ပြည်ပကုန်သွယ်မှုသတင်းများ
မလေးရှားနိုင်ငံ၌ ဆန်ဈေးနှုန်းမြင့်တက်မှုနှင့် ရောင်းလိုအား ပြတ်တောက်မှုများအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိရာ အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှု ကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ အကောင်းဆုံးဖြေရှင်းမှုတစ်ရပ်ကို ရှာဖွေနိုင်ရန် အိန္ဒိယအစိုးရနှင့် ဆွေးနွေးမည်ဟု မလေးရှားနိုင်ငံ စိုက်ပျိုးရေးဝန်ကြီး မိုဟာမက်ဆာဘူက ၁၈-၉-၂၀၂၃ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၌ ဂျုံဈေးနှုန်းများ မြင့်တက်လာသဖြင့် ကုန်သည်များ၊ လက်ကားရောင်းချသူ များနှင့် အကြီးစားလက်လီရောင်းချသူများ၏ လက်ဝယ်တွင် သိုလှောင်ထားရှိနိုင်မည့် ဂျုံပမာဏ ကန့်သတ်ချက်အား တန်ချိန် ၃၀၀၀ မှ တန်ချိန် ၂၀၀၀ သို့ လျှော့ချရန် ဆုံးဖြတ်လိုက်ကြောင်းနှင့် အဆိုပါ ဆုံးဖြတ်ချက်ကို ချက်ချင်းလိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်းဖြင့် အိန္ဒိယစားနပ်ရိက္ခာအတွင်းဝန် Sanjeev Chopra က ၁၄-၉-၂၀၂၃ ရက်၊ ကြာသပတေးနေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ (GACC) ၏ ထုတ်ပြန်ကြေညာ ချက်အရ တရုတ်အကောက်ခွန်ဌာနသည် ၁၈-၉-၂၀၂၃ ရက်နေ့မှ စတင်၍ ကမ္ဘောဒီးယားနိုင်ငံမှ လတ်ဆတ်အုန်းသီးများနှင့် ဗင်နီဇွဲလားနိုင်ငံမှ ထောပတ်သီးများကို တင်သွင်းခွင့်ပြုခဲ့ကြောင်းနှင့် စက်တင်ဘာလအတွင်း ကမ္ဘောဒီးယားနှင့် ဗင်နီဇွဲလားခေါင်းဆောင်များသည် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ သိသာထင်ရှားသော ရလဒ်များ ထွက်ပေါ်လာခဲ့ကြောင်းဖြင့် Khmer Times သတင်းစာဌာနက စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဖော်ပြ ထားသည်။
ကင်ညာနိုင်ငံမှ ထွက်ရှိသော ထောပတ်သီးများအား အိန္ဒိယဈေးကွက်သို့ တင်ပို့မှုသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ၌ စတင်နိုင်ခဲ့ပြီး ပထမဦးဆုံး သင်္ဘောတင်ပို့မှုမှာ မွန်ဘိုင်းမြို့သို့ ဆိုက် ရောက်ခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။
အောက်တိုဘာလမှ စတင်မည့် ၂၀၂၃-၂၄ ခုနှစ် သီးနှံရာသီတွင် ကမ္ဘာ့သကြားထုတ်လုပ်မှု မှာ ၁.၂၁ ရာခိုင်နှုန်း ကျဆင်းလျက် ဈေးကွက်အတွင်း သကြားတန်ချိန် ၂.၁၁၈ သန်းအထိ လိုအပ်ချက် ဖြစ်ပေါ်နိုင်မည်ဟု အပြည်ပြည်ဆိုင်ရာ သကြားအဖွဲ့အစည်း (ISO) က ခန့်မှန်းထားပါသည်။
