Main menu

HighLight News

Powered by Drupal

ဆန်ဆိုင်နှင့်ဆန်ဂိုဒေါင်များအား ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုတိယဦးစီးမှူးပါ (၂)ဦး၊  ဘုရင့်နောင်ဈေးစည်ပင်ဌာနမှ ဦးမင်းထူး(ပုံသေ)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးညီညီပိုင်ထက်(အလုပ်အမှုဆောင်)တို့ပူးပေါင်းပါဝင်လျက် ၁၇-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်မှစ၍ ဘုရင့်နောင်ဈေးသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။

       ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဈေးအတွင်းရှိ ဆန်ဆိုင်နှင့် ဆန်ဂိုဒေါင်များဖြစ်သော ပြည့်ဝအောင်(ဆန်ဆိုင်)၊ ရွှေလဝင်း(ပွဲရုံ)၊ တော်ဝင်ဖူး(ပွဲရုံ)တို့ရှိ ရောင်းချသည့်ဆန်အမျိုးအစား၊ ဝယ်ယူသည့်အိတ်၊ ရောင်းချသည့်အိတ်၊ လက်ကျန်အိတ်၊ ဆန်များဝယ်ယူရရှိသည့်ရက်စွဲ၊ ဝယ်ယူသည့်နေရာ၊ သိုလှောင်သည့်နေရာ၊ ယခုအပတ်ရောင်းဈေးနှင့် ယခင်အပတ်ရောင်းဈေးများကိုစစ်ဆေးခဲ့ရာတွင် ထူးခြားစွာပြောင်းလဲမှုမရှိဘဲ ပုံမှန်အတိုင်းရောင်းဝယ်လျက်ရှိပါသည်။ ဆန်များမှာယူရာတွင်လည်း နေရာစုံမှမှာယူကြောင်း၊ ယခုအပတ်တွင် အရောင်းမသွက်ကြောင်း၊ ဈေးနှုန်းမှာလည်း တစ်ပတ်နှင့်တစ်ပတ်အများကြီး ပြောင်းလဲမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)

Regal Sun Co.,Ltd အား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့်ပူးပေါင်း၍ သွားရောက်စစ်ဆေး

      ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုး ဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသုဝေ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဒေါက်တာအောင်ကိုကို စသည့်ဌာနများပူးပေါင်း၍ ၁၇-၅-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင်  အမှတ် (၁၆၅)၊ မြတ်မင်္ဂလာလမ်း၊ (၂၆) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်ရှိ Regal Sun Co.,Ltd မှ  ဒါရိုက်တာ ဒေါ်ကြူကြူခင်နှင့်သွားရောက်တွေ့ဆုံ၍ ဆေးကုမ္ပဏီအတွင်းရှိဆေးဝါးများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့စစ်ဆေးရာ၌ ဆေးကုမ္ပဏီတွင် ဆေး(၅)မျိုးကို အိန္ဒိယနိုင်ငံမှတင်သွင်းပြီး သွေးတိုးကျဆေး၊ ပဋိဇီဝဆေး၊ အကိုက်ခဲပျောက်ဆေး၊ အာရုံကြောနာကျင် ပျောက်ဆေးများဖြစ်ပြီး အဆိုပါ ဆေးဝယ်များယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

သင့်မြတ်ဆေးဆိုင်အား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် သွားရောက်စစ်ဆေးခြင်း

     ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုး ဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသုဝေ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဒေါက်တာအောင်ကိုကို စသည့်ဌာနများပူးပေါင်း၍ ၁၇-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင်  အမှတ် (၁၁၈)၊ စည်ပင်လမ်း၊ (၁၉) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်ရှိ သင့်မြတ်ဆေးဆိုင်မှ  ဆိုင်တာဝန်ခံ‌ ဒေါက်တာကေခိုင်ငြိမ်းနှင့်သွားရောက်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိဆေးဝါးများအား စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့စစ်ဆေးမေးမြန်းရာ၌ ဆေးဆိုင်တွင် ဆေးအမျိုးပေါင်း (၁၀၀) ကျော်ရှိပြီး သွေးကျဆေး၊ ရင်ကြပ်ပျောက်ဆေး၊ အပူလိမ်းဆေး၊ အကိုက်ခဲပျောက်ဆေး၊ လေဆေး၊ အစာအိမ်ဆေး၊ ဆီးချိုဆေး၊ သန္ဓေတားဆေး၊ အားဆေးများမှာ ရောင်းအားကောင်းသောဆေးများဖြစ်ပြီး AA, DKSH, UP, Mega စသည့်ဆေးကုမ္ပဏီများမှပေးပို့သည့် ဈေးနှုန်းများအပေါ် ၅%မှ ၁၀%အထိ အမြတ်တင်ရောင်းချခြင်းဖြစ်ကြောင်း အဆိုပါဆေးဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA(ရန်ကုန်)

