Main menu

HighLight News

Powered by Drupal

မော်လမြိုင်မြို့နယ်တာဝန်ခံမှ ပူးပေါင်းအဖွဲ့ဖြင့် စက်သုံးဆီတင်သင်္ဘောအားကွင်းဆင်းစစ်ဆေး

   ၂၉-၅-၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် မော်လမြိုင်မြို့နယ်အတွင်း စက်သုံးဆီလိုအပ်မှုအတွက် ရန်ကုန်တိုင်းဒေသကြီးမှထွက်ခွာလာပြီး မော်လမြိုင်မြို့၊ မုပွန်ကျောက်ချစခန်းသို့ ဝင်ရောက်လာသည့် MT Denko Princess ဆီတင်သင်္ဘောအားကွင်းဆင်းစစ်ဆေးခဲ့သည်။

    ပူးပေါင်းစစ်ဆေးရေးအဖွဲ့အနေဖြင့် စက်သုံးဆီတင်သင်္ဘောများတွင် တရားမဝင်စက်သုံးဆီများ ဝင်ရောက်မှုမရှိစေရေးအတွက် သက်ဆိုင်ရာကြီးကြပ်အဖွဲ့ဝင်ဌာနများနှင့် ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

အခြေခံစားကုန်ဈေးနှုန်းများကွင်းဆင်းမေးမြန်းခြင်း

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မြို့မဈေးအတွင်း/ အပြင်ရှိကုန်စုံဆိုင်များကို ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်ဦးစီးမှူးမှကြီးကြပ်၍ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများကိုနေ့စဉ်ဈေးကွက်အတွင်းသို့သွားရောက်ပြီး ဆီများရောင်းချနေမှုအခြေအနေများကို သိရှိရန်ကွင်းဆင်းဆောင်ရွက် လျက်ရှိပါသည်။

     ထိုသို့စစ်ဆေးရာတွင် မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချလျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သား၊ ငါး၊ အခြေခံစားကုန်ဈေးနှုန်းများကို ဒေသတွင်းထုတ်လုပ်နိုင်မှုအပေါ်အခြေခံသော သင့်တင့်သည့်ဈေးနှုန်းအတိုင်း မြေပြင်တွင်အမှန်တကယ်ရောင်းချခြင်းရှိ/ မရှိနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုလုပ်စေရန် နေ့စဉ်ဈေးနှုန်းကောက်ယူ ကွင်းဆင်းမေးမြန်းလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်မှ ဘူးသွင်းဆီထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည်(၂၈-၅-၂၀၂၄)ရက်နေ့ နေ့လယ်ပိုင်းက တောင်ငူခရိုင်အတွင်းရှိဘူးသွင်းစားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှထုတ်ပြန်သည့် အမိန့်အမှတ် ၂/ ၂၀၂၄နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။

  မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့သည် ဟင်းသီးဟင်းရွက်ဆီများကိုရောနှောဆီအဖြစ်ရောစပ်ရာတွင် အမျိုးအစားနှစ်မျိုးကိုသာရောင်းချရန်၊ ဟင်းသီးဟင်းရွက်ဆီတစ်မျိုးသည် အနည်းဆုံး ၄၀ရာခိုင်နှုန်းဖြစ်စေရန်၊ မည်သည့်အနံ့မျှထည့်သွင်းခြင်းမပြုရန်၊ တိရစ္ဆာန်အဆီနှင့် ဝါစေ့ဆီကြမ်းတို့ကို ရောနှောဆီအဖြစ်အသုံးမပြုရန်၊ အမှတ်တံဆိပ်ကပ်နှိပ်ရာတွင် ရာခိုင်နှုန်းများသည့်ဆီအမျိုးအမည်ကိုဦးစားပေးဖော်ပြရန်၊ ရှေ့မြင်ကွင်းမျက်နှာပြင်ပေါ်တွင် ရောနှောဆီဆိုသည့်အမည်ကို မြင်သာသည့်နောက်ခံတွင်ဖတ်ရလွယ်ကူစေရန်နှင့်ကွဲပြားစွာဖော်ပြရန်အမိန့်ထုတ်ပြန်ထားခြင်းကို လုပ်ငန်းရှင်များအား အသိပေးရှင်းလင်းပြောကြားပါသည်။

   စားသုံးဆီထုတ်လုပ်သည့်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/ ၂၀၁၉နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/ ၂၀၂၁တို့ကို လိုက်နာဆောင်ရွက်ရမည့်အပြင် မြန်မာနိုင်ငံအစားသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၏ အမိန့်အမှတ် ၂/ ၂၀၂၄ တို့ကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် တွေ့ဆုံပွဲသို့ လုပ်ငန်းရှင် ၁၆ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်ကားရောင်းချသည့်ဆိုင်များ၊ ဆန်ပွဲရုံ/ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၈-၅-၂၀၂၄) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်ကားရောင်းချသည့်ဆိုင်များ၊ ဆန်ပွဲရုံ/ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

         ထို့သို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးထွန်းမင်းသန့်၊ အကြီးတန်းစာရေးနှင့် လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများသည် လယ်ဝေးမြို့နယ်၊ သီရိရတနာ(မြို့မဈေး)ရှိ စားအုန်းဆီ လက်လီရောင်းချသည့်ဆိုင်(၅)ဆိုင်၊ သပြေပင်ကျေးရွာရှိ စားအုန်းဆီလက်လီရောင်းချသည့်ဆိုင် (၈)ဆိုင်၊ ပတ္တာကျေးရွာရှိ စားအုန်းဆီလက်လီရောင်းချသည့်ဆိုင် (၁)ဆိုင်၊ အမှတ်(၂)ရပ်ကွက်ရှိ စားအုန်းဆီလက်လီရောင်းချသည့်ဆိုင် (၁)ဆိုင်တို့မှာ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိစစ်ဆေးခဲ့ကြပါသည်။

         ထိုကဲ့သို့စစ်ဆေးရာတွင် လယ်ဝေးမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီရောင်းချသည့်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းမရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်များအား အသိပညာပေးပြောကြားခဲ့သည်။ ပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်အတွင်းရှိ ဆန်ပွဲရုံ/ဆန်ဆိုင်များအား ၎င်းတို့ရောင်းချသော ဆန်အမျိုးအစားများ၊ တစ်နေ့ရောင်းအား၊ ယခုနှစ်ဈေးနှုန်း၊ ယခင်နှစ်ဈေးနှုန်းများကိုလည်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(နေပြည်တော်)

 

သီရိလင်္ကာမှ လက်ဖက်ခြောက်ထုတ်လုပ်သူများက အလုပ်သမားများအား လစာတိုးမြှင့်ပေးခြင်းသည် စက်မှုလုပ်ငန်းများကို ထိခိုက်စေနိုင်သည်ဟုသတိပေး

        သီရိလင်္ကာကျွန်းနိုင်ငံမှ လက်ဖက်ခြောက်ထုတ်လုပ်သော လုပ်ငန်းရှင်များသည် အလုပ်သမားများအား လုပ်ခလစာ ၇၀ရာခိုင်နှုန်းတိုးမြှင့်ပေးရန် အစိုးရ၏ ထုတ်ပြန်ခဲ့သည့် အမိန့်ကို ၂၀၂၄ခုနှစ်၊ မေလ ၂၇ရက်‌နေ့ (တနင်္လာနေ့)က ရှုတ်ချခဲ့ပြီး ၎င်းတို့၏လက်ဖက်ခြောက်သည် တစ်ကမ္ဘာလုံးတွင် ယှဉ်ပြိုင်နိုင်စွမ်းမရှိသည့်အပြင် နိုင်ငံအတွက် ငွေကြေးအခက်အခဲများပေါ်ပေါက်လာစေရန် ဒေါ်လာငွေများလျော့နည်းသွားစေမည်ဟုပြောဆိုခဲ့သည်။

        သီရိလင်္ကာမှထုတ်လုပ်သော စီလွန်လက်ဖက်ခြောက်သည် နာမည်ကြီးလူကြိုက်များပြီး နှစ်စဉ်နိုင်ငံအတွင်းမှထုတ်လုပ်သော လက်ဖက်ခြောက်ကီလိုသန်း၂၅၀၏ ၉၅ရာခိုင်နှုန်းခန့် အား ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိသည်။ နိုင်ငံအတွင်းရှိ လက်ဖက်ခြောက်လုပ်ငန်းများတွင် အလုပ်သမားအင်အား ၆၁၅၀၀၀ခန့်အပ်ထားရှိကာ လုပ်ငန်းများလည်ပတ်လျက်ရှိကြောင်းသိရသည်။

          အစိုးရသည် အလုပ်သမားများ၏ တစ်ရက်တာလုပ်ခများအား ၁၀၀၀ရူပီမှ ၁၇၀၀ရူပီသို့တိုးမြှင့်ပေးရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ “ဒါဟာ တရားမျှတမှုမရှိပါဘူး။ ဒီဆုံးဖြတ်ချက်ဟာ မည်သည့်တိုင်ပင်ဆွေးနွေးခြင်းမှမရှိဘဲ ချမှတ်ခဲ့တာဖြစ်ပြီး သီရိလင်္ကာရဲ့လက်ဖက်ခြောက်အရည်အသွေးကို ကျဆင်းလာစေနိုင်ပါတယ်” ဟု စီလွန်လက်ဖက်ခြောက်စိုက်ပျိုးရေးတောင်သူများအသင်းမှ ပြောရေးဆိုခွင့်ရှိသူ Roshan Rajaduria က သတင်းထောက်များအား ပြောကြားခဲ့သည်။

         လာမည့်လမှစတင်၍ လစာတိုးပေးရမည်ဟု သီရီလင်္ကာအလုပ်သမားဝန်ကြီးဌာနက ၂၆ရက်နေ့ (တနင်္ဂနွေ)တွင် ပြောကြားခဲ့ပြီး လိုက်နာရန်ငြင်းဆန်သည့် စိုက်ခင်းကုမ္ပဏီများကို အစိုးရက သိမ်းယူနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။ လုပ်ခလစာတိုးမြှင့်မှုကို အကောင်အထည်ဖော်ဆောင်ရွက်ပါက စိုက်ခင်းကုမ္ပဏီများအတွက် ရူပီ၃၅ဘီလီယံ ကုန်ကျမည်ဖြစ်ကြောင်း အဆိုပါအသင်းက ပြောကြားခဲ့သည်။

         သီရိလင်္ကာနိုင်ငံ၏ ဘဏ္ဍာရေးအကြပ်အတည်းများကြောင့် လူဦးရေ၏ ၄ပုံ ၁ပုံခန့်သည် ဆင်းရဲနွမ်းပါးလာခဲ့ပြီး ထိုပြဿနာအားဖြေရှင်းရန်အတွက် စိုက်ခင်းကုမ္ပဏီများနှင့် အလုပ်သမားသမဂ္ဂများသည် အလုပ်သမားများကိုလစာတိုးပေးရန် လအတော်ကြာညှိနှိုင်းမှုများပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။

Source: Channelnewsasia.com

DOCA(ရန်ကုန်)

UK (ဦးကျော်ကျော်)စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဦးပိုင်အမှတ် (၈၀/၆၇)၊ အဖျောက်(၃)ရပ်ကွက်၊ အဖျောက်မြို့ရှိ  UK (ဦးကျော်ကျော်)သို့ ၂၇-၅-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး(ရုံးအုပ်)သည် သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီများပြတ်လပ်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းများအပေါ်  ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ၊ Led Board၊ ဆိုင်အတွင်း ကားတန်းစီးမှုအခြေအနေ၊ ဆီကားအဝင်စာရင်းတို့ကို နေ့စဉ်စာရင်းကောက်ယူခြင်း၊ ဆီကန်များ၏ ဆီကန်ဝင်ဆံ့မှုပမာဏ၊ ဆီကန်လက်ကျန်၊ ဆီအရောင်းပြေစာ/ ဖြတ်ပိုင်း၊ အလေးချိန်မှန်ကန်စွာချင်တွယ်စေရန် ဆိုင်တာဝန်ခံ ဦးကျော်ကျော်နှင့် ဝန်ထမ်းများအား အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည့်ဝဆေးဆိုင်ပိုင်ရှင်အား အသိပညာပေးဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးပါ (၃)ဦးတို့သည် (၂၇-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၄ ဦးသန်းထိုက်ဇော်၊ အင်းစိန်ဈေးတာဝန်ခံ ဦးလှသူပါ(၂)ဦး၊ အင်းစိန်ဈေးအတွင်းရှိ ပြည့်ဝဆေးနှင့်ဆေးပစ္စည်းဆိုင်ပိုင်ရှင် ဒေါ်အိမာအား စားသုံးသူအသိပညာပေးဆွေးနွေးပြောကြားခဲ့ပါသည်။

        ထိုသို့ဆွေးနွေးပြောကြားရာတွင် စားသုံးပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်ပါရှိသည့် ဆေးဝါးများကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၂၁/၂၀၂၀)ဖြင့် Covid-19 ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းကိုတားမြစ်သည့် အမိန့်ကြော်ငြာစာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးပါ (၃)ဦးတို့သည် (၂၈-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၄ ဦးသန်းထိုက်ဇော်၊ အင်းစိန်မြို့နယ်၊ လေဟာပြင်ဈေးတာဝန်ခံ ဒေါ်သီတာဝင်းပါ(၂)ဦးတို့နှင့်အတူ ဈေးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ အင်းစိန်မြို့နယ်၊ လေဟာပြင်ဈေးအတွင်းရှိ ဆေးဆိုင်များဖြစ်သော ဇီဝသုခ၊ နဂါးနီ၊ ရွှေဝါဝင်းဆေးဆိုင်များမှ ဆိုင်ပိုင်ရှင်များနှင့်သွားရောက်တွေ့ဆုံကာ ဈေးအတွင်း ဆေးအမျိုးအမည်အများဆုံးရောင်းချနေသော နဂါးနီဆေးနှင့်ဆေးပစ္စည်းဆိုင်တွင် အမျိုးအစားပေါင်း(၂၀၀)ခန့်ရှိရာ လတ်တလောရောင်းရနေသော ဆေးဝါး (၅)မျိုးမှာ Decolgen(အဝိုင်း/အတောင့်)၊ Biogesic၊ Alexan၊ Kremits (Pink/ White)၊ Air-X တို့ဖြစ်ပြီး ၎င်းဆေးဝါးများကို United Phama, Medi Myanmar ကုမ္ပဏီတို့မှ မှာယူပြီး ကုမ္ပဏီမှပေးပို့သော ဈေးနှုန်းများအပေါ်  (၅%)မှ (၁၀%)အမြတ်တင်၍ရောင်းချနေကြောင်း ကွင်းဆင်းစစ်ဆေးမှုများအရသိရှိရပါသည်။