အိန္ဒိယသည် ကုန်ပစ္စည်းအတွက် အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်း (MEP) ကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ သတ်မှတ်ရန် အစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် ဘာစမာတီဆန်သည် ၎င်း၏ ကမ္ဘာ့ဈေးကွက်ဝေစုကို စတင်ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း စက်မှုလုပ်ငန်းအမှုဆောင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားစိုက်ပျိုးရေးဝန်ကြီး Sayhrul Yasin Limpo သည် ၂၀၂၄ ခုနှစ်တွင် ပြည်တွင်းဆန်ထုတ်လုပ်မှုအား တန်ချိန် ၅၅.၄၂ သန်းအထိ ရည်မှန်းထားပြီး ၂၀၂၃ ခုနှစ်အတွက် ရည်မှန်းထားသည့် တန်ချိန် ၅၄.၅ သန်းနှင့် နှိုင်းယှဉ်ပါက တိုးလာကြောင်း သိရှိရပါသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမ ရှစ်လအတွင်း စျေးကွက် ၅၆ ခုသို့ အမေရိကန်ဒေါ်လာ ၂၇၈.၆၅ သန်း တန်ဖိုးရှိ ကြိတ်ခွဲပြီးဆန် တန်ချိန် ၄၀၀,၀၀၀ ကျော် တင်ပို့ခဲ့ပါသည်။ ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) မှ နောက်ဆုံး ထုတ်ပြန် သည့် ကိန်းဂဏန်းများအရ ဥရောပဒေသသည် အကြီးမားဆုံးဈေးကွက်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားကုမ္ပဏီ ၅၅ ခုသည် ဆန်တန်ချိန် ၇၀၀,၀၀၀ တင်ပို့ရန် သတ်မှတ်ထားသည့် ပို့ကုန်ရည်မှန်းချက်၏ ၅၈ ရာခိုင်နှုန်းခန့်ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ ၂၀၂၃ ခုနှစ် မိုးသီးနှံရာသီတွင် ၈-၉-၂၀၂၃ နေ့အထိ စပါးစိုက်ပျိုးပြီးစီးမှု ဧရိယာသည် ဟက်တာ ၄၀၃.၄၁ သိန်းရှိပြီး ယခင်နှစ် ကာလတူစိုက်ပျိုးမှုထက် ဟက်တာ ၁၀.၆၀ သိန်း ပိုမိုတိုးချဲ့ စိုက်ပျိုးထားနိုင်ကြောင်း၊ သို့ရာတွင် ပဲမျိုးစုံ စိုက်ပျိုးပြီးစီးမှုမှာ ဟက်တာ ၁၁၉.၉၁ သိန်းရှိပြီး ယခင်နှစ် ကာလတူစိုက်ပျိုးမှု ဧရိယာဟက်တာ ၁၃၁.၁၇ သိန်းနှင့် နှိုင်းယှဉ်ပါက ၉% လျော့နည်းလျက်ရှိကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရှိရပါသည်။
စားအုန်းဆီကြမ်း (CPO) စျေးနှုန်းများသည် လာမည့် ၄ လမှ ၆ လအတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀၀ အထိ မြင့်တက်လာဖွယ်ရှိကြောင်း ISTA Mielke GmbH (Oil World) ၏ အမှုဆောင်ဒါရိုက်တာ Thomas Mielke က ပြောကြားခဲ့သည်။
ရုရှားကုမ္ပဏီများအနေဖြင့် Di-Ammonium Phosphate (DAP) ကဲ့သို့သော ဓာတ်မြေသြဇာများနှင့်စပ်လျဉ်း၍ အိန္ဒိယနိုင်ငံသည် ယခင်နှစ်တွင် အကြီးဆုံးတင်သွင်းသူ ဖြစ်လာခဲ့ပြီးနောက် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှုများ တင်းကျပ်လာခြင်း ကြောင့် အိန္ဒိယသို့ လျှော့စျေးဖြင့် ကမ်းလှမ်းမှုများကို ရပ်ဆိုင်းလိုက်ကြောင်း ဓာတ်မြေဩဇာလုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ် ၃ ခုက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
အယ်လ်နီညိုရာသီဥတုလက္ခဏာကြောင့် ၂ဝ၂၃/၂ဝ၂၄ ရာသီကာလတွင် ဆန်၊ တိရစ္ဆာန် အစားအစာဖြစ်သည့်ပြောင်း၊ စားအုံးဆီနှင့် ကြံ တို့ အပါအဝင် အဓိကလယ်ယာထွက်ကုန်သီးနှံများ ထုတ်လုပ်မှု လျော့နည်းနိုင်ဖွယ်ရှိကြောင်း ထိုင်းနိုင်ငံ ကုန်သွယ်မှုမူဝါဒနှင့် မဟာဗျူဟာဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr.