးပင်(၂၄၀)ပင်ရက်လုပ်ရကြောင်း၊ (၄)ယောက်အိပ်ဖျာတစ်ချပ်လျှင် နှီးပင်(၄၈၀)ပင်ရက်လုပ်ရကြောင်း၊ မြက်ဖျာစျေးနှုန်းအနေဖြင့် (၂)ယောက်အိပ်ဖျာတစ်ချပ်လျှင်(၁၁၀၀၀-၁၂၀၀၀)ကျပ် ၊ (၄)ယောက်အိပ်ဖျာတစ်ချပ်လျှင် (၁၅၀၀၀)ကျပ်အထိရောင်းချရကြောင်း၊ လူတစ်ဦးလျှင် တစ်နေ့ရက်လုပ်မှုအနေဖြင့် (၂)ယောက်အိပ်ဖျာနှစ်ချပ်ပြီးစီးကြောင်း၊ (၄)ယောက်အိပ်ဖျာရက်လုပ်မှုတွင် တစ်ချပ်သာပြီးစီးကြောင်း၊ ထနောင်းကုန်းကျေးရွာတွင် အိမ်ခြေ(၁၀၀)ခန့်ရှိပြီး မြက်ဖျာရက်လုပ်ခြင်းအား အိမ်ခြေ(၆၀)ခန့်ရက်လုပ်ကြကြောင်း၊ ရက်လုပ်ပြီးသားဖျာများကို ငွေကြေးတက်နိုင်သောသူများက ဖျာကိုဝယ်ယူပြီး အခြားမြို့များသို့သွားရောက်ရောင်းချကြကြောင်း၊ တချို့ ဖျာဝယ်ယူသူများမှာမူ နယ်လှည့်ရောင်းချလျက်ရှိကြောင်း၊ ဖောက်သည်စျေးအနေဖြင့် မြက်ဖျာတစ်ချပ်လျှင် (၁၀၀၀)ကျပ်ခွာ၍ရောင်းချရကြောင်း၊ မြက်ဖျာက်လုပ်သူများအနေဖြင့် အိတ်တွင် အိုးမကွာအိမ်မကွာနေပြီး အရင်းအနှီးမလိုသောကြောင့် မိသားစုအပိုဝင်ငွေမှ စီးပွားဖြစ်ရက်လုပ်ကြကြောင်း၊ မြက်ဖျာ၏အားသာချက်မှာ နွေအခါ၌ အေး၍ ဆောင်းအခါ၌ နွေးသောကြောင့် မြက်ဖျာကိုဝယ်ယူအသုံးပြုသင့်ကြောင်း၊ မြက်ဖျာတစ်ချပ်ဝယ်ယူပြီးပါက မိုးလုံလေလုံထဲတွင် ခင်းထားမည်ဆိုပါက (၇-၈)နှစ်အထိခံကြောင်း၊ မြက်ဖျာသည် စျေးနှုန်းချိုသာပြီး ရာသီဥတုနှင့်လိုက်လျောညီထွေရှိသောကြောင့် ဝယ်ယူသုံးစွဲသင့်ကြောင်း မြက်ဖျာရက်လုပ်သော ကြောင်ပန်းကုန်းကျေးရွာသူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

“နနွင်းစျေးနှုန်းစျေးကွက်အခြေအနေ”

