Main menu

HighLight News

Powered by Drupal

မိတ်ဖက်ဌာနများနှင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

    ရန်ကုန်တိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကဦးဆောင်၍ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကျန်းမာရေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်ကျန်းမာရေးဌာန၊ ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ ဝန်ထမ်းများနှင့် စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးတို့သည် အဖွဲ့ဝင်အဖြစ်လိုက်ပါ၍ ၁၆-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ရတနာသိင်္ဂီဈေးအတွင်း ရောင်းချနေသော စားသောက်ကုန်များအား ခွင့်မပြုဆိုးဆေးများပါဝင်မှုရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ထိုသို့စစ်‌ဆေးခဲ့ရာ စားသောက်ကုန်များဖြစ်သော "နန်းတွင်းသူ" ငရုတ်သီးမှုန့်မျိုးစုံဆိုင်မှ ငရုတ်သီးဟင်းခတ်အစိမ်းမှုန့်နှင့် အကျက်မှုန့်၊ "မဝါ" မုန့်ဖတ်ဆိုင်မှ မုန့်ဟင်းခါးဖတ်နှင့် ဂျုံခေါက်ဆွဲ၊ ဒေါ်အိအိချွန်ဆိုင်မှ လက်ဖက်ရိုးရိုးနှင့် လက်ဖက်ချဉ်စပ်၊  ဒေါ်တင်သိန်းဆိုင်မှ မျှင်ငါးပိ၊ မနှင်းနှင်းဝေဆိုင်မှ MR CPLCY အမည်ရှိ မာလာရှမ်းကောအနှစ်ထုပ်၊ ပဲနီလေး၊ "ရွှေကမ္ဘာ" ကြံပဆိုင်၊ ဒေါ်ကြည်ကြည်ဆင့်ဆိုင်မှ မျှစ်၊ မမော်ဆိုင်မှ "ကောင်းမြတ်" သရက်ချဉ်၊ ပဲပင်ပေါက်၊ ပဲသွေး၊ ပဲပြားတို့အား ဝယ်ယူ၍ စစ်ဆေးမှုများကို FDA ကပြုလုပ်ခဲ့ပါသည်။ စစ်ဆေးရာတွင် ပဲသွေးတွင် စားသုံးရန်မသင့်သော ဖော်မလင်ပါရှိခြင်းနှင့် မျှင်ငါးပိတွင် ခွင့်မပြုဆိုးဆေးပါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး FDA က ကျန်စားသောက်ကုန်နမူနာများအား ဆက်လက်စမ်းသပ်စစ်ဆေးရန် ယူဆောင်သွားကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဖောင်ဆိပ်ကျေးရွာအုပ်စုတွင် ပြည်သူအသိပညာပေး ဟောပြောပွဲပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၁၉-၅-၂၀၂၄)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ ဖောင်ဆိပ်ကျေးရွာအုပ်စု၊ဘုန်းကြီးကျောင်းရှိဓမ္မာရုံ၌ စားသုံးသူပြည်သူ(၆၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။

      ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည်ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန်ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သောကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း၊စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov. mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးပါ (၃)ဦးတို့သည် (၁၇-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်မှစ၍ အင်းစိန်မြို့နယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၄ ဦးသန်းထိုက်ဇော်၊ အင်းစိန်ဈေးတာဝန်ခံ ဦးလှသူပါ(၂)ဦးတို့နှင့်အတူ ဈေးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာ၌ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ အင်းစိန်ဈေးအတွင်းရှိ ဆေးဆိုင်များဖြစ်သော ဦးမြင့်၊ ပြည့်စုံ-၂၊ ဦးအေးထွန်းဆေးဆိုင်များမှ ဆိုင်ပိုင်ရှင်များနှင့်သွားရောက်တွေ့ဆုံပြီး ဈေးအတွင်း ဆေးအမျိုးအမည်အများဆုံးရောင်းချနေသော "ဦးအေးထွန်း" ဆေးနှင့်ဆေးပစ္စည်းဆိုင်တွင် အမျိုးအစားပေါင်း(၃၀၀)ခန့်ရှိရာ လတ်တလောတွင် ရောင်းရနေသော ဆေးဝါး (၅)မျိုးမှာ Cardivas 3 (125)mg, Metformin (Denk), Atorvastatin 20 mg, Amlong 5 mg, Mixagrip ဆေးဝါးများကို အများဆုံးရောင်းရပြီး ဝယ်ယူသည့်ဈေးနှုန်းအပေါ် (၅%) မှ (၁၀%)အမြတ်တင်၍ ရောင်းချနေကြောင်း ကွင်းဆင်းစစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)        