အုတ်တွင်းမြို့ ကြယ်နီဆန်စက်တာဝန်ရှိသူနှင့် တွေ့ဆုံဆွေးနွေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးအနေဖြင့်  စားသုံးသူအသိပညာပေးဟောပြောပွဲများအပြင်   စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကို  ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၁၇-၅-၂၀၂၄) ရက်နေ့ ၊ နံနက်(၁၁:၀၀)နာရီခန့်အချိန်တွင် အုတ်တွင်းမြို့ပေါ်ရှိ ဆန်စက်များအား သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

        ဤသို့သွားရောက်စစ်ဆေးရာတွင် တောင်ငူခရိုင်ဦးစီးမှူးနှင့်အဖွဲ့၊ အုတ်တွင်းမြို့နယ် တာဝန်ခံနှင့်အဖွဲ့၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ဝန်ထမ်းတစ်ဦးတို့သည်   အုတ်တွင်းမြို့ပေါ်ရှိဆန်စက်များအားစစ်ဆေးရာ ကြယ်နီအဆင့်မြင့်ဆန်စက်မှဆန်စက်တာဝန်ရှိသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏  လုပ်ငန်းတာဝန်များကိုရှင်းလင်းဆွေးနွေးပြီး စပါး၊ ဆန်ဈေးနှုန်း၊ ဈေးကွက်အခြေအနေနှင့် အရောင်းအဝယ်ဖြစ်မှု အခြေအနေများ အား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။

      စားသုံးသူပြည်သူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁) ပါကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုမရှိသောကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း၊ ဈေးကွက်အတွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ တောင်ငူမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် တောင်ငူမြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

      မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် တောင်ငူမြို့ပေါ်ရှိ စားအုန်းဆီရောင်းချလျက်ရှိသော ကုန်စုံဆိုင်များတွင်သတ်မှတ်ထားသောရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိကိုလည်းကောင်း၊ ဘူးသွင်းစားအုန်းဆီများ၌ ညွှန်ကြားချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ/ မရှိကိုလည်းကောင်း စစ်ဆေးစောင့်ကြည့်ခဲ့ကြကြောင်း သိရှိရသည်။

DOCA(ပဲခူး)

တောင်ငူခရိုင် အုတ်တွင်းမြို့တွင် ဆန်နှင့်စားသုံးဆီများ ဈေးကွက်တည်ငြိမ်ရေး ကွင်းဆင်းဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်၊ အုတ်တွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးမင်းဇော်၊ အုတ်တွင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်းကမ်းထိန်း-၄ ဦးထွန်းအောင်ကျော်တို့နှင့်အတူ (၁၇-၅-၂၀၂၄)ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့ပေါ်ရှိ ဆန်သိုလှောင်ရုံများ၊ ဆန်အရောင်းဆိုင်များနှင့် စားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် ဈေးကွက်အတွင်း အခြေခံစားကုန်များဖြစ်သော ဆန်နှင့် စားသုံးဆီများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းဈေးကွက်တည်ငြိမ်ရေးအတွက် ဆန်ပွဲရုံ နှင့် ဆန်အရောင်းဆိုင်များ၌ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဈေးကွက်အတွင်းဖြန့်ဖြူးမှုနိုင်မှု အခြေ အနေနှင့် ဈေးနှုန်းများကိုလည်းကောင်း၊ စားသုံးဆီအရောင်းဆိုင်၌ စားသုံးဆီရောင်းချဖြန့်ဖြူးမှုနှင့်ဈေးနှုန်းများ၊ ရည်ညွှန်းဈေးဖြင့် စားအုန်းဆီခွဲတမ်းရရှိသည့် အရောင်းဆိုင်များ၌ ဈေးနှုန်းကိုဖော်ပြထားသည့် ဗွီနိုင်းချိတ်ဆွဲထားရှိမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