     ကျောက်ဆည်ခရိုင်အတွင်း နနွင်းများကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်မှစတင်၍ တူးဖော်လျက်ရှိရာ ယခုအချိန်တွင် နနွင်းများလှိုင်လှိုင်ထွက်ပေါ်လျက်ရှိပါသည်။ နနွင်းစတင်တူးဖော်ချိန်တွင် စျေးနှုန်းများကောင်းမွန်လျက်ရှိပြီး တောဝယ် နနွင်းအစို (၁)တင်းလျှင် (၁၂၅၀၀-၁၄၀၀၀) ကျပ်အထိရောင်းချခဲ့ရပြီး ဖေဖော်ဝါရီလ ဒုတိယအပတ်မှစတင်၍ နနွင်းစျေးများကျဆင်းလာပြီး တောဝယ် နနွင်းအစို(၁)တင်းလျှင် (၁၁၂၀၀-၁၁၆၀၀)ကျပ်အထိဈေးနှုန်းကျဆင်းခဲ့ပါသည်။ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလတွင် နနွင်းတက်(၁)တင်းလျှင်(၈၈၀၀)ကျပ်၊ နနွင်းတက်အခြောက်(၁)ပိဿာလျှင် (၃၆၀၀)ကျပ်၊ နနွင်းမှုန့်(၁)ဘူးလျှင် (၈၀၀-၁၀၀၀)ကျပ်စျေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တောဝယ် နနွင်းတက်စို(၁)တင်းလျှင် (၁၁၂၀၀)ကျပ်၊ နနွင်းတက်အခြောက် (၁)ပိဿာလျှင် (၅၅၀၀)ကျပ်၊ နနွင်းမှုန့်(၁)ဘူးလျှင် (၁၀၀၀-၁၂၀၀)ကျပ်စျေးနှုန်းတို့ဖြင့် ရောင်းချရကြောင်း၊ နနွင်းများကို ပွဲစားများက ယာခင်းထဲအရောက်လာရောက်ဝယ်ယူပြီး နနွင်းကို ရေနွေးဖျော၊ အခြောက်ခံကာ မြို့ပေါ်ပွဲရုံများသို့သွားရောက်ရောင်းချကြောင်း၊ တချို့ပွဲစားများမှာ နနွင်းတက်အခြောက်များကိုလှောင်ထားပြီး စျေးနှုန်းမြင့်တက်ချိန်ရောက်မှသာ ထုတ်ရောင်းကြကြောင်း၊ နနွင်းများကို ပွဲရုံများမှတစ်ဆင့် ရန်ကုန်-မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

 

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

“ကျားခေါင်းငရုတ်မျိုးများစတင်ထွက်ရှိ”

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိပြီး စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ငရုတ်သီးနှံကိုလည်းစိုက်ပျိုးလျက်ရှိရာ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် (၅၈၁၀)ဧကစိုက်ပျိုးထားကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ငရုတ်စိုက်ပျိုးမှု(၁)ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၅)သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ အများဆုံးစိုက်ပျိုးသော ငရုတ်မျိုးများမှာ (၆၉၂)ငရုတ်မျိုးနှင့် ကျားခေါင်းမျိုးတို့ဖြစ်ကြပါသည်။ ယခုအချိန်တွင် ကျားခေါင်းငရုတ်မျိုးများမှာ စတင်ထွက်ရှိနေပြီး (၁)ဧကလျှင် (၅)ရက်ခြားခူးဆွတ်မှုအနေဖြင့် (၁၀)တင်းနှုန်း၊ ပိဿာအနေဖြင့် (၈၀)ပိဿာခန့်ထွက်ရှိကြောင်း၊ ငရုတ်စျေးနှုန်းအနေဖြင့် ငရုတ်အစို(၁)ပိဿာလျှင် (၂၃၀၀-၂၄၀၀)ကျပ်စျေးနှုန်းတို့ဖြင့်ရောင်းချရကြောင်း၊ ငရုတ်အစိုများကို ငရုတ်ခင်းများအထိ လာရောက်ဝယ်ယူသူများရှိသလို နီးစပ်ရာပွဲရုံများသို့လည်းရောင်းချသူများရှိပါသည်။ အထွက်နှုန်းအနေဖြင့် ငရုတ်စတင်ထွက်ပေါ်ချိန်မှ ငရုတ်သီးအခင်းဖြတ်ချိန်အထိ ပိဿာ(၈၀၀-၉၀၀) အထိထွက်ရှိနိုင်ကြောင်း၊ ငရုတ်များကောင်းမွန်ပါက အကျိုးအမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ငရုတ်စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

“ပဲကြီးအစိုများစတင်ထွက်ပေါ်”

     ကျောက်ဆည်ခရိုင်တွင် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံစိုက်ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံများကိုလည်း မိသားစုအပိုဝင်ငွေရရှိရေးအတွက် ရာသီအလိုက်စိုက်ပျိုးကြပါသည်။ ပဲကြီးသီးနှံကို ယခင်က လယ်ကန်သင်းရိုးများတွင်သာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခဲ့ကြပြီး ယခုအချိန်တွင် ယာမြေ၊ လယ်မြေနှင့်ကိုင်းကျွန်းမြေများတွင်လည်း အများအပြားစိုက်ပျိုးလာကြပါသည်။ ကျောက်ဆည်ခရိုင်တွင် ပဲကြီးစိုက်ဧက (၁၄၃၅)ဧကစိုက်ပျိုးထားကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ပဲကြီးကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီနှင့် မတ်လတို့တွင် စတင်ရိတ်သိမ်းလျက်ရှိပါသည်။ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျပြီး ပဲကြီးသီးနှံမှာ စိုက်ပျိုးသည်မှ ရိတ်သိမ်းပြီးသည်အထိ (၅)လမှ (၆)လအတွင်းရှိပါသည်။ စိုက်ပျိုးပြီး(၃)လကြာလျှင် အဖူးအပွင့်များစတင်ဖူးပွင့်ပြီး အသီးတောင့်များရင့်မှည့်လာချိန်တွင် တောင်သူအများစုမှာ ပဲကြီးအစိုများကိုသာခူးဆွတ်၍ ရောင်းချကြကြောင်း၊ ယခုပေါ်ဦးပေါ်စအချိန်တွင်​ ဈေးကွက်အတွင်း၌ ပဲကြီးအစို (၁)ပြည်လျှင် (၄၀၀၀/-)ကျပ်စျေးနှုန်းရရှိပြီး ပဲကြီးအခြောက်တစ်တင်းလျှင် (၁၁၀၀၀၀/-)ကျပ်စျေးနှုန်းရှိကြောင်း ယခင်နှစ် ပဲကြီးအခြောက်တစ်တင်းလျှင်(၈၀၀၀၀/-)ကျပ်ဈေးနှုန်းသာရရှိခဲ့ကြောင်း ပွဲရုံပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။ ပဲကြီးသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများ မိသားစုအပိုဝင်ငွေရရှိရုံသာမက ကျွဲစာ၊ နွားစာများအတွက်လည်းဖူလုံလျက်ရှိသောကြောင့် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

“(ဆောင်း)ကုလားပဲများဖြိုင်ဖြိုင်ရိတ်သိမ်း”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ စဉ့်ကိုင်မြို့နယ်သည် စပါးကိုအဓိကထားစိုက်ပျိုးပြီး ကျေးလက်နေတောင်သူများသည် မိုးစပါးများရိတ်သိမ်းပြီးချိန်တွင် ဆောင်းကုလားပဲကိုလည်းစိုက်ပျိုးလျက်ရှိရာ စဉ့်ကိုင်မြို့နယ်တွင် ဆောင်းကုလားပဲစိုက်ဧက (၁၆၃၀၄)ဧကစိုက်ပျိုးထားကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ဆောင်းကုလားပဲကို အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် မျိုးအနေဖြင့် (၁)ဧကလျှင် ၁တင်းမှ ၁တင်းခွဲနှုန်းပက်ကြဲကြပြီး တောင်သူအများစုသည် ရိုးရိုးကုလားပဲမျိုးနှင့် V2 ကုလားပဲအဖြူလုံးကြီးမျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ ထွန်ယက်ခ၊ သွင်းအားစု၊ လုပ်သားခ၊ စုစုပေါင်း (၂၅၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ (၁)ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့် (၇-၈)တင်းခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ ယခုအချိန်တွင် ဆောင်းကုလားပဲများဖြိုင်ဖြိုင်ရိတ်သိမ်းလျက်ရှိပြီး ကုလားပဲစျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် ကုလားပဲရိုးရိုးတစ်တင်းလျှင် (၅၈၀၀၀/-)ကျပ်၊ ကုလားပဲ V2 တစ်တင်း လျှင် (၆၂၀၀၀/-)ကျပ်စျေးနှုန်းများရှိခဲ့ပြီး ယခုနှစ်ကုလားပဲဖြိုင်ဖြိုင်ထွက်ပေါ်ချိန်၌ ကုလားပဲရိုးရိုးတစ်တင်းလျှင် (၈၀၀၀၀/-)ကျပ်၊ ကုလားပဲ V2 တစ်တင်းလျှင် (၈၇၀၀၀/-)ကျပ်စျေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၄၅၀၀၀၀-၅၀၀၀၀၀)ကျပ်ခန့်ရရှိကြောင်း ကိုကုလားပဲစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။ ကုလားပဲစိုက်ပျိုးခြင်းသည် အချိန်ကုန်သက်သာပြီး ကုန်ကျစရိတ်နည်းပါးသောကြောင့် ကုလားပဲသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

“နှံစားပြောင်းသီးနှံများဖြိုင်ဖြိုင်ရိတ်သိမ်းလျက်ရှိ”

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံဖြစ်ထွန်းအောင်မြင်သောဒေသတစ်ခုဖြစ်ပြီး ဆည်ရေသောက်ဒေသဖြစ်သောကြောင့် ပြောင်းသီးနှံကို ရာသီမရွေးစိုက်ပျိုးကြပါသည်။ စီးပွားလည်းဖြစ်ဝင်ငွေတိုးပြီး ကျွဲ၊ နွားစာများပါဖူလုံသောကြောင့် ဖူးစားပြောင်း၊ နှံစားပြောင်းသီးနှံများအား အများဆုံးစိုက်ပျိုးကြပါသည်။ ခရိုင်အတွင်း (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် နှံစားပြောင်းသီးနှံစိုက်ဧက (၄၇၄၆)ဧကစိုက်ပျိုးထားရှိပြီး ယခုအချိန်ထိ (၃၈၆၆)ဧကရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ နှံစားပြောင်းသီးနှံ (၁)ဧကစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် (၂၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျပြီး မျိုးအနေဖြင့် ထွက်တိုးဖြူ၊ထွက်တိုးနီမျိုးများကိုစိုက်ပျိုးကြကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် (၂၀) တင်းခန့်ထွက်ရှိကြောင်း၊ ယခင်နှစ်တွင် ပြောင်းတစ်တင်းလျှင် (၂၂၀၀၀/-)ကျပ်စျေးနှုန်းတို့ဖြင့်ရောင်းချခဲ့ရပြီး၊ ယခုနှစ်တွင် ပြောင်းတစ်တင်းလျှင် (၃၅၀၀၀/-)ကျပ်စျေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ကျွဲ ၊ နွားများစားသုံးရန်ကျန်ရှိသော ပြောင်းရိုးများကို ဧကပြတ်လာရောက်ဝယ်ယူသူများရှိရာ (၁)ဧကလျှင် ထွက်ရှိသမျှပြောင်းရိုးများကို (၁၀၀၀၀၀-၁၂၀၀၀၀)ကျပ်အထိရောင်းချရကြောင်း၊ နှံစားပြောင်းစိုက်ပျိုးမှုတွင် အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်များနှုတ်ပြီးပါက (၆၀၀၀၀၀/-) ကျပ်ခန့်မြတ်သောကြောင့်  ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်မျာပိုမိုရရှိသဖြင့် နှံစားပြောင်းသီးနှံကို တောင်သူများတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း