တိုက်ကြီးခရိုင် တရားမဝင်ကုန်စည်များ သယ်ဆောင်လာခြင်းရှိ/မရှိ ရှောင်တင်ခင်စစ်ဆေးခြင်း

      ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ခေါင်းဆောင် ဒု-ရဲမှူးကြီးဝင်းထွေး၏ ဦးဆောင်မှုဖြင့် တိုက်ကြီးခရိုင်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ခင်ခင်အိ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒု-ရဲမှူးဇော်လင်းထွန်း၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းစိုးနိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာချမ်းမြေ့ကျော်၊ အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်မှူး ဦးရဲသွင်ဦး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်တင်တင်ဌေးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၁၅-၅-၂၀၂၄ ရက်နေ့မှ (၁၇-၅-၂၀၂၄)ရက်နေ့အထိ နံနက် (၀၇:၀၀) နာရီအချိန်မှ နံနက်(၀၈:၃၀)နာရီအချိန်ထိ ရန်ကုန်-ပြည်လမ်းတိုးဂိတ်အဟောင်းတွင် မော်တော်ယာဉ်အစီးရေ (၁၅၈)စီးအား တရားမဝင်ကုန်ပစ္စည်းများတင်ဆောင်လာခြင်းရှိ/မရှိ၊ ရှောင်တခင်ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

         အဆိုပါ ရန်ကုန်-ပြည်လမ်းတိုးဂိတ်အဟောင်းတွင် ကြို့ပင်ကောက်၊ မင်းလှ၊ ပြည်၊ လက်ပံတန်း၊ သုံးဆယ်၊ သာယာဝတီ၊ အောင်လံ၊ မကွေးနှင့် တောင်တွင်းကြီးစသည့်ဒေသများမှ ဝင်ရောက်လာသော မတ်ပဲ၊ ဆန်၊ ပုလင်းခွံ၊ ငါး၊ ကျောက်မီးသွေး၊ ကုလားပဲကြမ်းခရီးသည်တင်ကားများ အများဆုံးတင်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် တရားဝင်ကုန်စည်များသာဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

လေးမျက်နှာမြို့နယ် ဆီစက်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

       စားသုံးသူရေးရာဦးစီးဌာန လေးမျက်နှာမြို့နယ်တာဝန်ခံသည် လေးမျက်နှာမြို့နယ်၊ ကညင်တိုင်းကျေးရွာအုပ်စု၊  တုံးတောကျေးရွာရှိ အုပ်ချုပ်ရေးမှူးအိမ်၌ ဆီစက်လုပ်ငန်းရှင်များအား(၁၈-၅-၂၀၂၄) ရက်နေ့နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်း၊ စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး ဆီလုပ်ငန်းရှင်များဘက်မှလည်း သိလိုသည်များကိုမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လှည်းကူးခရိုင် တရားမဝင်သစ်များ သယ်ဆောင်လာခြင်းရှိ/မရှိ ရှောင်တင်ခင်စစ်ဆေးခြင်း

     ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ခေါင်းဆောင် ဒု-ရဲမှူးကြီးဌေးအောင်၏ဦးဆောင်မှုဖြင့် လှည်းကူးမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ်သန်းဌေး၊ လှည်းကူးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမျိုးထွဋ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်စန်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၁၄-၅-၂၀၂၄ ရက်နေ့၊ နံနက် (၀၄:၀၀) နာရီအချိန်မှ နံနက်(၀၈:၀၀)နာရီအချိန်ထိ ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ကုန်တင်ကား(၇၀)စီးအား မင်းလွင်ကုန်းဂိတ်တွင် တရားမဝင်သစ်များတင်ဆောင်လာခြင်းရှိ/မရှိ ရှောင်တခင်ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြပါသည်။

          အဆိုပါ မင်းလွင်ကုန်းဂိတ်တွင် တောင်ကြီး၊ မန္တလေး၊ မြင်းခြံ၊ ကျောက်ဆည်၊ မော်လမြိုင်၊ ပဲခူး စသည့်ဒေသများမှ ဝင်ရောက်လာသော ဘိလပ်မြေ၊ ပြောင်း၊ ဆန်၊ ကြက်စာ၊ ရော်ဘာ စသည့် ဒေသထွက်ကုန်များတင်ဆောင်လာကြောင်းစစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းတို့မှာ တရားဝင်ကုန်စည်များသာဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

အင်္ဂပူမြို့နယ် မုန့်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား ဟောပြောပွဲဆောင်ရွက်

        စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၈-၅-၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် မြို့နယ်စာသုံးသူရေးရာတာဝန်ခံရုံး၌ မုန့်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက  စားသုံးကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား  အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ) နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု (သို့မဟုတ်) တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Websiteတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေတို့ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်းသိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒိုက်ဦးမြို့တွင် မြေပြင် ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခြင်း

       ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ (၁၇-၅-၂၀၂၄)ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဒိုက်ဦးမြို့မဈေးတွင်းတွင် ရောင်းချနေသော ကလေးကစားစရာအရုပ်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းလေ့လာဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာ ကလေးအသုံးအဆောင်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေး၍ ပုခက်၊ လက်တွန်းလှည်း၊ လမ်းလျှောက်ကွင်းများနှင့် ကစားစရာအရုပ်များအား စစ်ဆေး၍ ကလေးများဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေးအတွက် ဆိုင်ရှင်များအား ၄င်းပစ္စည်းများနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားများကို တိကျစွာဖော်ပြနိုင်ရန်နှင့် ဘေးအန္တရာယ်ဖြစ်စေနိုင်သော သတိပေးချက်များကိုတိတိကျကျဖြင့် မြင်သာသောအရွယ်အစားနှင့် မြင်သာသောနေရာများတွင် တိကျစွာဖော်ပြနိုင်ရေး အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ပဲခူး)

မှော်ဘီခရိုင် တရားမဝင်သစ်များ သယ်ဆောင်လာခြင်းရှိ/ မရှိ ရှောင်တင်ခင်စစ်ဆေးခြင်း

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက်အရ မှော်ဘီခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ခေါင်းဆောင် ဒုရဲမှူးကြီးငွေတင်ဦးဆောင်၍ အမှတ်(၄)လမ်းဆုံ စစ်ဆေးရေးဂိတ်၊ ဗိုလ်မှူးဇော်ဇော်အောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မျိုးထွန်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ  ဒု-လဝကမှူး ဦးသန့်ဇင်၊ သစ်တောဦးစီးဌာနမှ တောအုပ် ဦးမင်းသန့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးမောင်လှိုင်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဒုရဲမှူးဝင်းအောင်အဖွဲ့ဝင်များပူးပေါင်း၍ ၁၆-၅-၂၀၂၄ ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်မှ (၈:၃၅)နာရီအချိန်အထိ မှော်ဘီမြို့နယ်ရှိ အမှတ်(၄) လမ်းဆုံစစ်ဆေးရေးဂိတ်တွင်  ကုန်တင်မော်တော်ယာဉ် (၄၀) စီးအား တရားမဝင်သစ်များတင်ဆောင်လာခြင်းရှိ/ မရှိ ရှောင်တခင်ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

        အဆိုပါ အမှတ်(၄)လမ်းဆုံဂိတ်တွင် တိုက်ကြီး၊ မြောင်းတကာ၊ ပြည်၊ မိုးညို၊ လက်ပံတန်း၊ မင်းလှ၊ သာယာဝတီ၊ ကြို့ပင်ကောက်တို့မှ ဝင်ရောက်လာသော ကုန်တင်ယာဉ်များတွင် ပဲစင်းငုံ၊ မတ်ပဲ၊ ကုန်စိမ်း၊ သကြား၊ ခရီးသည်တင်ကားများ အများဆုံးတင်ဆောင်နေကြောင်းစစ်ဆေးတွေ့ရှိခဲ့သဖြင့် တရားဝင်ကုန်စည်များသာဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်အပါအဝင် အခြေခံစားကုန်များပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ အဓိကထား တာဝန်ယူဆောင်ရွက်လျက်ရှိရာ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဖြစ်သည့် အခြေခံစားကုန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်ခရိုင်မှ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းနှင့် ဝန်ထမ်းများသည် မိတ်ဖတ်ဌာနဆိုင်ရာများဖြစ်သည့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဒေသခံရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သောအဖွဲ့နှင့် ပူးပေါင်း၍ (၁၇-၅-၂၀၂၄) ရက်နေ့ နံနက် (၈:၃၀) အချိန်နာရီတွင် ပြည်မြို့ဆံတော်ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်များ၊ ဆန်ဂိုဒေါင်များသို့ဝင်ရောက်၍ ပြည်ဈေးကွက်အတွင်း ဆန်အပါအဝင် အခြေခံစားကုန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးကစားရန်အလို့ငှာ သိုလှောင်ထားခြင်းမရှိစေရေး၊ ဈေးနှုန်းအဆမတန် ကြီးမြင့်မှုမရှိစေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News