DOCA(ရန်ကုန်)

 

မြို့မဈေးအတွင်းရှိ အလှကုန်ဆိုင်များအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့် ဒုကြီးကြပ်ရေးမှူးပါ (၂)ဦးတို့သည် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဒေါ်ခိုင်သီတာဝင်း(လက်ထောက်ညွှန်ကြားရေးမှူး)ပါ (၇)ဦး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ဝင်းကလျာထွန်း(ဦးစီးအရာရှိ)၊ ဒေါ်အေးမွန်(အမျိုးသမီးကျန်းမာရေးဆရာမ/မိခင်နှင့်ကလေး)နှင့် ဦးဝေလင်းအောင်(ဈေးတာဝန်ခံ)တို့ပူးပေါင်းပါဝင်လျက် ၂၇-၅-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်ရှိ မြို့မဈေးသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာ မြို့မဈေးအတွင်းရောင်းချနေသော အလှကုန်ဆိုင်များတွင် အလှကုန်ပစ္စည်းအမျိုးအစားများမှ Pop-Popular Facial Cream မှာ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၏ တားမြစ်ထားသော အလှကုန်ပစ္စည်းဖြစ်သောကြောင့် မရောင်းချရန်ပြောကြားခဲ့ပြီးနောက် မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာတို့တွင် သုံးစွဲရန်မသင့်သော အလှကုန်များအား အခါအားလျော်စွာ ထည့်သွင်းဖော်ပြလေ့ရှိသောကြောင့် အစဉ်တစိုက်ဂရုပြုဖတ်ရှုပြီးရောင်းချရန် အလှကုန်ဆိုင်များကို အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

         

မြကမ္ဘာကျော်ဆန်သိုလှောင်ရုံအား အသိပညာပေးဆွေးနွေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုတိယဦးစီးမှူးပါ (၂)ဦး၊  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးညီညီပိုင်ထက် (အလုပ်အမှုဆောင်)၊ ဘုရင့်နောင်ဈေး စည်ပင်ဌာနမှ ဦးဇော်လင်းထက်(နေ့စား)တို့ပူးပေါင်းပါဝင်လျက် ၂၈-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၁:၁၅)နာရီအချိန်တွင် ဘုရင့်နောင်ဈေးအတွင်းရှိ မြကမ္ဘာကျော်ဆန်သိုလှောင်ရုံပိုင်ရှင် ဒေါ်ရတနာရွှေဇင်မြတ်အား အသိပညာပေးဟောပြောပွဲဆွေးနွေးခဲ့ပါသည်။

        ထိုသို့ဆွေးနွေးပြောကြားရာတွင် မြကမ္ဘာကျော်ဆန်သိုလှောင်ရုံပိုင်ရှင်အား ဥပဒေပါ အခန်း (၁၀)တွင်ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သည့် အချက်(၁၁)ချက်ပါဝင်သော မိမိတို့ကုန်စည်နှင့်ပတ်သက်ပြီး ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်ပေးခြင်း၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်များအပေါ်အခြေခံ၍ အာမခံချက်ပေးခြင်း၊ စမ်းသပ်နိုင်သည့်အခွင့်အရေးပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်သွားစေမည့် ကုန်စည်ကို တိုက်ရိုက်ရောင်းချခြင်း (သို့) သွယ်ဝိုက်ရောင်းခြင်းများကိုရှောင်ကြဉ်ခြင်း၊ ကတိပြုထားသောအာမခံချက်နှင့်ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် စားသုံးအပေါ် ထိခိုက်နစ်နာစေရန်ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန်ပြောဆိုခြင်းများမပြုလုပ်ရန်နှင့် ကုန်စည်တွင် အန္တရာယ်ရှိကြောင်းသိရှိပါက အချိန်နှင့်တပြေးညီ သက်ဆိုင်ရာဌာနနှင့် စားသုံးသူများထံ အကြောင်းကြားရန်တို့ကို ဆွေးနွေးအသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)        

Pages

Subscribe to RSS - HighLight News