      ကွင်းဆင်းစစ်ဆေးစဉ် ခရိုင်ဦးစီးမှူးနှင့် အဖွဲ့ဝင်များသည် အခြေခံစားကုန်များဖြစ်သော ဆန်နှင့်စားသုံးဆီပြတ်လပ်မှုနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းများမပြုရန် သက်ဆိုင်ရာလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

အသင့်သောက်အချိုရည် ထုတ်လုပ်သည့်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊  စီးပွားရေးလုပ်ငန်းရှင်များထုတ်လုပ်သည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြနိုင်ရေးနှင့် ဌာနမှထုတ်ပြန်ထားရှိသည့်ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအားရှင်းလင်းဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၅-၅-၂၀၂၄)ရက်နေ့၊  နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်အတွင်းရှိ အသင့်သောက်အချိုရည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်အားတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်သောက်အချိုရည်အမျိုးမျိုးတွင် အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန်လိုအပ်ကြောင်းနှင့် စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူမြို့ပေါ်ရှိ “ စံထူး ” အာလူးကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ဈေးနှုန်း၊ ဈေးကွက်နှင့် ထုတ်လုပ်မှုအဆင့်ဆင့်အား မေးမြန်းဆွေးနွေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည်  ပြည်တွင်း MSMEs ကဏ္ဍလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ (၁၆-၅-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ “ စံထူး “ အာလူးကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ ထုတ်လုပ်မှုအဆင့်ဆင့်နှင့် ဈေးနှုန်း၊ ဈေးကွက်များအား ကွင်းဆင်းမေးမြန်းခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းမေးမြန်းရာတွင် အာလူးကြော်လုပ်ငန်းရှင်က ယခုလက်ရှိအချိန်တွင် အာလူးကြော်များ ရောင်းအားသွက်လျက်ရှိပါကြောင်း၊ ရှမ်းအာလူး(ရှယ်)များကို အောင်ပန်းမြို့မှ ကျောက်ပန်းတောင်းမြို့သို့ရောင်းချပြီး  ကျောက်ပန်းတောင်းမြို့မှတစ်ဆင့် ဝယ်ယူကြောင်း၊ အာလူး(၁)ပိဿာကို ပခုက္ကူမြို့အရောက် ကျပ် (၂၅၀၀) ဖြင့် ဝယ်ယူရကြောင်း၊ အာလူးတစ်ပိဿာကြော်လျှင် အာလူးကြော်(၂၅)ကျပ်သားထွက်ရှိကြောင်း၊ တစ်နေ့လျှင် ပျမ်းမျှပိဿာအချိန်(၃၀)ပါ (၂)အိတ်ကြော်ရကြောင်း၊ ကျပ်(၂၀၀)တန်နှင့် ကျပ် (၁၀၀၀)တန်များထုတ်လုပ်ရောင်းချကြောင်း၊ ပခုက္ကူမြို့မဈေးတွင် အဓိကထားရောင်းချကြောင်း၊ ယခင်အချိန်က ရန်ကုန်နှင့် မုံရွာမြို့သို့ တင်ပို့ရောင်းချပြီး လက်ရှိအချိန်တွင် မြို့ပေါ်တွင်သာရောင်းချရကြောင်း၊ အာလူးကြော်လုပ်ငန်းမှာ စဉ်ဆက်မပြတ်ကြော်နေရပြီး ဖောက်သည်များလည်းရှိပါကြောင်း၊ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်၍ လုပ်သားများအနည်းငယ်သာထားရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ဝင်ငွေမှာ မိသားစုစားဝတ်နေရေးအဆင်ပြေ၍ တွက်ခြေကိုက်မှုရှိပါကြောင်း လုပ်ငန်းရှင်၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မကွေး)

 

ဘေးအန္တရာယ်ရှိသောကုန်စည်များ လျော့နည်းပပျောက်စေရေး စီးပွားရေးလုပ်ငန်းရှင်များထံသို့ သွားရောက်တွေ့ဆုံအသိပညာပေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၆-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား  လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး အကျိုးစီးပွားအောင်မြင်ဖြစ်ထွန်းစေရန်ရည်ရွယ်၍ ဒေသတွင်းစားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော လုပ်ငန်းရှင်များထံသို့သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။  

          ထိုသို့ဆွေးနွေးရာတွင် ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များ၊ လုပ်ငန်းရှင်များကလည်း မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်းဆွေးနွေးခဲ့ပါသည်။

          ထို့နောက် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်များတွင် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်များအပေါ်အခြေခံ၍ အာမခံချက်ပေးခြင်း၊ နစ်နာဆုံးရှုံးမှုဖြစ်ပွားစေသည့်ကုန်စည်ကို တိုက်ရိုက်ရောင်းချခြင်း (သို့) သွယ်ဝိုက်ရောင်းချခြင်းကိုရှောင်ကြဉ်ရန်နှင့် အာမခံပေးထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးရန် စသည့်အချက်များမှာ မိမိတို့၏တာဝန်များဖြစ်သောကြောင့် တိကျစွာလိုက်နာဆောင်ရွက်စေလိုကြောင်း၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်များပိုမိုရရှိလာနိုင်ကြောင်း၊ မိမိတို့ဌာနမှ စစ်ဆေးရေးအရာရှိများကလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးပေးလျက်ရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ထုတ်ကုန်များမှာ စားသုံးသူကာကွယ်ရေးဥပဒေအရ ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်သွားမည်ဖြစ်သောကြောင့် စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များကိုသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်သူများအား စားသုံးသူများက စားသုံးသူကာကွယ်ရေးဥပဒေအား လိုက်နာဆောင်ရွက်ခြင်းဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လုပ်ငန်းရှင်အဖြစ် ယုံကြည်မှုရရှိ၍ ဈေးကွက်များပိုမိုချဲ့ထွင်နိုင်မည်ဖြစ်ပြီး စားသုံးသူသာမက လုပ်ငန်းရှင်ပါ နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းသည့် (Win……Win) စနစ်အား လိုက်နာစေချင်ကြောင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် တာဝန်များပါသော အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မြိတ်မြို့၊ နောက်လယ်ရပ်ရှိ အခြေခံစားသောက်ကုန်များအား ကွင်းဆင်းစုံစမ်း

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အခြေခံစားသောက်ကုန်စျေးနှုန်းများ စျေးနှုန်းမြှင့်တက်စေရန်ရည်ရွယ်၍ သိုလှောင်ခြင်းနှင့် စျေးကစားမှုမဖြစ်စေရန်တို့အတွက် စျေးနှုန်းစစ်ဆေးခြင်းကို ၂၀၂၄ခုနှစ်၊ မေလ(၂၀)ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊  ဗဟိုစာရင်းအင်းဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် မြိတ်မြို့၊ နောက်လယ်ရပ်ရှိ လက်ကားကုန်စုံဆိုင်များသို့သွားရောက်၍ အခြေခံစားကုန်စျေးနှုန်းများအား ကွင်းဆင်းစုံစမ်းခဲ့ကြပါသည်။

      ထိုသို့ကွင်းဆင်းစုံစမ်းရာတွင် ဆန်၊ ဆီ၊ ကုန်မျိုးစုံ၏အချက်အလက်၊ စျေးနှုန်းများကိုမေးမြန်းခဲ့ပြီး စားအုန်းဆီများအား ကျပ်သား/ ပိဿာ မှန်ကန်စွာသတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချနေမှု၊ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့်ရောင်းချမှုရှိ/မရှိစစ်ဆေးခဲ့ပြီး စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် စျေးနှုန်းမြှင့်တက်စေရန်ရည်ရွယ်၍ သိုလှောင်ခြင်းနှင့် စျေးကစားခြင်းများမပြုလုပ်ရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - HighLight News